ကိုဆန်းရဲ့ ထီးတလက်ဇာတ်လမ်း(စ/ဆုံး)
ကိုဆန်းရဲ့ ထီးတလက်ဇာတ်လမ်း(စ/ဆုံး)
————————
အညာဟာ မိုးနည်းတယ်။ မိုးရွာရင်လည်း အိမ်ပြင်မထွက် နေကြတဲ့ အလေ့ရှိတယ်။ ထီးတန်ဘိုးက ကြီး၊ မိသားစုက များတော့ အညာသားများဟာ ထီးဆောင်းတဲ့ အလေ့ မရှိဘူးလို့ ပြောချင်တာ။ ဒါကြောင့် ၁၉၇၁ ရန်ကုန်ပညာရေးတက္ကသိုလ်တက်တော့ ရွှေဘို မုံရွာ မန္တလာသားတွေမှာ ထီးမပါကြဘူး။
ရန်ကုန်ဆိုတာ မိုးကကောင်းပါဘိ။ မရွာဘူးထင် ဗြုန်းစားကြီး ရွာရဲ့။ မစဲဘူးထင် တိတ်သွားလား တိတ်ရဲ့။ ဒီအထာကို နောကြေတဲ့ ရန်ကုန် ဧရာဝတီသားတွေက ထီးပါလာကြတယ်။
မိုးရွာလိုက် တိတ်လိုက် ကျောင်းဖွင့်ရက်တွေမှာ အညာသားတွေ အဆောင်နဲ့ကျောင်း ဘယ်လိုသွားလဲ။ ရန်ကုန် ဧရာဝတီသားတွေရဲ့ ထီးကို ကပ်ဆောင်းတာပေါ့။ နဝဒေးဆောင်နဲ့ စာသင်ခန်း ဆိုတာကလည်း အလှမ်းမဝေးတော့ အတန်အသင့် မိုးဆို စာအုပ်ကလေး ခေါင်းပေါ်အုပ် ခပ်သုတ်သုတ်လျှောက်လိုက်ရင် လွတ်တယ်လေ။ ထီးကြီးကို လက်ထဲ တကားကားကိုင်နေရတာ အညာသားများအဖို့တော့ အမုန်းဆုံး အလုပ်ပဲ။
ဒါပေမဲ့ မုံရွာက သူငယ်ချင်းဆန်းမင်းမှာ ချိတ်ကောက်ကြီးကြီးနဲ့ ကျားဆောင်းထီးကြီး ပါလာတယ်။
“မကိုင်ချင်ပါဘူးဆို အမေက ဇွတ် ထည့်ပေးလိုက်တာကွာ၊ ဟဲ့…ရန်ကုန်က မိုးကောင်းတယ်၊ ငါ့သားလေး မိုးမိပြီး ဖျားရင်နာရင် အမေတို့နဲ့အဝေးမှာ အဖြစ်မခံနိုင်ဘူးတဲ့”
တဦးတည်းသားလေ၊ မိဘတွေက သည်းသည်းလှုပ်ပေါ့။
ဘာပဲဖြစ်ဖြစ် သူ့မှာ ထီးပါတော့ မိုးရက်တွေမှာ ကျောင်းသွားရင်ကပ်ဆောင်းခွင့်ရသလေ။
***********
အဆောင်ထမင်း အဆောင်ဟင်းဆိုတာ ထောင်ထမင်း ထောင်ဟင်းထက် သာပေမဲ့ လက်ရာညံ့တဲ့ အမေ့လက်ရာကိုတောင် မမီပါဘူး။ ငယ်တုန်းရွယ်တုန်း ဝမ်းမီးကောင်းတဲ့အရွယ် ရွေးချယ်စရာကလည်း မရှိတော့ ဘာဟင်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ ယောက်ျားလေးတွေက နှစ်ပန်းကန်လောက်တော့ ပြိုက်ကနဲ ကုန်သွားတာပဲ။ အဲ…ဂေဇက်တက် ကျောင်းပိတ်ရက် အဆောင်မှာ ထမင်းမစားရင် ၁ကျပ် ပြား၄၀ အမ်းတော့ အပိုဝင်ငွေ ရတယ်မှတ်ပြီး ပြန်အမ်းငွေထုတ်၊ အပြင်ထမင်းဆိုင်မှာ တုပ်ရတာ တယ်ဟုတ်တာပါပဲလား။
နေ့လယ်စာကို လှည်းတန်းထမင်းဆိုင် ထွက်စား၊ စားပြီးအမှတ်အသား သွားကြားထိုးတံလေး ပါးစောင်မှာခဲပြီး အဆောင်ပြန်ရတဲ့ စတိုင်ကိုက ချိုမြိန်လှပါဘိ။ မနက်စာ အိုကေပေမဲ့ ညနေအတွက် ကြံရဖန်ရတာလည်း ရှိပါသေးတယ်။ ကျွန်တော်တို့ ကျောင်းတက်စဉ်က ငါးကျပ်၊ တဆယ် တကယ်မလွယ်တဲ့ခေတ်၊ ငွေတန်ဘိုး ရှိတဲ့ခေတ်လေ။ ဒါကြောင့် ပြန်အမ်းငွေပေးပေမဲ့ စိုက်ငွေ အဆင်ပြေမှ အအမ်းယူ အပြင်မှာ စားနိုင်တာမို့ အဆောင်မှာစားတဲ့ ဦးရေက ဘယ်ဂေဇက်တက် ကျောင်းပိတ်ရက်မှာမှ သိသိသာသာ မလျှော့ပါဘူး။ စားဖိုဆောင်ပိတ်တဲ့ ဂေဇက်ရက်ဆိုတာ မရှိပါဘူး။
နေ့ တနေ့ကိုတော့ ကျွန်တော်တို့ အဖွဲ့ သူငယ်ချင်းတွေ အမ်းငွေ သေချာပေါက် ယူကြပါတယ်။ ကိုသိန်းအောင်ရဲ့ ဘကြီးဘုန်းကြီး ဆရာတော်ကျောင်းက အဲဒီရက်မှာ နှစ်စဉ် အကျွေးအမွေးရှိတာ။
“ဟေ့ကောင်တွေ အဲဒီနေ့ ရီဖန်း ပြန်ထုတ်ကြ၊ ငါ့ဆရာတော်ကျောင်း လိုက်စား။ အလှူရှိတယ်”
ကိုသိန်းအောင်က တပတ်လောက်ကတည်းက ကြိုတင်နှိုးဆော် ဖိတ်ကြားတာပါ။ ပထမဆုံး တနှစ်ကတော့ သူ့ဘုန်းကြီးကျောင်းကို မလာတတ်မှာ စိုးလို့ ကျွန်တော်တို့ အဆောင်ထိ လာခေါ်တယ်။ ကျွန်တော်တို့ လိုက်စားကြတယ်။ အဆောင်မှာ လက်သဲခွံလောက် ဟင်းဖတ်လေး ၅ဖတ်နဲ့ ဆွဲနေရတာ ကြာတော့ သူ့ဘုန်းကြီးကျွေးတဲ့ အိုးကြီးချက် ဝက်သားဟင်း၊ ငါးခြောက်စပ်ကြော်၊ ချဉ်ရည်ဟင်းနဲ့ တယ်…စားကောင်းတာကိုး။ ညနေစာကတော့ ပြန်အမ်းငွေနဲ့စား၊ အဆင်ကို ပြေလို့။
နောက်နှစ်တွေတော့ ကျွန်တော်တို့ကပဲ ဂေဇက်ရက်ကို သတိပေးသလို သူကလည်း နှစ်စဉ် မမေ့မလျှော့ ဖိတ်ပါတယ်။ ဖိတ်ရမယ်လေ၊ သူကလည်း အဆောင်မနေဘဲ သူငယ်ချင်းတွေ အဆောင် ထမင်းဝိုင်းမှာ သူစားခဲ့တဲ့ ထမင်းနပ်ကလည်း နည်းတာမှ မဟုတ်တာ။
တနှစ်မှာပေါ့…
“ဟေ့…သူငယ်ချင်းတို့၊ ဘုန်းကြီး ကိုသိန်းအောင်ကျောင်း သွားဝိုက်မယ်ဟေ့၊ လိုက်မဲ့သူတွေ ထွက်ခဲ့ကြတော့”
မုံရွာ မောင်ဆန်းမင်းရဲ့ နှိုးဆော်သံက တဆောင်လုံး ဟိန်းသွားပါတယ်။ စားတာသောက်တာကို သထုံ၊ မော်လမြိုင် သူငယ်ချင်းတွေက “ဆွဲ”တယ်လို့ သုံးပြီး၊ ကျွန်တော်တို့ အညာသားတွေက “ဝိုက်”တယ်လို့လည်း သုံးပါတယ်။
ဘုန်းကြီးကျောင်းနေရာ သိပြီမို့ ကိုသိန်းအောင်က သူ့ကျောင်းကပဲ ကြိုနေပါတယ်။
“လာကြ… သူငယ်ချင်းတို့။ ငါမျှော်နေတာ”
ထမင်းဝိုင်းနေရာ အားတာနဲ့ သူငယ်ချင်းတသိုက် နေရာယူလိုက်ကြပါတယ်။
“အာ…မင့်ထီးကြီးက ချထားစမ်းပါ”
ကြည့်လိုက်တော့ ဆန်းမင်း လက်ထဲမှာ ထီးတလက်နဲ့ ကားယားကားယား အမြင်မတော် ဖြစ်နေတာပဲ။ မိုးရာသီ မကုန်သေးတော့ ရန်ကုန်မိုးက အချိန်မရွေး ရွာနိုင်တာ၊ အမေပေးလိုက်တဲ့ထီးရှိတော့ သတိတရ ယူလာတာ နေမှာပေါ့။ ကျန်တဲ့သူတွေကတော့ ဘယ်သူမှ မပါပါဘူး။ သူ တပွေ့ပွေ့လုပ်ထားတဲ့ ထီးကလေးကို အခန်းဝင်ဝ အပြင်ဘက်နံရံမှာ သွားထောင်ထားလိုက်တယ်။
“ဟာ…မင့်ဟာ ပျောက်တော့မှာပဲ”
ကျွန်တော်က သတိပေးတယ်။
“ငါထိုင်တဲ့နားကနေ လှမ်းမြင်ရပါတယ်”
“အိုး…ဒီလောက် လူအများကြီး၊ အဲဒီနားထားလို့ ဘယ်ဖြစ်မှာလဲ” ကိုသိန်းအောင်က ပြောပြန်တယ်။
“မြင်ရပါတယ် ကိုသိန်းအောင်ရဲ့”
ကိုသိန်းအောင်ရယ် ဆန်းမင်းရယ် နှစ်ဦးလုံးက ဇွတ်သမားတွေ။ ဆန်းမင်း ဘယ်လောက် ဇွတ်ဇွတ် ကိုသိန်းအောင် ဇွတ်ကို မမီပါဘူး။ အပြင်မှာထောင်ထားတဲ့ ထီးကို ကိုသိန်းအောင်က စိတ်ချရအောင် ခန်းနေဦးဇင်းရဲ့ အခန်းထဲ သွားထည့်ထားလိုက်ပါတယ်။
စားသောက်ပြီးတော့ နှုတ်ခမ်းလေး တသပ်သပ်နဲ့ မောင်ဆန်းမင်းက ကျေးဇူးတင်စကား ပြောတယ်။
“အင်း…ကောင်း၊ ကောင်း။ ကျေးဇူးတင်တယ် ကိုသိန်းအောင်။ တနှစ်တပွဲမက ၃,၄ ပွဲလောက် ကျင်းပ ကျွေးမွေးနိုင်ပါစေဗျာ”
အချိုတည်းရင်း စကားစမြည်ပြော၊ တအောင့်နေ ပြန်ကြမယ်ဆိုပြီး ထလိုက်ကြပါတယ်။
“ကိုသိန်းအောင်…ကျွန်တော့်အမေပေးလိုက်တဲ့ ထီးကလေး…”
“ရှိပါတယ်။ ငါဦးဇင်းလေး အခန်းထဲ သေချာ ထောင်ထားခဲ့တာပါ”
ကိုသိန်းအောင်က သူထားခဲ့တဲ့နေရာမှာ ထီးသွားယူပါတယ်။ ပြန်လာတော့ လက်ဗလာနဲ့ပဲ။
“ခုန မိုးဖွဲလေးကျလို့ တယောက်ယောက် ခဏယူဆောင်းသွားတာ ထင်တယ်။ ခဏစောင့်အုံး”
နာရီဝက်လောက် စောင့်ပေမဲ့ ထီးက သူ့နေရာ ပြန်ရောက် မလာပါဘူး။
“ငါ ဒီနား သေချာထားခဲ့တာပါ။ စောင့်ပါအုံး”
“မစောင့်တော့ပါဘူး ကိုသိန်းအောင်ရယ်။ အင်း…ငါ့ထီးလေး ဖဲဝိုင်းမှာ ရောင်းစားလိုက်ရင် ထမင်း နှစ်နပ်တော့ အေးအေးလေး။ ခုတော့ တနပ်နဲ့ ပွဲသိမ်းပါပေါ့လားဟဲ့”လို့ ညည်းလိုက်တဲ့ ဆန်းမင်းရဲ့ အသံလေးက သူငယ်ချင်းတွေကို ကရုဏာရသနဲ့ ဟာသရသပေးတော့ သနားသဖြင့်ပြုံးရွှင်ရီမောခဲ့တာလည်း မမေ့နိုင်စရာ ပါပဲကလား။
************
တနေ့သော တနင်္ဂနွေ မိုးလေးဖွဲဖွဲ နံက်စာထမင်း စားပြီးစ၊ အပြင်ထွက် မလည်နိုင်တဲ့ တွဲဖော်တွဲဖက်တွေ အခန်းထဲစု၊ တေးတထောင်စာအုပ်ဖွင့်ပြီး တပုဒ်ပြီးတပုဒ် သံပြိုင်ဟစ်နေတုန်း အညာမုံရွာသား ဆန်းမင်း ဝင်လာပြီး…
“ဟကောင် စန်းမောင်၊ည မင့်ထီး ခဏ ပေးစမ်း”
“မင့်ထီးကကော”
“ကိုသိန်းအောင်ကျောင်း ထမင်းစားသွားတဲ့နေ့က ပျောက်လာတာ၊ စိတ်နာလို့ ပြန်မဝယ်တော့ဘူးကွာ”
“ဘယ်သွားမလို့လဲ ”
“မင်းတို့ အသံတွေ မခံနိုင်လို့ RIT ဘက် သွားရှောင်မလို့”
တကယ်တော့ RIT သွားပြီး ဖဲရိုက်ကြမှာပါ။
“ငါလည်း သွားစရာရှိတယ်၊ တင်ဝင်းဆီက ယူသွားပါလား”
“အဲ့ကောင် အော်တိုမစ်တစ် ထီးကြီးက ခလုတ်နှိပ်လိုက်ရင် ဗြောင်း…ကနဲဆို လန့်လွန်းလို့၊ ပျက်ရင် မလျော်နိုင်ပါဘူးမောင်။ ဟေ့ကောင် မင်းက ညနေမှ သွားမှာ။ ငါက အခုသွားမှာ။ မိုးရွာနေလို့။ နို့မဟုတ် မင်းတို့ထီး လက်ညောင်းခံပြီး ကိုင်မနေချင်ပါဘူး။ ညပိုင်း လိုင်းပေါက် ဦးလေးကြီးလ္ဘက်ရည်နဲ့ ပင်းယအသုပ်စုံ စားဖို့ ပြင်သာထားကြပေတော့”
ပြောပြောဆိုဆို ထီးလေးကို ဇွတ်ဖြုတ်ပြီး ကုတ်ကုတ်ကုတ်ကုတ်နဲ့ ထွက်သွားပါတော့တယ်။
ရွာလိုက်တိတ်လိုက် မိုးက ညနေပိုင်း ကြည်ကြည်လင်လင် ဖြစ်သွားတော့ စန်းမောင်လည်း အပြင်ထွက်ဖို့ သတိမမေ့ပေမဲ့ ထီးကို သတိမရတော့ဘူး။
ညနေစာစား၊ သထုံလမ်းလျှောက်၊ အဆောင်ပြန်ရောက်တော့ မနက်ကတည်းက ထွက်သွားတဲ့ မောင်ဆန်းမင်းတို့ လူလည်အဖွဲ့လည်း ပြန်ရောက်လာကြပြီး အဆောင်ပေါက်မှာ ဆုံမိကြပြီ။
“ကိုဆန်း ကျွန်တော့် ထီးပါရဲ့လား”
“ပါပါ့မောင်၊ ရော့…တခါတည်း ယူသွားလိုက်တော့ ” ဆိုပြီး ခါးကြားထိုးလာတဲ့ ခေါက်ထီးလေးကို ပိုင်ရှင်လက်ထဲ အသိသက်သေတွေရှေ့ တခါတည်း ပြန်ပေးလိုက်ပါတယ်။
“ည လ္ဘက်ရည်က ဘယ်လိုတုန်း”
“အာစရိ ဖြေလိုက်ပါဦး”ဆိုပြီး ကိုမြင့်သိန်းအောင်ကို လက်တို့တော့… ကိုမြင့်သိန်းအောင်ကလည်း ထုံးစံအတိုင်း မချိပြုံးလေး ပြုံးပြီး “ကစားရတာ အမြတ်ပါပဲ ကိုစန်းမောင်ရာ…”တဲ့။
နောက်နေ့ တနင်္လာ ကျောင်းသွားချိန် မိုးရွာတော့ အဆောင်ပေါ်တီကိုအောက်မှာ အညာသားတွေ ထီးကြုံစောင့်နေကြပြီ။ ကိုဆန်းမင်းလည်း ပါတာပေါ့။ စန်းမောင်ကိုလည်း တွေ့ရော “ဟာ…ညီလေး စန်းမောင်…မင်းနဲ့ အကိုကြီးနဲ့ တတွဲ။ ဟို တမ္ပဝတီကောင်… မင့် နှုတ်ခမ်းမွှေးကောင်နဲ့ လိုက်” ဆိုပြီး ခွဲတမ်းဦးတော့တာပဲ။
စန်းမောင် ထီးလေးကိုဖွင့်ပြီး ဇဝေဇဝါနဲ့ လှည့်ပတ်ကြည့်ရင်း “ဟာ…ကိုဆန်း ဒါ ကျွန်တော့်ထီး မဟုတ်ဘူးဗျ။ ကျွန်တော့ထီးက တော်တော်ဟောင်းနေပြီ၊ ဒါက အသစ်ကြီး ရှိသေးတယ်။ တော်တော် တွန်းဖွင့်ရတယ်၊ သန်လိုက်တာ။ မနေ့က ကိုဆန်း မှားယူခဲ့ပြီထင်တယ်”
“ငါလည်း မင့်ထီးကို ငှားဆောင်းတာဆိုတော့ ကောင်းကောင်းမမှတ်မိဘူး။ အပြန်ကျ အခန်းအပြင်မှာ မိုးရေစစ်ရင်း ဖွင့်ထားတဲ့ ထီး၂လက်ထဲက မမေ့အောင် ဆွဲလာခဲ့တာပဲကွာ။ မင်း ငါနဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှ မနစ်နာစေရပါဘူးဟ။ ကဲ ခုကြည့်၊ မင့်ထီးဟောင်းလေးက အပ်ချလောင်းဆို ရွှေမန်းတင်မောင်သီချင်းလို ဟောင်းရာမှ အသစ်စက်စက် ဖြစ်လာတယ်၊ တွေ့လား”
ဖြစ်စဉ်စဆုံးကို ကိုအောင်သိန်းဟန်က ထီးကိုင်းတလက် ကျိုးနေလို့ ကိုးတိုးကပ်တပ် ဖွင့်ရခက်နေတဲ့ ထီးဖွင့်ရင်း မြင်နေ၊ ကြားနေရတယ်။
“ဟေ့ကောင်ဆန်းမင်း နောက်တခါ ငါ့ထီး ယူသွားပြီး အပ်ချလောင်းစမ်းကွာ”
ထီးတလက်မှ မပိုင်တော့တဲ့ ကိုဆန်းမင်းက ကိုအောင်သိန်းဟန်ရဲ့ ကိုင်းတလက်ကုတ်နေတဲ့ ထီးကို ကြည့်ပြီး သနားတဲ့ မျက်နှာပေးနဲ့ စုတ်သပ်ရင်း “အိုကေ”လို့ ကတိပေးလိုက်တယ်။
နောက်တပတ် ကိုအောင်သိန်းဟန်ထီးကို ကိုဆန်းမင်းယူသွားတော့ ကိုအောင်သိန်းဟန်လည်း ကြည်ကြည်ဖြူဖြူပါပဲ။
“ဟကောင်… ထီးလက်တွေ ကောင်းမကောင်း စစ်ပြီး ယူခဲ့နော်”လို့တောင် မှာလိုက်သေး။
ဒီတခေါက်ပြန်လာတော့ ကိုဆန်းရှင်မင်း အရင်းပြုတ်ရုံမက ထီးစုတ်လည်း ပြန်ပါမလာတော့ဘူး။ အစောပိုင်းပြန်သွားတဲ့လူ ဘယ်သူမှန်းမသိ မ’သွားတာ၊ သူတို့ပြန်တော့ ထီးတလက်မှ မကျန်တော့ဘူးတဲ့။
အဲဒီနောက် ဧရာဝတီ ဖျာပုံကိုအောင်သိန်းဟန်လည်း ထီးကြုံဆောင်းစာရင်းထဲ ဝင်ရောက်လာတော့တာပေါ့ ။
ကျွန်တော်ကတော့ ငယ်ငယ်က ဖတ်ရတဲ့ ‘သစ်ခုတ်သမားနဲ့ ပုဆိန်’ ပုံပြင်ဇာတ်လမ်းကို တန်းကနဲ မြင်လိုက်မိတာပါ။
မောင်မောင်မြင့်(မန္တလေး)
Friday, August 12, 2016