အကြွင်းမဲ့ လုံခြုံရာ(စ/ဆုံး)

 အကြွင်းမဲ့ လုံခြုံရာ(စ/ဆုံး)


———————–


ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(က) စာမေးပွဲဖြေဆိုအောင်မြင်ပြီး တစ်လ နားခွင့်ရသော ကြောင့် မန္တလေးမြို့မှ ကျွန်တော့်အိမ်ရှိရာ ကျောက်ဆည်မြို့နယ် အင်ရောင်းရွာသို့ ပြန်လာခဲ့သည်။ စာ မေးပွဲ မဖြေခင် အိပ်ရေးပျက် ပင်ပန်းခဲ့သမျှ အတိုးချ အနားယူရန် ဆုံးဖြတ်ထားသည်။

ကျွန်တော်တို့အိမ်က ရွာလယ်လမ်းမကြီး၏ တောင်ဘက်ဘေးတွင်တည်ရှိသည်။ သွပ်မိုးထရံကာ သုံးခန်းတွဲ တစ်ထပ်အိမ်ဖြစ်သည်။ အရှေ့ဘက်ဆုံးအခန်းတွင် အဖေ့အိပ်ရာကုတင်နှင့် ကျွန်တော့အိပ်ရာ ကုတင်က ကပ်လျက်။ အလယ်အခန်းတွင် အစ်မနှစ်ယောက်နှင့် ညီမတစ်ယောက် အိပ်သည်။ ကျန်အ ခန်းကတော့ စပါးနှင့်နှမ်းတို့ သိုလှောင်ရာအခန်း ဖြစ်သည်။

ဒီညတော့ အိပ်လို့ကောင်းပြီဟု တွေးထင်ခဲ့သော ကျွန်တော့အတွေးတွေက ညဉ့်နက်သန်းခေါင် ရောက်တော့မှ မှားမှန်းသိရသည်။

“အဟမြး အဟမြး အဟမြး အဟမြး”

အဖေက ခွေးဟောင်သံကြားတိုင်း ချောင်းဟန့်သည်။ အိမ်က ခွေးနှစ်ကောင်ကလည်း ရွာလယ် လမ်းမပေါ်က ခြေသံ ကြားတိုင်း ဆိုင်ကယ်သံကြားတိုင်း တဝုတ်ဝုတ်နှင့် ထိုးပြီးဟောင်သည်။ အဖေ့ ချောင်းဟန့်သံကြားတိုင်း အိပ်ရေးဆတ်သော ကျွန်တော်လန့်နိုးလာရသည်။ ခွေးနှစ်ကောင်အဆက်မ ပြတ်ဟောင်သံကြားပြီး အခန်းတံခါး ဂျက်ဖွင့်သံနှင့် အခန်းအပြင်ဘက်သို့ ထွက်သွားသော အဖေ့ခြေသံ တို့ကို ကြားရသည်။ အိပ်မရသည့်အတူတူ ညဉ့် နက်သန်းခေါင် အဖေ ဘာထလုပ်သည်ကို သိချင်ဇောဖြင့် အနောက်မှလိုက်၍ကြည့်မိသည်။ လမိုက်ည ဖြစ်ပြီး ကြယ်တစ်ချို့၏ အလင်းမှိန်ပြပြသာ ရှိသောကြောင့် ခြံဝိုင်းအလယ် ကြောင်လျှာပင်အရိပ်အောက်မှ မထင်မရှားအဖေ့ပုံရိပ်က ထိတ်လန့်စရာကောင်းလှသည်။ အဖေက ဝိုင်းပတ်ပတ်လည်ကို လက်နှိပ်ဓာတ် မီးအလင်းရောင်နှင့် ဟိုထောက် ဒီထောက်လုပ်နေသည်။

“အဖေ့ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ပါဘူးကွာ။ အဖေအိမ်သာတတ်မလို့ထတာ။ သား ပြန်အိပ်တော့”

အဖေ့အဖြေစကားတွေက ရှေ့နောက်မညီ။ အိမ်သာက အိမ်၏အနောက်ဘက်မှာဖြစ်ပြီး အဖေ ရောက်နေသည့်က အိမ်အရှေ့ဘက်။ တွေးမရသောအဖြေများနှင့် အိပ်ရာထဲသို့ ပြန်ဝင်ခဲ့ရသည်။ သည် လိုနှင့် ကျွန်တော့မှာ အိပ်ပျော်သွားလိုက် အဖေ့ချောင်းဟန့်သံ အခန်းတံခါးဖွင့်သံတို့ကြောင့် နိုးလာလိုက် နှင့် တညလုံး အိပ်ရေးမဝ ဖြစ်နေရသည်။ အဖေ့ကုတင်မှ တကျွီကျွီမြည်သံနှင့် အခန်းတံခါးဖွင့်သံတို့ ကြောင့် ကျွန်တော် နိုးလာရပြန်သည်။

” အဖေ့ ဘယ်နှစ်နာရီရှိပြီလဲ”

“ဟင်..”

“စောစောလေးတင် ရွာဦးကျောင်းက လေးနာရီတုံး ခေါက်သွားတယ်”

“အဖေကလည်း အစောကြီးပဲရှိသေးတယ်။ အပြင်မှာ မှောင်မည်းနေတာကို ဘာထလုပ်မလို့လဲ”

“ကြောင်ရှာပွင့်တွေ သွားကောက်မလို့ကွ”

“အဖေ့ကလဲဗျာ ကိုယ့်ဝိုင်း ကိုယ့်ခြံနဲ့ပဲဗျာ၊ ဘယ်သူမှလာမကောက်ပါဘူး”

အဖေ့ဆီမှ စကားပြန် မရတော့။ တံခါးပေါက်တွန်းဖွင့်သံနှင့် အဖေ့ခြေသံတို့ကြောင့် အိမ်ပြင်ဘက် သို့ အဖေထွက်သွားပြီဖြစ်ကြောင်း သိရသည်။ ကျွန်တော်လည်း ချောင်းဟန့်သံတွေ မကြားရတော့သော ကြောင့် ပြန်လည်အိပ်ပျော်သွားခဲ့သည်။

“ခေါ — ခေါ —ခူး —ခူး — ခေါ — ခေါ—ခူး —ခူး—”

အဖေ့အိပ်ရာဆီမှ ကျယ်လောင်လွန်းသော တခေါခေါတခူးခူး ဟောက်သံများကြောင့် အိပ်ပျော်နေ ရာမှ ကျွန်တော် လန့်နိုးလာရပြန်သည်။ အရုဏ်ဦးလင်းရောင်ခြည်များကြောင့် အိပ်ရာပေါ်တွင် အိပ်မော ကျနေသော အဖေ့ပုံရိပ်ကို မပီဝိုးတဝါးမြင်နေရသည်။ အဖေကတစ်ညလုံး မအိပ်ဘဲနှင့် ရွာလယ်လမ်းမ တွင် လယ်တောသွားသူတွေ နွားလှည်းမောင်းသံတွေ ပဲပြုတ်သည်အော်သံတွေ ဆူညံနေမှ တခူးခူးတခေါ ခေါနှင့် အိပ်မောကျနေသည်။

“မမကြီး နင်တို့ညီအစ်မသုံးယောက်ကိုတော့ အားကျတယ်။ အဖေက တစ်ညလုံးခွေးဟောင်တိုင်း ချောင်း ဟန့်လိုက်၊ တံခါးဂျက်ဖွင့်ပြီး အိမ်အပြင်ထွက်လိုက်၊ လက်နှိပ်ဓာတ်မီးတဝင်းဝင်းနဲ့ ဝိုင်းအနှံလျောက်ထိုး လိုက် လုပ်နေတာကို နင်တို့တတွေက တရှူးရှူးနဲ့ အိပ်ပျော်နိုင်ကြတယ်။ ငါဖြင့်အိပ်လို့ကို မရဘူး”

“ဟဲ့ နင်ကအဆောင်နေပြီး ကျောင်းတတ်နေလို့။ အဖေ့က အဲလိုချောင်းဟန့်နေတာကြာပြီ။ မနှစ်က အမေ ဆုံးပြီကတည်းက ညအိပ်ချိန် နည်းလာတယ်ထင်တာပဲ။ ငါတို့ဖြင့် အိပ်ရေးမပျက်ပေါင်။ အဖေ့ချောင်းဟန့် သံတွေကြား အိပ်ရတာ အကျင့်ပါနေပြီ။ အဖေ့ချောင်းဟန့်သံတွေက ငါတို့ကိုချော့သိပ်နေသလိုပဲ”

“ဟွန်း ချောင်းဟန့်သံများ သားချော့တေးမှတ်နေသေးတယ်”

အစ်မကြီးစကားသံကြောင့် မဲ့ကာရွဲ့ကာနှင့်ကျွန်တော်ပြန်ပြောလိုက်မိသည်။

“အဖေက အသက်ကြီးလာလို့လား မသိဘူး။ အခုတလောငါတို့နဲ့စကားပြောရင် သိပ်မကြားသလိုပဲ။ အစားအသောက်လည်း နည်းလာတယ်။ စိတ်တိုလွယ် ဒေါသထွက်လွယ်လာတယ်။ ဟိုနေ့က ဘတ္ထရီ အားအိုးလာရွေးတဲ့လူက ပိုက်ဆံမပါလို့ ပြောဆိုနေတာ ငါတောင်ကြောက်တယ်”

အစ်မလတ်က အိပ်ရာမှနိုးလာပြီး မျက်နှာသစ်နေသော အဖေမကြားအောင် တိုးတိုးတိတ်တိတ် ဝင်ပြောရှာသည်။

**********

အဖေ့အသက်က ငါးဆယ်နှစ်နှစ်။ သူပိန်ကပ်ကပ်ခန္ဓာကိုယ်နှင့် မလိုက်အောင် ပင်ပန်းခဲ့ရရှာသည်။ အဖေက အတန်းကျောင်းဟူ၍ မနေခဲ့ရ။ ဘုန်းကြီးကျောင်းမှာ သေစာရှင်စာ သင်ခဲ့သူ။ အဖေက အမေ့ကိုခိုးပြေးတော့ အဖေ့မိဘတွေက အဖေ့ကို အမွေပြတ် စွန့်လွှတ်လိုက်ကြသည်။ အမေ့ မိဘများက သမီးကို ပစ်မထားရက်သဖြင့် အိမ်တွင်ခေါ်ထားပြီး ဒိုးတူပေါင်ဖက် လုပ်စားစေသည်။ထိုစဉ်က ရွာမှာ လျှပ်စစ်မီးမရသေး။ အရုဏ်တတ်ချိန်တွင် အဖေက ရွာထဲမှဘတ္ထရီအိုးများကို တစ်အိမ်ဝင်တစ်အိမ် ထွက် စက်ဘီးနှင့်လိုက်သယ်၍ ကျောက်ဆည်မြို့က ဘတ္ထရီအားသွင်းဆိုင်သို့ သွားပို့သည်။ ရွာနှင့် ကျောက်ဆည်မြို့က စက်ဘီးနှင့်ဆိုလျှင် တစ်နာရီခန့် နင်းရသည်။ ဘတ္ထရီအိုးများပို့ပြီး ရွာသို့ပြန်လာလျှင် သူများလယ်တွင် သူရင်းငှားအလုပ်သမားအဖြစ် လုပ်ကိုင်သည်။ ညနေ လယ်ယာအလုပ်သိမ်းပြီးချိန်တွင် ကျောက်ဆည်မြို့သို့ အားသွင်းထားသော ဘတ္ထရီ အားအိုးများကို သွားယူပြီး အမှောင်ထဲမှပင် ဓာတ်မီးကို နဖူးကြိုးစီးပြီး ပြန်လာကာ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ပို့ရသည်။ ဒီလိုနှင့် အကြီးဆုံးသမီးနှစ်ယောက် ကို မွေးပြီးချိန်တွင် အမေ့မိဘများခြံဝိုင်းနှင့်ကပ်လျက် ခြံဝိုင်းနှင့်အိမ်ကို ဝယ်နိုင်ခဲ့သည်။ ကျွန်တော်ကိုမွေး တော့ ရွာ၌ လျှပ်စစ်မီးရပြီဖြစ်၍ ကျောက်ဆည်မြို့က အဖေ့အလုပ်ရှင်အကူအညီဖြင့် အဖေက ဘတ္ထရီအိုး ကယ်ရီသမားဘဝမှ ဘတ္ထရီအားအိုးပြုပြင်ရောင်းဝယ်ရေးနှင့် အားသွင်းဆိုင်ပိုင်ရှင် ဖြစ်ခဲ့ရသည်။ ဘေး ပတ်လည်ရွာများက လျှပ်စစ်မီးမရသောကြောင့် အဖေ့ဆိုင်၌ပင် အားလာသွင်းသည်။

အဖေက လုပ်ငန်းတစ်ခုတည်းနှင့် တင်းတိမ်မနေ။ ငွေတွေစုပြီး လယ်တွေ၀ယ်ကာ လယ်လုပ်ငန်း ပါ တွဲလုပ်သည်။ အားအိုးသွင်းခမှ ဝင်ငွေများ လယ်ယာထွက်သီးနှံရောင်းချငွေများ များစွာရသော်လည်း အဖေ့စီးပွားရေးမှာ ကျွန်တော်တို့မောင်နှမများ ကျောင်းစရိတ်ကြောင့် လုံးချာလည်တုန်းပင်။ အစ်မနှစ် ယောက်က နည်းပညာတက္ကသိုလ်ကို ဆင့်ကာဆင့်ကာ တက်ကြသည်။ ညီမအငယ်ဆုံးက တက္ကသိုလ်ဝင် တန်းကိုဖြေဆိုရမည် ကျွန်တော်က ဆေးတက္ကသိုလ် နောက်ဆုံး နှစ်ကိုတက်ရောက်ရမည်။

**********


နံနက်စာ စားအပြီးတွင် အဖေက သူဝမ်းချုပ်နေ၍ ဝမ်းပျော့ဆေးတွေ သောက်နေရကြောင်း ပြောပြရင်း ဘယ်ဝမ်းပျော့ဆေးက အကောင်းဆုံးလဲဟု ကျွန်တော့်ကို မေးလာသည်။


“အဖေ ဝမ်းချုပ်တာကြာပြီလား”

“အင်း၊ တစ်ပတ်လောက်တော့ ရှိပြီ”

“ဝမ်းပျော့ဆေးက တခါတလေသောက်တာပဲ ကောင်းတာ။ ရေများများသောက်၊ အသီးအရွက်များများ စား။ ဒါဆို ၀မ်းမှန်တယ်။ တခြားဘာဖြစ်သေးလဲ အဖေ”

“ဗိုက်ကတစ်ခါတလေနာတယ်။ အစားသောက်တွေပျက်တယ်”

“ရင်ပြည့်ရင်ကယ်ဖြစ်ပြီး အန်သေးလားအဖေ”

“အန်တော့ မအန်ဘူးကွ။ လေတော့အောင့်တယ်”

အဖေ့လက်သည်းခွံတွေ ကြည့်မိတော့ ဖြူဖျော့လို့။ အောက်မျက်ခွံကို ဖြဲကြည့်မိတော့ ဖြူစပ်စပ်နဲ့ သွေးအားနည်းလက္ခဏာကိုတွေရသည်။

“ဘုရား ဘုရား။ အဲဒီရောဂါတော့ အဖေ့မှာမရှိပါစေနဲ့”

ဒါပေမယ့် အဖေပြောသော ဗိုက်နာခြင်း၊ အစားအသောက်ပျက်ပြီး ဝမ်းချုပ်ခြင်း၊ အစ်မလတ်ပြောသော အဖေ့ ဒေါသထွက်လွယ်ပုံများ၊ လက်ရှိအလုပ်ကိုင်က ဘတ္ထရီအိုးလုပ်ငန်း၊ ဒါတွေ အားလုံးအရ ထိုရောဂါဟု ယူဆနိုင်သည်။ အရေးကြီးဆုံးအချက်က ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရ သည့် အဖေ၏ အိပ်စက်မှုပုံစံ ပုံမှန်မဟုတ်ခြင်းများ။ ကျွန်တော်မမွေးခင်ကတည်းက ဘတ္ထရီအားသွင်းလုပ် ငန်း လုပ်ကိုင်လာပြီး မိသားစုအပေါ် တာဝန်ကျေခဲ့တဲ့အဖေ၊ ကျွန်တော်တို့မောင်နှမတွေ လူတွေကြားမျက် နှာမငယ်အောင် ကျောင်းထားခဲ့သောအဖေ အခုတော့ ခဲဆိပ်သင့်ပါပြီကော။ မဖြစ်ဘူး။ အဖေ့ကို ဒီနေ့ပဲ ကျောက်ဆည်မြို့ပေါ်က ဆေးခန်းမှာ ဓာတ်မှန်ရိုက်ပြီး သွေးစစ်ခိုင်းရမည်။ ခဲဆိပ်သင့်တာ သေချာလျှင် စောစောစီးစီး ကုသရမည်။ အဖေ့ကို ဓာတ်မှန်ရိုက်ရန်နှင့် သွေးစစ်ရန် ကျောက်ဆည်သို့သွားသည့် လမ်း တလျောက် ဆိုင်ကယ်မောင်းနေချိန်နှင့် ဆေးစစ်ချက်အဖြေများ စောင့်နေချိန်ထိ အဖေခဲဆိပ်မသင့်ပါစေ နှင့် ဟုသာ ဆုတောင်းနေမိသည်။

အဖေ့၏ သွေးစစ်ချက်နှင့်ဓာတ်မှန် အဖြေများစောင့်နေတုန်း ကျွန်တော်ဖုန်းဆီသို့ ဘခင်မောင်တို့ အိမ်မှ ဖုန်းဆက်လာသည်။

“အဖေ၊ ဘခင်မောင်ဆုံးပြီတဲ့”

“ဟေ၊ ဟုတ်ရဲ့လားကွာ။ ဘယ်လိုဖြစ်တာလဲ”

“နံနက်ကလယ်ထွန်ရင်း ပိုးထိလို့။ ဆေးရုံတင်မလို့လုပ်တုန်း ဆုံးသွားတာတဲ့”

“အဲကွာ မနေ့က ငါနဲ့ ဖုန်းပြောတုန်းကမှ အကောင်းကြီးပါ”

“ဒီနေ့ လကွယ်နေ့ဆိုတော့ ထုံးစံအတိုင်း ညနေမှာ သဂြုင်္ိဟ်ရမယ်တဲ့”

အဖေက သူ့အစ်ကိုအရင်း ဆုံးပါးသွားသည်ကို မယုံကြည်နိုင်ကြောင်း၊ လက်မခံသေးကြောင်း တတွတ်တွတ် ပြောဆိုနေသည်။ ဘခင်မောင်က ကျွန်တော်တို့ရွာနှင့် အတန်ငယ်ဝေးကွာသော ကြက် ဆင်ရွာတွင် အိမ်ထောင်ကျနေသည်မှာ အနှစ်နှစ်ဆယ်လောက်ရှိပြီ ဖြစ်သည်။ ဘခင်မောင် တိမ်းပါးသွား သည့်အတွက် စိတ်မကောင်းဖြစ်နေရသည်။ ဘခင်မောင်၏ နာရေးသို့ အဖေနှင့် မမကြီးတို့ သွားကြမည် ဖြစ်သည်။ ညနေ ဘတ္ထရီအားအိုးလာရွေးသော သူများကို ဘတ္ထရီအိုးပြန်ပေးရန်နှင့် အိမ်စောင့်ရန်အတွက် ကျွန်တော်၊ အစ်မလတ်နှင့် ညီမငယ်တို့က အိမ်၌ နေခဲ့ရသည်။ မွန်းတည့်နေမင်းကြီး၏ အပူရှိန်က အဖေ့ မျက်နှာပေါ်က ပူပန်မှုကို အားပေးနေသလိုပင်။ အိမ်တွင်ကျန်ခဲ့မည့် ကျွန်တော်တို့မောင်နှမတွေကို စိုးရိမ် ပူပန်မှုများစွာနှင့် တတွတ်တွတ် မှာကြားနေသည်မှာ မပြီးနိုင်တော့။ စိုးရိမ်ကြီးလွန်းတဲ့ အဖေဟု စိတ်ထဲမှာ ပင် တွေးမိလိုက်သေးသည်။

**********

သည်ညတော့ အိပ်ရေးဝဝ အိပ်ပစ်မည်ဟု အားခဲထားကာ အိပ်ရာစောစောဝင်ခဲ့သည်။ သို့သော် အိပ်ရာထဲအရောက်တွင် ရောက်တတ်ရာရာ တွေးတောရင်း ချက်ချင်းအိပ်မပျော်ခဲ့ ဘခင်မောင်ဇနီး နှင့် သားသမီးငါးယောက်တို့ ဒုက္ခရောက်မည်ကို တွေးမိပြီး စိတ်မကောင်းဖြစ်ရသည်။ သားသမီး ငါးယောက် လုံးက ကျောင်းနေအရွယ်များဖြစ်သည်ကို တွေးရင်း ကျွန်တော့ရင်တွေ လေးလံလာသည်။ နာရီကြည့်မိ တော့ ဆယ့်တစ်နာရီထိုးနေပြီ။ ကြိုးစားပြီး အိပ်စက်သော်လည်း မျက်စိကြောင်နေသည်။အဖေ့အကြောင်း စဉ်းစားမိပြန်သည်။ အဖေ့ကို ဘယ်သမားတော်နှင့် ပြသရမလဲ စဉ်းစားရသည်။ အတွေးများက ဟိုရောက် သည်ရောက်နှင့် ညဉ့်နက်သန်းခေါင် ရောက်သွားသည်။

“ဖိုးသားကြီး အိမ်မှာယောက်ကျားသားဆိုလို့ မင်းတစ်ယောက်ပဲရှိမယ်။ မင်းအစ်မနဲ့ ညီမလေးက မိန်းမ သားတွေဆိုတော့ အားကိုးလို့ရမှာ မဟုတ်ဘူး။ ညအိပ်ရာဝင်ရင် အိမ်ကဆိုင်ကယ်သုံးစီးကို ဇာတ်သော့ သေချာခတ်ပြီး ဆိုင်ကယ်အားလုံး ချိန်းကြိုးနဲ့ပတ်ချည်ထား။ အခုတလော ရွာထဲမှာ စပါးတွေ မကြာခဏ အခိုးခံနေရတယ်။ ညအိပ်ရင် နိုးနိုးကြားကြား အိပ်နော်”

အဖေ ကြက်ဆင်ရွာ မသွားခင်မှာခဲ့သော စကားများကြောင့် အိပ်ရာမှလူးလဲထကာ ဆိုင်ကယ် ထားရာ ဘတ္ထရီအားသွင်းခန်းဘေးသို့ သွားပြီး ဆိုင်ကယ်အားလုံး ဇာတ်သော့ခတ်ကာ ချိန်းကြိုးနှင့် ပူးတွဲ ချည်ရသည်။ အိပ်ရာပေါ် ပြန်ရောက်တော့ ညဆယ့်နှစ်နာရီခွဲ ရှိပေပြီ။ အစ်မလတ်နှင့် ညီမလေးကတော့ တရှူးရှူးနှင့် အိပ်ပျော်နေကြသည်။ ဒီအချိန်များ သူခိုးဝင်လာခဲ့လျှင်။

“ဝုတ်ဝုတ်—–” “ဝုတ်ဝုတ်——-” “ဝုတ်ဝုတ်——”

တိတ်ဆိတ်နေသော ညသန်းခေါင်းယံကို အိမ်ထဲကခွေးနှစ်ကောင်ဟောင်သံက ဖြိုခွင်းလိုက်သည်။

“အဟမြး အဟမြး”

ကျွန်တော့ပါးစပ်မှ ချောင်းဟန့်သံအလိုလိုထွက်သွားသည်။

“ဝုတ်ဝုတ်ဝုတ် ဝုတ်ဝုတ်ဝုတ်ဝုတ်”

ခွေးနှစ်ကောင် အဆက်မပြတ် ဟောင်နေသောကြောင့် လက်နှိပ်ဓာတ်မီးကို ဖွင့်၍ အခန်းတံခါးဖွင့် ပြီး ခြံဝိုင်းထဲသို့ ဆင်းကာ မီးအလင်းရောင်နှင့် ဟိုထောက်သည်ထောက် လုပ်နေမိသည်။

ဆန်အိတ်နှင့် စပါးထားရာ အခန်းဘက်က တရှပ်ရှပ်မြည်သံ ကြား၍ ဓာတ်မီးနှင့် လှမ်းထောက် ကြည့်တော့ ကြောင်တစ်ကောင်ကိုသာ တွေ့ရသည်။ လူရိပ်လူခြေ မတွေ့ရသောကြောင့် အိပ်ရာထဲ ပြန် ဝင်မိသည်။ စိုးရိမ်ပူပန်မှုများကြောင့် ထင်သည်။ ညနှစ်နာရီထိုးသည်အထိ အိပ်မရ။ ဝင်လေထွက်လေ ရှု မှတ်ကာ အိပ်ပျော်နိုင်အောင် ကြိုးစားရင်း မျက်လုံးတွေက မှေးစင်းလာသည်။

“ဝုတ်–ဝုတ်–ဝုတ်–ဝုတ်–ဝုတ်–”

ခွေးဟောင်သံများကြောင့် လန့်နိုးလာရပြန်သည်။

“အဟမြး -အဟမြး”

နာရီကြည့်မိတော့ ညသုံးနာရီထိုးပြီ။ ဒီလိုနှင့် ခွေးဟောင်သံကြားလိုက် ချောင်းဟန့်လိုက်နှင့် အိပ် ပျော်လိုက် အိပ်မပျော်လိုက်ဖြစ်ရသည်။

“တုံ—တုံ—တုံ—တုံ–”

ရွာဦးကျောင်းမှ လေးနာရီတုံးခေါက်သံ ကြားရပြီ။ အိပ်မရသည့် အတူတူ ကြောင်လျှာပွင့် ထကောက်မည်ဟု တွေးကာ လက်နှိပ်ဓာတ်မီးဖွင့်ပြီး တံခါးပေါက်ကို ဖွင့်မိသည်။

“ဟဲ့ ဖိုးသားကြီး၊ မှောင်မှောင်မဲမဲ အစောကြီးရှိသေးတယ်။ ဘာထလုပ်မလို့လဲ”

အလယ်ခန်းတွင် အိပ်နေသော အစ်မလတ်က လှမ်းမေးသည်။ တံခါးဂျက်ဖွင့်သံ ကြားပြီး နိုးသွား ခြင်း ဖြစ်မည်။

“အိပ်မပျော်တာနဲ့ ကြောင်သျှာပွင့် ထကောက်မလို့ပါ”

“အိမ်ဝိုင်းထဲက ကြောင်သျှာပွင့်တွေက ခြေထောက်ပေါက်ပြီး ထွက်မပြေးပါဘူး။ နင်လည်း တစ်ညလုံး ချောင်းတဟန့်ဟန့်နဲ့။ အဖေ့အကျင့်တွေ ကူးကုန်ပြီထင်တယ်”

ကျွန်တော် တစ်ချက်ပြုံးလိုက်မိသည်။ အရုဏ်မလာခင် အမှောင်ထဲမှာဖြစ်သောကြောင့် ကျွန်တော့် အပြုံးကို မည်သူမှတွေ့မြင်ရမည်မဟုတ်သော်လည်း လေပြည်အေးအေးလေးကတော့ ဝေ့ဝိုက်ကာ တိုက် ခတ်ပြီး ကျီစယ်သွားသည်။ တစ်ဆက်တည်းမှာပဲ မနေ့ညက အဖေ့ကို “အဖေကလဲဗျာ ကိုယ့်ဝိုင်း ကိုယ့်ခြံ နဲ့ပဲ၊ ဘယ်သူမှ လာမကောက်ပါဘူး”ဟု ကျွန်တော်ပြောခဲ့စဉ် အဖေလည် ကျွန်တော့လို ပြုံးခဲ့လိမ့်မည်။ အဖေ့အပြုံးကိုတော့ လေပြည်တွေက ကောင်းချီးပေးပေလိမ့်မည်။

အိမ်ထောင်ဦးစီး တစ်ယောက်၏ဘဝကို ကျွန်တော် အနည်းငယ်မြည်းစမ်းခွင့်ရခဲ့ပေပြီ။ သားသမီး ပျိုတွေ လုံခြုံဖို့အရေး၊ ဥစ္စာတွေ မဆုံးရှုံးရေး အဖေ ညစဉ်ညတိုင်း အိပ်ရေးပျက်ခဲ့မည်ကို တွေးတောပြီး စိတ်မကောင်းဖြစ်မိသည်။ အဖေ့ချောင်းဟန့်သံတွေကြား အိပ်မောကျသော အစ်မနှစ်ယောက်နှင့် ညီမကို လှောင်ပြောင်မိသည်ကို နောင်တရလာသည်။ အဖေပြန်လာမည့် ညကစပြီး ကျွန်တော်လည်း အဖေ့ရဲ့ လုံခြုံမှုပေးစွမ်းသော ချောင်းဟန့်သံတွေကြား အိပ်မောကျတော့မည် ဖြစ်သည်။ အဖေ့ သွေးစစ်ချက်နှင့် ဓာတ်မှန်အဖြေများရပြီး ခဲဆိပ်မသင့်ဟု အဖြေထွက်တော့ ပျော်ရွှင်ခဲ့ရသည်။ အဖေဘာကြောင့် အိပ်စက်မှု ပုံစံမမှန်ရသလဲဆိုတာ စဉ်းစားမရခဲ့။ အဖေ့ကို သမားတော်နှင့် ပြသဖို့ထိ တွေးထားခဲ့သည်။ ယခုတော့ သမားတော်နှင့် ပြသစရာ မလိုတော့။ အဖေအိပ်မပျော်ရသည့် အကြောင်းရင်းကို သိခဲ့ရပြီ ဖြစ်သည်။ ရွာ လယ်လမ်းမတွင် လယ်တောသို့ ဆင်းမည့်သူများ၊ နွားလှည်းမောင်းလာသူများ၊ ပဲပြုတ်သည် အကြော် သည်တို့အသံများနှင့် ဆူညံနေပြီ။ ကျွန်တော်လည်း ကြောင်ရှာပွင့်များ ကောက်လို့ပြီးပေပြီ။

မကြာသောအချိန်တွင် ကျွန်တော်၏ တရှူးရှူးတရှဲရှဲ ဟောက်သံများကို အစ်မလတ်နှင့် ညီမငယ်တို့ ကြားပြီး မဲ့ကာရွဲ့ကာနှင့် `အဖေကိုကျတော့ ပြောတယ်၊ သူလည်းအဖေလိုပါပဲ´ ဟု ပြောကြပေလိမ့်မည်။


#ဟမ်စိုင်း (ဆေး-မန်း)

#June.2014.ရင်စူးမြားရသစုံမဂ္ဂဇင်း

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား