တောင်ကုန်းထိပ်မှာရွာတဲ့မိုး(စ/ဆုံး)

 တောင်ကုန်းထိပ်မှာရွာတဲ့မိုး(စ/ဆုံး)


——————–


“တီတီလေးက အမေအရင်းမှ မဟုတ်တာ။သမီး ..အမေတို့ဆီပြန်မယ်။ဒီမှာ မနေချင်တော့ဘူး´´


တူမဖြစ်သူ ဝင်းသိင်္ဂီရဲ့မနှစ်မြိုတဲ့အကြည့်နဲ့ အက်ကွဲတုန်ခါနေတဲ့အသံ…။စူးခနဲ နားထဲကိုဝင်သွားသလို ပိုးအိရဲ့ရင်မှာလည်း ဓားသွားစိုက်လိုက်သလိုမျိုးကို စူးနစ်နာကျင်သွားခဲ့တယ်။


သူတို့မလိုအပ်တော့ဘူးလို့ ထင်လာတဲ့အခါ ၊သူတို့စိတ်ကြိုက်မလိုက်လျောမိလိုက်တဲ့အခါ ဆွေမျိုးတွေရဲ့တုန့်ပြန်မှုက သူစိမ်းတွေထက်တောင် ပိုဆိုးလို့ ခံရခက်ပါတယ်။


ခြေနှစ်ချောင်းမကယ်ကောင်းဆိုတာ ရှေးလူကြီးတွေ အကြောင်းမဲ့ပြောခဲ့တာမှမဟုတ်တာ။သိသိချည်းနဲ့ပိုးအိလုပ်ခဲ့တဲ့လမ်းပဲ။


ခံပေါ့ ဆိုတဲ့စကားလုံးနဲ့ စိတ်ထဲကနာကျင်မှုတွေကိုဖြေသိမ့်လိုက်ပေမဲ့ ခံပြင်းမှုကြောင့် မျက်ဝန်းကမျက်ရည်တွေစိမ့်ထွက်လာတယ်။


ပိုးအိရှေ့က ပြေးထွက်သွားတဲ့တူမလေးကျောပြင်ကိုကြည့်ရင်း ပိုးအိ အရုပ်ကြိုးပျက် ထိုင်ခုံပေါ် ထိုင်ချလိုက်

တယ်။လူရဲ့လှုပ်ရှားမှုက ငြိမ်သွားပြီ။ပိုးအိရဲ့ အတွေးတွေက…


“နင့်ယောက်ျားဆုံးတော့ ငါတို့နဲ့ လာပေါင်းဆိုတာ နင်မှလက်မခံခဲ့တာ။ ငါတို့အိမ်မနေချင်လည်း ကလေးနှစ်ယောက်နဲ့မို့ တူမလေးကိုတော့ ခေါ်ထားမယ် ငါတို့ပြောခဲ့တာပဲ။ နင်ခေါင်းမာပြီးခေါ်သွားတာလေ။ပြီးတော့ ဟိုတစ်ယောက်အကြောင်းလည်းကြားပါ့။ကလေးတွေကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုက်တယ်ဆို။အေးလေ…ပထွေးပဲ။ပထွေးဇာတိပြတာပေါ့။ဒင်းမျက်နှာကို မတွေ့ချင်လို့ကို နင်ဆိုင်ထွက်တဲ့အချိန် ငါလာတာ။ အစ်မ…နင်၊ကလေးကိုကျောင်းဆက်မထားတော့ဘူးဆို။ငါ့တူမလေး ငယ်သေးတယ်…အစ်မရဲ့။ကျောင်းထုတ်ပြီး ကလေးကို အလုပ်လုပ်ခိုင်းတော့မလို့ဆို´´


“အမလေးလေး… မိပိုးအိရယ်။

ဝင်းဝင်း အသက်မငယ်တော့ပါဘူး။ရှစ်တန်းဆိုတဲ့အရွယ် လင်ယူချင်တောင်ရနေပြီသိလား။ ဒါနဲ့ …အမေက ဖောက်သည်ချလိုက်ပြီလား။ဒီအမေနဲ့တော့ သိပ်ခက်တာပဲ။ငါက မပြောပါနဲ့ဆိုပြီး သေချာပြောခဲ့တာကို။သောက်ဇယားသိပ်ရှုပ်တာ။´´


မကျေမချမ်းရေရွတ်ကာ ယာပြီးသားကွမ်းတွေကို လက်ဝါးအရွယ်ပလတ်စတစ်အိတ်လေးထဲထိုးထည့်စီထည့်နေတာ လိုတာထက်ပိုပြီးအားပါနေသလိုပါပဲ။မျက်နှာအရိပ်အယောင် သိသိသာသာမပျက်ယွင်းပေမဲ့ အသံနဲ့အမူအရာက မကျေနပ်ချက်တွေထင်ဟပ်နေပါတယ်။


“ငါလည်း အမှန်ဆို မခိုင်းပါဘူး။ဒီစာမေးပွဲလေးတောင်ညည်းတူမက အောင်အောင်မှမဖြေနိုင်တာ။ကျောင်းစာဘက် သောက်သုံးမကျတော့လည်း ကျောင်းထုတ်ရုံကလွဲပြီးမတတ်နိုင်ဘူးလေ။ နောက်တစ်နှစ်ကျောင်းပြန်ထားဖို့တော့ ငါလည်းမလုပ်နိုင်တော့ဘူး။ငါလည်း မောပြီ။ကလေးနှစ်ယောက်တာဝန် ဘယ်လောက်ကြီးတယ်မှတ်လဲ။သူတို့ကို အစကတည်းက ပြောထားပြီးသား။စာမေးပွဲကျတဲ့နေ့ အထွက်ဆိုပြီး…။ဟိုအငယ်ကောင်တစ်ယောက်လည်း လာအုံးမယ်…။သူ့အစ်မလို ကျလို့ကတော့ ငါကတော့ ကျောင်းနုတ်ပစ်မှာပဲ´´


အစ်မက ပိုးအိဘက် ခေါင်းတစ်ချက်တောင်ငဲ့စောင်းမကြည့်ဘဲ ကွမ်းဝါးမပျက် ကွမ်းအယာမပျက်နဲ့ပြောတယ်။တစ်ခါတစ်ခါ လမ်းဘက်ကို ထွီခနဲ ကွမ်းသွေးလှမ်းထွေးသေးတယ်။


“ငါ…ဝင်းဝင်းလေးကို ကျောင်းလည်းပြန်ထားပေးမယ်။ဟိုဟာ…ငါ့အိမ်မှာပဲခေါ်ထားမယ်။ဝင်းဝင်းနဲ့ပတ်သက်သမျှ အားလုံး ငါတာဝန်ယူမယ်´´


ပိုးအိရဲ့ ဒီတစ်ခါစကားသံကတော့ အစ်မမျက်နှာကို ပိုးအိဘက်လှည့်လာစေပါတယ်။အစ်မရဲ့မျက်လုံးဝိုင်းဝိုင်းကြီးတွေက အံ့အားသင့်သွားကြောင်းပေါ်လွင်စေတဲ့ သက်သေပါပဲ။ စက္ကန့်ပိုင်းလောက်အကြာမှာတော့ မျက်ခုံးနှစ်ခုက တွန့်ခေါက်မြင့်တက်သွားပြီး အစ်မက မယုံသလို ပိုးအိကိုကြည့်တယ်။


“ဘယ်လို ညည်းကတာဝန်ယူမယ်!

ဟုတ်လား…ပိုးအိ။အဟင်း ..ညည်းတူမသိရင်တော့ ထခုန်တော့မှာပဲ။အဲကောင်မလေးက ကွမ်းထုပ်လိုက်ပို့ရတာရှက်သလေးဘာလေးနဲ့။ မလုပ်ချင်ဘူးလုပ်နေတာ။

မိဘက ကွမ်းရောင်းမှတော့ သူလည်းကွမ်းရောင်းရမှာပဲလေ။ မိဘလုပ်ငန်းက ရွှေဆိုင်ဖွင့်တာမှ မဟုတ်တာ။အခုခေတ်က လက်လှုပ်မှ ပါးစပ်လှုပ်ရမဲ့ခေတ်အေ့။အလကားတော့ စားလို့မရဘူး။စာမသင်ရရင် အလုပ်ခွင်ပဲ။ဒါသူတို့ ရွေးချယ်သွားတဲ့လမ်း´´


နေပူပူမှာ လေပူပူတွေတိုက်နေတဲ့ကြားထဲ ဂျုံရိုးဦးထုပ်အဝိုင်းကြီးဆောင်းပြီး လမ်းထိပ်လက်ဖက်ရည်ဆိုင်ရှေ့ဂိတ်ထိုးထားတဲ့ အိုးဝေတစ်စီးဆီ ကွမ်းထုပ်ပို့ပြန်လာတဲ့ တူမလေးကို မြင်လိုက်ရတဲ့အခါမှာ ပိုးအိဆုံးဖြတ်ချက်ပိုခိုင်သွားပါတယ်။

“အမေ သမီးကတော့ တီတီလေးနဲ့လိုက်သွားမှာ။တီတီလေး သမီးကိုမွေးစားမှာလား။သမီး ကွမ်းယာမရောင်းချင်ဘူး။ကျောင်းပဲတက်ချင်တယ်။သမီးနောက်တစ်ခါ စာမေးပွဲမကျစေရဘူး ကတိ..ကတိတကယ်ပေးတယ်။အမေ… သမီးကတော့ တီတီလေးတို့နဲ့ သွားနေမှာပဲ´´


ပိုးအိရဲ့လက်ကိုဆုပ်ကိုင်ပြီး တတွတ်တွတ်ပြောခဲ့တဲ့ တူမလေး ဝင်းသိင်္ဂီ။အဲဒီနေ့က ပိုးအိတွေ့ခဲ့တဲ့ ဝင်းသိင်္ဂီနဲ့ ဒီနေ့တွေ့လိုက်ရတဲ့ ဝင်းသိင်္ဂီ မတူတော့ပါလား။အဲဒီနေ့က ပိုးအိနောက် ချက်ချင်းလိုက်လာခဲ့တဲ့သူက ဒီနေ့တော့ ဒီနေရာကနေ ထွက်သွားဖို့ဖွင့်ဟလာပြီ။


ပိုးအိယောင်ယမ်းပြီး ကိုယ့်လက်ကို ဖြန့်ကြည့်မိလိုက်တယ်။ညာလက်ဝါးက အနီရောင်ပြေပြေသန်းနေတယ်။ဒီလက်က တူမလေးရဲ့ပါးပြင်ပေါ် ကျရောက်ခဲ့ပြီးသွားပြီ။


တူမလေးရဲ့အသားနာကျင်တာထက် ဘဝမနာသွားစေလိုလို့ ပိုးအိလုပ်ခဲ့တဲ့လုပ်ရပ်မို့ ပိုးအိနောင်တမရပါဘူး။ဝင်းသိင်္ဂီကို တူမဆိုတဲ့တော်စပ်မှုထက် သမီးလိုမျိုးခံစားမှုနဲ့ရင်နဲ့ရင်းပြီးမွေးခဲ့ရတာ။အမေမဟုတ်လို့ဆိုတဲ့ ဝင်းသိင်္ဂီစကားကို ပိုးအိ…ရင်အနာဆုံးပါပဲ။မွေးအမေမဟုတ်ခဲ့ပေမဲ့ အမေတစ်ယောက်လိုမျိုး ပိုးအိ ချစ်ပေးခဲ့တာ တူမလေးမေ့သွားပြီထင်ပါတယ်။


“ငါ့သမီးတော့ G12အောင်သွားပြီ။နင့်လိုမျိုး gide ဆရာမတစ်ယောက်အနီးကပ်ရှိနေတော့ အဲ့ကလေးမ အောင်သွားတာပေါ့။ဝင်းဝင်းတော့ ကျေးဇူးတွေ ထပ်ပိတာပေါ့အေ´´


တူမလေးအောင်စာရင်းထွက်ပြီးနောက်တစ်နေ့ ပိုးအိတို့အိမ်ကို အစ်မရောက်လာတယ်။


“နင် ဘယ်လိုပြောလိုက်တာလဲ…အစ်မ။ ငါဝင်းဝင်းလေးကို အခုလိုလုပ်ပေးတာ ကျေးဇူးအတင်ခံချင်လွန်း

လို့ မဟုတ်ဘူး။တစ်ကြိမ်တစ်ခါခြေချော်လဲကျသွားတာကို တစ်သက်လုံး ပြန်မထဖြစ်မှာစိုးလို့ ငါက ကူထူပေးခဲ့တာ။ ဘာမှမဆိုင်တဲ့ သူစိမ်းကလေးတွေကိုတောင် ငါတတ်နိုင်သလောက် လုပ်ပေးခဲ့တာ။ဝင်းဝင်းက ငါ့တူမအရင်းပါ အစ်မရဲ့။´´


“ငါက သဘောပြောတာပါ။

ဟဲ့ ဝင်းဝင်း၊ညည်း ငါနဲ့ အိမ်ပြန်လိုက်မလား´´


“သမီးမလိုက်ချင်ဘူး။သမီးကိုတီလေးက တက္ကသိုလ်ဆက်တက်ခိုင်းမှာတဲ့။သမီးကတော့ ဒီမှာပဲနေမှာ´´


ပိုးအိစာအုပ်အဖုံးချုပ်နေတာကို ကူလုပ်ပေးရင်းပြောလာတဲ့ဝင်းသိင်္ဂီကို ကြည့်ပြီးအစ်မကနှုတ်ခမ်းတစ်ချက်တွန့်ကာပြောလိုက်တဲ့စကားက


“ပိုးအိ… ညည်းကတော့ ငါ့သမီးကိုအပိုင်သိမ်းလိုက်တာပဲ။ မိန်းကလေးG12အောင်တော်ရောပေါ့။ဘာတက္ကသိုလ်ဆက်တက်နေမှာလဲ။အချိန်တန်တော့လည်း လင်ယူမှာပဲကို။ ဟင်း…ဟင်း…ဟင်း…ပြောသာပြောရတာပါ။ ဝင်းဝင်း…ညည်းအဒေါ်အပျိုကြီးနဲ့နေလို့ကတော့ညည်းလည်း လင်ရမှာမဟုတ်ပါဘူး။´´


“မကောင်းဘူးလား…အစ်မရဲ့။အပူတကာ့အပူထဲမှာ လင်ပူမိတာ အဆိုးဆုံးပဲ။ငါ့တူမလေးလည်း ငါ့လိုအပျိုကြီးဖြစ်သွားရင် အေးချမ်းမှုရတာပဲ။ ´´


ပိုးအိကိုကြည့်ပြီး လှောင်ရယ်လိုက်တဲ့အစ်မမျက်လုံးကိုတည့်တည့်ကြည့်ပြီး ပိုးအိပြောချလိုက်တော့ အစ်မမျက်နှာ ကွက်ခနဲပျက်သွားခဲ့တယ်။


“ညည်းကျ ဝမ်းမနာပဲနဲ့ သမီးတစ်ယောက်ရလိုက်သလိုမျိုး။ ဒီမှာပိုးအိ…ဝင်းဝင်းသာငါ့ဆီမှာရှိနေရင် တစ်ဖက်တစ်လမ်းက မိသားစုတာဝန်ထမ်းပေးနိုင်မှာပဲ။ငါတို့လို ကွမ်းဆိုင်မထိုင်ချင်နေအုံး အနည်းဆုံးတော့ စတိုးဆိုင်ပဲလုပ်လုပ် ဆီဆိုင်မှာပဲလုပ်လုပ် နှစ်သိန်းသုံးသိန်းတော့ အေးဆေးပဲ။ ဒီတော့…ငါတစ်ခုပြောချင်တယ်။


ငါ့သမီးကညည်းတို့ဆီမှာနေတာဆိုတော့ အခုကြည့်လေ ညည်းစာအုပ်ချုပ်တာတောင် ကူလုပ်ပေးနေတာမဟုတ်လား။ ဟိုတစ်လောကလည်း ညည်းဆီစာလာသင်တဲ့ကလေးငယ်တွေ သူ့ဆီစာပြန်ခိုင်းထားတာ ငါတွေ့တယ်။အလုပ်သမားတစ်ယောက်ငှား ရင်တောင် လခပေးရသေးတာ။ငါ့သမီးကို ကျောင်းထားပေးရတယ်ဆိုပြီး ညည်းအလုပ်ဝိုင်းကူခိုင်းနေတာလေ။


အဲတော့ ငါ့သမီးအတွက် ခံစားခွင့်လခ အများကြီးငါမတောင်းဘူး။တစ်လတစ်သိန်းပဲ ငါ့ကိုပေးအေ။ဒီမှာ ပိုးအိ။ငါက ဝင်းဝင်းအမေအရင်းခေါက်ခေါက်ပါ။ငါလည်း ငါ့သမီးပြုစုတာခံချင်တယ်။မိဘတစ်ယောက်အနေနဲ့ သားသမီးလုပ်စာလည်းစားချင်သေးတာပဲ။ ´´


ဝင်းသိင်္ဂီက စာအုပ်ချုပ်နေတဲ့ပိုးအိကို ကူညီရင်း စကားအားလုံးကို ကြားနေရတယ်။ သူမရဲ့လက်တွေ တုန်ခါလာပြီး မျက်လုံးထောင့်က မျက်ရည်တစ်စက်က စာမျက်နှာပေါ် ကျသွားတယ်။ဒါပေမဲ့ ပိုးအိက ချက်ချင်းမဖြေဘဲခေါင်းငုံ့သွားတဲ့ တူမလေးကို ငေးမိသွားတယ်။အစ်မကိုကြည့်မိတော့ အစ်မမျက်လုံးတွေ အရောင်တောက်နေသလိုပါပဲ။ပိုးအိက အစ်မရဲ့စကားကိုနားထောင်နေရင်း လက်ထဲက စာအုပ်ချုပ်အပ်ကို ဖြည်းညှင်းစွာ ချလိုက်တယ်။ အစ်မရဲ့မျက်လုံးတွေက ပိုးအိဆီက အဖြေကိုစောင့်နေတယ်။


“ဘယ်လိုလဲ …ပိုးအိ၊ ငါ့သမီးအတွက် တစ်လတစ်သိန်း ပေးမလား မဟုတ်ရင်တော့ ငါ့သမီးကို ငါပြန်ခေါ်သွားမယ်´´


စိတ်မရှည်တဲ့အစ်မလေသံက ခြိမ်းခြောက်မှုပါ ပါနေပါတယ်။ဝင်းသိင်္ဂီက ပိုးအိရဲ့လက်ကို ဆုပ်ကိုင်ထားရင်း


“အမေ… တီတီလေးက သမီးကို ကျောင်းထားပေးတယ်။ စာအုပ်ချုပ်တာ၊ စာသင်တာတွေက သမီး စေတနာအလျောက် လုပ်ပေးတာ။ တီတီလေးက ဘယ်တော့မှ အတင်းမခိုင်းဘူး၊သမီး မလိုက်ဘူး အမေ´´


“အစ်မ… ၊ဝင်းဝင်းက လူမဟုတ်ဘူးလား။ သူ့မှာလည်း ခံစားချက်ရှိတယ်။ သူ့အနာဂတ်ကို သူဆုံးဖြတ်ခွင့်ရှိတယ်။သူက ကုန်ပစ္စည်းမဟုတ်ဘူး အစ်မရဲ့ ။အမေဆိုတာ သားသမီးကို ပိုင်ဆိုင်မှုတစ်ခုလို သဘောမထားရဘူး။´´


ပိုးအိရဲ့စကားသံ မာလာတယ်။

အစ်မရဲ့မျက်နှာ ဖြူဖျော့သွားတယ်။ အံတစ်ချက်ကြိတ်ပြီး ချာခနဲလှည့်ထွက်သွားတဲ့ အစ်မက တစ်လလောက်အကြာမှာ ဘာမှမဖြစ်ခဲ့သလိုပုံစံနဲ့ ပိုးအိတို့အိမ်ကို အဝင်အထွက်ပြန်လုပ်တယ်။ပိုးအိ အိမ်မှာမရှိချိန်မှာ အစ်မလာတာကများပါတယ်။


ပိုးအိနဲ့မျက်နှာချင်းမဆိုင်ချင်ဘူးထင်ပါရဲ့ ။ပိုးအိရဲ့ဆိုင်ကယ် ခြံထဲဝင်လာတာနဲ့ အစ်မပြန်ပြီ။

ဒီနေ့လည်းထုံးစံအတိုင်း ပိုးအိအိမ်ထဲခြေလှမ်းဝင်လိုက်တာနဲ့ အစ်မကပြန်ဖို့ အမေ့ကိုနှုတ်ဆက်နေပြီ။အိမ်အဝင်ဝမှာ တွေ့တဲ့ပိုးအိကို ဒီတစ်ခါပြုံးပြတဲ့အစ်မရဲ့အပြုံးက မထိတထိဖြစ်နေသလိုလား။မျက်လုံးကိုမှေးစင်းပြီး မျက်ခုံးကိုပင့်ကာနှုတ်ခမ်းထောင့်စွန်းတစ်ဖက်ပဲ တွန့်ကွေးပြုံးပြလိုက်တာက …အင်းပါ ပိုးအိအထင်မှားတာပဲဖြစ်မှာပါ။


ပိုးအိ အိမ်ထဲဝင်လာတော့ဝင်းသိင်္ဂီက အိမ်အပေါ်ထပ်တက်သွားပြီ။ စောစောအိပ်မလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဝင်းသိင်္ဂီ ရဲ့ဆင်ခြေတွေကို ပိုးအိက သမားရိုးကျလို့ ထင်ခဲ့တာ။ ပိုးအိခြေလှမ်းဖွပြီး အိမ်အပေါ်ထပ်တက်ခဲ့တော့ အိပ်ခန်းထဲကဝင်းသိင်္ဂီရဲ့ စကားသံတိုးတိုးရယ် ရယ်သံသဲ့သဲ့ရယ်ကြောင့် အိပ်ခန်းခန်းဆီးစကို ဖယ်လှပ်မိသွားတယ်။


အဲဒီနေ့က ပြဿနာစတာပဲ။ ဝင်းသိင်္ဂီဟာ ဖုန်းကိုကိုင်ပြီး ရယ်မောနေတာကို တွေ့လိုက်ရတယ်။ ပိုးအိရဲ့မျက်နှာ တစ်ချက်တည်း ပြောင်းသွားပြီး


“ဒါဘာလုပ်တာလဲ…ဝင်းဝင်း။ ဖုန်းက ဘယ်ကရတာလဲ´´

မေးလိုက်တဲ့ပိုးအိ အသံက အေးစက်နေပြီ။ဝင်းသိင်္ဂီ တုန်လှုပ်သွားပြီး ဖုန်းကို ကျောနောက် ကွယ်ဝှက်လိုက်တယ်။


၁၂တန်းစတက်တဲ့နှစ်မှာ ဝင်းသိင်္ဂီက ဖုန်းလိုချင်လို့ပူဆာခဲ့တယ်။ state ကျောင်းသားဘဝမှာ ဖုန်းက အာရုံပျက်စေတယ် ဆိုတဲ့ ပိုးအိရဲ့စည်းကမ်းကို ဝင်းသိင်္ဂီက ကြောက်လို့နာခံခဲ့ရပေမဲ့ သူငယ်ချင်းတွေလို လွတ်လွတ်လပ်လပ် မရှိတော့ စိတ်ညစ်မိတယ်ဆိုပြီး အမေ့ကို ပြောနေတာ ပိုးအိကြားခဲ့ရသေးတယ်။ပိုးအိအနေနဲ့ တူမလေးအတွက် တတ်နိုင်သမျှ လိုအပ်တာမရှိအောင်ဖြည့်ဆည်းပေးထားပေမဲ့ ဖုန်းကိုတော့ တက္ကသိုလ်တက်ရင် ဝယ်ပေးမယ်လို့ပြောထားတယ်။


အခု တူမလေးလက်ထဲကဖုန်းက ဘယ်သူ့ဟာလဲ။

ဒီဖုန်းဘယ်သူ့ဆီကရလာတာလဲ။အတွေးတွေနဲ့ ဝင်းသိင်္ဂီလက်ထဲက ဖုန်းကို ပိုးအိဆွဲလုယူလိုက်တယ်။ Cbကနေ အပြန်အလှန်စကားပြောထားတဲ့စာတိုတွေပိုးအိတွေ့လိုက်ရတယ်။တစ်ဖက်ကောင်လေးက I love youဆိုတဲ့စတစ်ကာလေးတောင်ပို့ထားသေးတယ်။


“အဲဒါ…သမီးအမေ ပေးထားတာ။သမီးတီတီလေးကိုပြောသားပဲ။ဖုန်းလိုချင်တယ်လို့။တီတီလေးကမှဝယ်မပေးတာ။အဲဒါ သမီးသူငယ်ချင်းတွေလိုပဲ သမီးသုံးရအောင်လို့ အမေယူလာပေးတာ။´´


အဲ့စကားကြားလိုက်ရတော့ ပိုးအိရဲ့ဒေါသက အမြင့်ဆုံးဒီဂရီထိ ထိုးတက်သွားတယ်။


“ဝင်းဝင်း …နင် …ငါ့စကားနားမထောင်ခဲ့ဘူးပေါ့။ငါ့မှာ နင့်ကို အများကြီး မျှော်လင့်ခဲ့တာ။၁၂တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်စေချင်လို့ ငါ့မှာ အပင်ပန်းခံလုပ်ပေးလိုက်ရတာ။ နင့်ရမှတ်တွေ အောင်မှတ်ကျော်ရုံလေးပဲရှိတာ အခုမှ ငါသဘောပေါက်တော့တယ်။ နင့်အမေကလည်း လူကြီးဖြစ်ပြီး ဒီလောက်လေးတောင် မသိတတ်ပါလား။´´


“ သမီးအမေကို အပြစ်မပြောပါနဲ့။အမေက သမီးဖုန်းလိုချင်တယ်ပြောလိုက်လို့ ပေးတာ။တီတီလေးက သမီးအမေပြောသလိုပဲ… သမီးရဲ့ဘဝကို သိပ်လွှမ်းမိုးလွန်းတာပဲ။ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်ရနဲ့ သိပ်ချုပ်ချယ်တာပဲ။´´


ပိုးအိရဲ့ လက်ဝါးတစ်ချက်က ဝင်းသိင်္ဂီရဲ့ ပါးပြင်ပေါ်ကျသွားတယ်။


“သမီးကိုရိုက်တယ်!အင်းလေ..တီတီလေးအနေနဲ့ ကိုယ်မွေးထားတဲ့ သားသမီးမှမဟုတ်တာ။ သမီးရဲ့အမေရင်းသာဆို သမီးကို ဘယ်တော့မှ ဒီလိုမလုပ်ဘူး´´


ဝင်းသိင်္ဂီက စူးရှစွာ အော်လိုက်တယ်။

အဲဒီစကားက ပိုးအိရဲ့နှလုံးသားကို ဓားနဲ့ထိုးသလိုဖြစ်သွားတယ်။


“တီတီလေးက အမေအရင်းမှ မဟုတ်တာ။ သမီး… အမေတို့ဆီပြန်မယ်။ ဒီမှာ မနေချင်တော့ဘူး´´


အဲဒီစကားတွေဟာ ပိုးအိရဲ့နားထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်။


နေရာမရွေ့ဘဲ ပိုးအိထိုင်နေမိတာ ခြေသံကြောင့် ပိုးအိမော့ကြည့်လိုက်တယ်။အစ်မက ဝင်းသိင်္ဂီရဲ့ပခုံးစွန်းကို ဖက်ပြီး အပေါ်ထပ်တက်လာပါတယ်။

အနောက်မှာ အမေလည်းပါလာပါတယ်။


“ငါ့သမီးကို ငါပြန်ခေါ်သွားတော့မယ်…ပိုးအိ။ဒီမှာဆက်ထားရင် ငါ့သမီးကို ညည်းနှိပ်စက်နေအုံးမလားပဲ။´´


ခနဲ့တဲ့တဲ့အစ်မရဲ့စကားကို ပိုးအိ ပြန်ပြောချင်စိတ်မရှိတော့ပါဘူး။ တစ်ခဏလောက် တိတ်ဆိတ်နေပြီးမှ…


“ခေါ်သွားပါ အစ်မ´´

စကားကို ဖြည်းဖြည်းချင်း ပြောလိုက်တယ်။ပိုးအိရဲ့အသံက တည်ငြိမ်လွန်းနေတယ်။ဒါပေမဲ့ အဲဒီတည်ငြိမ်မှုအောက်မှာ ရင်ကွဲမတတ် နာကျင်နေတာကိုတော့ ဘယ်သူမှ မမြင်နိုင်ပါဘူး။


ဝင်းသိင်္ဂီက မယုံနိုင်သလို မော့ကြည့်လာတယ်။အစ်မမျက်နှာပြုံးသွားတယ်။

အဲ့ဒီညမှာပဲ ဝင်းသိင်္ဂီ အိမ်ကထွက်သွားခဲ့တယ်။


ပိုးအိက လိုက်မတားခဲ့ဘူး။

ပိုးအိရဲ့ မျက်ဝန်းထောင့်မှာ မျက်ရည်တစ်စက် လိမ့်ဆင်းသွားတယ်။


တောင်ကုန်းထိပ်မှာ ဘယ်လောက်ပဲ မိုးရွာရွာ ရေမတင် နိုင်သလိုပါပဲ…လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ လက်ခံဖို့ အဆင်သင့်မဖြစ်သေးတဲ့အခါ မေတ္တာတွေ ဘယ်လောက် ပဲ သွန်ချသွန်ချ အရာမထင်နိုင်ပါဘူး။ ပိုးအိရဲ့ မေတ္တာက မလုံလောက်လို့ မဟုတ်ခဲ့ပါဘူး။ ဝင်းသိင်္ဂီက အဲဒီမေတ္တာ ရဲ့ တန်ဖိုးကို မမြင်တတ်သေးဘူးလို့ ပိုးအိထင်ပါတယ်။


တချို့မေတ္တာတွေဟာ… တချို့အတွက်တော့

ချက်ချင်း နားမလည်နိုင်ပါဘူး။

တစ်ခါတစ်ရံ ကျမတို့ချစ်တဲ့သူကို လက်လွှတ်ပေးရပါတယ်။ အဲသလို လုပ်လိုက်ခြင်းက…

သူ့ကို အမြင်မှန်ရစေဖို့ပါ။

ကိုယ့်ရဲ့မေတ္တာဟာ ပိုင်ဆိုင်လိုမှု၊ချုပ်ချယ်မှုမဟုတ်မှန်း သိစေဖို့ပါ။

ပြီးတော့…သူပြန်လာခဲ့ရင် ပိုပြီးတန်ဖိုးထားတတ်လာဖို့ပါ။

တကယ်လို့…သူပြန်မလာခဲ့ရင်လည်း နောင်တကင်းစွာ ကျမတို့ရှေ့ဆက်လျှောက်နိုင်ဖို့ပါပဲ။


ခင်ဦး

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား