မှတ်ကျောက်တင်ရမဲ့ အချစ်

 မှတ်ကျောက်တင်ရမဲ့ အချစ်(စ/ဆုံး)


————————-


ကျွန်မဖေဖေနဲ့မေမေဟာ ဆယ်ကျော်သက်အရွယ်မှာ ၊ ကျောင်းတက်နေကြတုန်းအချိန် ၊ တယောက်နဲ့တယောက်မခွဲနိုင်ကြတော့လို့ ဖေဖေကမေမေ့ကိုအိမ်ထဲအထိဝင်ဆွဲခေါ်ပြီး၊ ကားတင်ပြေးခဲ့ကြပါတယ်၊


ဖေဖေကရွှေဘိုကရဲဝန်ထောက်သား၊ မေမေကရေဦးကလယ်ဝန်ထောက်သမီးငယ်ဆုံးလေး၊ မြို့မျက်နှာဖုံးဂုဏ်သရေရှိလူကြီးများရဲ့သားနဲ့သမီးများပေမို့ ၊ အဲဒီခေတ်အခါကဟိုးတလေးကြော်ဖြစ်ခဲ့ပြီး၊ သတင်းစာအသီးသီးမှာခေါင်းကြီးပိုင်းသတင်းအဖြစ်တောင်ဖော်ပြခြင်းခံခဲ့ရပါတယ်၊


အဲဒီခေတ်အခါကဒီလိုသတင်းမျိုးဆို သတင်းစာတွေကဖော်ပြလေ့ရှိတာကိုး၊ ကျွန်မတို့ငယ်ငယ် အသက် ၉ နှစ် ၁၀ နှစ်သမီးလောက်တုန်းကဖေဖေကအဲဒီတုန်းကသတင်းစာတွေသိမ်းထားတာမို့ဖတ်ခဲ့ဘူးပါသေးတယ်၊


ဖေဖေကမေမေ့ကိုအဲဒီလိုခိုးပြေးပြီးပေါင်းခဲ့ရလို့လားမသိဘူး၊ တော်တော်သည်းခံပါတယ်၊ မေမေလိုခြင်တာဆို ဘယ်အခါဖြစ်ဖြစ်မရ ရအောင်ရှာဖွေပေးတတ်ပါတယ်၊

ဖေဖေကမေမေ့အပေါ်သည်းခံအလိုလိုက်တာတွေကိုသားသမီးတွေကသြချရတဲ့အထိပါဘဲ၊ မေမေကအသက် (၈၀)လောက်မှာရေတိမ်ဖြစ်ပြီး တဖြေးဖြေးနဲ့မျက်စိအာရုံက ကွဲကွဲပြားပြားမမြင်ရတော့ဘဲ၊ ဝိုးတဝါးသာမြင်ရရှာပါတော့တယ်၊


မေမေ့ဘယ်ခြေထောက်ကလည်း၊ ထိုင်ခုံပေါ်ထိုင်ချလိုက်တာမှာလွဲသွားပြီး၊ အောက်ကိုထိုင်ချမိလျှက်သားဖြစ်သွားတာကြောင့်၊ ကျိုးမသွားသော်လည်း ဒူးဆစ်အောက်ပိုင်းကလည်သွားတာမို့ တုတ်ကောက်နဲ့ဘဲ ဖြေးဖြေးချင်းလျှောက်၊ နောက်တော့အဲ့လိုလျှောက်ရတာခြေထောက်နာလို့ဆိုပြီး၊ဝှီးချဲဝယ်ခိုင်းပြီး ဝှီးချဲပေါ်မှာဘဲနေသွားလိုက်တာ သူဆုံးတဲ့အထိပါဘဲ၊


မေမေခြေထောက်နာလို့တုတ်ကောက်နဲ့လျှောက်ရစဥ်က အိမ်ရှေ့ဘုရားခန်းမှာဘုရားရှိခိုးနေတုန်း၊ဝမ်းသွားချင်လာလို့အိမ်နောက်ဘက်ရှိအိမ်သာကိုတဖြေးဖြေးတုတ်ကောက်အားပြုပြီးသွားရတာကြောင့်၊ လိုရာခရီးမတွင်နိုင်ဘဲ ၊ လမ်းတလျှောက်မစင်တွေကတစက်တစက်ထွက်ကျတတ်ပါတယ်၊


ဖေဖေကအဲဒီမစင်စက်ထွက်ကျနေတာတွေကိုအဝတ်နဲ့လိုက်သုတ်ပေးလေ့ရှိပါတယ်၊ မေမေကတော့သူ့ဖာသာမစင်ထွက်ကျမှန်းလည်းမသိပါဘူး၊ ဖေဖေကတော့အိမ်လာတဲ့သူတွေတွေ့ရင်မကောင်းဘူးဆိုပြီးလိုက်လုပ်ပေးတာပါ၊


ဖေဖေကစာရေးဆရာ၊ ကဗျာဆရာမို့မြို့ထဲကိုစာမူပို့၊ စာမူခထုတ်သွားရင် မေမေ့ကိုဘာစားချင်သလဲ၊ ဘာဝယ်ခဲ့ပေးရမလဲ၊မေးလေ့ရှိပြီး မေမေကလည်းသိမ်ကြီးစျေးကလက်ဘက်တို့၊ ပဲဲကြီးလှော်တို့ ကုန်စျေးတန်းကရှောက်သီးဆေးပြားတို့၊ စတုမတူတို့ကိုမှာလေ့ရှိပါတယ်၊


ဖေဖေဟာမေမေမှာတာတွေကိုနေပူကြီးထဲထီးဆောင်း၊ ဘတ်စကားစီးပြီးရအောင်ရှာဝယ်လာပေးပါတယ်၊အညာဇီးဆုပ်လေးစားချင်လို့ပါဆိုတာပါသေးရဲ့၊


တခါတလေလည်းဖေဖေကဒါန်ပေါက်အလွန်ကြိုက်သူမို့ ဒါန်ပေါက်ဝယ်လာရင်၊ နှစ်ယောက်သားမိန်ရည်ရှက်ရည်စားတတ်ကြပါသေးတယ်၊ ဖေဖေက ၃ သီးစားကန်တော့ခံပုဂ္ဂိုလ်ပါ၊ ရုပ်ရှင်၊ ဂီတ၊ စာပေ ၊တို့ကရလာတဲ့ကန်တော့ခံငွေကြေးလေးတွေရလာရင်မေမေ့ကိုပါခွဲပေးလေ့ရှိပါတယ်၊ မပေးရင်လည်းစိတ်ဆိုးမှာပင်၊


အတူနေညီမက “မေမေရယ်၊ ဖေဖေ့ကိုအဲဒါတွေမမှာပါနဲ့၊ သမီးတို့ဆီမှာလည်းဝယ်လို့ရပါတယ်၊ မေမေလိုချင်တာပြော၊ သမီးဝယ်ပေးမှာပေါ့”


ဘယ်လိုပင်သမီးတွေကပြောပြော၊ ဖေဖေကတော့မေမေရှာရှာဖွေဖွေမှာတာတွေကိုရအောင်ရှာဝယ်ပေးမြဲပါဘဲ၊


ကျွန်မကသိတော့အညာဇီးဆုပ်ဆိုလဲတလစာ၊ ရွှေပြည်နန်းသနပ်ခါးဗူးဆိုလည်းဗူးကြီး၊တလစာဝယ်လာပေးလိုက်တာပါဘဲ၊ ညီမကလည်းလက်ဘက်ကြိုက်တဲ့မေမေ့အတွက်မပြတ်နှပ်ပေးထားတာပါ၊


မေမျေက်စိကောင်းတုန်း၊ ခြေထောက်ကောင်းတုန်းအသက် (၇၀) ကျော်အရွယ်တုန်းကဖေဖေနဲ့မေမေ့ကိုမောင်လေးကဗုဒ္ဓဂါယာပို့ပေးလို့၊ ပြန်လာတော့အဲဒီတုန်းကဗီဒီယိုအခွေကိုတပါတ်တခါလောက်ပြန်ကြည့်ကြပြီး၊ နှစ်ယောက်သားပီတိဖြစ်စွာနဲ့ ဘယ်တုန်းက၊ ဘယ်နေရာမှာသူတို့ဘာဖြစ်ကြတာ စသဖြင့်ပြန်ပြောင်းအောင်းမေ့ပြောလေ့ရှိကြပါတယ်၊


မေမေဝမ်းမထိန်းနိုင်လို့ဗုဒ္ဓဂါယာကချုံပုတ်ထဲဝင်တိုးခဲ့ရတာမှအစ၊ သူတို့သတိတရနဲ့ကြည်နူးစွာပြန်ပြောလေ့ရှိပါတယ်၊ TV ကလာတဲ့ ကျန်ကျောင်းစီးရီးကိုမေမေကကြိုက်လွန်းလို့ ဖေဖေကမြို့ထဲသွား၊ ရအောင်ရှာဝယ်ပြီးနှစ်ယောက်သားစကားတပြောပြောနဲ့ အထပ်ထပ်အခါခါပြန်ကြည့်လေ့ရှိပါတယ်၊


မေမေမျက်စိမမြင်ရတော့တဲ့နောက်ပိုင်း၊ ဖေဖေဟာ TV ကိုလုံးဝမကြည့်တော့တာ သူဆုံးသွားတဲ့အထိပါဘဲ၊ ဖေဖေ့မှာရောဂါကြီးကြီးမားမားရယ်မဟုတ်ပေမဲ့ နှလုံးအားနည်းတာကြောင့် လမ်းများများလျှောက်ရင်မောလာပါတယ် ၊ တရက်သူတို့ရွာထဲမှဗေဒင်ဆရာကြီးဆီအလည်သွားရင်းသူ့ကိုတွက်ကြည့်ပေးပါလို့ပြောလို့တွက်ကြည့်တဲ့အခါ-


“ဆရာကြီး-ဆရာကြီးကသက်တမ်းကုန်နေပြီ၊ သီလကောင်းလို့အသက်ဆက်နေတာ” အဲလိုဟောလိုက်တာကိုကြားပြီး၊ ဖေဖေဟာအဲဒီကပြန်လာပြီးကတည်းကမျက်ရည်တွေတွေကျပြီး မေမေ့ကိုစိတ်မချကြောင်းတွင်တွင်ပြောပြီးငိုနေတတ်ပါတယ်၊


ကျွန်မက “ဖေဖေရယ်၊ မေမေ့ကိုစိတ်မချ မဖြစ်ပါနဲ့၊ သမီးတို့ရှိတာဘဲ၊ မေမေ့ကိုစောင့်ရှောက်မှာပေါ့၊ ဒီဗေဒင်ဆရာဟောတာကိုလည်း၊ စိတ်မစွဲပါနဲ့နော်”


ကျွန်မတို့ဘယ်လိုပင်ဖျောင်းဖျသော်လည်း၊ ဖေဖေ့စိတ်မှာမေမေ့ကိုစိတ်မချဘူးဆိုတာ တွေ့တဲ့သူတိုင်းကိုပြော၊ အိမ်လာတဲ့သူတိုင်းကိုပြောမို့၊ ဒီစိတ်အစွဲအလန်းနဲ့သေသွားရင်ခက်ရချည်ရဲ့လို့၊ကျွန်မတို့ညီအမမှာတွေးပြီးရင်မောခဲ့ရပါတယ်၊


ဖေဖေအသက် (၈၅) နှစ်အရောက်မှာ အခုလိုမတ်လကြီးပေါ့၊ ကျွန်မကစာရေးဖို့ကုန်ကြမ်းရီာရင်းအောင်ပန်း ကလောဘက်တက်သွားပြီး၊ အပြန်မှာနေပြည်တော်ကသားဆီမှာစာရေးမယ်ဆိုပြီနေတုန်း၊ ညီမက ဖေဖေကထမင်းကောင်းကောင်းမစားလို့ အားပြတ်သွားမှာစိုးလို့၊ ကျွန်မကိုပြန်ခဲ့ဖို့ခေါ်တာကြောင့် ရန်ကုန်ကိုပြန်ဆင်းလာခဲ့ပါတယ်၊


ဖေဖေတို့အိမ်ရောက်တော့ထမင်းမစားချင်တဲ့ဖေဖေ့ကို ဖရဲသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ပန်းသီး အဲလိုအသီးတွေကျွေးတော့စားရှာပါတယ်၊ ညီမကလည်းအသီးတွေမပြတ်ဝယ်ပေးထားတော့ကျွန်မချော့မော့ကျွေး၊ သူစားချင်အောင်အနားကစကားပြောပေး၊ အသီးလေးတွေနဲ့မော့မစ်လေးတွေတိုက်ပေးတော့ထူထူထောင်ထောင်ဖြစ်လာရော၊


မတ်လ ၂၃ ရက်၊


ဖေဖေကညအိပ်ခါနီးခြေထောက်တွေနှိပ်နေတာတွေ့လို့ကျွန်မကညောင်းလို့လားဆိုပြီးနှီပ်ပေးတော့ ခဏအကြာမှာအိပ်ပျော်သွားတာကြောင့်ကျွန်မလည်းအပေါ်ထပ်က ကျွန်မအခန်းထဲမှာအိပ်ပျော်သွားပါတယ်၊

“ကြီးလှိုင်-ကြီးလှိုင်- အောက်မှာအဖွားအော်ခေါ်နေတယ်၊ အဖိုးဘာဖြစ်လဲမသိဘူး”


ဘေးခန်းမှာအိပ်နေတဲ့တူလေးကအခန်းတံခါးလာခေါက်ပြီးခေါ်တာကြောင့် အောက်ထပ်ကိုပြေးဆင်းသွားတော့ဖေဖေကဧည့်ခန်းထဲကနှစ်ယောက်ထိုင်ခုံမှာလဲနေပါတယ်၊


အဲဒီအချိန်က နံနက် ၄ နာရီမတ်တင်း၊ ဖေဖေ့အခန်းထဲတွဲခေါ်ပြီး၊ ဘာဖြစ်သလဲဖေဖေဆိုတော့ “မောတယ်”တဲ့၊ ဒါနဲ့ရေသောက်မလားဆိုတော့ခေါင်းညိတ်တာနဲ့ရေတခွက်ပြေးခပ်၊သူ့လက်နဲ့သူ့ဖာသာတခွက်လုံးကုန်အောင်သောက်၊ တူလေးကသူ့အဖေနဲ့အမေကိုပြေးခေါ်၊


မတ်လေးကဆရာဝန်မို့နားကြပ်ကိုင်ရောက်လာပြီး နားကြပ်ထောက်ကြည့်၊ ပြီတော့အမေသက်သာအောင်ဆေးထိုးပေးမယ်ပြောပြီးသူသွားယူနေတုန်း၊ ကျွန်မတို့မျက်စိရှေ့မှာဘဲ အသက်ထွက်သွားပါတယ်၊

အသက်ထွက်သွားတာတောင်မတ်လေးကဆေးထိုးပေးဖို့လာမှသိရတာပါ၊ကျွန်မလည်း ၁၅ မိနစ်လောက်အတွင်းဖေဖေအသက်မရှိတော့ဘူးဆိုတာလက်မခံနိုင်ဘဲ အော်ဟစ်ငိုကြွေးရင်း အခန်းချင်းကပ်ရက်မေမေ့အခန်းထဲပြေးဝင်ပြီးဖေဖေမရှိတော့ဘူးလို့ပြောလိုက်ချိန်မှာမေမေက “နင့်အဖေ ငါ့ကိုလာနှုတ်ဆက်သွားတယ်၊နံရံကိုပုတ်ပြီး၊နှုတ်ဆက်သွားတယ်”


နားလေးတဲ့မေမေကအုတ်နံရံကိုပုတ်ပြီးနှုတ်ဆက်တာကိုဘယ်လိုသိသလဲ၊ ဖေဖေကဧည့်ခန်းထဲကထိုင်ခုံကနေ၊ အပေါ်ထပ်ကကျွန်မကိုအော်ခေါ်တာ လေသံလေးနဲ့ကို၊ နားလေးတဲ့မေမေကဘယ်လိုကြားသလဲ၊


ကျွန်မတို့လည်းဖေဖေနဲ့မေမေရဲ့တယ်လီပသီကိုလိုက်မမှီတော့ပါ၊ဖေဖေဆုံးပြီးမေမေကဖေဖေသူ့ကိုဘယ်လောက်ချစ်ကြောင်း၊ ဆယ်ကျော်သက်ဘဝကတည်းကအခုအသက် (၈၀) ကျော်ထိသူ့ကိုအလိုလိုက် လုပ်ပေးခဲ့တာတွေကိုအမြဲလိုလိုသတိတရပြန်ပြောလေ့ရှိပါတယ်၊


ဖေဖေဆုံးပြီး ၃ နှစ်ပြည်တဲ့နေ့၊ မနက်ပိုင်းဆွမ်းကပ်ပြီးချိန်မှာ ညီမကမေမေအမောဖောက်နေကြောင်းလှမ်းပြောလို့ သားနဲ့ကျွန်မအပြေးသွားချိန်မှာတော့ မေမေကစကားမေးမရတော့ဘဲ အမောဖောက်နေပါပြီ ၊ မေမေကမျက်စိမမြင်တာ၊ ခြေထောက်မကောင်းတာဘဲရှိတာပါ ကိုယ်တွင်းရောဂါဘာမှမရှိဘဲ၊ ဖေဖေဆုံးတာ ၃ နှစ်ပြည့်တဲ့နေ့မှာဘဲ၊ ဖေဖေ့နောက်လိုက်သွားပါတော့တယ်၊


မနက်ဖြန်ဆိုရင်ဖေဖေဆုံးတာ ၄ နှစ်ပြည့်၊ မေမေဆုံးတာ ၁ နစ်ပြည့်ပါပြီ၊ ဖေဖေနဲ့မေမေ့အတွက်မြောင်းတကာကဓမ္မရိပ်သာ တရားစခန်းမှာ၊ကျွန်မတို့ညီအမကအာရုံဆွမ်း၊ နေ့ဆွမ်းများကပ်လျူပေးပါမယ်၊


တဘဝမှာတခါသာတွေ့ရတဲ့ကျေးဇူးရှင်ဖေဖေနဲ့မေမေ့ကိုလွမ်းဆွတ်စွာဖြင့်ကန်တော့လိုက်ပါတယ်၊

၂၃.၃.၂၀၀၀ ခုနှစ်ကဘဝတပါးသို့ပြောင်းရွေ့သွားသောဖေဖေနဲ့ ၂၃.၃.၂၀၂၃ နေ့ကဖေဖေ့နောက်သို့လိုက်ပါသွားသောမေမေ့အတွက်ရည်စူးပြီး၊ဒီစာလေးကိုရေးလိုက်ပါတယ်၊


မေသင်းလှိုင် (ရွှေဘို)

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား