နှလုံးသားချင်း နီးစပ်သွားတဲ့ အသံလေးတစ်ခု”(စ/ဆုံး)

 “နှလုံးသားချင်း နီးစပ်သွားတဲ့ အသံလေးတစ်ခု”(စ/ဆုံး)


ဖုန်းအရောင်းဆိုင်ရဲ့ ဆားဗစ် ဝန်ထမ်းက၊

အသက် ၇၈ နှစ်အရွယ် အဖိုးအိုကို ကွယ်လွန်သွားတဲ့ သူ့ဇနီးသည်ရဲ့ နောက်ဆုံးချန်ခဲ့တဲ့ အသံမက်ဆေ့ခ်ျ ပျောက်သွားပြီလို့ ပြောလိုက်ပါတယ်။


“ကျွန်တော် ဖုန်းကို ဂရုမစိုက်ပါဘူး။ ကျသလောက်ပိုက်ဆံပေးပါ့မယ်။ ဒီမတ်ဆေ့ချ်ထဲက အသံကိုပဲ ရအောင်လုပ်ပေးပါ ခင်ဗျာ…” ဟု အဖိုးအိုက တုန်ရီနေတဲ့လက်တွေနဲ့ ကွဲအက်ဟောင်းနွမ်းနေတဲ့၊ ခေါက်ဖုန်းလေးကို ကိုင်ရင်း တောင်းပန်နေတာပါ။


လူရှုပ်နေတဲ့ ဖုန်းပြင်ကောင်တာက နည်းပညာဝန်ထမ်းဟာ စိတ်မရှည်သလိုနဲ့ သူ့ရဲ့ဘောပင်ကို တဒေါက်ဒေါက်ခေါက်ရင်း …

” အဘိုး… ကျွန်တော် ပြောပြီးပြီပဲ။ အဘိုးအခု သုံးနေတဲ့ ဖုန်းလိုင်းကုမ္ပဏီ က ဒီညသန်းခေါင်ယံကျရင် ကွန်ရက်အဟောင်းကို အပြီးပိတ်ပြီး 5G ပြောင်းတော့မှာ။”


” အဖိုးရဲ့ အားသွင်း အပေါက်ကလည်း..လုံးဝ ပျက်နေပြီ….အထဲက ဒေတာတွေကို ကူးယူလို့မရဘူး၊ အဖိုး စမတ်ဖုန်း အသစ်တစ်လုံးပဲ ဝယ်ရတော့မယ်။ ”


အဖိုးအိုက ကောင်တာမှာ အချိန်ကြာနေလို့ သူ့နောက်မှာ တန်းစီနေတဲ့သူတွေက စိတ်မရှည်ဖြစ်ပြီး အသံထွက် ညည်းညူလာကြပါတယ်။


စမတ်ကျကျဝတ်ဆင်ထားတဲ့ လူတစ်ယောက်က အဘိုးအိုကို စိတ်မရှည်တဲ့လေသံနဲ့….


“ကဲပါဗျာ… အဘိုးကြီးရာ။ ဒါက အသံမက်ဆေ့ခ်ျတစ်ခုပဲဥစ္စာ။ ဖုန်းအသစ်တစ်လုံးသာ ဝယ်လိုက်ပါတော့။ ကျန်တဲ့သူတွေ အလုပ်ဆက်လုပ်ပါရစေဦး။”


အပြောခံလိုက်ရတဲ့ အဘိုးအိုမှာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အားငယ်ကာ စိတ်ဓာတ်ကျသွားပါတယ်။


မြန်ဆန်လွန်းနေတဲ့ ကမ္ဘာကြီးရဲ့ နည်းပညာတွေကို အရှုံးပေးလိုက်ပြီး၊ သုံးမရတော့တဲ့ သူ့ရဲ့ဖုန်းအဟောင်းလေးကို ပြန်ယူဖို့ လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပါတယ်။


ရုတ်တရက်ဆိုသလို… လက်သည်းနီအမည်းရောင်တွေ ဆိုးထားတဲ့ လက်တစ်ဖက်က၊ ကောင်တာပေါ်ကို ဘုန်းခနဲ ရိုက်ချလိုက်ပြီးနောက်၊

အာသာရဲ့ တုန်ရင်နေတဲ့ လက်ချောင်းလေးတွေကို တားဆီးလိုက်ပါတယ်။


အဲဒီလက်ပိုင်ရှင်ကတော့ အဘိုးအိုရဲ့ အနောက်တည့်တည့်မှာ မတ်တတ်ရပ်နေတဲ့ ဆယ်ကျော်သက် ကောင်မလေးပဲ ဖြစ်ပါတယ်။


သူမက ဟူဒီအင်္ကျီကို ဝတ်ထားပြီး၊ ငွေရောင် နှာခေါင်းကွင်း တပ်ထားကာ၊ ဆံပင်မှာတော့ တောက်ပတဲ့ ပန်းရောင်အစင်းကြောင်းလေးတွေ ဆိုးထားပါတယ်။


ကောင်မလေးက စိတ်မရှည်ဖြစ်နေတဲ့ ဝန်ထမ်းကို မကျေနပ်တဲ့ မျက်လုံးနဲ့ ကြည့်ပါတယ်။


” နားကြပ်ပေါက်ကနေ မိုက်ခရိုဖုန်းအဝင်ပေါက်ထဲကို အသံထွက် ကြိုးတစ်ချောင်း ထည့်လိုက်ရုံနဲ့ အဆင်ပြေသွားမယ့်ဟာကို၊ တကယ်ပဲ မလုပ်ပေးနိုင်ဘူးလို့ ပြောနေတာလား” လို့ သူမက မေးလိုက်ပါတယ်။


ဝန်ထမ်းက ဒေါသတကြီးနဲ့ ….

“ဒါက ကျွန်တော်တို့ဆိုင်ရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းမဟုတ်ဘူး။ အဲဒီလိုလုပ်ဖို့ ဆိုင်ရဲ့သတ်မှတ်ချက်ထဲမှာ မပါဘူး။ ပြီးတော့ ကျွန်တော့်မှာ တန်းစီစောင့်နေတဲ့ လူတွေကလည်း အများကြီးရှိသေးတယ်” လို့ ပြန်ပြောပါတယ်။


ဝန်ထမ်းကို အားကိုးလို့မရမှန်း သိလို့ ကောင်မလေးက အဘိုးအိုကို ခေါ်ပြီး ဆိုင်ထဲက လွတ်တဲ့ စားပွဲတစ်ခုဆီ သွားဖို့လုပ်ရင်း..

“သမီးကို ဖုန်းပေးပါ အဘိုး..” လို့ပြောပါတယ်။


‘အာသာ’က ဇဝေဇဝါဖြစ်သွားပေမဲ့ ဖုန်းကို ပေးလိုက်ရင်း သူမနောက်က လိုက်သွားခဲ့ပါတယ်။


အဲဒီကောင်မလေးက သူမရဲ့ လေးလံတဲ့ ကျောပိုးအိတ်ဇစ်ကို ဖွင့်လိုက်ပြီး လက်ပ်တော့ပ်တစ်လုံး၊ နှစ်ဖက်ချွန် အသံကြိုးတစ်ချောင်းနဲ့ ဝိုင်ယာလက် စပီကာအသေးလေးတစ်ခုကို ထုတ်လိုက်ပါတယ်။


ခေါက်ဖုန်းထဲကို အသံကြိုးတစ်ဖက် ထိုးသွင်းပြီး ကျန်တဲ့တစ်ဖက်ကို လက်ပ်တော့ပ်ထဲ ထိုးထည့်နေချိန်မှာ သူမက နူးညံ့သိမ်မွေ့တဲ့အသံနဲ့ …

“သမီးနာမည် မာယာပါ” လို့ သူမက ပြောပါတယ်။


ရှုပ်ထွေးပုံရတဲ့ အသံတည်းဖြတ်တဲ့ ဆော့ဖ်ဝဲလ် တစ်ခုကို ဖွင့်လိုက်ပါတယ်။


“အော် အေးအေး… အဖိုးနာမည်က အာသာပါ” လို့ ပြောရင်း ကီးဘုတ်ပေါ်မှာ အမြန်လှုပ်ရှားနေတဲ့ သူမရဲ့ လက်ချောင်းလေးတွေကို ကြည့်နေခဲ့ပါတယ်။


”ဟုတ်ပြီ အဖိုးအာသာ။ အဘိုးရဲ့ မက်ဆေ့ခ်ျ ထဲကို သွားပြီးတော့ အသံဖွင့် လိုက်ပါ”


ဖုန်းကိုင်ထားတဲ့ အာသာရဲ့ လက်တွေက တုန်ရင်နေခဲ့ပါတယ်။


သိမ်းဆည်းထားတဲ့ မက်ဆေ့ခ်ျကို တွေ့သွားတဲ့အခါ၊ အသံဖိုင်ကို ဖွင့်လိုက်ပါတယ်။ မာယာကလည်း အသံအတိုးအကျယ်ကို စစ်ဆေးဖို့ စပီကာရဲ့ အသံခလုတ်ကို ဖွင့်လိုက်ပါတယ်။


နွေးထွေးမှုအပြည့်ရှိတဲ့ အမျိုးသမီးကြီးတစ်ဦးရဲ့ အသံက စပီကာမှတစ်ဆင့် ဆိုင်အထဲက လူအားလုံး ကြားနိုင်လောက်အောင် ထွက်ပေါ်လာပါတယ်။


ဆိုင်ထဲကလူတွေအားလုံး တိတ်ဆိတ်သွားပါတယ်။


“အာသာ… ကျွန်မ ပါ။ ကင်ဆာဓာတ်ရောင်ခြည်ကုသမှုခံယူဖို့ စောင့်ဆိုင်းခန်းထဲမှာ ထိုင်နေတာ။ ဒေါက်တာက ဒီနေ့မွန်းလွဲပိုင်း အိမ်ပြန်လို့ရပြီလို့ ပြောတယ်”


စောစောက ‘အာသာ’ကို အော်ဟစ်ခဲ့တဲ့ စီးပွားရေး သမားဟာ သူ့နာရီကို ကြည့်နေတာကနေ ချက်ခြင်း ရပ်တန့်သွားပါတယ်။ ကောင်တာနောက်က ဝန်ထမ်းကလည်း ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူ့လက်ထဲက ဘောပင်ဟာ စားပွဲပေါ်ကို လွတ်ကျသွားခဲ့တယ်။


“အိမ်က ဂန္ဓမာပန်းတွေကို ရေအများကြီး မလောင်းမိစေနဲ့ဦးနော်” ဆိုတဲ့ စကားသံက ဆက်ပြီးထွက်လာပါတယ်။


“သူတို့ရဲ့ အမြစ်တွေက ရေများရင် ပုပ်တတ်တာ ရှင်သိသားပဲ။ ဒီနေ့ ကျွန်မ နည်းနည်းတော့ ပင်ပန်းတယ်၊ ဒါပေမဲ့ ရှင့်ကို အရမ်းချစ်တယ်နော်။ အိမ်မှာတွေ့ကြမယ်”


လေးနက်တဲ့တိတ်ဆိတ်မှုက တစ်ဆိုင်လုံး လွှမ်းမိုးသွားပါတယ်။ ငွေကိုင်ကောင်တာက မိန်းကလေးရဲ့ ရှိုက်သံသဲ့သဲ့ကို ကြားလိုက်ကြပါတယ်။


‘အာသာ’က သူ့မျက်လုံးတွေကို တင်းတင်းပိတ်လိုက်ပြီး သူ့ရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေ အတားအဆီးမရှိ စီးကျခွင့်ပြုလိုက်ပါတယ်။


“ငါ အဲဒီပန်းပင်တွေကို ရေအများကြီး မလောင်းတော့ပါဘူး ဆာရာရယ်” လို့ သူက တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။


‘မာယာ’ဟာ သူမရဲ့ကွန်ပျူတာစခရင်ပေါ်က အသံလှိုင်းတွေကို စိုက်ကြည့်နေရင်း၊ မျက်ရည်တွေ ဝိုင်းလာခဲ့ပါတယ်။


အသံမက်ဆေ့ခ်ျ ပြီးဆုံးသွားတဲ့အခါမှာတော့ အဲဒီအသံဖိုင်ကို သေသေချာချာ သိမ်းပေးလိုက်ပါတယ်။


သူမဟာ ဖုန်းအပိုပစ္စည်းတွေ ချိတ်ထားတဲ့ နံရံဆီ လျှောက်သွားပြီး အရည်အသွေးမြင့် ‘မက်မိုရီ စတစ်ခ် ‘ _Memory Stick တစ်ခုကို ယူကာ ကောင်တာဆီကို တန်းတန်းမတ်မတ် လျှောက်သွားခဲ့ပါတယ်။


သူမရဲ့ ငွေပေးချေတဲ့ ကဒ်ကို ကောင်တာပေါ် ချလိုက်ပြီး ….

“ဒါကို ငွေဖြတ်လိုက်ပါ။ ပြီးတော့ အဘိုးအတွက် သုံးရအလွယ်ဆုံးနဲ့ ဈေးအသက်သာဆုံး ‘တတ်ခ်စခရင်’ ဖုန်းတစ်လုံး ပေးပါ။ ကျွန်မပဲ အကုန်လုံး ပြင်ဆင် ပေးလိုက်မယ်” လို့ ပြောလိုက်ပါတယ်။


မာယာက စိတ်ကောင်းရှိလွန်းလို့ အဘိုးအိုအတွက် ဖုန်းအသစ်နဲ့ မက်မိုရီကဒ် အပိုတစ်ခုကို ဝယ်ပေးလိုက်တာပါ။


ဆယ်မိနစ်လောက်ကြာပြီးနောက်မှာတော့ ‘မာယာ’ က အာသာ့လက်ထဲကို ဖုန်းအသစ်လေး ကမ်းပေးလိုက်ပါတယ်။


ဖုန်းရဲ့ မျက်နှာပြင် အလယ်တည့်တည့်မှာ အသံဖွင့်တဲ့ အိုင်ကွန် အကြီးကြီးတစ်ခုတည်းကိုပဲ ထားပေးခဲ့ပါတယ်။


“အဘိုး လုပ်ရမှာက အဲဒီခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ” လို့ သူမက လေသံအေးအေးလေးနဲ့ ရှင်းပြပါတယ်။


“အဲဒါဆိုရင် အဘိုး….ကြားချင်တဲ့အချိန်တိုင်း အဖွား အသံကို ကြားရလိမ့်မယ်။ ဒီ မက်မိုရီကဒ် ထဲမှာလည်း အရန်သိမ်းထားသေးလို့ အဖွာရဲ့အသံက ဘယ်တော့မှ နောက်ထပ် ပျောက်ဆုံးတော့မှာ မဟုတ်ဘူး။”


အာသာက ဖုန်းကို သေသေခြာခြာယူပြီး ရင်ခွင်ထဲ ကပ်ထားလိုက်ပါတယ်။


သူ့ရဲ့ အဖိုးတန်ဆုံး အမှတ်တရကို ကယ်တင်ပေးခဲ့တဲ့ စတိုင်လ်မိုက်မိုက် ဆယ်ကျော်သက်ကောင်မလေးကို ကြည့်လိုက်တယ်။


“သမီးက ဘာလို့ အဘိုးလို ဒုက္ခပေးတဲ့ အဘိုးကြီးတစ်ယောက်အတွက်… ဒါတွေ လုပ်ပေးရတာလဲကွယ်” လို့ မေးပါတယ်။


‘မာယာ’က သူမရဲ့လက်တွေကို ဟူဒီအင်္ကျီအိတ်ကပ်ထဲ ထိုးထည့်လိုက်ပြီး ဟောင်းနွမ်းနေတဲ့ သူမရဲ့ ရှူးဖိနပ် လေးတွေကို ငုံ့ကြည့်နေခဲ့ပါတယ်။


“ဒီမနက် သမီး ဖေဖေနဲ့ အကြီးအကျယ် ရန်ဖြစ်ပြီး အိမ်ကနေ ဆင်းလာတာ။ ဖေဖေက သမီးဆီ တစ်နေ့လုံး ဖုန်းခေါ်တယ်…သမီးဖုန်းမကိုင်တော့ အသံမတ်ဆေ့ချ်တွေပို့်တယ်..”


သူမက မော့ကြည့်လိုက်ပြီး အာသာ့ကို ဝမ်းနည်းရိပ်သန်းနေတဲ့ ကိုယ်ချင်းစာအပြုံးလေး ပြုံးပြပါတယ်။


“သမီး အခုမှ သဘောပေါက်သွားတယ်… တကယ်လို့ ဖေဖေက သမီးရဲ့ အသံကို နောက်ထပ် မကြားရတော့ဘူးဆိုရင် အဘိုးလိုပဲ အကြီးအကျယ် ခံစားနေရမှာ..”


အာသာက ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး အားနည်းလှတဲ့ သူ့ရဲ့လက်မောင်းတွေနဲ့ အဲဒီဆယ်ကျော်မိန်းကလေးကို အဘိုးအရင်းတစ်ယောက်လို တင်းတင်းကြပ်ကြပ် ဖက်လိုက်ပါတယ်။


မာယာက တစ်စက္ကန့်လောက် တုံ့ဆိုင်းသွား ပြီးနောက်မှာတော့ သူ့ကို အားကိုးတကြီးနဲ့ ပြန်ဖက်ပါတယ်။


“သမီး ဖေဖေဆီ ဖုန်းဆက်လိုက်ပါ မာယာရယ်” လို့ အာသာက သူမရဲ့ တောက်ပတဲ့ ပန်းရောင်ဆံပင်လေးတွေအနားကနေ တိုးတိုးလေး ပြောလိုက်ပါတယ်။


“အသံဖိုင်တစ်ခုဟာ အဘိုးတို့အတွက် နောက်ဆုံးကျန်ရစ်တဲ့အရာ ဖြစ်မသွားပါစေနဲ့။”


‘အာသာ’က ဆိုင်ရဲ့ မှန်တံခါးတွေကို ဖြတ်လာပြီး၊ နေဝင်ချိန် ညနေခင်းအလင်းရောင်ထဲကို ထွက်ခွာသွားခဲ့တယ်။ သူ့ရဲ့ ခြေလှမ်းတွေက အစကထက် ပေါ့ပါးနေပြီး သူ့ရဲ့ နှလုံးသားကလည်း ပိုမိုပြည့်စုံသွားခဲ့ပြီ ဖြစ်ပါတယ်။


ဆိုင်ထဲမှာတော့ မာယာက ဖုန်းကို ထုတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ နံပါတ်တစ်ခုကို နှိပ်လိုက်ပါတယ်။


“ဟဲလို… ဖေဖေလား။ ဟုတ်… သမီးပါ…”


Saya U Khin Zaw ( ဘာသာပြန်)


#SayaUKhinZaw

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား