ဦးမူတူး(စ/ဆုံး)
ဦးမူတူး(စ/ဆုံး)
———–
ကျွန်တော်တို့အရပ်ထဲမှာ ဦးမူတူး ဆိုတဲ့ ဟိန္ဒူအဖိုးကြီးတယောက်ရှိတယ်။ သူက မီးရထားက အငြိမ်းစားတဲ့။ ဘယ်ရာထူးနဲ့ အငြိမ်းစားယူခဲ့လဲတော့ မသိပါဘူး။ နေတာထိုင်တာကတော့ စမတ်ကျတယ်ခေါ်ရမယ်ထင်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ မြို့လေးမှာ စက်ဘီးလေးစီးဘဲ ရှိတယ်။
ကားဆိုတာတော့ ဖြတ်သွားရင် နောက်က တအုံးအုံးနဲ့လိုက်ပြီး “ငါအရင်မြင်တာကွ” လို့ ဂုဏ်ယူပြောရတာပေါ့။ ဆိုင်ကယ်ဆိုတာတော့ ကြားပင်မကြားဘူးသေး။ စက်ဘီးကတော့ ဦးဟာဒွန် ဆိုတဲ့ သစ်စက်ပိုင်ကြီးက တစီး၊ ဦးဘသောင် ဆိုတဲ့ပွဲစားကြီးကတစီး၊ ဦးလှဝန် ဆိုတဲ့ ဆေးလိပ်ခုံပိုင်ရှင်ကြီးကတစီး၊ပြီးတော့ ကျွန်တော်တို့အရပ်ထဲက ဦးမူတူး ဆီမှာတစီးပေါ့။ သူတို့ စက်ဘီးတွေက ရက်လေး ဆိုလား၊ ဟန်ဘား ဆိုလား။
သူဌေးကြီးတွေအသီးသီးမှာအလုပ်အကိုင် တွေပြောစရာရှိပေမဲ့ ဦးမူတူးကတော့ ဘာမှမလုပ်ပါဘူး။ သူ့သားတွေက တောင်သူလုပ်တယ်။ ပြီးတော့နွားတွေ မွေးထားတယ်။ သူ့သားကျော်ဌေးဆိုတာက နွားကျောင်းတာပေါ့။ အဲဒီ ကျော်ဌေးဆိုတာက စိတ်ကျန်းမာရေးမကောင်းဘူး။ နွားမကျောင်းရရင် နေမကောင်းဘူးတဲ့။ နွားတွေရောင်းပစ်တော့ စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားရှာတယ်။ မကြာခင် ဆုံးပါလေရော။ ကျော်ဌေးက ကျွန်တော်တို့ထက် အသက်ကြီးတယ်။ သူအောက်တယောက်ခြား သားအငယ်ဆုံး သိန်းထွေးဆိုတာနဲ့မှ ကျွန်တော်နဲ့ ကျောင်းနေဘက်။ ဒါတောင် သိန်းထွေးက ကြီးထင်ရဲ့။
ဦးမူတူးက မနက်လင်းတာနဲ့ စက်ဘီးတစီးနဲ့ အရပ်ထဲက အိမ်တွေကို တအိမ်ဝင် တအိမ်ထွက် လည်တာပဲ။ အိမ်ရှင်တွေ အလုပ်လုပ်နေရာကို လာပြီး စကားပြောတာပဲ။ စကားပြောကလဲ ကောင်း၊ ရေပက်မဝင်အောင်ပြောနိုင်တာဆိုတော့ သူ့ကိုနိုင်အောင် ဘယ်သူမှ မပြောနိုင်ဘူး။ သူပြောချင်ရာ ပြောပြီး စက်ဘီးစီးထွက်သွားတာပဲ။
ကျွန်တော်တို့အိမ်ကို ကိုဝင်းအောင် က အလည်ရောက်နေတယ်။ အဲဒီကိုဝင်းအောင်ကလဲ စကားပြောကောင်းတာပဲ။ ကျွန်တော့်ထက်တော့ ဆယ်နှစ်နီးပါးကြီးတာပေါ့။ သူက အတွေ့အကြုံလည်းများ၊ အသက်အရွယ်ကလဲ ကြီးဆိုတော့ သူပြောသမျှ ကျွန်တော်တို့မှာ နားထောင်ပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်နေရတာ။ ၁၉၇၉ ခုနှစ်မှာပေါ့။ ကျွန်တော်ရယ်၊အမရယ်၊ အကိုရယ်၊ ကိုဝင်းအောင်ရယ် ဆယ်တန်းစာမေးပွဲကို အတူဖြေကြတယ်။ ကျွန်တော်က နှစ်တက်ကျောင်းသား၊ အမ နဲ့ ကိုဝင်းအောင်က ခ စာရင်းနဲ့အောင်ပြီးသား။ အကိုက ဆယ်တန်း ၂ ခါလား ၃ ခါလားကျပြီးသား။ စာမေးပွဲဖြေတော့ ကျွန်တော်တို့အိမ်မှာ လာတည်းပြီး ဖြေတာပေါ့။ စာကြည့်ချိန်ဆို သူပြောတာ ရီနေရလို့ စာမကြည့်ဖြစ်ပါဘူး။ ဒါပေမဲ့ အဲဒီနှစ်က အမနဲ့ ကျွန်တော်က အောင်တယ်။ အကိုနဲ့ ကိုဝင်းအောင်က အရင်းပေါ့။ ဒါကလဲ သူ့အပြောလေ။ တို့က မအောင်တာပဲရှိတာ၊ မရှုံးဘူး၊ အရင်းပဲတဲ့။
တခါတော့စပ်မိစပ်ရာ “ဦးမူတူးက စကားပြောသိပ်ကောင်းတာ။ သူ့ကို ဘယ်သူမှ စကားနိုင်အောင် မပြောနိုင်ဘူး”လို့ ကျွန်တော်က ပြောတော့ ကိုဝင်းအောင်က “မင်းတို့ ချက်နဲ့လက်နဲ့ မပြောတတ်လို့ဖြစ်ပါလိမ့်မယ်။ ငါနိုင်အောင်ပြောပြမယ်” တဲ့။ အဲဒီ စကားပြောကောင်းတဲ့ ကိုဝင်းအောင် အိမ်မှာ ရှိနေတဲ့အချိန် ဦးမူတူးကလည်း အလည်လာပါရော။ ကျွန်တော်က “ဦးမူတူး ဆိုတာပဲ။ ကဲနိုင်အောင်ပြောပေတော့” လို့ ကိုဝင်းအောင်ကို အချက်ပေးလိုက်တယ်။
“ဆရာကိုအောင်ထွန်းတို့ ဆရာကတော် မစောကွန့် တို့ရှိကြပါစဗျ” လို့ဦးမူတူးက စကားစလိုက်ရင်း အိမ်ထဲဝင်လာတော့ ကိုဝင်းအောင်က “လာပါ ဦးကြီး၊ ဦးကြီးက ဘယ်သူပါလိမ့်” လို့ မေးလိုက်တယ်။ဦးမူတူးက အိမ်၏ တောင်ဘက်သို့ လျှောက်သွားရင်း
“ဦးကြီးက ဦးမူတူးတဲ့ကွ၊ မီးရထားဌာနက အငြိမ်းစားပေါ့”
“ဟုတ်ကဲ့”
“ဦးကြီးက စစ်ကိုင်းတံတားကြီးဆောက်ရာမှာလဲ ပါခဲ့တယ်ကွ”
“ဟုတ်ကဲ့”
အိမ်တောက်ဘက်မှ အနောက်သို့ကွေ့လိုက်သည်။ အဖေတို့ အမေတို့က နောက်ဖေးမှာ ရှိတတ်တာကို။ ကိုဝင်းအောင်ကလဲ ဦးမူတူးနောက်မှ ကပ်လျက် လိုက်သွားသည်။
“စစ်ကိုင်းတံတားကြီးမှာ ကုန်းက ဆယ်ကုန်းတောင်ရှိတာကွ” “ဟုတ်ကဲ့”
“အလယ်က ရထားလမ်း ရှိပြီး ဘေးနှစ်ဘက်ကတော့ ကားလမ်းကွ” “ဟုတ်ကဲ့”
အိမ်အနောက်ဘက်မှာ မြောက်ဘက်သို့ လျှောက်ခဲ့သည်။ ကိုဝင်းအောင်က ဦးမူတူးကို စကားဆိုနိုင်မည့်အချိန်ကိုစောင့်လျက်။ ကျွန်တော်က သူတို့စကားကိုနားထောင်ရန် ကပ်လိုက်နေသည်။
“မင်းတို့လဲ မန္တလေးသွားတော့ ရောက်ဖူးမှာပေါ့”
“ဟုတ်ကဲ့”
“တံတားအရှည်က…..ပေ တောင်ရှိတာကွ”
” ဟုတ်ကဲ့”
ကိုဝင်းအောင်က စကားစရန် ဟန်ပြင်လိုက်သည်။သို့သော် ပြောခွင့်ကမသာ။
အိမ်၏ မြောက်ဘက်မှ အရှေ့ဘက်ကို ဆက်ထွက်လာသည်။
“ချည်းကပ်လမ်းက အင်းဝဘက်ကဆို….. ပေရှိတာကွ”
“ဟုတ်ကဲ့”
“စစ်ကိုင်းဘက်ကတော့……ပေရှိတယ်ကွ”
“ဟုတ်ကဲ့”
“နန်းတော်ရှေ့ဆရာတင်က စစ်ကိုင်းတံတားကြီးနဲ့ ပတ်သက်ပြီး သီချင်းရေးခဲ့သေးတာကွ”
“ဟုတ်ကဲ့”
သီချင်းကိုသံနေသံထားဖြင့်ဆိုပြသည်။ ကိုဝင်အောင် ကား ခေါင်းတငြိမ့်ငြိမ့်နှင့် စီးချက်လိုက်ပေးရင်း ပြန်ပြောရန် အကွက်ကောင်းကို စောင့်နေဟန်တူသည်။ ပြောကွက်ကမရသေး။ သီချင်းဆုံးတော့ အိမ်ရှေ့ပြန်ရောက်လာသည်။ စက်ဘီးလက်ကိုင်ကို ကိုင်လိုက်သည်။ စက်ဘီးဒေါက်ခွကြီးကိုတင်လိုက်သည်။ စက်ဘီးပေါ်တက်ခွရင်း “ကိုင်း မောင်ရေ၊ စကားပြောလို့လဲ ကောင်း၊ မောင်ကျော်ဌေး နွားကျောင်းထွက်ချိန်တိုင်ရော့မယ်၊ သွားအုံးမယ်ကွယ့်” ဟုဆိုကာ စက်ဘီးနင်း၍ ထွက်သွား၏။ ကိုဝင်းအောင် မှာ “ဟုတ်ကဲ့” ဟူ၍ သာ။