သရက်ပင်ကပြောသော အချိန်(စ/ဆုံး)
“သရက်ပင်ကပြောသော အချိန်(စ/ဆုံး)
——————
ဝူး…..ကျွီ….
“ကဲ….ရောက်ပြီဟေ့…ရှေ့ခန်းထဲ အိပ်ပျော်နေတဲ့ ကလေးတွေကိုနှိုးလိုက်ဦးဟေ့….
“ဟဲ့…ညိုမ ဒီအတိုင်းမဆင်းသွားနဲ့လေ…ရော့ ဒီအိတ်ကြီးနဲ့ခြင်းတောင်းကိုသယ်သွား…
“အမယ်လေး ကျုပ်သိပါတယ်…ဒီမယ်ကြည့် လက်ထဲမှာလည်းအပြည့်…ဖြည်းဖြည်းချင်းသယ်ပါ့မယ်တော်…မီးကပျက်လို့ မှောင်မှောင်မည်းမည်းမမြင်ရတဲ့ကြားထဲ အကုန်ချော်လဲကုန်တော့မှာပဲ…မြေကလည်းမညီမညာနဲ့…
“ဟေ့ ထွန်းမောင်နဲ့ညိုမတို့ အဆင်ပြေလားဟေ့…ရော့ ရော့
ဒီလက်နှိပ်ဓာတ်မီးတစ်လက်ယူထားလိုက်….မလောနဲ့ အေးဆေးပဲသယ်ပါ ပစ္စည်းတွေကို….
“ဟုတ်ကဲ့ ဆရာ..
“အစ်ကိုရေ….တံခါးသော့ဖွင့်ပြီးရင် အငယ်မကိုလာချီပါဦး…သမီးကြီးကို ကျမနှိုးလိုက်ဦးမယ်…
“အေး အေး လာပြီ…မိန်းမရေ…
နယ်မြို့လေးကနေ မြို့ကြီးပြကြီးကိုပြောင်းလာကြတဲ့ဝန်ထမ်းမိသားစုလေး…မြို့ကြီးဆိုပေမယ့် သူတို့ပြောင်းလာတဲ့နေရာက ကားသံ ၊လူသံတွေဆူညံရှုပ်ထွေးနေတဲ့မြို့လယ်ခေါင်တော့မဟုတ် မြို့အစွန် မြို့သစ်ထဲကဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုပင်။
မနက်ခင်းအစောထွက်လာပေမယ့် အိမ်ပြောင်းပစ္စည်း တွေအပြည့်အသိပ်နဲ့တရွေ့ရွေ့မောင်းနှင်လာတဲ့ ကုန်တင်ကားကြီးဟာ အိမ်အသစ်ဆီကိုမိုးစုန်းစုန်းချုပ်မှသာ ရောက်ပါတော့တယ်။အိမ်နီးချင်း ကိုထွန်းမောင်တို့လင်မယားက သူတို့ဆရာမိသားစု အိမ်ပြောင်းတာကိုလိုက်ကူညီပေးကြလို့တော်သေးတယ်။နို့မို့ဆို ကိုပြေနဲ့ ယဥ်နှောင်းတို့ ဒီပစ္စည်းတွေနဲ့ ကလေးနှစ်ယောက်နဲ့ဘယ်လိုမှမလွယ်။ကိုပြေတို့ဇနီးမောင်နှံကလည်း သူတစ်ပါးအပေါ်မှာလိုအပ်တဲ့အကူအညီတွေကို မတွန့်မဆုတ်ပေးတော့ သူတို့အပေါ်ဆိုလည်းကူညီဖေးမပေးချင်တဲ့သူတွေကများတယ်…ဒါတောင်လမ်းထဲကသူတွေကလိုက်ခဲ့ကြဦးမလို့ ရပါတယ်ဆိုပြီး မနည်းတားခဲ့ရတာ…နောက်မှသာအလည်လာဖြစ်အောင်လာခဲ့ကြဖို့ ဖိတ်ခေါ်ခဲ့ရတယ်…နှစ်အကြာကြီးနေပြီးမှ ပြောင်းသွားကြတော့ အိမ်နီးချင်းတွေကလည်းစိတ်မကောင်း၊ ကိုပြေနဲ့ယဥ်နှောင်းတို့လည်း မျက်ရည်ဝဲရ…တစ်ဦးကစေတနာ တစ်ဦးကမေတ္တာတွေပဲပေါ့။
အဲ့သလိုနဲ့အိမ်အသစ်ကို ရောက်ရောက်ချင်းညမှာတော့ ပါလာတဲ့ထမင်းချိုင့်ကိုပဲ အားလုံးအတူတူဝိုင်းစားပြီး တစ်နေကုန်ကားစီး ပစ္စည်းတွေအိမ်ထဲရွှေ့နဲ့တော်တော်လည်းပင်ပန်းနေကြပြီမလို့ မနက်မိုးလင်းမှပဲ ပစ္စည်းတွေကိုသေချာနေရာချတော့မယ်ဆိုပြီး ဖြစ်သလိုနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျကုန်လေတော့တယ်။
“ဝါး….ဟင် ငါဘယ်ရောက်နေပါလိမ့်…
အိပ်ချင်မူးတူးနဲ့နိုးလာသော ဆယ်နှစ်သမီး ဆုံဆုံ တစ်ယောက်တော့ တစ်ခါမှမရောက်ဘူး မမြင်ဘူးတဲ့ပတ်ဝန်းကျင်အသစ်ကို တအံ့တသြငေးမောကြည့်ရှူရင်း ဘေးမှာအိပ်မောကျနေကြတဲ့ အဖေနဲ့အမေ၊ညီမလေး တုံတုံ၊ဟိုးက ထိုင်ခုံတွေပေါ်မှာမှီရင်း အိပ်ပျော်နေကြတဲ့ဦးဦးနဲ့အန်တီညိုမ၊ဘေးမှာလည်းပြန့်ကျဲရှုတ်ပွနေတဲ့ ပစ္စည်းတွေကအပုံလိုက်….ဒါတွေအားလုံးကိုခြုံငုံလိုက်ကြည့်ပြီးမှ အိပ်ချင်ပြေ မျက်လုံးကျယ်လာကာ “သြော်…ငါတို့အိမ်ပြောင်းလာတာပဲ “လို့အသံထွက်ရေရွတ်ရင်း အမေတို့ကိုနှိုးပါတော့တယ်…ဘာလို့ဆို ညကလည်းဘာမှမစားလိုက်ရတော့ ဗိုက်ထဲကတဂွီဂွီနဲ့အတော်ဆာနေပြီမလို့ပါ။
နောက်သုံးလေးရက်နေတော့ ပစ္စည်းတွေလည်း နေရာတကျထားပြီးပြီမလို့ အိမ်ပြောင်းတာကိုလိုက်ကူညီပေးတဲ့ဦးဦးနဲ့အန်တီတို့လည်း ပြန်ပါတော့မယ်….နောက်ကိုလည်းကျန်တဲ့သူတွေပါအားလုံးခေါ်ခဲ့ပြီး အလည်လာခဲ့ကြဖို့ ဆုံတို့မေမေကတတွတ်တွတ်မှာကြားနေလေရဲ့…ဒီမှာကအခုမှရောက်စမလို့ စကားပြောဖော်အသိမိတ်ဆွေအသစ်တွေမရသေးတော့ အရင်မိတ်ဟောင်းဆွေဟောင်းတွေကို တမ်းတနေရုံသာ၊ဆုံတို့ညီအစ်မလည်းအဲ့သလိုပဲ အရင်နေခဲ့တဲ့မြို့လေးက သူငယ်ချင်းတွေကိုအရမ်းသတိရတာပဲ။နောက်တော့သူငယ်ချင်းအသစ်တွေနဲ့ပျော်သွားမှာပါလို့ အဖေတို့ကပြောပေမယ့် ဆုံကတော့ နေရာအသစ်မှာတော်တော်နဲ့အသားမကျနိုင်သေးဘူး။ဒါပေမယ့်လည်း နောက်တော့ကလေးသဘာဝ ရောက်တဲ့နေရာမှာ ပျော်နေပါလေရော။
အဖေနဲ့အမေကတော့ လိုအပ်တာလေးတွေလုပ်ကိုင်ဖို့အတွက်အိမ်ဝိုင်းလေးထဲလှည့်ပတ်ကြည့်ရှူ …မြေဖို့ရမယ် ၊ခြံစည်းရိုးခတ်ရမယ်၊ပြီးတော့ သစ်ပင်တွေလည်းစိုက်ရဦးမယ်တဲ့။ မိဆုံတို့ညီအစ်မကတော့ အဖေနဲ့အမေပြောတာတွေကိုစိတ်မဝင်စားဘူး…ကလေးပီပီ နွေရာသီကျောင်းပိတ်ရက်ကိုအကျိုးရှိရှိ တစ်ရက်မှမလွတ်အောင်ဆော့ရဖို့သာအရေးကြီးတယ်လေ။
တစ်ရက် အမေ စျေးကပြန်လာ နွေရာသီ သရက်သီးမှည့်ပေါ်ချိန်ဆိုတော့…သရက်သီးမှည့်ငါးလုံးဝယ်လာတယ်…ညီအစ်မနှစ်ယောက်က သရက်သီးအသားထက် အစေ့ကိုစုပ်ရတာပိုကြိုက်ကြတော့ အမေ သရက်သီးခွဲတိုင်း အစေ့ကိုလုရတာအမော…တခါတလေဆိုနှစ်ယောက်သားရန်တောင်ဖြစ်ရသေး။
“ဟဲ့ မိဆုံနဲ့မိတုံ….. သမီးတို့စားပြီးတဲ့သရက်သီးအစေ့တွေရော….
“အမှိုက်အိတ်ထဲ ထည့်လိုက်ပြီလေ….ဘာဖြစ်လို့လဲ အမေ
“သွား….သွား သွားပြန်ယူခဲ့ သမီးတို့….
“ဟင်း ဘာဖြစ်လို့လည်း….စားပြီးသားကြီးကို…
“အပင်စိုက်ရမယ်လေ သမီးတို့ရဲ့….ဟော ကြည့်လိုက်ပါဦး…အမေတို့အိမ်ရှေ့ တလင်းပြင်မှာ ဘာသစ်ပင်မှမရှိသေးတော့ နေပူဒဏ်ကိုပြင်းထန်စွာခံစားရတယ်လေ…အဲ့တာကြောင့် အရိပ်ရအပင်တွေစိုက်ရမှာ…အရိပ်ရအပင်ကြီးတစ်ပင်ဖြစ်ဖို့ဆိုတာ နှစ်အကြာကြီးစောင့်ရတယ်…အမေတို့လက်ထက်မှာစပြီးစိုက်ပျိုးခဲ့မှ နောင်တစ်ချိန်မှာ သမီးတို့တွေအတွက် နွေအပူဒဏ်ကိုကာကွယ်ပေးတဲ့ တန်ဖိုးဖြတ်မရတဲ့ သစ်ပင်ရိပ်ကိုရမှာ…ဒါတင်မကပဲ အသီးအပွင့်တွေကိုလည်းအလွယ်တကူလတ်လတ်ဆတ်ဆတ် ခူးယူစားသုံးရတဲ့ကြည်နူးပီတိဟာသိပ်ကိုချိုမြိန်တာပဲ သမီးတို့ရေ…ဒါကြောင့် အမေကအပင်စိုက်ဖို့ပြောတာပေါ့…
“ဟုတ်ကဲ့ပါ အမေ…သမီးနားလည်ပါပြီ…ဆိုပြီး မိဆုံတစ်ယောက်အမှိုက်အိတ်ထဲက သရက်သီးအစေ့တွေသွားပြန်ယူပြီး အိမ်ရှေ့တလင်းပြင်မှာ စိုက်ပျိုးလိုက်ပါတော့တယ်။
မိုးတဖြောက်နှစ်ဖြောက်ကျလာပြီးချိန်မှာတော့ သရက်စေ့လေးကနေ အညှောင့်လေးစထွက်လာလေတော့ မိဆုံမတို့အံ့သြပြီးပျော်လွန်းလို့ ….ကိုယ်စိုက်ပျိုးထားတဲ့အပင်လေးရှင်သန်နေတာကို အိမ်ကလူတွေကို ခေါ်ပြရတာအမောပေါ့။
“သမီးကြီးရေ….အပင်လေးတွေ ရေလောင်းလိုက်ပါဦး..
“ဟာ မေမေကလည်း သမီးကိုပဲခိုင်းနေတာ…ညီမလေးကိုလောင်းခိုင်းလိုက်..
အငယ်မ တုံကလည်း ကစားမက်နေလေတော့ မမကြီးပဲသွားလောင်းလိုက်ပါ ဆိုတော့
မိဆုံတစ်ယောက် အမေ့ကြိမ်လုံးစာမမိခင် နှုတ်ခမ်းဆူပြီးရေထွက်လောင်းရတော့တာပေါ့…
ကိုယ်နိုင်သလောက်ရေခွက်လေးနဲ့ခပ်ခပ်ပြီး တစ်ပင်ပြီးတစ်ပင်လောင်းလာလိုက်တာ မိဆုံ စိုက်ထားတဲ့သရက်ပင်နားရောက်တိုင်း အပင်လေးဘယ်လောက်များကြီးလာပြီလဲလို့ အမြဲတိုင်းကြည့်ဖြစ်တယ်…အပင်လေးဟာဆယ့်တစ်နှစ်သမီးမိဆုံရဲ့ခါးလယ်လောက်တောင်ရောက်နေပြီလေ….အပင်လေး ကျန်းမာစွာရှင်သန်လာနေတယ်ပေါ့။
နောက်ပိုင်းတော့ အပင်လေးတွေကိုညနေခင်းတစ်ခါ ရေလောင်းရတဲ့အလုပ်ကို မိဆုံ ပျော်နေခဲ့ပါပြီ။အမေ ခိုင်းစရာမလိုအောင်ကို ကိုယ့်အသိနဲ့ကိုယ် လုပ်ကိုင်တတ်နေသော ကလေးမလေး ဆုံဆုံ။
နှစ်အနည်းငယ်အတွင်းမှာပဲ ဆုံဆုံ ရေခွက်လေးနဲ့ငုံ့ပြီးရေလောင်းခဲ့တဲ့ သရက်ပင်လေးဟာ ဆုံဆုံအရပ်ထက်ပိုမြင့်သွားခဲ့ပါပြီ….ဒါပေမယ့်လည်း ဆုံဆုံကတော့ မှီသလောက် ပင်စည်ကိုင်းကြီးကို ရေလောင်းပေးနေတုန်း။
တရွေ့ရွေ့သွားနေသော အချိန်တွေကို ဘယ်အရာကမှတားဆီီး၍မရပေ။နောက်ထပ် ဆယ်စုနှစ်နှစ်ခုအကြာမှာတော့ အကိုင်းအခက်တွေအုံ့အုံ့ဆိုင်းဆိုင်းနဲ့အသီးတွေဝေဝေဆာဆာသီးနေသော သရက်ပင်ကြီးကို မော့ကြည့်နေတဲ့ ကလေးမလေး ဆုံဆုံ မဟုတ်တော့တဲ့ အသက်သုံးဆယ်ကျော်အရွယ်အမျိုးသမီးတစ်ယောက်သာ။
‘အချိန်ရဲ့မြန်ဆန်ပြောင်းလဲမူ့သဘောကိုလည်း သိသာထင်ရှားစွာတွေ့မြင်ရသလို…
အမေတို့တွေကကိုယ်တွေအတွက်အရိပ်ရအေးမြစေဖို့ သစ်ပင်တွေစိုက်ပျိုးပေးခဲ့သလို ကိုယ်တွေလက်ထက်မှာလည်း နောက်ထပ်မျိုးဆက်တွေအတွက် သစ်ပင်တွေစိုက်ပျိုးပေးခဲ့ရဦးမယ်….အများကြီးမဟုတ်တောင် အနည်းဆုံး တစ်ပင်လောက်ပဲဖြစ်ဖြစ်ပေါ့…’ဆိုပြီး သူမတစ်ယောက် သရက်ပင်ကြီးကို ပြုံးပြီးမော့ကြည့်ရင်း တွေးနေတဲ့ အတွေးတွေကစုံလို့ပေါ့…..။