အကြံမပါတဲ့ကန်သာယာ(စ/ဆုံး)
အကြံမပါတဲ့ကန်သာယာ(စ/ဆုံး)
—————————–
ဘူးသီးကြော်
*************
ကျွန်တော်တို့မိသားစုမြင်းခြံမြို့ကိုစတင်ပြောင်းရွှေ့လာခါစတွင်အမေသစ်ရဲ့၂ထပ်နံကပ်တိုက်အိမ်ကြီးမှာဌားရမ်းနေထိုင်ကြရပါတယ်။
၁၉၈၃ခု နှစ်တွင်မြင်းခြံသို့ရောက်ရှိလာကြပြီးအိမ်ဌားရမ်းခအဖြစ် (၇၅)ကျပ်ပေးရပါတယ်။
ကျွန်တော်တို်မိသားစုကအိမ်ကြီးရဲ့အပေါ်ထပ်မှာနေထိုင်ပြီး
အိမ်ရှင်အမေသစ်နဲ့သူ့မိသားစုကတော့အိမ်အောက်ထပ်မှာနေထိုင်ကြပါတယ်။
အမေသစ်ရဲ့သမီးနဲ့သမက်တို့မှာ (၁၂)ပွဲစျေးရောင်းချသူများဖြစ်လို့မြန်မာပြည့်အနှံတွင်ရှိသောမြို့များသို့အမြဲလိုလိုဘုရားပွဲစျေးရောင်းချနေရလို့အိမ်မှာတော့သိပ်ပြီးမတွေ့ရတတ်ပါ။အမေသစ်ရဲ့တူမဖြစ်သူကသာအနီးကပ်စောင့်ရှော
က်နေတာကများပါတယ်။
ဆောင်းဝင်ခါစမနက်ခင်းများတွင်အမေသစ်ရဲ့အိမ်ရှေ့ဘက်မီးသတ်ရေကန်ဘေးရှိမြေကွက်ကျယ်ကြီးတွင်ပွဲရုံများသို့ကုန်ရောင်းချရန်လာသောလှည်းဝိုင်းကြီးတွေရှိနေတတ်ပါတယ်။
ထိုလှည်းဝိုင်းကြီးများအနီးတွင်ပွဲစားများ၊အဝယ်တော်များ၊ရောင်းသူဝယ်သူများနဲ့ရှုပ်ရှက်ခတ်နေတတ်ပါတယ်သူတို့အုပ်စုထဲတွင်ဝါရင့်သမ္ဘာရင့်ပွဲစားများကတော့မျက်နှာအလွန်ပင်ပွင့်လန်းနေတတ်ပြီးကုန်ပစ္စည်းလာရောက်ရောင်းချသူများကသူတို့ကိုအဆင်ပြေအောင်ပေါင်းသင်းရပါတယ်။
သို့မှာသာသူတို့ရောင်းချလိုသောကုန်ပစ္စည်းများကိုသက်ဆိုင်ရာပွဲရုံများသို့အဆင်ပြေပြေရောင်းချနိူင်မှာဖြစ်ပါတယ်။
တစ်နေကုန်ရောင်းချပြီးလို့လှည်းဝိုင်းရှိလူများညနေပိုင်းလောက်တွင်သူတို့ရဲ့ရွာများသို့ပြန်ရန်စိုင်းပြင်းနေကြပြီဖြစ်ပါတယ်သူတို့လှည်းဝိုင်းထံမှစကားပြောသံ၊ငြင်းခုံသံ၊ကလေးငိုသံ၊ခွေးဟောင်သံများနဲ့လှည်းဝင်ရိုးများဆီငတ်နေလိုတစ်ကျွီကျွီမြည်သံများကြားနေရပြီးတစ်ရွှေ့ရွှေထွက်ခွါသွားကြပါတယ်တစ်ခါတစ်ရံလှည်းများရဲ့အောက်တွင်သူတို့ရဲ့အိမ်မွေးခွေးများလဲလှည်းမောင်းနေရင်းလှည်းအောက်ကပင်ပြေး၍လိုက်သွားကြပြီးတစ်ဖြည်းဖြည်းနဲ့ဝေး၍ဝေး၍မြင်ကွင်းမှပျောက်ကွယ်သွားကြပါတော့တယ်။
မိသားစုဝမ်းရေးအတွက်မိမိကျွမ်းကျင်ရန်အလုပ်များကိုယ်စီကိုယ်စီလုပ်ကိုင်ကြပြီးသူတို့ကွန်းခိုရာရွာများဆီသို့ပြန်သွားကြပြီးညနေပိုင်းထမင်းစားချိန်တွင်မိသားစုပျော်ရွင်စွာညစာကိုပျော်ရွှင်စွာစားသုံးကြပေလိမ့်မည်။
တစ်နေကုန်ပင်ပန်းလို့နေကြပေမယ့်ညနေပိုင်းမိသားစုထမင်းဝိုင်းလေးမှာဟင်းခွက်ပေါင်းများစွာနဲ့စားသုံးတဲ့ထမင်းဝိုင်းလေးမဟုတ်ပေမယ့်တစ်မယ်ကောင်းဟင်းတစ်မျိုးနဲ့ငါးပိရည်တို့စရာလေးနဲ့ပင်မိသားစုံစုံလင်လင်စားသောက်နေကြသောသူ့တို့ရဲ့ထမင်းဝိုင်းလေးကိုအားကျမိပါတယ်။
မြင်းခြံမြို့လေးတွင်စျေး (၂)စျေးရှိပြီးတောင်စျေးနဲ့မြောက်စျေးဟုခေါ်ဝေါ်ကြပါတယ်စျေးပတ်လည်တွင်စျေးဆိုင်ခန်းများစွာရှိပြီးအလှကုန်၊ရွှေဆိုင်၊စတိုးဆိုင်၊မုန့်ဆိုင်များစွာရှိပြီးကျွန်တော်တို့သဘောအကျဆုံးဆိုင်ကတော့ ဖေတင်ကျောင်းသား၊ကျောင်းသားဖေတင်ဆိုပြီးမည်မှည့်ခေါ်ထားတဲ့စာရေးကိရိယာဆိုင်ပင်ဖြစ်ပါတယ်ထိုဆိုင်လေးမှာကျောင်းသုံးရုံးသုံးစာရေးကိရိယာများစုံလင်လှပြီးထိုအချိန်ကကျွန်တော်တို့အတန်းငယ်သေးပေမယ့်အမေနဲ့စျေးသို့လိုက်သွားတိုင်းဆိုင်ထဲကိုငေးကြည့်မိတာတော့အမှန်ပင်ဖြစ်ပါတယ်။
နောက်ထပ်ကျွန်တော်နှစ်သက်တဲ့ဆိုင်တစ်ဆိင်ကတော့ညဘက်ထမင်းစားပြီးချိန်တွင်မိသားစုလမ်းလျှောက်ထွက်ရင်း ဘဘလမ်း ပေါ်တွင်ဖွင့်လှစ်ထားသော ဆန်းထူးမုန့်တိုက်ပင်ဖြစ်ပါတယ်ဆန်းထူးမုန်တိုက်မှမုန့်များအနက်မလိုင်မုန့်မှာအရသာတစ်မူထူးခြားပြီးစျေးလဲကြီးပါတယ်။ထိုအချိန်အခါကပင်မလိုင်မုန့်တစ်ခုလျှင်တစ်ကျပ်ပေးရပါတယ်။
ထို့ကြောင့်လမ်းလျှောက်ထွက်တိုင်းမလိုင်မုန့်တစ်ခုကိုတစ်ကျပ်နဲ့ဝယ်ပြီးမောင်နှမလေးယောက်မျှပြီးစားကြရပါတယ်။
လကုန်ခါနီးရက်များဆိုရင်တော့ကျွန်တော်တို့မောင်နှမတွေဆန်းထူးမုန့်တိုက်လေးနဲ့ခပ်ဝေးဝေးမှာနေကြရပါတယ်ကျွန်တော်တို်ကတော့ကလေးသဘာဝသူငယ်ချင်းတွေနဲ့ပြေးလွှားဆော့ကစားရင်းကျွန်တော်တို့အုပ်စုအားလုံးထဲမှာပင်မုန့်ဖိုးအားလုံးပေါင်းလိုက်လျှင်ပင်၅မူးခန့်သာရှိလို့အဖေ့ရုံးအနီးရှိရေခဲစက်တွင်၅မူးဖိုး၃ထုတ်ကိုသူငယ်ချင်းတွေမျှစားကြပြီးအိမ်ချိန်မှသာကိုယ့်အိမ်ကိုယ်ပြန်ကြပါတယ်။
နောင်ကျောင်းပိတ်ရက်များမှာတော့ကျွန်တော်တို့ကလေးတစ်စု့မုန့်ဖိုးတစ်ယောက်မှမပါကြလို့ရေခဲထုတ်စားချင်နေပေမယ့်မစားရလို့ရေခဲစက်လေးကိုလွမ်းလို့အဲဒီအရှေ့ကိုသွားပြီး”ရေခဲထုတ်တစ်ကျပ်ဖိုးလောက်ရောင်းပေးပါဗျို့” “အေးအေးလာပြီလာပြီဟေ့ခဏလေး”
သိပ်မကြာလိုက်ပိုင်ရှင်ဖြစ်သူကရေခဲထုတ်များကိုင်ပြီးထွက်လာချိန်တွင်ကျွန်တော်တို်အုပ်စု
“ဟေး”ကနဲအော်ပြီးထွက်ပြေးကြပါတယ်။
နောက်ရက်များတွင်တော့နောက်သူငယ်ချင်းတစ်ယောက်ကိုစျေးဝယ်မည့်ပုံစံပြုလုပ်ပြီးကျွန်တော်တို့ကလေးတစ်စုကမှောင်ရိပ်ထဲမှာစောင့်နေကြပြီးစနောက်ရန်ပြင်ဆင်နေကြပါတယ်သူငယ်ချင်းမှခြံတံခါးအနီးမှ”ရေခဲထုတ်တစ်ကျပ်ဖိုးလောက်ရောင်းပေးပါဗျို့”
“အေးအေးလာပြီဟေ့”ဆိုပြီးပိုင်ရှင်ထွက်လာချိန်ကျွန်တော်တို့အုပ်စု” ဟေး “ကနဲအော်ပြီးထွက်ပြေးကြပါတယ်ဒီတစ်ခါတော့ပိုင်ရှင်ကလဲမခေပါမကြာခဏအစအနောက်ခံရလို့ရေပုံးအသင့်ပြင်ထားပြီးကျွန်တော်တို်ကလေးတစ်သိုက်ကိုရေနှင်လှမ်းပြီးပက်ပါတော့တယ်အပြေးကောင်းသူမှလွှဲလို့ကျန်တဲ့သူတော်တော်များများရေစိုကုန်ပါတော့တယ်။
အဖေလစာထုတ်ပြီးတဲ့ရက်များဆိုရင်တော့ကျွန်တော်တို့အလွန်ပျော်ရွှင်ရပါတယ်အကြောင်းမှာညနေပိုင်းလမ်းအတွင်းသို့လာရောင်းတတ်သောအကြံမပါတဲ့ကန်သာယာဘူးသီးကြော်လေးကိုထမင်းပူပူလေးနဲ့နေ့တိုင်းနီးပါးစားရသောကြောင့်ဖြစ်ပါတယ်။
ထိုစျေးသည်ကြီးမရောက်မှီအတော်ဝေးဝေးကပင်ကြားနေရပြီး “အကြံမပါတဲ့ကန်သာယာဘူးသီးကြော်လာပြီနော်အသံကြားရင်ခပ်လှမ်းလှမ်းကကြိုပြီးခေါ်ထားကြရှေ့ကိုကျော်သွားပြီးနောက်ကလှမ်းခေါ်လို့ကတော့ပြန်မလာဘူးဗျ”ဆိုပြီးအော်ရောင်းတတ်ပါတယ်။
ထို့ကြောင့်ကျွန်တော်တို့ကန်သာယာဘူးသီးကြော်စားချင်တဲ့နေ့ဆိုရင်သူမလာခင်ကင်းစောင့်တစ်ယောက်ထားရပါတယ်သို့မှသာအကြော်သည်ကြီးအော်သံကြားတာနဲ့သူ့အသံဆုံးတာနဲ့”လာပါအုံးဗျို့”ဆိုပြီးလက်ဦးအောင်ခေါ်ထားနိူင်မှဘူးသီးကြော်စားရဖို့ကျိန်းသေလေသည်။
တစ်ချို့သူ့အထာကိုမသိသူများကသူ့အော်သံဆုံးပြီးကျော်သွားမှ”လာပါအုံးဗျို့”ဆိုပြီးခေါ်လိုက်မိရင် “ကျော်သွားပြီးမှခေါ်တယ်မလာဘူး”ဆိုပြီးခြေလှမ်းကိုခပ်မြန်မြန်လှမ်းသွားပြီးနောက်သို့လှည့်ပင်မကြည့်တတ်ပေ။
အတော်ထူးဆန်းတဲ့အကြံမပါတဲ့ကန်သာယာဘူးသီးကြော်ပါပေ။
များမကြာမှီကျွန်တော်တို့လဲဒိုဘီကုန်းရပ်ကွက်လေးသို့ပြောင်းရွှေ့သွားပြီးနောက်ပိုင်းအကြံမပါတဲ့ကန်သာယာဘူးသီးကြော်လေးနဲ့ဝေးသွားခဲ့ပါတော့တယ်။
နောက်ပိုင်းမိသားစုတွေမြို့အနှံ့နယ်အနှံ့နေရာဒေသပေါင်းစုံကိုပြောင်းရွှေ့ခဲ့ရပေမယ့်ယနေ့အထိအကြံမပါတဲ့ကန်သာယာဘူးသီးကြော်လေးကိုတော့လွမ်းနေမိပါတယ်ခင်ဗျာ။
4.9.2022
ကိုချမ်း (ထီလာမြေ)