လောက ကို အလှဆင်ပါ(စ/ဆုံး)
လောက ကို အလှဆင်ပါ(စ/ဆုံး)
———————–
ဘဲဥရေ။ ဟဲ့! ဘဲဥ
သည်မှာ နင်သောက်ချင်တဲ့ရေ
ဟဲ့! ကောင်လေး
ဒေါက်!
****
သတင်းစာတွေဝယ်တယ်။ ဒန်အိုး ဒန်ခွက်ဟောင်းတွေဝယ်တယ်။
အသံသေးသေး စူးစူးရှရှ နှင့်အော်ပြီး အရပ်တကာလှည့် ပလုံလည်းကောက်သူ က ဘဲဥ ရဲ့အမေပါ။
ပုံမှန်အားဖြင့် အမေအလုပ်သွားချိန်မှာ ဘဲဥ က ဘေးတဲအိမ် က ကြီးဒေါ်နှင့်နေခဲ့ပါသည်။
ယနေ့မှ စပြီးကြီးဒေါ် က သူ့ရွာ သို့ နှစ်ပတ်ခန့် ပြန်သွားသဖြင့် အမေက ထားခဲ့လို့မရဘဲ အတူခေါ်ခဲ့ပါသည်။
အစ ပိုင်းမှာ ဘဲဥ က ပျော်ပျော်ရွှင်ရွှင်လိုက်ခဲ့သော်လည်း နေ့ခင်းပိုင်းရောက်လာတော့ ခြေကညောင်း၊ မောကမော၊ ဆာက ဆာဖြစ်လာတော့သည်။
အမေ! ကျုပ် ဆာပြီ၊ ရေလည်းငတ်တယ်။ အိမ်ပြန်ကြရအောင်။
ဟဲ့! ခုမှနေ့ခင်းရှိသေး၊ ပစ္စည်းကလည်းကောက်လို့မရသေးဘူး။ ဂျီကျမယ်မကြံနဲ့။
ငါလုပ်လိုက်ရ၊ ဟင်း!
ရော့!ရေဘူး ၊ သောက်
ဆာမနေနှင့်ဦး။ထမင်းက သည် လမ်းထိပ်ကျော်မှမုန့်ဟင်းခါးဆိုင်မှာ ဟင်းရည်ဝယ်ပြီး အိမ်က ပါလာတဲ့ ထမင်းနှင့်ကျွေးမယ်။
ဟင့်! အမေ့ရေဘူးထဲရေလည်းမရှိဘူး။
ဪ! ငါ့နှယ် ၊ ရေဖြည့်ဘို့မေ့ခဲ့ပြီ။ တော်ကြာမှ တောင်း ပေးမယ်ဟေ့။
ထိုအခိုက် ခြံကျယ်ကြီးရဲ့ သံပန်းတံခါး ကြီးပွင့်လာပြီး အမျိုးသားတစ်ဦးထွက်လာသည်။
အမ အမ လာ လာ၊ သတင်းစာတွေရှိတယ်။
အမေဝမ်းသာစွာ ခြံတွင်းဝင်လိုက်ပါသည်။သတင်းစာတွေ က တစ်ထပ်ကြီးမို့ဝမ်းသာသွားသည်။
ဪ! မောင်လေးရေ၊ အားနာပါတယ်။ သောက်ရေလေး သည်ရေဘူးထဲဖြည့်ပေးလို့ရမလားဟင်? သားက ရေဆာနေလို့ပါ။
ရပါတယ်အမ။ ပေး ပေး ကျွန်တော်သွားဖြည့်လိုက်မယ်။
ခြံထဲမှာ ကောင်လေး တစ်ဦးသည် ကားငယ်လေးကို လှည့်ပတ်မောင်းကာရယ်မောနေသည်။ ကားလေး က ခလုတ်ကိုနှိပ်လိုက်သောအခါ မီးတန်းလေးပွင့်ပြီး တေးသံလေး ကထွက်ပေါ်လို့လာသည်။
ဘဲဥ က မျက်လုံးလေး ဝိုင်းလျက်နှစ်သက်အားကျစွာငေးမောကြည့်လျက်နေတာ အမေရေဘူးပေးတာကိုမသိလိုက်ပါ။
ဘဲဥရေ။ဟဲ့!ဘဲဥ
သည်မှာနင်သောက်ချင်တဲ့ရေ
ဟဲ့ကောင်လေး
ဆိုတဲ့အသံနှင့်အတူ ခေါင်းကို ဒေါက်ကနဲခေါက်တော့မှ ဘဲဥ အလန့်တကြား သူ့အမေဘက်လှည့်လိုက်သည်။
ကောင်လေးမေမေ နှင့်တူသောအမျိုးသမီးတစ်ဦးက ပြုံးကြည့်လျက်ဘဲဥတို့ထံလျောက်လာပါသည်။
သားနံမည်က ဘဲဥ တဲ့လား?
နှပ်တစ်ချက်ရှုံ့ လိုက်ပြီး
အင်း ! လို့ဖြေလိုက်တယ်။
အသက်ဘယ်လောက်ရှိပြီလဲ? မေးတော့
ဘဲဥ ကပေစောင်းစောင်းကြည့်ပြီး
မသိဘူး။ အမေ့မေးကြည့်။
ကောင်လေးက ကားပေါ်က ဆင်းပြီးအနားပြေးလာတယ်။
မေမေ။ သူ့ကိုမုန့်ကျွေးလိုက် ၊ သူ့ကိုမုန့်ကျွေးလိုက်
လို့အော်နေတယ်။
သား! မုန့်စားမလား?
အင်း! စားမယ်။
ဦးနိုင်ရေ ။ ဘီစကစ်အထုတ်ကြီးနှင့် နို့ ဘူးသေး တစ်ပါကင်ယူခဲ့ပေးပါနော်။
ဟုတ်ကဲ့ မမ။
သား! ကားစီးချင်လား?
အင်း! စီးမယ်။
အင်း ! လို့မပြောရဘူးနော်။ဟုတ်ကဲ့ လို့ပြောလျင်စီးရမယ်။
ဘဲဥ က နားမလည်သလိုပြန်ကြည့်နေဆဲ အမေက နားရွက်ကိုဆွဲလိုက်ပြီး
သေနာလေး! ဟုတ်ကဲ့လို့ ပြောလိုက်လေ။
ဘဲဥ က အူကြောင်ကြောင်နှင့် ဟုတ်ကဲ့ ! လို့ပြောလိုက်တယ်။
ဘဲဥ ကို ကားလေးဆီခေါ်သွားပြီးစီးစေတယ်။
ကောင်လေး က
ကိုကို၊ သည်ခလုတ်နှိပ်လျင်အသံထွက်မယ်။ လက်ကိုင်ကိုသည်လိုကွေ့နော်။
ဘေးကလိုက်ပြောပြီး တခစ်ခစ်ရယ်မောနေသည်။
ဘဲဥလည်းပျော်လိုက်တာ။
အတန်ကြာတော့ အမေက
ဘဲဥရေ ။ သားလေးသွားကြရအောင်။
ဘဲဥဆော့လို့မဝသေးပေမဲ့အမေ့ကိုကြောက်လို့ ကားပေါ်ကဆင်းလိုက်ရတယ်။
ကောင်လေးမေမေ က ဘဲဥမေမေ ကိုအထုတ်တစ်ထုတ်ပေးနေတယ်။
****သတင်းစာတွေလည်းယူသွားနော်။ကလေးကစားစရာ၊ အဝတ်အစား၊မုန့် နှင့် ညီမလေးအတွက်ပါတိတ်တစ်စုံပေးလိုက်တယ်နော်။
ကလေးကို ဟဲ့ကောင်လေး တို့ သေနာတို့မခေါ်ပါနှင့်နော်။
သား လို့ခေါ်ပြီးကြမ်းကြမ်းတမ်းတမ်းမပြောပါနှင့်နော်။***
လို့မှာနေသံကြားရတယ်။
***
ထိုနေ့က စပြီး အမေဟာဘဲဥ ကို အော်တာငေါက်တာ ဆူတာရှိပေမဲ့ နားရွက်မဆွဲတော့ဘူး။ခေါင်းမခေါက်တော့ဘူး။သေနာလို့မခေါ်တော့ဘူး။
အမေအမေ
ဘာတုန်း!
အဲဒီ အဒေါ်ကြီးက နတ်သမီးလားဟင်?
နတ်သမီးမဟုတ်လျင်တောင် သူတော်ကောင်းပါဘဲ သားရယ်။