ပြုံးနေလျှင်သတိထား
ပြုံးနေလျှင် သတိထား
တင်ညွန့်
ဘုရင်က ဘုန်းကြီးကျောင်းထဲဝင်လိုက်ပြီး သစ်ပင်အောက်တွင် ထိုင်နေသော ဆရာတော်ကို ဦးချလိုက်သည်။
ဒကာကြီး ... သင့်ရာတွင် အေးချမ်းစွာ နေလော့ ဟု မိန့်တော်မူလိုက်သည်။
ဘုရင်က ဆရာတော်ရှေ့တွင် ထိုင်လိုက်သည်။ ထို့နောက်
အရှင်ဘုရား မေးလျှောက်ခွင့် ပြုတော်မူပါ
အဘယ်နည်း
ကျွန်တော်မျိုးသည် တိုင်းပြည်ကို မင်းလုပ်ကာ အုပ်ချုပ်နေရသော်လည်း စိတ်ညစ်ညူးကာ မပျော်မရွှင်ဖြစ်နေ ရပါသည်ဘုရား
ဒကာ ... ထိုအရာသည် ရဟန်းအလုပ်မဟုတ်။ ရဟန်းနှင့်မဆိုင်။ သင့်ကိစ္စဖြစ်သည်
တပည့်တော်ကလည်း ဆိုင်သည်ဟု မဆိုလိုပါဘုရား။ သို့သော် အရှင်ဘုရားထံမှ အကြံပေးမှုကို လိုချင်သော ကြောင့် လာရောက် မေးမြန်းရခြင်း ဖြစ်ပါသည်ဘုရား
ဆိုလော့
တပည့်တော်သည် တိုင်းပြည်ကို မင်းလုပ်ကာ အုပ်ချုပ်နေသည်မှန်သော်လည်း စိတ်ပျက်မိပါသည်ဘုရား
လိုရင်းကို ပြောပါဒကာ
ပြည်သူတွေက တပည့်တော်ကို နားမလည်ကြပါဘုရား။ တပည့်တော်ကိုလည်း လက်မခံကြပါဘူး။ အားလုံးက ဆန့်ကျင်နေသလိုဖြစ်နေပြီး တိုင်းပြည်ကို အုပ်ချုပ်၍ မရနိုင်လောက်အောင် ဖြစ်နေပါတယ်ဘုရား။ တပည့်တော် ဘာလုပ်လုပ် အကောင်းမမြင်ကြပါဘုရား။ တပည့်တော် မည်သို့လုပ်လျှင် ပြည်သူတွေကို ထောက်ခံလာမည်နည်း ဆိုသည်ကို အကြံပြုတော်မူပါဘုရား
ဒကာ ထိုကိစ္စသည် သင့်ကိစ္စ ... သင်နှင့်သာဆိုင်သည်။ ငါသည် သင့်ကို အကြံမပြု။ သို့သော် ပုံပြင်တစ်ပုဒ် ပြောပြမည် နားထောင်လော့
မိန့်တော်မူပါဘုရား
မြို့ထဲမှာ မှန်လှောင်အိမ် အခန်းတစ်ခန်းရှိတယ်။ အဲဒီ အခန်းဟာ လူတွေကို အံ့ဩစရာ ဖြစ်အောင် အခကြေးငွေယူပြီး ပြတဲ့အခန်းပဲ။ အဲဒီအခန်းထဲမှာ မှန်အချပ်ပေါင်း တစ်ထောင်ရှိတယ်။ လေးဖက် လေးတန်နဲ့ အပေါ်မှာ မှန်ချပ်တွေကို ကပ်ထားတယ်
လူတွေက အဲဒီအခန်းထဲကို ဝင်သွားရင် ကိုယ့်ကိုယ်ကိုယ် မျက်နှာပေါင်းများစွာ ခန္ဓာပေါင်းများစွာ မြင်ရတယ်။ အဲဒီလို ပုံတူပွားပေါင်းများစွာကို မြင်ရတာကိုက ပျော်စရာလို့ထင်ပြီး လူတွေက ပိုက်ဆံပေးဝင်နေကြတာ
တစ်နေ့တော့ လူပြတ်တုန်း ခွေးလေ ခွေးလွင့်တစ်ကောင်ဟာ အဲဒီအခန်းထဲ မှားပြီး ရောက်သွားတယ်။ အပေါက်စောင့်အလစ်မှာပေါ့။ ခွေးက သူ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူ့လိုကိုယ်လို အကောင်တွေကို အများကြီးတွေ့လိုက်ရတယ်။
အလို ဘယ့်နှယ် ငါ့လိုကောင်တွေ ငါ့ပတ်လည်မှာ ဝိုင်းနေပါလားပေါ့။ ဤဇမ္ဗူမှာ ငါတစ်ခွေး ငါတစ်ကောင်သာ ရှိနိုင်တာ။ ငါလိုခွေးတွေ ဘာဖြစ်လို့ ဒီအထဲရောက်နေရတာလဲလို့ စိတ်ထဲမှာဖြစ်ပြီး မာန်ဖီတော့တယ်။ သူက မာန်ဖီပြတော့ မှန်ပဲ သူ့လိုပြန်ပြီး မာန်ပြန်ဖီတာပေါ့
အဲဒီမှာ ရာရာစစ ငါ့ကိုများ မာန်ပြန်ဖီဝံ့တယ်ဆိုပြီး ဟောင်တော့တယ်။ သူဟောင်တော့ သူ့အသံကိုပဲ အသံလုံခန်းကြီးထဲမှာ နားကွဲလုမတတ် ကြားရပြီး လန့်သွားတယ်။ အလို ငါ့ထက်ဟောင်နိုင်တဲ့ကောင်တွေပဲ။ ဘာဖြစ်လို့ ဒီအကောင်တွေအားလုံးဟာ ငါ့လိုပဲ အသံအောင်နေရတာလဲဆိုပြီး အံ့အားသင့်သွားတယ်
ဒီလိုနဲ့ သူစိတ်ဆိုး ... သူ့ပုံရိပ်တွေက စိတ်ဆိုး၊ သူဟောင် သူ့ပုံရိပ်တွေက ဟောင်၊ သူက ကုတ်ခြစ် ဟိုကလည်း ပြန်ကုတ်ခြစ်နဲ့ မဆုံးသံသရာထဲမှာ တစ်ညလုံး ပိတ်မိနေတဲ့ခွေးဟာ သူ့ဒေါသနဲ့သူ သေသွားရရှာတယ်
ဒီလိုပဲ တစ်နေ့မှာ ခွေးတစ်ကောင် အဲဒီမှန်ခန်းထဲရောက်သွားပြန်တယ်။ ဒီခွေးက သူ့ပုံရိပ်တွေ အများကြီးတွေ့ တော့ ပျော်သွားတယ်။ သူက အမြီးနှံ့ပြတယ်။ သူ့လိုပဲ ပုံရိပ်ထဲကခွေးတွေက ပြန်ပြီး အမြီးနှံ့တယ်။ သူက ပျော်ရွှင်ပြီးတော့ ဟောင်တယ်။ သူ့လိုပဲ တစ်ဖက်ကပြန်ဟောင်တယ်။ သူက ခုန်ပေါက်ကစားသလို တစ်ဖက် ပုံရိပ်တွေကလည်း ခုန်ပေါက်ပျော်ရွှင်ကြတယ်
အဲဒီခွေးကတော့ တစ်ညလုံး ပိတ်မိနေပေမယ့် မသေဘူး။ နောက်တစ်နေ့ အခန်းတံခါးကို လာဖွင့်ချိန်မှာ အေးအေးဆေးဆေးပဲ ထွက်သွားနိုင်ခဲ့တယ်
ဆရာတော်လည်း တရားပြပြီးနောက် ငြိမ်သက်စွာနေတော်မူသည်။
ဘုရင်လည်း တရား ရသည်၊ မရသည်မပြော သူ့သဘောနှင့်သူ ထပြန်သွားသည်။
နန်းတော်ကို ပြန်ရောက်သည့် အခါတွင် ဘုရင်က စဉ်းစားသည်။
ဆရာတော် ပြောတာဟုတ်တာပဲ။ ငါမှန်ကဲ့သို့ ကျင့်ဖို့လိုတာပဲ။ ငါက ခက်ထန်စွာနဲ့ မျက်နှာထား ဆိုးတော့ ငါ့ကို ပြန်ပြီး မဲ့ပြကြမှာပေါ့။ ငါမရယ်မပြုံးနဲ့ စိတ်ညစ်တဲ့အတိုင်း နေတော့ သူတို့လည်း ငါ့လိုပဲ မရယ်မပြုံး နေကြမှာပေါ့
နောက်တစ်နေ့တွင် ဘုရင်သည် နန်းတော်ထဲတွင် တွေ့သမျှသော မင်းမှုထမ်းတိုင်းကို ပြုံးပြသည်။
မိဖုရားတွေကို ပြုံးပြသည်။
မှူးမတ်တွေ အစောင့်တွေကို ပြုံးပြသည်။
မပြုံးတတ်သူ ပြုံးသည့်အခါ ကြည့်မကောင်း။ မပြုံးချင်ဘဲ ပြုံးသည့် အပြုံးကလည်း အသက်မပါ။ သို့သော် ဘုရင်သည် တွေ့သူတိုင်းကို ပြုံးပြသည်။
နန်းတော်ထဲကလူတွေက ဘုရင်ကိုဝေဖန်ချင်သည်။ သို့သော် မဝေဖန်ရဲ။ နီးရာဓားကြောက်ကြသည်။
ဘုရင်သည် နန်းတော်ထဲနှင့် မကျေနပ်သဖြင့် နန်းတော်ထဲကထွက်ပြီး တိုင်းခန်းလှည့်လည်သည်။ တိုင်းခန်းလှည့်လည်ရာတွင်လည်း ဆင်ပေါ်ကထိုင်ပြီး တွေ့သမျှကို ပြုံးပြနေသည်။
သူက ပြုံးသော်လည်း တိုင်းသူပြည်သားတွေက ပြန်မပြုံးသည့်အခါတွင် ဘုရင်သည် စိတ်ထဲတွင် တစ်မျိုးဖြစ်လာသည်။
ငါသည် မှန်ကဲ့သို့ ကျင့်သော်လည်း ငါ့ကို အဘယ်ကြောင့် မှန်ကဲ့သို့ပြန်ပြီး မတုံ့ပြန်ရသနည်း"
ဆရာတော် ဟောလိုက်သည့်တရားကား မှားနေပြီ
သူက ထိုသို့ထင်မြင်ပြီး ပြုံးပြနေစဉ်မှာပင် ပြည်သူတွေက တိုးတိုးတိတ်တိတ် မှတ်ချက်ပြုကြမှာ
ငါတို့ ဘုရင်တော့ ရူးနေပြီ
(ဇင်ပုံပြင်တစ်ပုဒ်ကို မှီငြမ်းပါသည်)
တင်ညွန့်
၁၃.၁၂.၂၀၂၃
#ညမဖတ်ရ
#တင်ညွန့်
#ဝတ္ထုတို