အထင်နှင့်အမြင်
အထင်နှင့်အမြင်
တင်ညွန့်
တစ်နေ့လမ်းလျှောက်အထွက် မိုးမိသည်။
အိမ်ကအထွက်တွင် မိုးအုံ့နေသော်လည်း မရွာလောက်ဟုထင်ကာ ထီးမယူဘဲ ထွက်လာမိသည်။
မိုးဖွဲဖွဲလေးကျလာသဖြင့် နီးစပ်ရာ ဘတ်စ်ကားမှတ်တိုင် အမိုးအောက်ကို ပြေးခိုရသည်။ နာရီဝက်လောက် ကြာမှ မိုးကတိတ်သွားသည်။ ဘတ်စ်ကားဂိတ်တွင် ထိုင်နေရသည်မှာလည်း ကျွန်တော့်အတွက် အချည်းနှီး မဖြစ်ပါ။ မြင်တွေ့ရသော မြင်ကွင်းတွေက တွေးစရာတွေ၊ ရေးစရာတွေ။
မိုးစဲပြီဖြစ်သဖြင့် ကျွန်တော် လမ်းဆက်လျှောက်သည်။
ကျွန်တော်က နောက်ကျသွားသောကြောင့် စားနေကျ ထမင်းကြော်ဆိုင်ကို ရောက်လာသည့်အခါတွင် ဆိုင်ခုံတွေကို သိမ်း၍ပင်နေပြီ။ ဆိုင်ရှေ့ကအဖြတ်တွင် ဆိုင်ရှင်က
“ဆရာကြီး ဒီနေ့နောက်ကျတယ်” ဟုပြောကာနှုတ်ဆက်သည်။
“အေးဗျာ မိုးရွာနေလို့ မိုးခိုနေရတာနဲ့။ ကုန်ပြီပေါ့”
“တစ်ပွဲစာရဦးမယ် … စားမလား”
“ကျန်သေးလို့လား … စားမှာပေါ့”
“ဝက်သားနဲ့တစ်ပွဲရဦးမယ်”
ကျွန်တော်က ထိုင်ခုံတစ်လုံးကို ဆွဲထိုင်လိုက်သည်။ ထိုစဉ် ထိုင်ခုံတွေကို သိမ်းနေသည့်လူက
“ဆရာ ကျွန်တော့်အတွက် ကျန်သေးလား” ဟု ဆိုင်ရှင်ကိုလာမေးနေသည်။
“အေး … ဒီမှာ ဖောက်သည်ဆရာကြီးကို ထည့်ပေးလိုက်မလို့”
“ကျွန်တော့်ကို ဒီနေ့ပေးမယ်ဆိုတဲ့ လုပ်ခနဲ့ ထမင်းကြော်တစ်ပွဲလောက်ပေးပါလား”
ကျွန်တော် အဘယ်မှာလျှင် စားနိုင်ပါအံ့တော့နည်း။
“ဟာဗျာ … သူ့ကိုပေးလိုက်ပါ။ သူက ဒီဆိုင်က စားပွဲထိုးလား”
“မဟုတ်တာ … ဆရာပဲစားသွားပါ”
“အဲဒီလို မလုပ်ပါနဲ့ဗျာ … ကျွန်တော်ဘယ်မှာ မျိုလို့ကျနိုင်တော့မှာလဲ။ သူ့ကိုပဲပေးလိုက်ပါ”
ဆိုင်ရှင်က ဖော့ဘူးလေးထဲကို ထမင်းကြော်တစ်ပွဲထည့်ပြီး ထိုလူကိုပေးလိုက်သည်။ သူက ဖော့ဘူးကို ယူလိုက်ပြီး
“ကျွန်တော်သွားလို့ရပြီလား” ဟု ဆိုင်ရှင်ကိုမေးသည်။
“အေး သွားတော့ … မနက်ဖြန်လည်း အလုပ်လုပ်ချင်ရင် ဒီကို ၆ နာရီလောက်အရောက်လာခဲ့။ ထမင်းကြော်ဖိုးကို မင်းလုပ်ခနဲ့နှိမ်လိုက်မယ်”
“ဟုတ်ကဲ့”
သူကရိုသေစွာပြောပြီး အထုပ်လေးကိုဆွဲကာ ထွက်သွားမည်အလုပ်တွင် ကျွန်တော်က
“ခဏ” ဟု သူ့ကိုပြောလိုက်မိသည်။
ထို့နောက် ဆိုင်ရှင်ကို
“သူ့လုပ်ခက ဘယ်လောက်လဲဗျ”
“သူ့ကို ၃၀၀၀ နဲ့ ခေါ်ခိုင်းတာ”
ကျွန်တော်က အိတ်ထဲမှာ တစ်ထောင်တန် သုံးရွက်ကို ထုတ်ပြီး
“ရော့ပါ … ကျွန်တော် ထမင်းကြော်ဖိုးကို စိုက်ပေးလိုက်မယ်”
“ဆရာကလည်း ရပါတယ်”
“ကျွန်တော် လှူပါရစေဗျာ … ရော့ပါ”
ထိုသူက ကျွန်တော်ပေးသော ငွေသုံးထောင်ကိုယူပြီး ခေါင်းလေးညိတ်ပြကာ ထွက်သွားသည်။ သူထွက်သွားမှ
“ခင်ဗျားဆိုင်က စားပွဲထိုး မဟုတ်ဘူးလား။ ခါတိုင်း မတွေ့မိပါဘူး””
“မဟုတ်ဘူးဆရာ။ သူ့ကို ဒီမနက်မှ လက်ဖက်ရည်ဆိုင်မှာတွေ့တာ”
“ဪ ဒီမနက်မှ အလုပ်စခိုင်းတာပေါ့”
“ဟုတ်တယ် … မနက်ဆိုရင် ကျွန်တော်က သမီးတွေဆိုင်ခင်းနေတုန်း ဟိုလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်နဲ့ နံပြားဝင်စားတယ်ဆရာ”
သူက မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်ကို လက်ညှိုးထိုးရင်းပြောခြင်းဖြစ်သည်။
“ကျွန်တော် လက်ဖက်ရည်သောက်နေတုန်း အဲဒီလူက သူ့ကို မုန့်လေးတစ်ခုလောက်ကျွေးဖို့ လာပြောတယ်။ ကျွန်တော်က တောင်းစားသူတွေကို ပိုက်ဆံပေးလေ့မရှိဘူးဆရာ။ သနားရင်တော့ မုန့်လေးဘာလေး ကျွေးတယ်။ သူက ပိုက်ဆံမတောင်းဘူး မုန့်တောင်းတော့ ဆာလို့ပဲဖြစ်မှာပါဆိုပြီး စမူဆာတစ်ခု ပေးလိုက် တယ်။ သူက စမူစာကို မလှမ်းမကမ်းမှာ ရပ်ပြီးတော့စားတယ်။ ကုန်တာ့ ကျွန်တော့်ဆီကို ရောက်လာပြန်တယ်။ ဆရာ တစ်ခုလောက်ပေးနိုင်ဦးမလားတဲ့။ ကျွန်တော် စိတ်ပျက်သွားတယ်။ တော်တော် လောဘကြီးတဲ့သူပေါ့။ မင်းကွာ တစ်ခုတော်ပြီပေါ့လို့ ပြောလိုက်မိတယ်။ သူက ကျွန်တော့်အတွက် မဟုတ်ပါဘူး သားလေး အတွက်ပါတဲ့”
“ဪ သူ့မှာ သားရှိလို့ထပ်တောင်းတာတဲ့လား”
“ကျွန်တော်က မင်းဒီလို လိုက်တောင်းနေလို့ ဘယ်ဖြစ်မလဲ။ လူကလည်း သန်သန်မာမာနဲ့ အလုပ် လုပ်ပေါ့လို့ ပြောလိုက်တော့ သူက အလုပ်လိုက်တောင်းတယ် သူ့ကို ဘယ်သူမှ အလုပ်မပေးကြဘူးတဲ့။ ကျွန်တော်လည်း မင်းအလုပ်ရရင် လုပ်မလားလို့ မေးလိုက်တယ်။ သူက ပိုက်ဆံရရင် အလုပ်လုပ်ပါ့မယ်တဲ့ဆရာ။ ဒါနဲ့ ကျွန်တော်က ကျွန်တော့်ဆိုင်မှာ စားပြီးသား ပန်းကန်တွေကို လာဆေးပေးရမယ်။ ဆိုင်သိမ်းပြီးရင် ပိုက်ဆံ ၃၀၀၀ ပေးမယ်ဆိုပြီး ဒီမနက်မှ ခေါ်ခိုင်းတာ။ မဆိုးပါဘူး ဖင်ပေါ့ပါတယ်။ ပန်းကန်တွေလည်း ဝိုင်းဆေးတယ်။ သူ့ကိုလည်း ထမင်းကြော် တစ်ပန်းကန်ကျွေးတယ်။ ခုတစ်ပွဲတောင်းသွားတာ သူ့သားအတွက်နေမှာ”
“အေးဗျာ ကျွန်တော်ကြားက ကုသိုလ်ဝင်ယူတာပါ။ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်နဲ့ဆိုတာ သိပ်မှန်တာပဲနော်။ ဒါနဲ့ အဲဒီလူ ဘယ်မှာနေသလဲဗျ”
“ကျွန်တော် မမေးကြည့်လိုက်မိဘူးဆရာ”
“နောက်နေ့လည်းဗျာ ကျွန်တော်သူ့သားလေးအတွက် ထမင်းကြော်တစ်ပွဲစာလှူပါ့မယ်”
ကျွန်တော်က မုန့်ဟင်းခါးဆိုင်ကိုဝင်ပြီး မုန့်ဟင်းတစ်ပွဲမှာစားကာ ပြန်လာခဲ့ပါသည်။
နောက်တစ်ရက် ကျွန်တော် ခရီးထွက်သဖြင့် ထမင်းကြော်ဆိုင်ကိုမရောက်။
နောက်တစ်ရက်လည်း ထိုဆိုင်ဘက်ကို မလျှောက်သဖြင့် ခရီးမကြုံ။
နောက်တစ်ရက်မှ ထိုဆိုင်ကိုရောက်လာသည်။
ကျွန်တော်က ထမင်းကြော်မှာစားသည်။ ဆိုင်ရှင်ကလည်း လူကျသဖြင့် စကားမစပ်မိ။ ကျွန်တော် ပန်းကန်ဆေးသည့် နေရာကိုကြည့်သည်။ အမျိုးသမီးတစ်ယောက်ကိုသာတွေ့သည်။ ကျွန်တော်ရှာနေသည့် သူကိုမတွေ့။ ကျွန်တော်က ထမင်းကြော်စားပြီး ဆိုင်ရှင်ကို ပိုက်ဆံရှင်းပေးရာက
“ဘယ်လိုလဲဗျ … ဟိုပန်းကန်ဆေးတဲ့လူကို မတွေ့ပါလား” ဟုမေးလိုက်မိသည်။ ဆိုင်ရှင်က
“ဆရာနဲ့ကျွန်တော် အထင်ကြီးမိတဲ့ ကိုယ်တော်က နောက်နေ့မလာတော့ဘူးဆရာ” ဟုပြောသည်။
“အေးဗျာ သူအလုပ်တစ်ခုခု ရသွားလို့နေမှာပေါ့”
“အင်းပါ … ကျွန်တော်လည်း လိုက်မတောင်းပါစေနဲ့လို့ ဆုတောင်းပါတယ်”
တင်ညွန့်
၂၂.၅.၂၀၂၅
#ညမဖတ်ရ
#တင်ညွန့်
#ဝတ္ထုတို