ချွေးပြန်တဲ့ဆောင်းတစ်ည
ချွေးပြန်တဲ့ဆောင်းတစ်ည
-------------------------
ဆောင်းတွင်းတစ်ညပေါ့။ အေးလွန်းလို့ ကွေးနေတုန်း
"ကျောင်းဆရာ...ကျောင်းဆရာ" ဆိုပြီး လူအော်သံ ခွေးအော်သံတွေ ညံသွားတာနဲ့ လက်နှိပ်မီးဆွဲပြီး တဲထဲက ထွက်လိုက်တယ်။ အပြင်မှာ ကျန်းမာရေးဌာနက ဆရာလေးစောရော်ဂျယ်နဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။
"ကိုရော်ဂျယ်...လာဗျာ"
"မလာဘူး ကျောင်းဆရာ...ဆရာ လိုက်ခဲ့ရမှာ။ အမြန်ဆုံး။ လမ်းကျမှပြောမယ်"
နောက်ကပါလာတဲ့သူက ပြည်သူ့စစ်ခေါင်းဆောင် ကိုဖိုးခွေး။ အရေးကြီးလို့ပဲလို့ထင်ပြီး တိုက်ပုံလေး အပေါ်ကထပ်ဝတ်ကာ သူတို့နောက်လိုက်ခဲ့တယ်။
လမ်းရောက်မှ ကိုရော်ဂျယ်က
"ဆရာ့မယ်တော်ကြီး သောင်းကျန်းနေလို့" ဆိုပြီး စကားစတယ်။
ကျွန်တော့် မယ်တော်ကြီးဆိုတာက ရွာကို ပထမဆုံး ကျွန်တော်ရောက်တော့ သေသွားတဲ့ သူ့သားနဲ့တူတယ်ဆိုပြီး ကျွန်တော့်ကို သူ့အိမ်မှာခေါ်ထား သုံးလလောက် ထမင်းကျွေးထားတဲ့ အဖွားဒေါ်လှခင်ကိုပြောတာ။ ဒေါ်လှခင်က ကျွန်တော့်ကို သူ့သားလို့ပဲ တစ်ရွာလုံးကို လျှောက်ပြောတော့ ကျွန်တော့် မယ်တော်ကြီး အလိုလို ဖြစ်သွားရတော့တာပေါ့။
"ကျောင်းဆရာရေ...လယ်တဲမှာ ဒေါ်လှခင် မြောနေတာ သိတယ်နော်"
"သိတယ်လေ...မနက်ကပဲ ကျွန်တော် ရောက်ခဲ့သေးတယ်"
"ခု...သတိတွေရပြီး ထမင်းတွေထစားနေတာ။ ပြီးတော့ အသားစိမ်း၊ ငါးစိမ်းတွေစားဖို့ တောင်းနေတော့တာပဲ။ အဲဒါ ကျောင်းဆရာက သူရဲနိုင်တယ်ဆိုလို့ လာခေါ်တာ။ ကျွန်တော် တစ်ယောက်တည်း မသွားရဲဘူး"
အဲဒါမှ ပြဿနာ။ တစ်လောက ကျောင်းမှာ ကလေးတစ်ယောက်ကို ရေနဲ့ပက်ပြီး ကြမ်းပြလိုက်တာကို တကယ် သူရဲနိုင်တဲ့သူထင်ပြီး လာခေါ်တော့တာ။ ဘယ်လို လုပ်ရမှန်းလည်းမသိ။ ဟိုရောက်မှ မီးစင်ကြည့်ကရတော့မှာပဲဆိုပြီး လိုက်လာခဲ့ရတယ်။
ရွာနဲ့ နာရီဝက်လောက်လျှောက်မှရောက်တဲ့ လယ်တဲကို ကန်သင်းရိုစတွေပေါ်ကနေ လျှောက်ခဲ့ရတယ်။ လယ်တဲကိုရောက်တော့ ဒေါ်လှခင်ကို အိပ်ယာပေါ်မှာ ငုတ်တုတ်ကြီးထိုင်နေတာ တွေ့ရတယ်။ မျက်လုံးတွေကလည်း မီးအိမ်အောက်မှာ ရဲရဲတောက်နေတယ်။ ဆံပင်တွေ ဖားလားချ၊ လူကလည်း အစားမစားဘဲ မြောနေတာ ကြာပြီဆိုတော့ မျက်တွင်းဟောက်ပက် တကယ့်ကို သရဲကားထဲက စုန်းမကြီးတစ်ယောက်နဲ့ တူနေတယ်။
ကျွန်တော့်ကို တွေ့တွေ့ချင်း ဒေါ်လှခင်က လက်ညိုးထိုးလိုက်ပြီး
"နင်...နင်..." ဆိုကာ စကာမဆက်ဘဲ စိုက်ကြည့်နေတယ်။
"အမေ...ကျွန်တော့်ကို မှတ်မိလား"
"ဖိုးထောင်...လူလေး...အမေ့ဆီလာပါဦး"
အဲဒါမှ ဒုက္ခ။ ကျွန်တော့်ကို သေသွားတဲ့ သူ့သား ဖိုးထောင်မှတ်ပြီး သူ့ဆီလာဖို့ခေါ်နေတာ။ ကျွန်တော်ကလည်း သတ္တိရှိတယ် ဘယ်လောက်ပြောပြော တဲထဲမှာ လူ ၅ ယောက်လောက်ရှိနေပေမယ့် ကြောက်လာတယ်။ ဆောင်းတွင်းကလည်း အေးစိမ့်စိမ့်၊ ဒေါ်လှခင်ရဲ့အကြည့်တွေကလည်း ကျောစိမ့်စရာ။ သူ့အနား မသွားပြန်ရင်လည်း သိက္ခာကျဦးမယ်။ ဒါနဲ့ အားတင်းပြီးတော့ တဲပေါ်တက်လိုက်တယ်။ ဒေါ်လှခင်နား ကပ်သွားတော့ ပိန်ကပ်နေတဲ့ ဒေါ်လှခင်က ကျွန်တော့်လည်ပင်းကို ကောက်ဖက်လိုက်ပြီး ညှစ်ထားတာ အသက်ရှူလို့ မရတော့ဘူး။
"နင် ... ဘာကောင်လဲ။ ငါ့ကို ဘာမှတ်သလဲ" ဆိုပြီတော့ကို လည်ပင်းကို လက်နဲ့ သိုင်းချုပ်ပြီး ညှစ်ထားတာ။ သန်လိုက်တဲ့လက်။ အသက်ထွက်လှမတတ်။ မျက်လုံးတွေလည်း ပြာလာ။ ဘေးက တစ်ယောက်မှလည်း ဝင်မဆွဲရဲကြဘူး။ သူ့ပါးစပ်ကလည်း ပုပ်စော်နံလိုကာတာဗျာ။ ခုစာရေးနေရင်းတောင် အနံ့ကို ပြန်ပြီး မှတ်မိနေတယ်။
ကျွန်တော်က အတင်းရုန်းထွက်လိုက်ပြီး တဲပေါ်က ခုန်ချ အပြင်ကို အပြေးလေးထွက်သွားတော့ နောက်ကနေ လူနာစောင့်တွေရယ်၊ စော်ရော်ဂျယ်နဲ့ ကိုဖိုးခွေးလည်း ပြေးလိုက်လာကြတယ်။ အသက်ကို မနည်းရှူရင်းက ကန်သင်းရိုးပေါ် ထိုင်ချပြီး အမောဖြေနေကြရတယ်။
ဒီလိုတော့ ထားလို့မဖြစ်ဘူး။ သွားပြန်ကြည့်ကြရအောင်။ တစ်ခုခုတော့ လုပ်ပေးမှဖြစ်မယ်ဆိုပြီး ကျွန်တော်တို့အားလုံး တဲ့ကိုပြန်လာကြတယ်။ တဲထဲရောက်တော့ ဒေါ်လှခင် ပက်လက်လန်နေပြီ။ ပါးစပ်က အဟောင်းသား။ အသက်မရှူတော့ဘူးထင်ရပေမယ့် ဘယ်သူမှ အနားမကပ်ရဲကြဘူး။
အတော်လေးကြာမှ လုံးဝမလှုပ်တော့တာ သေချာလို့ ကျွန်တော်ဦးဆောင်ပြီး တဲပေါ်ကိုတက်၊ ဒေါ်လှခင်အနားကိုကပ်ပြီး လက်တွေစမ်း၊ နှာခေါင်းစမ်းကြည့်မှ တကယ် အသက်ထွက်သွားမှန်း သိလိုက်ရပါတယ်။ ဆောင်းတွင်းကြီး ချွေးပြန်ခဲ့ရတဲ့ည မမေ့နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။
#တင်ညွန့်
ကျောင်းဆရာမှတ်တမ်း