အောက်လမ်းဘိုးထင် နှင့် ရန်ငြိုး

 ◾အောက်လမ်းဘိုးထင် နှင့် ရန်ငြိုး


(၆၁)


◾အခန်း (၁)


    ကြီးမားကျယ်၀န်းသောခြံကြီး၏ သစ်ပင်ကြီးတပင်အောက်တွင် လူငယ်လေးသုံးယောက် မကျေမနပ်ဖြင့် စကားဆိုနေကြသည်။သူတို့နှင့် ခပ်လှမ်းလှမ်းရှိ အိမ်ထဲတွင်တော့ နောက်ထပ်လူတစုလည်း စကားပြောနေကြသည်။အမှန်စင်စစ် လူငယ်လေးသုံးယောက်သည် သူတို့အကြောင်းကိုပြောနေသော အိမ်ထဲမှ လူများကို မကျေမနပ်ဖြင့် စကားဆိုနေကြခြင်းသာ 


    "ဟေ့ကောင်တွေ ဟိုလူနှစ်ယောက်က ဘာလဲ လူကြီးတွေက အဲ့လောက်မဟုတ်ဘူး သူတို့ နှစ်ယောက်က ပိုဆိုးနေတယ် "


    "ဟုတ်ပါ့ကွာ ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲ ဆိုတာ အဲ့တာကို ပြောတာ "


    "အေးကွာ သူပြောမှဖြင့် ငါတို့ကို ချက်ချင်းပဲ မြို့ဂတ်ပို့တော့မှာ လိုလိုနဲ့ "


    လူငယ်လေးသုံးယောက်မှာ အိမ်လေးကို ငဲ့စောင်းကြည့်ရင်း မကျေမနပ် စကားဆိုနေသည်။သူတို့သုံးယောက်မှာ မောင်ဘိုးထင်၊ပေတူး နှင့် သာအေး တို့ဖြစ်ကြသည်။အိမ်ပေါ်တွင်တော့ ရွာသို့မပြန်ဖြစ်သေးသော အဖွားနွေဦးနှင့် ဇေယျာ၊ဦးအုန်း နှင့် ရွာလူကြီးတို့အပြင် ဖိုးထွေးနှင့် သာရ တို့ပါ ရှိနေ၏။သူတို့ သုံးယောက် မကျေမနပ်ဖြစ်သည်မှာ ဖိုးထွေးနှင့် သာရကိုသာ ဖြစ်သည်။အိမ်လေးဆီမှ လွင့်ပျံလာပြီး သူတို့ နားထဲရောက်လာသော စကားများထဲတွင် ဖိုးထွေးနှင့် သာရ၏ အသံက အကျယ် ဆုံးဖြစ်သည် ။


     "ဦးအုန်း ဘိုးထင်ကို သေချာဆုံးမစမ်းပါဗျာ ဒီကောင်က ခေါင်းဆောင်လုပ်ပြီး ကျန်တဲ့နှစ်ကောင်ကို ပေါက်ကရတွေ လုပ်ဖို့ မြူဆွယ်နေတာ "


    "ဟာ ဖိုးထွေးကလည်း ဘယ်ကသာ ဟုတ်ရမှာလဲ ဟို နှစ်ကောင်ကလည်း ဘိုးထင်နဲ့ စိတ်တူကိုယ်တူတွေကွ အဲ့ကောင်တွေက တဂိုဏ်းတည်းတွေ"


    "အေးဗျာ ကျုပ်တို့နှစ်ယောက်လည်း ဒီကောင်တွေကြောင့် အေးဆေးမနေရပါဘူးဗျာ ခင်ဗျားတို့သိတဲ့အတိုင်း ကျုပ်တို့ နှစ်‌ယောက်က အဲ့ဒီကောင်တွေနဲ့ အမြဲပေါင်းတာဆိုတော့ သူတို့ မကောင်းရင် ကျုပ်တို့ခေါင်းပဲ လာတာလေ တပည့်မကောင်း ဆရာခေါင်းပေါ့ "


     "ဟုတ်ပါ့ ဟုတ်ပါ့ "


     ဖိုးထွေး နှင့် သာရ၏ ခပ်ကျယ်ကျယ်စကားသံများ ထွက်လာလေလေ မောင်ဘိုးထင်တို့ သုံးယောက်မှာလည်း သစ်ပင်အောက်မှနေ၍ တောက်တခေါက်ခေါက်နှင့်ဖြစ်လေ ဖြစ်သည်။ ထို့နောက် သာအေးသည် လက်ဖျောက်တချက်တီးလိုက်ကာ 


    "ဟေ့ကောင်တွေ ဘိုးထင်အိမ်မှာနေရင်တော့ အခြေအနေမကောင်းနိုင်ဘူး ငါတို့ကို ဒီလောက်အပြစ်တင်နေတဲ့ လူတွေ ငါတို့အကြောင်းကို ပြကြမယ်ကွာ ဘယ်လိုလဲ "


    "မင်းက ဘယ်လိုလုပ်မလို့လဲ"


    "ဟိုကောင် ပေတူးက မြွေထပ် ဖမ်းဦးမှာလား "


    သာအေးသည် မောင်ဘိုးထင်၏အမေးကို မဖြေသေးပဲ ပေတူးအား မေးလိုက်လေသည်။ထိုအခါ ပေတူးသည် 


     "တို့ညောင်ပင်အကွက်တောင်ဘက်ထဲ ကပ်ဘိ သွားထောင်မလားလို့ မြွေကတော့ မသတ်တော့ပါဘူးကွာ "


    "အေး အဲ့တာဆိုလည်း ‌ပြီးမှ သွားမယ်ကွာ အခု ဟိုလူနှစ်ယောက်ကို အရင် ပညာပေးချင်တယ် "


    "လုပ်ကွာ သာအေးရာ အိမ်မှာ ဆက်နေရင်လည်း ငါ့အဘက ဧည့်သည်တွေပြန်တာနဲ့ ငါ့ကို ဆူတော့မှာ ကဲ သွားကြအောင် "


     မောင်ဘိုးထင်တို့သည် သာအေး၏ဦးဆောင်မှုဖြင့် ရွာထဲသို့ ထွက်လာကြသည်။ထို့နောက် မိကျော့၏အိမ်ဝိုင်းရှေ့အရောက် သာအေးသည် ရပ်လိုက်ပြီး 


    "ဟေ့ကောင်တွေ ခပ်တည်တည်နေနော် ကြားလား"


    "အေးပါကွ "


     ခြံ၀န်းအတွင်းသို့ သာအေး ရှေ့မှ ဦးဆောင်ပြီး ဝင်လိုက်သည်။ထို့နောက် အိမ်အောက်ရှိ တန်းလျားတွင် ဝင်ထိုင်လိုက်ကာ


    "အမ မိကျော့ ဗျို့ အမမိကျော့ "


    "ဘယ်သူတုန်းဟဲ့ ငါ ထမင်းအိုးငှဲ့နေလို့ "


    "အရီးနဲ့ ဘကြီး ဘယ်သွားလဲ "


    "ရေအိုးစင်အလှု သွားတယ် "


   "အဲ့တာဆို အတော်ပဲ ကျုပ် မီးဖို‌ချောင်ထဲ ၀င်လာခဲ့မယ် "


     "ဟဲ့ မသာလေး နင် ဘာစကားပြောတာလဲ အသက်က ခုမှ ငယ်ငယ် ရှိသေးတယ် ဇာတိပြနေတာလား"


    "ဟာ ကျုပ်တယောက်ထဲ မဟုတ်ပါဘူးဗျာ ဘိုးထင်နဲ့ ပေတူး ပါ ပါတယ် "


    "ဟဲ့ မသာတွေ နင်တို့က လူအုပ်နဲ့ လာတာပေါ့ သတ္တိရှိရင်တက်ခဲ့စမ်း "


    "အမ မိကျော့ကလည်း ဘာတွေပြောနေတာတုန်းဗျာ ကျုပ်က အမမိကျော့ကို သတင်းပေးစရာရှိလို့ ပြောမလို့ လာခဲ့တာဘာလို့ ဆဲနေရတာလဲဗျ "


    သာအေး၏စကားကြားမှ မိကျော့သည် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ


   " ဘာမှ မဟုတ်ပါဘူးဟယ် ငါ ထမင်းအိုး ခဏနှပ်လိုက်ဦးမယ် ပြီးရင် ဆင်းခဲ့မယ် "


    မောင်ဘိုးထင်တို့သည် တန်းလျားပေါ် တင်ထားသော ရေနွေးနှင့် ထန်းလျက်များကို စားကာ မိကျော့ အောက်ဆင်းအလာကို စောင့်နေလိုက်သည်။မကြာသောအချိန်တွင် ရိုးရိုးယဉ်ယဉ်လေးနှင့် လှနေသော မိကျော့သည် သူတို့အနားရောက်လာပြီး လွတ်နေသော တန်းလျားတွင် ၀င်ထိုင်လိုက်ကာ


    "ဟဲ့ ပြော ဘာသတင်းပေးမလို့လဲ"


    "အင်း အမမိကျော့ရေ ကျုပ်တို့ကိုဖိုးထွေး အကြောင်းပေါ့ "


   "သူက ဘာဖြစ်လို့လဲ ပြောစမ်းပါဦး "


   "ကျုပ်ဖြင့် စိတ်တိုလွန်းလို့ အသားတွေတောင် တဆတ်ဆတ် တုန်တယ် "


    သာအေးသည် အတော်မှင်ကောင်းကောင်းဖြင့် ပြောနေလေရာ ပေတူး နှင့် မောင်ဘိုးထင်ပါ အံ့ဩရသည်အထိဖြစ်သည်။ ထို့နောက် သာအေးသည် သက်ပြင်းတချက်ကို ချကာ


    "ကျုပ်တို့သုံးယောက်က ညီအကိုမောင်နှမ မရှိတဲ့ သူတွေဆိုတာ သိပါတယ်နော် "


    "အေးသိတယ်လေ ပြောစမ်းပါ ဖိုးထွေးက ဘာဖြစ်တာလဲ "


    "ကျုပ် အမကိုသာ အဲ့လိုပြောရင် ကျုပ် အဲ့လူကို "တောက်" ပြောရင်းဆိုရင်း စိတ်က တိုလာပြီဗျာ "


    "ဟဲ့ သာအေး ပြောစမ်းပါ အဲ့မသာ ငါ့ကို ဘာပြောတာလဲ "


    "ကျုပ်တို့ရှေ့မှာပဲ ပြောရင် ကျုပ် အခုလောက် စိတ်မတိုဘူး အခုတော့ သူစိမ်းတွေကြားထဲ လူကြီးတွေကြားထဲမှာ ဟာကွာ ဒီလူကွာ တောက် "


     သာအေးမှာ ပြောရင်းဆိုရင်း ဒေါသကို ထိန်းမရဟန်ဖြင့် တန်းလျားမှထလိုက်ရာ မောင်ဘိုးထင်တို့နှစ်ယောက်ပင် လန့်သွားရသည်အထိ ဖြစ်၏။သူတို့နှစ်ယောက်သည်ပင် ဖိုးထွေးပြောသည်ဆိုသောအကြောင်းကို သိချင်လာမိသည်။မိကျော့ သည်က ဆိုဖွယ်ရာမရှိ အလွန်အမင်းကို သိချင်စိတ်ပြင်းပြနေချိန် သာအေးမှ မိကျော့ကို ကြည့်လိုက်ပြီး


     "ကို ကိုဖိုးထွေးက ကြံခင်းထဲမှာ တောက် ဟေ့ကောင်တွေ သွားမယ် "


    သာအေးမှာ စိတ်တိုဒေါသထွက်ဟန်ဖြင့် မိကျော့၏ အိမ် အောက်ထဲမှ ထွက်လိုက်ရာ မောင်ဘိုးထင်နှင့် ပေတူးသည်လည်း နောက်မှ လိုက်သွားရသည်။မိကျော့သည်က နောက်မှ နေ၍ အိမ်ဝိုင်းအဝထိ လိုက်လာကာ


    "ဟဲ့ သာအေး ကြံခင်းထဲမှာ ဘာဖြစ်တာလဲ အဲ့မသာက ဘာပြောတာလဲ ပြောစမ်း "


    "မပြောချင်ဘူးဗျာ ဒီလူ သိပ်ရက်စက်တယ် ကျုပ်တောင် ပြောမထွက်တဲ့ ဟာကို သူမို့ ပြောရက်တယ် ဒါပဲဗျာ "


    သာအေးမှာ ထိုမျှသာပြောပြီး အိမ်ဝိုင်းအပြင်သို့ထွက်သွား၏။ကျန်ခဲ့သော မိကျော့သည်က ဖိုးထွေးအား ကြံခင်းထဲဆိုသော စကားကို အဖန်ဖန်အလဲလဲတွေးတောရင်း ဒေါသများဖြင့်သာ ကျန်ခဲ့ပါလေတော့သည် ။


◾အခန်း (၂)


    "ဟေ့ကောင်သာအေး ကိုဖိုးထွေးက အမမိကျော့ကို ဘာပြောလို့လဲ"


   "ဘာဖြစ်လို့လဲ "


    "မင်းပဲ အစောက ကိုဖိုးထွေးက ကြံခင်းထဲဆို ကြံခင်းထဲမှာ ဘာဖြစ်တာလဲ ဟေ့ကောင်"


    "မင်းကလည်း ကြံခင်းထဲ နွားကျွေး‌ဖို့ ကြံဖျားခုတ်နေတယ် လို့ ပြောမလို့ပါကွာ"


   "မင်းကွာ အဲ့တာဆို အမမိကျော့က ကိုဖိုးထွေးကို ပြဿနာရှာတော့မှာ "


    "မင်းတို့ကလည်း ကိုဖိုးထွေးကို မကျေနပ်လို့ ပညာပေးပါတယ်ဆိုကွာ အခုမှ သူတော်ကောင်းတွေ လုပ်နေတယ် ကဲ အမလှရင်ဆီသွားပြီးရင် ငါတို့ ကပ်ဘိသွားထောင်ကြတာပေါ့ကွာ "


    "အေးပါကွာ "


    ထို့နောက် မောင်ဘိုးထင်တို့သည် လှရင်၏အိမ်သို့ သွားပြီး သာရကို ချွန်ခဲ့ကာ ညောင်ပင်အကွက်ဆီသို့ သွားလေသည် ။ ထို့နောက် မောင်ဘိုးထင်တို့သည် ဝါးပင်များကို ခုတ်ပြီးညောင်ပင်ကြီးအရိပ်အောက်တွင် ကပ်ဘိ ယက်နေလေသည်။ ထိုအချိန်တွင် ‌တရွှီးရွှီးနှင့် မြွေတွန်သံများ ကြားလိုက်ရသဖြင့် ပေတူးသည် 


    "ဟေ့ကောင်တွေ မြွေတွန်သံတွေကြားလား "


   "အေး ကြားတယ် "


   "ရွာထဲက လူတွေပြောတဲ့ မြွေမင်းသားကို သတ်ပစ်လိုက်လို့ ငါတို့ကို မကျေနပ်ဘူးထင်တယ် " 


   သာအေးမှ ထို့သို့စကားဆိုလိုက်ရာ ပေတူးသည် တောက်တချက်ကို ပြင်းစွာ ခေါက်လိုက်ပြီး 


   "ဟေ့ကောင် မကျေနပ်လည်း ဂရုမစိုက်ဘူး လာစမ်းပါစေ လာတဲ့ မြွေတွေ အကုန်သတ်ပစ်လိုက်မယ် "


   ပေတူးသည် ဝါးကပ်ဘိယက်နေရင်းမှ ကြုံးဝါးလိုက်ခြင်းဖြစ်သည်။ထိုစဉ် ညောင်ပင်၏ နောက်ဖက်မှ မိန်းကလေးတယောက်၏ရယ်မောသံ ထွက်လာရာ မောင်ဘိုးထင်မှာ အသံလာရာ ညောင်ပင်ကြီး၏ပင်စည်ကို ကြည့်လိုက်ပြီး အသံခပ်မာမာ ဖြင့် စကားဆိုလိုက်သည် ။


   "ဟေ့ ဘယ်သူလဲ"


   မောင်ဘိုးထင် လှမ်းမေးလိုက်ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါပဲ ဆက်၍သာ ရယ်နေလေသည်။ထိုအခါ ပေတူးသည် စိတ်မရှည်ဖြစ်လာပြီး


   "ထားလိုက်ပါကွာ အရူးတယောက်နေမှာပါ အသားလွတ်ကြီး ‌ရယ်နေတာ‌ဆိုတော့လေ "


   "အေးကွ မင်းပြောတာဟုတ်လောက်တယ် လာကွာ ကိုယ်လုပ်စရာရှိတာ လုပ် မောရင် သူ့ဘာသာ ရပ်သွားလိမ့်မယ် "


    ‌ မောင်ဘိုးထင်တို့သည် ကပ်ဘိကိုသာ ဆက်ယက်နေသည်။ ထို့နောက် ညောင်ပင်ကြီး၏ ပင်စည်အနောက်မှနေ၍ မိန်းမပျိုတဦး ထွက်လာသည်ကို သူတို့မြင်သော်လည်း မသိဟန်ပြုကာ လုပ်လက်စများ ဆက်လုပ်နေလိုက်ကြသည်။ထိုအခါ မိန်းမပျိုသည် မောင်ဘိုးထင်တို့ကို စူးစူးစိုက်စိုက် ကြည့်လာပြီး 


   "ဟေ့ကောင်လေးတွေ နင်တို့ ဘာလာလုပ်တာလဲ "


   "ကပ်ဘိယက်နေတာ မမြင်ဘူးလား "


    "ဟဲ့ အဲ့တာတော့ ငါ မြင်တာပေါ့ နင်တို့ ဘယ်သူ့ကို ဒုက္ခထပ်ပေးမလို့လဲလို့ မေးတာ "


   "အော် ကပ်ဘိယက်နေပါတယ်ဆိုမှ ကြွက်ထောင်မလို့ပေါ့ဗျ ဘယ်သူ့ကို ဒုက္ခပေးရမှာလဲ နေပါအုံး ခင်ဗျားကို ကျုပ်တို့ရွာမှာ မတွေ့ ဖူးပါဘူး ဘယ်ကလဲ "


    ပေတူးသည် ဝမ်းခြမ်းပြားတပြားကို ယူလိုက်ပြီး မော့ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။ထိုအခါ မိန်းမပျိုသည် အံကိုကြိတ်လိုက်ပြီးနောက်


    "‌နင်တို့တွေ ဒီနေ့တော့ အိမ်ပြန်လမ်းမရှိစေရဘူး "


    "အိမ်ပြန်လမ်း မရှိရအောင် ခင်ဗျားက ဒီလမ်းကြီးကို မ သွားမှာလား တကယ်လို့ အာ ဘာတွေပြောနေမိမှန်း မသိပါဘူးကွာ "


    "နင်တို့တွေ ဒီမှာပဲ သေရမယ်လို့ ပြောတာဟဲ့"


    "ဒီမှာ သေရအောင် ကျုပ်တို့က ငယ်ငယ်ပဲ ရှိသေးတယ် သေရင်းသေ ခင်ဗျားတောင် အရင်သေနိုင်တယ် ဟုတ်တယ်မလား ဟေ့ကောင်တွေ "


     သာအေးသည် ကပ်ဘိယက်မည့် ဝါးများကို စိတ်ဖြာပေးနေရင်းမှ မိန်းမပျိုကို လှည့်မကြည့်ပဲ စကားဆိုလိုက်ရာ ကျန်သော နှစ်ယောက်မှလည်း


   "ဟုတ်တယ် သူကဖြင့် အသက်ကြီးနေပြီ ဘယ်က ယဉ်ယဉ်လေးရူးနေတဲ့ အရူးမလဲ မသိပါဘူးကွာ ငါ့အထင် သူ့ရဲ့ရုပ်က ချောတယ်ကွ မြို့သူပုံစံဆိုတော့ ရေအိုးစင်ရွာက နေမှာပဲ "


    "ဟုတ်တယ် လင်တရူးလားမသိဘူး ဟေ့ အမ ခင်ဗျား ရုပ်လေး ချောတောမောတောနဲ့ တောထဲမှာ တယောက်တည်း လျှောက်သွားမနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာလည်း မဟုတ်ပဲ အန္တရာယ်များတယ် ဘယ်ပြန်မှာလဲ ပြော ကျုပ်တို့ လိုက်ပို့ပေးမယ် ရေအိုးစင်ကလား "


    မောင်ဘိုးထင်တို့သည် သူတို့စိတ်ထင်သည့် အရာများကို အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။သို့ပါသော်လည်း မိန်းမပျိုမှာ ဒေါသအလိမ့်လိမ့်ထွက်ကာ သူ၏ကိုယ်လုံးမှာလည်း တုန်ယင်လာသည်။ ထို့နောက် မြေကြီးပေါ် လှဲချပြီး လူးလိမ့်နေလေရာ မောင်ဘိုးထင်တို့ လုပ်လက်စအလုပ်များကို ရပ်လိုက်ပြီး မြေပြင်တွင် တွန့်လိမ်နေသော မိန်းမပျိုကို သေချာကြည့်ကာ  


    "ပေတူး ဟိုအမ ဘာဖြစ်သွားတာလဲ တို့ရွာက ဒေါ်မြကြီး နဂါးဝင်ပူးသလိုပါလားဟ "


   "အေး ဟုတ်တယ် သာအေး ဟိုကောင်ဘိုးထင် လုပ်ဦးဟ အဲ့တာ ဘာဖြစ်တာလဲ တက်နေတာလား ပူးနေတာလား"


   မောင်ဘိုးထင်သည် မြေပြင်ပေါ်တွင် လူးလိမ့်နေသော မိန်းမပျိုကို သေချာကြည့်လိုက်သည်။မြင်ရသည်မှာလည်း သာမာန် မိန်းမပျိုလေးတယောက်သာဖြစ်နေရာ သူ၏ ဦးခေါင်းကို ကုတ် လိုက်ပြီး 


    "ငါလည်း မသိဘူးကွ လူးလိမ့်နေတာ တက်များတက်နေတာ လားမသိဘူးနော် ဟေ့ကောင်တွေ သရဲတို့ တစ္ဆေတို့ ဥစ္စာစောင့်တို့တော့ မဟုတ်တာ သေချာတယ်ဟ အဲ့လိုဆို ငါ သိတယ်ကွ "


    မောင်ဘိုးထင်သည် သူ မသိသည်ကို ကျန်နှစ်ယောက်အား ပြောပြလိုက်ရာ ပေတူးနှင့် သာအေးသည် မိန်းမပျိုအနားသို့ တိုးကပ်သွားပြီး ကြည့်နေလေ၏။ထိုစဉ် လင်းရှင်းနေသော ကောင်းကင်ကြီးသည် ရုတ်တရက် မှောင်မိုက်သွားပြီး ညောင် ပင်ရိပ်အောက်တွင်နေသော မောင်ဘိုးထင်တို့ နေရာသည် ညမိုးချုပ်သွားသည့်အလား ထင်မှတ်မှားလောက်အောင်ပင် ရာသီဥတုက ပြောင်းလဲသွားသဖြင့် တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီး လူးလိမ့်နေသောမိန်းမပျိုမှာ သူတို့မျက်စိရှေ့တွင်ပင် ပြောင်းလဲသွားသဖြင့် သူတို့မျက်လုံး အပြူးသားဖြစ်သွားကြပါတော့သည် ။


◾အခန်း (၃)


     မြေပြင်တွင် လူးလိမ့်နေသောမိန်းမပျိုလေး၏ မျက်လုံးကို စူးစိုက်ကြည့်မိသော မောင်ဘိုးထင်တို့သည် အညှို့ခံလိုက်ရပြီး မိန်းမပျိုလေးအား မျက်လုံးအ၀ိုင်းသားဖြင့် ငေးကြည့်နေမိကြသည်။ထို့နောက် သူတို့သုံးယောက်သည် အသိစိတ်ကင်းမဲ့နေ သည့်ပုံစံများဖြစ်လာကာ မိန်းမပျိုလေး၏ဘေးတွင် ရပ်နေကြသည်။သူမသည် လူးလိမ့်နေရာမှ ထလိုက်ကာ မောင်ဘိုးထင်တို့သုံးယောက်ကို တလှည့်စီကြည့်လိုက်ပြီး


    "‌နင်တို့ ဘာတတ်နိုင်သေးလဲ ငါ့မောင်တော်ကို သတ်တဲ့ နင်တို့လည်း သေစေရမယ် "


     မိန်းကလေးသည် အညှိုးကြီးသော မျက်ဝန်းတောက် တောက်ဖြင့်ကြည့်ကာ မောင်ဘိုးထင်၏အနားသို့ ကပ်လာပြီး သူမ၏ပါးစပ်ကို ဟလိုက်သောအခါ ပါးစပ်အတွင်းမှ လျှာနှစ်ခွသည် ‌ရှည်ထွက်လာပြီး မောင်ဘိုးထင်၏ လည်ပင်းနေရာကို လျက်လို့နေသည်။ထို့နောက် ပါးစပ်ကို ပို၍ ဟလိုက်ရာ မျက်နှာနှင့် မလိုက်ဖက်စွာ ကျယ်ဝန်းသောပါးစပ်ဖြစ်သွားပြီး လေးချောင်းသော အစွယ်တို့မှာ ရှည်လျားလာသည်။ထို့နောက် မောင်ဘိုးထင်၏လည်ပင်းကို ကိုက်ခဲမည်ပြုစဉ် 


    "စောင့်ထိန်းထားတဲ့သီလကို ဖျက်ပြီး နောင်နှစ်ပေါင်းများစွာ အခုထက်ဆိုးတဲ့ဘဝမှာ နေသွားချင်လို့လား သမီးတော်သမီးတော်က ကောင်းတဲ့ဘုံဘဝကို ရောက်လုနီးပြီမဟုတ်လား"

 


    မိန်းခလေးသည် ကိုက်ခဲမည်ပြုခါနီးမှာ အသံလာရာဆီသို့ ကြည့်လိုက်လေသည်။ညောင်ပင်ကြီး၏ပင်စည်မှ ထိုးထွက်လာပြီး အတော်ကို ခန့်ညားသည့်အဆင်းသဏ္ဍန်နှင့် လူကြီးတယောက်ကို တွေ့လိုက်ရသည်။ထိုသူသည် ရှေးခေတ်ဗမာသူကြွယ်များသဏ္ဍာန် ဝတ်စားထားပြီး ခေါင်းတွင်လည်း ခေါင်းပေါင်းနှင့်ဖြစ်ကာ ‌နဂါးရုပ်ပါသော တောင်ဝှေးကိုလည်း ‌ကိုင်ထားသေးသည်။မိန်းခလေးသည် ထိုပုဂ္ဂိုလ်အားမြင်သော အခါ လက်အုပ်ချီလိုက်ပြီး 


    "ဘိုးဘိုး ကျမ ကျမရဲ့မောင်တော်ကို သူတို့တွေ သတ် သတ် လိုက်ကြတယ် "


    "ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့ သမီးတော်။သမီးတော် အခုညှို့ထားတဲ့ ကောင်လေးတွေထဲက တယောက်ကိုလည်း သမီးတော်တို့အနွယ်တွေပဲ ကိုက်ခဲ့လို့ သေပွဲဝင်ခဲ့ရတယ်လေ "


    "အဲ့တာနဲ့ သူက ကျမရဲ့မောင်တော်ကို သတ်ရောလား"


   "အဲ့တာဆို သမီးတော်ကရော ဒီကောင်လေးတွေကို ဘာကြောင့် သတ်မှာလဲ "


   "ကျမရဲ့မောင်တော်ကို သတ်လို့လေ ဘိုးဘိုး "


    "အဲ့တာဆို သူက သူ့ရဲ့အမေကို သတ်လို့ သမီးတော်ရဲ့မောင် တော်ကို သတ်တယ်ဆိုရင် သမီးတော် ဘယ်လိုဖြေမလဲ"


    မိန်းခလေးမှာ ပုဂ္ဂိုလ်ကြီး၏စကားကို ပြန်ဖြေနိုင်စွမ်း မရှိပေ။ထိုအခါ မိန်းကလေးမှ ဘိုးဘိုးဟုခေါ်သော ပုဂ္ဂိုလ်ကြီးဆိုသူမှာ စကားဆက်ဆိုလာ၏ ။


   "ကဲ သမီးတော် ဒေါသကို လျှော့ပါ ဘိုးဘိုး ဒီကောင်လေးတွေကို ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးမယ်ကွယ့် ကျေနပ်ပါတော့ ဒီ့ထက်ကောင်းတဲ့ဘဝကို သွားရမဲ့လမ်းကို သမီးတော်ကိုယ်တိုင် မပိတ်လိုက်ပါနဲ့ကွယ် "


    ပုဂ္ဂိုလ်ကြီး၏အေးငြိမ်းသော စကားကြားသည့်အခါမှ မိန်းမပျိုလေးသည် သူမ၏ ဒေါသနှင့် ရန်ငြိုးကို ဖြေလျော့လိုက်ကာ 


    "ဘိုးဘိုးသာ မတားရင် သမီးတော်မှားမလို့ သမီးတော်ရဲ့ ဒေါသကို ထိန်းပါ့မယ် သူတို့ကိုသာ ထိုက်သင့်တဲ့ အပြစ်ပေးပေးပါ ဘိုးဘိုး "


    "စိတ်ချ ကဲ သမီးတော် ပြန်ပေတော့ ဘိုးဘိုး ဒီကောင်လေးတွေကို အပြစ်ပေးလိုက်ဦးမယ် "


    ပုဂ္ဂိုလ်ကြီး၏စကားဆုံးသောအခါ မိန်းမပျိုလေးသည် ညောင်ပင်ကြီး၏နောက်ဖက်ကို ဝင်ရောက်သွားလေသည်။သူမ ဝင်သွားသည်နှင့် မောင်ဘိုးထင်တို့ ညောင်ပင်အောက်ရောက်စ က တရျွီးရွှီးနှင့် အော်မြည်သံများပေးနေသော မြွေများသည်လည်း ပြန်လည်အော်မြည်လာပြီးနောက် ခေတ္တခဏအတွင်း ပျောက်ကွယ်လို့ သွားလေသည်။စင်စစ် ပုဂ္ဂိုလ်ကြီးမှာ ညောင် ပင်စောင့်ရုက္ခစိုးကြီး ဖြစ်၏။ထို့နောက် ရုက္ခစိုးကြီးသည် မောင်ဘိုးထင်တို့ အနားသွားကာ သူတို့၏မျက်နှာတို့အား လက်နှင့် သပ်ပေးလိုက်ပြီး သူသည်လည်း ပျောက်ကွယ်လို့ သွားပါလေတော့သည် ။


◾အခန်း (၄)


    မောင်ဘိုးထင်တို့သည် ရုတ်တရက်ဆတ်ကနဲတုန်သွားကာ တယောက်မျက်နှာ တယောက်ကြည့်ကြပြီးနောက် လူးလိမ့်နေသော မိန်းခ‌လေး၏နေရာကို ပြိုင်တူကြည့်လိုက်ကာ ပေတူးမှ စကားဆိုလာသည် ။


    " ဒီမှာလူးလှိမ့်နေတဲ့ အမကြီးရော "


   "ငါလည်း အဲ့တာကို မေးမလို့ပဲ အစောကမှ ရှိနေတာပါ ဘယ်ရောက်သွားတာလဲ "


    "အယ် မသိဘူးလေကွာ လာ လာ ဘယ်သူမှ မရှိတော့လည်း ကပ်ဘိ ဟာ ဟိုမှာ တောကြက်တွေ မဟုတ်လား "


    "ဟုတ်တယ် ညောင်ပင်အကွက်ကို ဘယ်လိုလုပ် တောကြက်တွေ ရောက်နေတာလဲကွ ကြက်တွန်သံလည်း တခါမှ မကြားဘူး"


    "ဟေ့ကောင်တွေ စကားများမနေနဲ့ တို့တတွေ လိုက်ပစ်ကြရအောင် "


    မောင်ဘိုးထင်တို့သည် ပြောပြောဆိုဆို ကပ်ဘိ ဆက်မယက်တော့ပဲ တောကြက်များနောက် လိုက်သွားလေသည်။တော ကြက်များသည် မောင်ဘိုးထင်တို့ အနီးကပ်လာသည်အထိ ပျံခြင်း ပြေးခြင်းမရှိပါပဲ ငြိမ်နေလေရာ သူတို့သုံးယောက်သည် တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြပြီး 


    "ဟေ့ကောင် ကြက်တွေက မျက်လုံးများကန်းနေတာလား"


    "မပျံ‌တာလည်း ကောင်းတာပေါ့ကွာ တို့တွေ အရှင်ဖမ်းရတာပေါ့ တောကြက်ဖကို ဟိုးကတည်းက အရှင်ဖမ်းချင်တာ "

 


    သာအေးသည် ပြောပြောဆိုဆို တောကြက်ဖတကောင်အား ဖမ်းလိုက်လေသည်။သို့ပါသော်လည်း ကြက်ဖအား ဖမ်းမိခြင်း မရှိသဖြင့် သာအေး အံ့ဩသွားရသည်။ထို့ကြောင့် မောင်ဘိုးထင် နှင့် ပေတူးကို ကြည့်ကာ 


    "ဟေ့ကောင် ကြက်ဖကြီးက ကိုင်လို့မရဘူးဟ "


    "ဟာ သာအေးရ မမိရင် မမိဘူးပေါ့ ဘာ‌ကြောင်တောင်တောင်တွေ ပြောနေတာလဲ "


    "တကယ် ဖမ်းလို့ မမိတာကွ မင်းတို့ လာဖမ်းကြည့်ပါလား "


    "ကြည့်ထား သာအေး ငါ ဖမ်းပြမယ် "


    မောင်ဘိုးထင်သည် ပုဆိုးကို ခါးတောင်းကျိုက်လိုက်ကာ တောကြက်အား ဖမ်းလေတော့သည်။အသေအချာ ချိန်ရွယ်ပြီး ဖမ်းလိုက်ပေမဲ့ တောကြက်ဖကြီးသည်က အစာကောက်ပင် မပျက်ရာ သူတို့သုံးယောက်လုံး အံ့ဩသင့်ငေးကြည့်နေချိန် 


    "ဖောက် "


     လောက်စာလုံးတလုံးသည် ကြက်ဖကြီးအား ထိမှန်လာပြီး အကြောဆွဲနေလေသည်။မကြာသောအချိန်တွင် အသံအော် ကျယ်အော်ကျယ်နှင့် လူ‌ငယ်သုံးယောက်မှာ အားရဝမ်းသာနှင့် တောကြက်ဖကြီးအနီး ‌ပြေးလာကြသည်။နှုတ်မှလည်း စကားများ တရပ်စပ်ပြောလာသေးသည် ။


    "မြင်လား အောင်သန်း လေးဂွပစ်တယ်ဆိုတာ အဲ့လို ပစ်ရတယ် တောကြက်ဖကြီးကွ တို့က ငှက်လာပစ်တာ တောကြက်ကြီးရတော့ ပျော်တယ်ဟေ့"


     "အချက်ပေါင်းရာကျော်ပစ်မှ ကြက်ကန်းလောက်စလုံး တိုးပြီး မှန်တာကို ကိုယ်ရည်သွေးနေသေးတယ် "


    လူငယ်လေးများသည် ပြောပြောဆိုဆို မောင်ဘိုးထင်တို့ အနီးမှ အကြောဆွဲနေသော‌ တောကြက်ကို ကောက်ယူလိုက်လေသည်။သူတို့အား မမြင်ချင်ယောင်ဆောင်နေသည်ဟုသာ ထင်သော ပေတူးသည် 


     "ငါတို့က ဖမ်းမလို့လုပ်တာ ဒင်းတို့က ငါ့တို့ကြက်ကို လေးဂွနဲ့ တောင် ဆော်ပစ်လိုက်ပါလား။ဟေ့ကောင် ကျော်လွင်၊အောင်သန်း၊မောင်မြင့် မင်းတို့က ငါတို့ ဖမ်းမဲ့ကြက်ကို ဘာလို့ပစ်ရတာလဲ လူကိုလည်း မမြင်ချင်ယောင်ဆောင်နေသေးတယ် "


     ပေတူး အော်ပြောနေပေမဲ့ အောင်သန်းတို့ သုံးယောက်သည် သူတို့အား ဂရုမပြုပဲ တောကြက်ကြီးကို ကောက်ယူကာပျော်တပြုံးပြုံးနှင့် ထွက်သွားလေသည်။ပေတူးမှာ ဒေါသထွက်လွန်းပြီး လေးဂွကို ထုတ်ပြီး ပစ်မည်ပြုရာ မောင်ဘိုးထင်နှင့် သာအေးမှ ဆွဲထားလိုက်ပြီး 


     "ဟေ့ကောင် ထားလိုက်ပါကွာ ဒီကောင်တွေ ကြက်တိုးပြီး ကြက်တကောင်ရလို့ ငါတို့ကိုတောင် မမြင်နိုင်ဘူး ဖြစ်သွားတာ နေမှာ "

    "အဲ့ဒီကောင်တွေ အချင်းချင်းကို လုပစ်ရတယ်လို့ကွာ တောက် "


    မောင်ဘိုးထင်တို့သည် အောင်သန်းတို့အား မကျေမနပ်ကြည့်ကာ


     "ဒီကောင်တွေ ငါတို့ကို မမြင်တာတော့ မဖြစ်နိုင်ဘူး တမင်ကို ငါတို့ကို ဂရုမစိုက်တာကွ"


    "အေး ဟုတ်တယ် ဒီကောင်တွေ နောက်လိုက်ကြရအောင်ကွာ"


      မောင်ဘိုးထင်တို့သည် မကျေမနပ်နှင့် အောင်သန်းတို့ သွားရာနောက်ကို နောက်မှ လိုက်သွားလေသည်။ခပ်မြန်မြန်လိုက်သွားသောအခါ မလှမ်းမကမ်း လယ်ကွင်းများ အနီးတွင် မှီလာလေသည်။ထိုအခါ ပေတူးသည် 


    "ဟေ့ အောင်သန်း မင်းက ဘာလဲ ငါတို့ကို မခေါ်ချင်တာ လား"


     သို့ပေမဲ့ အောင်သန်းတို့သည် တောကြက်ဖကြီးကို ခြေ ထောက်က ကိုင်ပြီး အားရဝမ်းသာနှင့် တယောက် နှင့် တယောက်သာ စကားပြောနေသည်။ပေတူးပြောသည်ကို အရေးမလုပ်ပေ။ထိုအခါ ပေတူးသည် စိတ်တိုသွားကာ 


     "ဒီကောင်တွေ ဒီလောက်နီးနီးကနေ ခေါ်တာ မကြားစရာ မရှိဘူး ဒါ သောက်ရေးမလုပ်တာပဲ မင်းတို့ ငါ့အကြောင်း သိ "


     ပေတူးသည် လွယ်အိတ်ထဲမှ လေးဂွကို ထုတ်ပြီး ပစ်မည်ပြုရာ မောင်ဘိုးထင်မှ ဆွဲထားလိုက်ပြီး 


    "ငါတို့ကို မခေါ်ချင်လို့မခေါ်တာ ငါတို့က ဘာလို့ စိတ်တိုရမှာလဲ အဲ့ဒီကောင်တွေကို မှတ်ထား နောက်တခါ ဘိုးထင်ရေ ဆိုမှ ထိုးလွှတ်မှာ "


     "လာကွာ ကြက်သတုန်းတွေကို ကြည့်မနေနဲ့ တောကြက်လေးတကောင် ရတာကို မြောက်ကြွ မြောက်ကြွဖြစ်နေတာ။ ဒီနေ့ ဘာဖြစ်နေလဲ မသိဘူး။အဆင်ကို မပြေဘူး။ဘိုးထင် မင်းတို့တဲကို သွားကြရအောင်။အဲ့မှာ ကိုကြီးညိုမောင် ရှိတယ် မဟုတ်လား ကြက်သားလေးဘာလေး ချက်စားကြတာပေါ့ကွာ"


     "အေးကွာ အဲ့တာပဲ ကောင်းတယ် လာ သွားကြစို့ "


     မောင်ဘိုးထင်တို့ သုံးယောက်သည် အောင်သန်းတို့ကို ကျော ခိုင်းပြီး လှည်းလမ်းလေးအတိုင်း သွားလိုက်လေသည်။လှည်း လမ်းလေးသည် ဖုန်မှုန့်များရှိသော်လည်း နွားလို သွားတတ်သော သာအေး သွားသည်ကိုပင် ဖုန်မှုန့်များ မထသောာကြောင့် နောက်မှ လမ်းလျှောက်က်နေသော မောင်ဘိုးထင်တို့ အံ့ဩမိနေသည်။သို့ပေမဲ့လည်း ရှေ့မှ စကားတပြောပြောနှင့် လမ်း လျှောက်နေသော ပေတူးနှင့် သာအေးအား မပြောဖြစ်ပေ။ထို စဉ် နွားခြူသံတညံညံနှင့် လှည်းတစ်း သူတို့နှင့် မျက်နှာချင်း ဆိုင်တွင် လာနေသည်။လှည်းမောင်းသူမှာ သာရ၏ အကို ကိုပေါက်တူး ဖြစ်နေရာ မောင်ဘိုးထင်တို့သည် လှည်းမလာခင် ကတည်းက ပြုံး၍ လှမ်းအော်ပြီး စကားဆိုလိုက်လေသည် ။


    "ဗျို့ ကိုပေါက်တူး ဘယ်သွားမှာလဲဗျ "


     "ဗျို့ ကိုပေါက်တူးက မမြင်တာကြာပြီ ချောလို့ မောလို့ပါလား"


    သူတို့သုံးယောက်သည် လှည်းလမ်းအလည်တွင် ရပ်ပြီး ပေါက်တူး၏ လှည်းရပ်မည်အထင်နှင့် စကားပြောနေသည်။ ပေါက်တူးမှာဖြင့် လှည်းကိုမရပ်ပဲ နွားအား ငေါက်ငမ်းပြီး ‌အရှိန်တင်ပိုမြန်စေလိုက်ရာ မောင်ဘိုးထင်တို့ လှည်းလမ်း ဘေးသို့ အမြန်ကပ်ပြီး ရှောင်လိုက်ရ၏။ထို့‌နောက် သူတို့အား စကားပြန်မဆိုဘဲ ခပ်တည်တည်နှင့် မောင်းထွက်သွားသော ကိုပေါက်တူးအား မကျေမနပ်မြည်တွန်တောက်တီး လိုက်မိပြန် သည် ။


    "ဒီလူကွာ ဒီလောက်ရင်းတာတောင် ငါတို့ကို မခေါ်ဘူး "


    "မယားကြောက်ကြီးကိုး သူ့မယားက မြန်မြန်ဆိုတာနဲ့ တန်းမြန်တာ "


    "မင်း ဘာပြောတာလဲ ပေတူး "


   "အိမ်မြန်မြန် ပြန်ခဲ့လို့ ပြောတာကွာ မင်းတို့ကလည်း ပြန်ရှင်းပြနေရသေးတယ် အရေးထဲ "


    "အေးပါကွာ မင်းကစိတ်တိုရင်လည်း ကိုယ့်အချင်းချင်းတွေကိုပဲ ပြန်ဟောက်နေတယ် "


    သူတို့သည် အချင်းချင်းစကားများဆိုကာ ကိုဘိုမောင်ကြီး တဲဆီသို့ ထွက်သွားလိုက်ကြပါလေတော့သည်။


◾အခန်း (၅)


      ပြောင်းဖူးများခြောက်များ ချိတ်ဆွဲထားသော တဲထဲတွင် လူသုံးယောက် ထိုင်နေသည်။သူတို့သည် ရေနွေးကြမ်းနှင့် ပြောင်း ဖူးခြောက်အစေ့ကို ပြုတ်ပြီး ဆီ၊ကြက်သွန် တို့ဖြင့်သုတ်ထားပြီး ရေနွေးပန်းကန်ကို လက်ကကိုင်ရင်း စကားဆိုလေည်။


     "ကိုကြီးညိုမောင် ခင်ဗျားပဲ စဉ်းစားကြည့်ဗျာ မိကျော့ပြောတာက သာအေးက သူ့ကို လာပြောတယ်တဲ့ "


    "ဘာပြောတာတဲ့လဲ ဖိုးထွေး"


    "အဲ့တာကို ကျုပ်က မေးတာကို နင်ပြောတာ နင်သိမပေါ့တဲ့လေ ကျုပ်လည်း ဘာမှ မပြောရပါဘူးဗျာ အဲ့ကောင်တွေကို"


    "မင်းက သေချာ မမေးဘူးလား "


    "မေးချိန်ကို မရဘူး ကျုပ်ကို ချိန်းပြီး ခေါင်းမွေးဆွဲတာ ဆံပင်တောင် တော်တော်ကျွတ်သွားတယ်ဗျာ "


   "သာအေးက ဘာပြောတာတဲ့လဲ "


    "ဟာ မသိပါဘူးဆို ကျုပ်လည်း သိချင်နေတာ ဒီကောင်တွေ မွှေသွားတာ လွန်နေပြီ "


      ဖိုးထွေးမှ မကျေမနပ် စကားဆိုလာပြီးနောက် ပြောင်းဖူးစေ့ ပြုတ်ကို တဇွန်းခပ် ဝါးရင်း စကားဆိုလိုက်သည် ။


    "မင်းတင် မဟုတ်ဘူး လှရင်ကိုလည်း ပြောသွားသေးတယ် ငါလည်း မေးနေတာကို ဒီကောင်‌က ပါးစပ်အရသာခံပြီး မဟုတ်တာတွေ တော်တော်ပြောတယ်ဆိုပြီး ငါ့ကိုတောင် နားဆံ မွေး ဆွဲတာကွ နာလိုက်တာ "


   "အေး ဖိုးထွေး မင်းကရော ဘာပြောတာလဲ "


    "ဘာမှ မပြောပါဘူးဗျာ ကျုပ်လည်း လှရင်ကို သေချာမေးတော့ ကြံခင်းထဲက ဘာလဲလို့ပဲ ပြန်ပြောတယ် "


     "ကြံခင်းထဲက ဘာလဲဟ ငါတောင် စိတ်ဝင်စားလာပြီ "


     "ကိုညိုမောင်ကလည်းဗျာ အဲ့တာ ဘိုးထင်တို့ကောင်တွေ ကျုပ်တို့ကို ချောက်ချသွားတာ ကျုပ် သေချာမေးပြီးပြီ ကြံခင်းထဲလို့ပဲ ပြောတယ်တဲ့ "


     "ငါလည်းမေးပြီးပြီ မိကျော့ကလည်း ငါ့ကို နင်က ကြံခင်းထဲမှာဆိုတဲ့ စကားက ဘာလဲ ငါ့အဘနဲ့တိုင်မယ် အထိ ပြောနေလို့ မနည်း ရှင်းထားရတာ အဲ့တာကြောင့်မို့ ကျုပ်တို့ ဒီနှစ်ကောင်ကို ရှာနေတာ တွေ့ ရင်တော့ကွာ ငါ့ဆံပင်မွေးကျွတ်သလောက် အဲ့ကောင်တွေကို ကျွတ်အောင် ပြန်လုပ်ပစ်မယ် "


     ဖိုးထွေးနှင့် သာရသည် မောင်ဘိုးထင်တို့ကို ရှာရင်း ဦးအုန်း ၏ သူရင်းငှား ကိုညိုမောင်ကြီး၏ တဲအတွင်းသို့ ရောက်နေခြင်းဖြစ်သည်။အမှန်တကယ် စားချင်သည်မှာ ကြက်ကာလသားဟင်း ဖြစ်သော်လည်း သူတို့ နှစ်ယောက်လာသည်ကို မြင်သည် နှင့် ကိုညိုမောင်ကြီးသည် တိုက်ကြက်ဖ ချန်ထားသည် တကြောင်း၊ဥအကုန်ဥနေသည့်တို့အပြင် သားမခွဲသေးဘူး မီးကောင် မပေါက်သေးဘူးဟု ကြိုတင်၍ အနုနည်းနှင့် ငြင်းချက်ထုတ်ထားပြီး တဲတွင် အပေါဆုံးဖြစ်သော ပြောင်းဖူးစေ့ခြောက် ပြုတ်ကျွေးလေသည်။နေပူပူတွင် ပြောင်းဖူးပြုတ်သုတ်လေးနှင့် ရေနွေးက လို

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

"တစ်ပတ်လည်လာသော ဝဋ်နာ"