မေတ္တာမျက်ဝန်း(စ/ဆုံး)

 မေတ္တာမျက်ဝန်း(စ/ဆုံး)

——————-

ဒီနေ့တော့ကိုလှအောင်ပြန်လာတာစောလို့သူ့ဇနီး ခင်စောကအံ့ဩနေတယ်၊မျက်နှာလည်းမကောင်းပါလား၊မေးကြည့်မယ်ဆိုပြီး

“ကိုလှ ဘာလို့အစောပြန်လာတာလည်းဟင်”

“သိပ်နေမကောင်းလို့ပါဟာ”

“အော် ဒါဆိုလည်းခဏနား ပြီးရင်ကျမ ဗူးညွန့်လေးကြော်ချက်ချက်ပေးမယ် ပူပူလေးစားရအောင်”

“ရင်ပြည့်နေလို့ဟာ သားပြန်လာရင်ကျွေးလိုက် ငါ နားချင်လို့”

ခင်စောလည်း ဘာမှဆက်ပြောမရလို့ အဝတ်တွေရုတ်သိမ်းပြီးမီးပူတိုက်နေလိုက်ပါတယ်၊ခဏနေတော့သားအောင်ကျော်လေးပြန်လာလို့ ရေမိုးချိုးပြီး ထမင်းစားဖို့ပြင်တော့

“အမေ အဖေနေမကောင်းဘူးလား အခန်းထဲမှာငြိမ်နေတယ်”

“အေး အမေလည်းအဲဒါစဉ်းစားနေတာ သွားခေါ်ခဲ့ထမင်းစားရအောင်”

အောင်ကျော်ကအဖေကိုသွားခေါ်လာတော့မှကိုလှအောင်လိုက်လာပြီးထမင်းစားပါတယ်၊ ခဏတဖြုတ်တီဗီကြည့်ပြီးဘုရားရှိခိုးအိပ်ယာဝင်သွားပါတယ်၊ခင်စောလည်း အလုပ်ထဲတယောက်ယောက်နဲ့ပြဿနာတက်လာတယ်ထင်ပါရဲ့လို့သာတွေးနေမိတော့တယ်။

ကိုလှအောင်ကဘွဲ့ရပြီးအစိုးရဌာနတစ်ခုမှာစာရေးဝန်ထမ်းလုပ်နေစဉ် ဘဝတူစာရေးဝန်ထမ်းခင်စောနဲ့အိမ်ထောင်ကျပါတယ်၊သားလေးမွေးပြီးလစာနဲ့မလောက်တာကြောင့်အစိုးရဌာနကထွက်ပြီး သွင်းကုန်ထုတ်ကုန်ကုမ္ပဏီတခုမှာအလုပ်လုပ်ပါတယ်။

အောင်ကျော်လေး ဆယ်တန်းအောင်ပြီး ကုမ္မဏီအရောင်းဝန်ထမ်းလေးလုပ်ရင်းအဝေးသင်ဖြေတော့တဖက်တလမ်းဝင်ငွေရသလို ခင်စောကလည်းမူလတန်းကလေးလေးတွေကျူရှင်ပြပါတယ်၊သင်ကြားရေးအလုပ်ဝါသနာပါတာကြောင့်ခင်စောတစ်ယောက်လူမှန်နေရာမှန်ဖြစ်သွားပါတော့တယ်။

****************
ခင်စောကမနက်ဆိုအစောထရတယ်၊ရပ်ကွက်ဈေးလေးထဲကောင်းနိုးရာရာအသီးအရွက်လေးဝယ်ပြီးအောင်ကျော်နဲ့ကိုလှအတွက်ထမင်းဗူးစီမံရပါတယ်၊သူတို့နှစ်ယောက်ထွက်သွားမှအိမ်ရှင်း အဝတ်လျော် မီးပူတိုက် ကလေးလေးတွေနေ့လည်ရောက်လာရင်စာသင်ရပါတယ်၊နေ့တပိုင်းတက်ရသောကလေးများမို့နေ့လည်၁၂နာရီကျောင်းဆင်းရင် ထမင်းစားပြီးခင်စောဆီအိမ်စာလာလုပ်ကြ အင်္ဂလိပ်စာသင်္ချာကျွမ်းကျင်အောင်သင်ပေးတာမို့မိဘများက ခင်စောဆီလာပို့ကြပါတယ်။

စေတနာကောင်းတဲ့ခင်စောတစ်ယောက်ကမိဘများတတ်နိုင်သလောက်ကန်တော့တာကိုယူပါတယ်၊ကြေးသတ်မှတ်မထားပါဘူး၊အချို့မိဘတွေကခြံထွက်အသီးအနှံလေးတွေပေးပြီးသင်ကြပါတယ်၊ပညာဒါနပေါ့။

ကိုလှအောင်က အချိန်မှန်ရုံးသွားတယ်၊ပြန်လာတယ်၊အရင်လိုစကားများများမပြောလို့ခင်စောလည်းအလိုက်တသိနေလိုက်ပါတယ်၊သူ့ဖာသူစိတ်ဖိအားများနေတာထင်ပါရဲ့လိုပါပဲ၊အောင်ကျော်လေးကတော့ရသမျှလစာလေးအပ်ပါတယ်၊ပြီးမှလိုသလောက်လေးပြန်တောင်းတယ်၊ခင်စောကလည်းကျူရှင်လစာလေးနဲ့မို့အဆင်ပြေပါတယ်၊ကိုလှကအရင်လတွေကဆိုလကုန်ရင် လခကိုသုံးပုံနှစ်ပုံအပ်တယ်၊ကျန်တာသူလိုတာလေးဝယ်ဖို့ သူ့ဆွေမျိုးနေမကောင်းရင်ထောက်ပံ့ဖို့နဲ့သူငယ်ချင်းတွေကိုလက်ဘက်ရည်တိုက်ဖို့ချန်ထားလေ့ရှိပါတယ်။

ဒီလတော့ ခင်စောဆီလစာမအပ်တော့ ခင်စောလည်းသိချင်နေမိတယ်။

“ကိုလှရေ ကိုလှ ရှင် ဒီလ လစာ ကျမကိုမအပ်သေးဘူးနော် စားဖို့ကကျမလခနဲ့အောင်ကျော်လခကရပေမယ့်အိမ်လခ မီတာဖိုး ဖုံးဘိုးကရှင့်လစာနဲ့ပေးရတာလေ”

“အေးပါဟာ ငါဒီလသုံးစရာလေးရှိလို့နောက်လမှအပ်မယ်နော်”

ပြောပြောဆိုဆိုနဲ့ကိုလှအောင်ထွက်သွားပါတယ်၊အသောက်အစားမရှိသူ မိန်းမလည်းစိတ်မဝင်စားသူမို့ ဘာများပါလိမ့်စဉ်းစားရင်း အလုပ်တွေလုပ်နေလိုက်ပါတော့တယ်။

********************

လသာကုန်သွားရောကိုလှအောင်လစာမအပ်သေးပါ၊ခင်စောလည်း သိချင်လာမိတယ်၊တစ်လလုံး လစာမအပ်ဘူး၊လောင်းကစားတွေလုပ်ပြီးအကြွေးတွေဆပ်ဖို့များရှိနေလား၊စဉ်းစားရင်းခင်စောတစ်ယောက်မနေနိုင်တော့တာနဲ့ ကုမ္ပဏီကိုလိုက်သွားပါတော့တယ်၊ပုံမှန်အားဖြင့်ခင်စောကခင်ပွန်းသည်ရဲ့ကုမ္ပဏီကိုလိုက်လေ့မရှိတာကြောင့် ဝန်ထမ်းများကလည်းခင်စောကိုမသိကြပါ၊ကုမ္ပဏီရုံးခန်းထဲဝင်တော့ ဧည့်ကြိုကောင်တာကကလေးမလေးက

“အံတီ ဘယ်သူနဲ့တွေ့ချင်လို့ပါလည်း”

“ဦးလှအောင်နဲ့တွေ့ချင်တာပါသမီးလေး အံတီကသူ့ဇနီးပါ”

“ဟင် အံကယ်ဦးလှအောင်ကပြီးခဲ့တဲ့လကတည်းကအလုပ်ထွက်သွားပါပြီ အံတီမသိဘူးလားရှင်”

“ဟယ် မသိဘူးသမီးရယ် သူဘာလို့အလုပ်ထွက်တာလည်း”

“ကုမ္မဏီကစီးပွားမကောင်းလို့ ဝန်ထမ်းလျှော့တဲ့အထဲပါသွားတာပါအံတီ”

ခင်စောလည်းဘာလုပ်ရမယ်မသိတော့လို့ပြန်ထွက်လာရင်း နေ့တိုင်းထမင်းဗူးလေးယူပြီးအိမ်ကထွက်သွားတဲ့ကိုလှရဲ့မျက်နှာလေးကိုမြင်နေမိတယ်၊သူဘယ်တွေသွားနေပါလိမ့်၊စဉ်းစားမိတော့ ကိုလှရဲ့ဦးလေးကကျောင်းထိုင်ဘုန်းကြီးမို့ အဲ့ဒိကျောင်းတိုက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

ကျောင်းတိုက်ထဲဝင်တော့လှေကားထစ်မှာကိုလှရဲ့နွမ်းဖတ်နေတဲ့ဘိနပ်လေးချွတ်ထားတာတွေ့တယ်၊သေချာပြီ သူဒီမှာပဲ၊ခင်စောလည်းအမြန်‌တက်သွားလိုက်တော့ ဦးလေးဘုန်းကြီးချေသလုံးကိုနှိပ်နယ်ဝတ်ဖြည့်နေသောကိုလှကိုတွေ့ရပါတော့တယ်။

“ကိုလှ ”

“ခင်စော ဘာလို့လိုက်လာတာလည်းဟာ”

ခင်စောလည်းဘာမပြောညာမပြောနဲ့ငိုချလိုက်တော့ဦးလေးဘုန်းဘုန်းက

“ဒကာမလေးရယ် ဝမ်းမနည်းပါနဲ့ ဒကာလှက ဝန်ထမ်းလျှော့တဲ့ထဲပါလို့အလုပ်ပြုတ်တာဒကာမလေးတို့သားအမိမသိစေချင်လို့ထမင်းဗူးလေးယူပြီးရုံးတက်ဟန်ဆောင်ရင်းဘုန်းဘုန်းဆီရောက်လာတာ၊နောက်အလုပ်တစ်ခုလည်းဘုန်းဘုန်း ကျောင်းဒကာကြီးအသိဆီမှာပြောထားပေးတယ် မကြာခင်ရမှာဒကာမ ဝမ်းမနည်းနဲ့”

“တပည့်တော်မ ဝမ်းနည်းတာ အလုပ်ပြုတ်တာကိုဝမ်းနည်းတာမဟုတ်ဘူးဘုရား တပည့်တော်မတို့ကိုဖွင့်မပြောဘဲတစ်ယောက်တည်းကြိတ်ခံစားနေတာကိုဝမ်းနည်းတာဘုရား တပည့်တော်မတို့ကအေးအတူပူအမျှဘဝခရီးကိုဖြတ်ကျော်ဖို့ဆုံးဖြတ်ထားသူတွေပါဘုရား”

“အေးပါခင်စောရယ် ငါမှားပါတယ်ဟာ နင်တို့သားအမိဝမ်းနည်းမှာစိုးလို့ နောက်ထပ်အလုပ်တခုမရမချင်းရုံးချိန်ကိုဘုန်းဘုန်းဝေယျာဝစ္စလုပ်ရင်း တရားလာအားထုတ်နေတာပါ ”

“ကျမကိုပွင့်ပွင့်လင်းလင်းပြောပါလားကိုလှရယ် ကျမတို့သားအမိရှာတဲ့ငွေနဲ့ခဏထိမ်းထားမှာပေါ့ ရှင့်စိတ်ထဲဘာမှမဖြစ်နဲ့ တရားအားထုတ်ချင်လို့ဘုန်းဘုန်းဆီနေချင်လည်းနေ ဒါမှမဟုတ်အိမ်မှာနားချင်နား ရှင်ဖတ်ချင်တဲ့စာအုပ်တွေတဝကြီးဖတ်ရင်း နောက်အလုပ်တစ်ခုစောင့်ကြတာပေါ့”

ပြောပြောဆိုဆိုနဲ့လင်မယားနှစ်ယောက်ဘုန်းဘုန်းကိုဦးချပြီးပြန်သွားကြပါတယ်၊ကိုလှအောင်ရဲ့ရင်ထဲကပူပန်သောကတွေကိုခင်စော
ကမေတ္တာမျက်ဝန်းကအကြည့်လေးနဲ့တင်အေးချမ်းစေခဲ့ပြီ၊အမရာကန္နရီမဒီသမ္ဘူ ထက်ပင်ခင်စောရဲ့မေတ္တာကြီးမားလွန်းလှပါလားလို့ကိုလှအောင်တစ်ယောက်တွေးနေမိပါတော့တယ်။

*******************
#တိုးစန္ဒာဦး — with Thaung Wynn and Ko Win Thein.