အဖြေ (စ/ဆုံး)
———
“Sign off လုပ်မယ့်Crewတွေ Captainရုံးခန်းကိုလာခဲ့ကြပါ၊စာရွက်စာတမ်းလက်မှတ်တွေနဲ့ leavepay money ရော အခုလအတွက်လစာငွေတွေပါ ထုတ်ပေးပါမယ်”
PA ကနေ Third Officer ကကြေငြာနေသည်။
ညနေသင်္ဘောမထွက်ခင် Sign off(သင်္ဘောကဆင်းကြမည့်) အရာရှိ
နှင့်Crewတွေ ပြုံးပျော်နေကြသည်။
မိမိတို့ခရီးဆောင်အိတ်တွေအဆင်သင့်၊အဝတ်အစားလဲပြီး အိမ်ပြန်ဖို့အသင့် ဖြစ်နေကြသူတွေ တပျော်တပါးဖြင့် သူကြီးအခန်းသို့ချီတက်လာကြသည်။အိမ်ပြန်ကြမည့်သူများထဲတွင် ချက်ကြီးထင်ပေါ်(ChiefCook) ကတော့မပျော်နိုင်ရှာပါ။သူတို့အဖွဲ့နောက်မှာ သင်္ဘောမှာကျန်နေကြအုံးမည့် Crewသုံးလေးယောက်ပါကပ်လိုက်လာသည်။
သူတို့ကိုလှည့်ကြည့်ရင်းထင်ပေါ်မချိပြုံးလေးပြုံးပြလိုက်သည်။
*********
Leavepay moneyက တစ်လကိုဒေါ်လာတစ်ရာ့နှစ်ဆယ်ဖြတ်တော့ ကိုးလအတွက်ဒေါ်လာတစ်ထောင့်ရှစ်ဆယ်ရသည်။sign offလုပ်မှ ပြန်ပေးသည့်ငွေကြေးဖြစ်သည်။
ယခုsign off လုပ်မည့်လကဆယ့်ငါးရက်ဖြစ်သဖြင့် သူ့လစာထောင့်ခုနှစ်ရာမှာ လတစ်ဝက်စာ ဒေါ်လာရှစ်ရာ့ငါးဆယ်ရပါသည်။
အားလုံးပေါင်းနှစ်ထောင်ပင်မပြည့်။
Captainနှင့်ကုန်း၃တို့က တစ်ယောက်ချင်းစီကိုလက်မှတ်စာရွက်စာတမ်းနှင့်ရသင့်ငွေများ တိတိကျကျထုတ်ပေးပါသည်။
Galley Dept မှ Chief Cookကနောက်ဆုံးမှထုတ်ပေးပါသည်။Crew listမှာ ရှိသည့်အစဥ်အတိုင်းပေးခြင်း
ဖြစ်ပါသည်။
အားလုံးထုတ်ပေးပြီးသည့်အရာရှိ
နှင့်Crewနှစ်ယောက်ရော ကျန်နေအုံးမည့်Crewလေးယောက်က သူကြီးအခန်းဝင်ပေါက်ဝမှာ ထင်ပေါ်ကိုစောင့်နေကြသည်။
ထင်ပေါ်ကိုသူကြီးကစာရွက်စာတမ်းလက်မှတ်နှင့်ရသင့်ငွေများထုတ်ပေးပြီး
တော့
“Chief cookရေ၊နောက်အခေါက်တွေ
ကိုယ်ရှာထါးသမျှအဖတ်တင်ပါစေကွာ၊
ပင်လယ်ထဲမှာစီးပွားရှာရတာပင်ပန်းပါတယ်၊”
သူကြီးကတိုတိုပဲဆုံးမပါသည်။
“ဟုတ်ကဲ့ပါ Captain ၊ကျွန်တော့်ကိုခွင့်ပြုအုံး”
အခန်းအပြင်ရောက်တော့ ငွေချေးထားသူတွေကို ရော့အင့်ရော့အင့်နှင့်ပေးလိုက်တာငွေရှစ်ဆယ်ပဲကျန်တော့သည်။
“အေးကွာကိုချက်၊အိမ်ပြန်ရောက်ရင်ဝင်ငွေမရှိတော့ဘူးနော်၊ဒီအလုပ်တွေဆက်မလုပ်နဲ့တော့၊ငါတို့လည်းကိုယ့်ချွေးနည်းစာငွေကို ပြန်တောင်းရတာအားနာပါတယ်ကွာ”
ငွေရှစ်ဆယ်နှင့်အိမ်ပြန်ရတော့မယ့်ဘဝ။
သမီးလေးအတွက်ချော့ကလက်ပင်ဝယ်နိုင်တော့မည်မထင်တော့ပါ။
********
တစ်လုံး၊နှစ်လုံး၊သုံးလုံးနှင့်ဘောလုံး
ပွဲတွေ၊ဖူဆယ်ပွဲတွေ၊လောင်းကစားနည်းမျိူးစုံတွေက ဖုန်းထဲမှာ အဆင်သင့်။
ရောက်စသုံးလေးလကတော့ နားမလည်သေး။နောက်တော့ ဝါသနာရှင်တစ်ချို့
၏အဆွယ်ကောင်းမှုဖြင့် ကစားတတ်လာသည်။Kpayထဲကနေလောင်းကစာappထဲဝင်ပြီးနည်းနည်းကစ၍
နိုင်တစ်လှည့်ရှုံးတစ်လှည့်ဖြင့် အင်တာနက်ရနေသမျှ ကစားနေမိသောထင်ပေါ်ဖြစ်လာခဲ့သည်။
“ဟင်းချက်လက်ရာကောင်းတယ်”
ဟုနံမည်ရသောထင်ပေါ်က အိမ်မှာသိပ်မနားရပါ။သင်္ဘောတွေက သူ့ကိုခေါ်ချင်ကြသည်။စေတနာလည်းကောင်း
လက်ရာလည်းကောင်းတော့ သည်ကုမ္ပဏီမှာ ထင်ပေါ်က နံမည်ရစားဖိုမှူးတစ်ယောက်ဖြစ်လာသည်။
ဒီသင်္ဘောရောက်တော့ရောက်စသုံးလေးလမှာ အလုပ်တာဝန်ကျေပြွန်စွာနှင့်စားသောက်ဖွယ်ရာကောင်းများကြောင့်
အားလုံးသူက ချစ်ခင်လေးစားကြသည်။
နောက်တော့
“ဒီနေ့ အာဆင်နယ်ကလောင်းမယ်၊
ရီးရဲကလောင်းမယ်၊နှစ်လုံးနေ့လည်ဂဏန်းက ၅ အပိုင်ပဲ၊ညနေတော့မတွက်ရသေးဘူး၊သုံးလုံးဂဏန်းက ဘရိတ်တစ်ဆယ် ”
“ဆလော့ဂိမ်းလေးလှည့်အုံးမယ်”
“ရှမ်းကိုးမီးကလည်းကစားလို့ကောင်းပါ့”
နည်းနည်းကနေများများလာရင်း အိမ်ကိုပို့သည့်လစာငွေတွေ နည်းလာခဲ့သည်။
နည်းယုံမကတစ်ချို့လတွေအကြွေးဆပ်ရင်းကုန်ပြန်သည်။
*******
“ဟင်းတွေကကိုချက်ရောက်စကလက်ရာကိုမမီတော့ဘူး၊ဘယ်လိုဖြစ်တာလဲ၊”
“Breakfast(မနက်စာ)ကခုနှစ်နာရီခွဲမှရတော့တယ်၊အိပ်ရေးမဝလို့လား၊သင်္ဘောမှာအချိန်နဲ့အလုပ်လုပ်ရတာ၊တစ်ကြိမ်နှစ်ကြိမ်ဆိုရင်ခွင့်လွှတ်လို့ရသေးတယ်၊အခုတော့များလာပြီ”
“သစ်သီးတွေကပန်းသီးတစ်မျိုးပဲကျွေးတော့တာလား၊ကျန်တဲ့သစ်သီးတွေလည်းကျွေးပါအုံး၊ဆလော့ဂိမ်းချည်းပဲလှည့်မနေနဲ့”
စသည့်Complainတွေကို ထင်ပေါ် ဂရုမစိုက်တော့ပါ။
တစ်ခိုင်လုံးရွှေသင်္ဘောမှာ မြန်မာအစားအစာ၊မြန်မာမုန့်၊ကိတ်မုန့်ပေါင်မုန့်ပီဇာကအစ ကျွမ်းကျင်သောထင်ပေါ်တစ်ယောက် နံမည်ပျက်လာတော့သည်။
သူနှင့်တွဲရသည့်လက်ထောက်ကလည်း ထင်ပေါ်အလုပ်တွေကိုပါကူလုပ်ပေးလာရတော့ မကြာခဏစကားများကြရသည်။
“ဆရာချက်အလုပ်တွေကျွန်တော်တတ်နိုင်သလောက်ပဲလုပ်ပေးနိုင်မယ်၊ကျွန်တော်လည်းစားပွဲထိုးရ၊သန့်ရှင်းရေးလုပ်ရနဲ့ပင်ပန်းတယ်ဗျာ”
တကယ်တော့တစ်ခိုင်လုံးရွှေမို့ တစ်ဦး
နှင့်တစ်ဦးဖေးဖေးမမ ရှိကြပါသည်။
တရားလွန်အကျင့်ပျက်လာတာ
ကြာလာတော့လည်း ပေါက်ကွဲသံစဥ်တွေကြားလာရသည်။
******
“ကိုကို၊ဒီလ လစာမပို့ဘူးလား၊အိမ်အသုံးစာရိတ်ပြတ်နေပြီ”
“ပြီးခဲ့တဲ့လကပို့တဲ့ငွေဘယ်ရောက်ကုန်တာလဲ၊ငါလည်းသင်္ဘောမှာသုံးစရာရှိလို့သုံးတာပေါ့၊လောလောဆယ်ငါ့kpayထဲကိုငါးသိန်းထည့်ပေး”
“ဘယ်ကရတဲ့ငွေနဲ့ထည့်မှာလဲ၊ဒီမှာတောင်မရှိလို့အမေဆီကခဏလှည့်ထားရတာ၊ကလေးတွေကျောင်းစာရိတ်ကရှိသေးတယ်”
“မင်းအမေဆီကငါးသိန်းချေးပြီးငါ့ဆီလွှဲပေးလိုက်၊နောက်လပြန်ဆပ်မယ်”
အိမ်ထောင်ရေးလည်းအဆင်မပြေမှုတွေ
နှင့်ထင်ပေါ်တစ်ယောက်မထင်ပေါ်နိုင်တော့ပါ။
**********
သင်္ဘောGangway လှေခါးကဆင်းတော့ တော့ခြေလှမ်းတွေ နှေးကွေးလွန်းနေသည်။တကယ်တော့အိမ်မပြန်ချင်သေး။ငွေမပါဘဲအိမ်ပြန်ရမှာ ရှက်သလိုခံစားရသည်။
Contractကပြည့်လို့လဝက်ပင်စွန်းနေပြီ။Changeမည့်လူစားလည်းရောက်ပြီဆိုတော့အိမ်ပြန်ရတော့မည်။ policy
အရ Contractအတိုင်းသာအလုပ်လုပ်ခွင့်ပေးသည်။
Extension နှစ်လလောက်ရမလားဟုသူကြီးအားမေးကြည့်တော့ နံမည်ပျက်နေသည့်ထင်ပေါ်ကို ဆက်လုပ်ခွင့်မပေးတော့ပါ။
Gangway ကဆင်းပြီးလာကြိုနေသည့်ကားပေါ်တက်လိုက်သည်။
“အိမ်ရောက်ရင် ဘဲကင်သွားစားမယ်”
“တင်တင်အေးမုန့်ဟင်းခါးသွားစားမယ်”
“ဒံပေါက်သွားစားမယ်”
“တရုပ်တန်းမှာအခေါက်ကင်သွားစားမယ်”
“ဓနုဖြူဒေါ်စောရီမှာပုဇွန်ဆီပြန်နဲ့သွားစားမယ်”
တကယ်တော့ဒီဟင်းတွေကို ထင်ပေါ့်လက်ရာတွေကထပ်တူမီနိုင်ခဲ့သည်။
အခုတော့ ဘယ်သူမပြုမိမိမှုကြောင့်
အားလုံး၏မေတ္တာတွေပျက်ယွင်းခံခဲ့ရပြီ။
အိပ်ရေးတွေပျက်၊ငွေတွေကုန်ရုံသာမက အလုပ်တာဝန်တွေလစ်ဟင်းရသည်။
ရန်ကုန်ပြန်ရောက်လျှင်ရုံးက်ုသတင်းပို့ရမည်။
အရင်အခေါက်တွေက သူကြီးတွေ၏ ရာနှုန်းပြည့်နီးပါးထောက်ခံချက်ကောင်းတွေဖြင့်မျက်နှာပွင့်ခဲ့ရသည်။
အိမ်မှာတောင်သိပ်မနားရပဲသင်္ဘောတက်ရတာများသည်။
အခုတော့ထင်ပေါ်ဂုဏ်သတင်းက မမွှေးပဲအပြစ်အနာအဆာတွေတစ်ပုံကြီးဖြစ်နေပါပြီ။
ထင်ပေါ်အသက်လေးဆယ်မပြည့်သေး။
စွဲလန်းမိနေသည့်လောင်းကစားကို စွန့်လွှတ်မှတော်ရော့မည်။
ကားက
လေဆိပ်သို့ရောက်လာသည်။
နောင်တတွေနှင့်အတူဒေါ်လာရှစ်ဆယ်ကိုကိုင်ရင်း သမီးအတွက်ချော့ကလက်ဝယ်ရန်Duty Free Shopသို့သွားလိုက်သည်။
ချော့ကလက်ဖြင့်မျက်နှာလုပ်ရပေတော့မည်။
ပင်ပန်းကြီးစွာဖြင့်ပင်လယ်ထဲမှာရှာဖွေခဲ့သောလက်ကျန်ငွေဒေါ်လာရှစ်ဆယ်က
နောင်တဟူသောအဖြေသာဖြစ်ပါလိမ့်မည်။
မေတ္တာဖြင့်
မွန်းသည်းအိမ်
8/2/26