သူ့အတွေး(စ/ဆုံး)

 သူ့အတွေး(စ/ဆုံး)

—————
ကျွန်တော်တို့အိမ် ခြေရင်းရှိ ခြံကွက်ကို ရောင်းလိုက်ပြီဟု သိရသည်။ နောက်ရောက်လာမည့်သူတွေမှာ မည်သူတွေဖြစ်မည်နည်းဆိုခြင်းကို စိတ်ဝင်စားမိသည်။

အသက် ၆၀ ကျော်အရွယ်၊ ပိန်ပိန်ပါးပါး၊ ခေါင်းကို ပြောင်နေအောင်ဖြီးထားသည့် လူကြီးတစ်ဦးသည် နေ့စဉ်လို ရောက်လာပြီး ခြံရှင်းသည်၊ မကြာမီအိမ်ဆောက်သည်။ သူ့လက်သမားအဖွဲ့တွေနှင့်သူ အိမ်လာဆောက်ခြင်း ဖြစ်သော်လည်း ကျွန်တော်တို့အိမ်မှ ရေယူခြင်းအပြင် အခြားလိုအပ်သည်များကို အကူအညီတောင်းသည်။

ကျွန်တော့်အဖေနှင့်အမေကား တစ်နေကုန်အိမ်မှာမရှိ။ သူတို့က ဈေးထွက်ရသောကြောင့် ညနေစောင်းမှ ပြန်လာတတ်သည်။ ထိုစဉ်က ကျောင်းပိတ်ထားသဖြင့် အိမ်တွင်ကျွန်တော်ကအမြဲရှိသည်။ စာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ်ဖတ်ကာနေမိသည်။

တစ်နေ့တွင် ကျွန်တော် ပက်လက်ကုလားထိုင်တစ်လုံးနှင့်ထိုင်ပြီး စာဖတ်နေစဉ် အိမ်အောက်ကို တစ်ဖက်အိမ်မှ လူကြီးကဝင်လာသည်။ သူ့အမည်မှာ ဦးဘခင်ဖြစ်သည်။ ကျွန်တော်က

“ဦးလေး ဘာများလိုလို့လဲ” ဟုမေးလိုက်သည်။

“မလိုပါဘူးကွာ ပူလို့နေလာခိုတာ”

“ဒီပက်လက်ကုလားထိုင်မှာ ထိုင်ပါခင်ဗျာ”

“မထိုင်ပါဘူးကွာ … မင်းထိုင်နေတာကို”

“ထိုင်ပါ ကျွန်တော် တစ်လုံးသွားယူပါ့မယ်။ အိမ်ပေါ်မှာ နောက်တစ်လုံးရှိသေးတယ်”

သူက ကျွန်တော်ထိုင်ခဲ့သော ပက်လက်ကုလားထိုင်တွင် ဝင်ထိုင်သည်။ ကျွန်တော်က အိမ်ပေါ်မှ ပက်လက် ကုလားထိုင်တစ်လုံး သွားယူလာပြီး သူနှင့်မနီးမဝေးတွင်ချကာ ထိုင်လိုက်သည်။

“စာဖတ်တာ ဝါသနာပါလားကွ”

“ဟုတ်ကဲ့ ဦးလေး”

“ကောင်းတယ် … ကောင်းတယ်။ ငါလည်း စာဖတ်တယ်။ မင်းဖတ်တဲ့ ဝတ္ထုတွေတော့မဟုတ်ဘူးပေါ့”

“ဦးလေးက အိမ်ပြီးရင် မိသားစုပါပြောင်းလာမှာလား”

“အေးကွ … ငါနဲ့ ငါ့မိန်းမနဲ့ လာနေမှာ”

“သားသမီးတွေမရှိဘူးလား”

“ရှိတာပေါ့ … သားတစ်ယောက်ရှိတယ်။ မင်းအရွယ်လောက်ပဲ”

“ကောင်းလိုက်တာ ကျွန်တော်နဲ့အဖော်ရတာပေါ့”

“ငါ့သားကတော့ ပါလာမှာ မဟုတ်ဘူးကွ။ သူ့အမေနဲ့ နေခဲ့မှာ”

“ဟာ ဦးလေးစကားကြီးက တစ်မျိုးပဲ။ စောစောက ဦးလေးမိန်းမနဲ့ လာနေမှာဆို”

“အေးလေ”

“ခု ဦးသားက သူ့အမေနဲ့ နေခဲ့မှာဆိုတော့ ဘယ်လိုကြီးလဲ”

“ရှင်းရှင်းလေးပဲကွ … ခုငါနဲ့အတူလာနေမှာ နောက်မိန်းမ”

“ဪ”

“ငါ့မှာ မိန်းမနှစ်ယောက်ကွ။ မယားကြီးနဲ့ မယားငယ်ဆိုပါတော့။ ငါက တစ်အိမ်တည်း အတူတူထားတာ။ ငါအသက်ကြီးလာတော့ အေးအေးချမ်းချမ်း နေချင်လာတယ်။ ဒါပေမဲ့ မိန်းမနှစ်ယောက်က အတူတူထားလို့ ဘယ်မှာ ငြိမ်းချမ်းမှာလဲ။ ငါတစ်နေ့တော့ ဆုံးဖြတ်လိုက်တယ်။ နင်တို့နှစ်ယောက်နဲ့ ရေရှည်အတူတူနေဖို့ မဖြစ် နိုင်တော့ဘူး။ ဒါကြောင့် ငါနဲ့တစ်ယောက်ပဲ အတူတူနေမယ်။ နင်တို့နှစ်ယောက်ကို ငါငွေနှစ်သောင်းစီ ပေးခဲ့မယ်။ ငါမန္တလေးကို သွားစရာရှိတယ်။ သုံးလလောက်ကြာမယ်။ သုံးလနေရင် ပြန်လာတဲ့အခါ ဘယ်သူက ငွေကို စီစစ်ပြီးသုံးနိုင်သလဲဆိုတာ ကြည့်မယ်”

“ဒါနဲ့ ဦးလေးက ဘာများလုပ်ပါသလဲခင်ဗျာ”

“ငါကပန်းထိမ်လုပ်တယ်ကွ”

“မိန်းမတစ်ယောက်ကို ငွေနှစ်သောင်းစီပေးခဲ့တယ်ဆိုတာကို စိတ်ဝင်စားတယ်ခင်ဗျာ”

“အေး … ငွေလေးသောင်းဆိုတာ ကားကောင်းကောင်းတစ်စီး ဝယ်စီးလို့ရတယ်ကွ။ ငါလည်း မိန်းမနှစ်ယောက် ကိုစမ်းသပ်တဲ့အနေနဲ့ ရင်းနှီးလိုက်တာပဲ”

“စိတ်ဝင်စားစရာကောင်းလိုက်တာဦးလေးရာ။ ဦးလေးပြန်လာတော့ ဘာတွေဖြစ်ကုန်သလဲ သိချင်လိုက်တာ”

“ငါလည်း မန္တလေးမှာ အမွေကိစ္စအတွက် သွားရတာ။ သုံးလလို့ မှန်းထားပေမယ့် လေးလလောက်ကြာ သွားတယ်။ ငါပြန်လာတော့ ငါ့မိန်းမနှစ်ယောက်စလုံးကို အေးအေးဆေးဆေးပဲတွေ့လိုက်ရတယ်”

“သူတို့ပိုက်ဆံတွေ အကုန်လုံး သုံးလိုက်ရောလား”

“ငါ့ မယားကြီးက ငွေနှစ်သောင်းကို ရင်းနှီးပြီးတော့ စပါးပေး၊ နှမ်းပေး၊ မြေပဲပေးတွေနဲ့ ကောင်းကောင်းကို အလုပ်ဖြစ်နေတာကွ။ ငွေလည်း ထက်ဝက်လောက် တိုးပွားတဲ့အပြင် သူ့လက်ထဲမှာ ငွေတွေကိုပြနိုင်သေး တယ်”

“တော်လိုက်တာဗျာ။ ဦးလေး မယားငယ်ကရောဗျာ”

“အေး မယားငယ်က ရှိတာအကုန်သုံးဖြုန်းလို့ ကုန်သွားတဲ့အပြင် နောက်ထက် အကြွေး တစ်သောင်းလောက် တောင် တင်နေသေးတယ်”

“ဟာ ဒါတော့ဆိုးတာပေါ့ဗျာ။ ဒါဆိုရင် ရှင်းနေတာပဲခင်ဗျာ။ ဦးလေးက အိမ်ဆောက်ပြီးရင် မယားကြီးနဲ့အတူ လာနေမှာပေါ့”

“မဟုတ်ဘူးကွ … မယားငယ်နဲ့”

“ဟာ ဦးလေးကလည်း မဟုတ်တာ။ မယားကြီးက အိမ်ထောင်စီးပွားကို ထိန်းသိမ်းနိုင်တဲ့အပြင် တိုးပွား အောင်ပါ လုပ်ပေးနိုင်တယ်ဆို။ မယားကြီးကို ခေါ်လာမှာ မဟုတ်ဘူးလား”

“မဟုတ်ဘူးကွ။ ငါက ငါ့မယားကြီးအတွက် ဘာမှ ပူစရာကို မလိုတာ။ သူက လုပ်ရည်ကိုင်ရည်လည်းရှိပြီး ရှာတတ်ဖွေတတ်တော့ ငတ်မှာ မပူရဘူးလေ။ ငါ့မယားငယ်ကတော့ မလုပ်တတ် မကိုင်တတ်၊ မရှာတတ် မဖွေတတ်နဲ့ သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်လို့ကတော့ ငတ်ပြီး ဒုက္ခရောက်မှာ။ ဒါကြောင့် ငါက မယားငယ်ကို ဒီခေါ်လာပြီး အတူနေမလို့ အိမ်ဆောက်နေတာ”

ခြေရင်းအိမ် ဆောက်ပြီးသွားသည့်အခါတွင် ဦးဘခင်သည် သူ့မိန်းမငယ်ငယ်လေးကို ခေါ်လာပြီး အတူတူ နေထိုင်သည်။ သူ့အိမ်တွင် ပန်းထိမ်လည်းလုပ်သည်။ အလုပ်သမားတွေလည်း ငါးယောက်ခန့်ရှိသည်။

ဦးဘခင်မိန်းမအမည်မှာ မအေးကြိုင်ဖြစ်သည်။ မအေးကြိုင်သည် အတော်လေးလှသည်။ ဦးဘခင်ထက် အသက် ထက်ဝက်လောက်ငယ်မည်။ မနက်မိုးလင်းသည်နှင့် သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းကာ ကြော့ကြော့ လေးနေသည်။ ထမင်းဟင်းချက်ပြုတ်သည်လည်း မတွေ့ရ။ ဦးဘခင်က ကိုယ်တိုင်ဈေးသွားပြီး သူတို့အတွက်ရော အလုပ်သမားတွေအတွက်ပါ ချက်ပြုတ်ရသည်။ မအေးကြိုင်က ကြော့ကြော့လေးနေပြီး အားလုံးကို လက်ညှိုးထိုးခိုင်းသည်။

ကျွန်တော်ဆယ်တန်းအောင်ပြီးနောက် တက္ကသိုလ်တက်သည်။ ကျွန်တော်တစ်နေ့ အိမ်ပြန်လာစဉ် အမေက

“ဟဲ့ ခြေရင်းအိမ်က မအေးမြိုင် လင်နောက်လိုက်သွားတယ် သိလား” ဟုပြောသည်။

“ဟာ ဖြစ်ရလေဗျာ … ဦးဘခင်ကြီး သနားပါတယ်။ ဘယ်ကကောင်နဲ့ လိုက်သွားတာလဲအမေ”

“ဘယ်သူရှိရမှာလဲ သူတို့အိမ်မှာ ပန်းထိမ်လာသင်နေတဲ့ကောင်နဲ့ပေါ့”

“ဘကြီး သနားပါတယ်ဗျာ။ သူ့မယားကြီးက မလာဘူးလား”

“လာတာမတွေ့ဘူး။ လာမှာလည်း မဟုတ်ပါဘူး”

“ဘာဖြစ်လို့လဲအမေ”

“ခု အဲဒီသေခါနီးက နောက်မိန်းမတစ်ယောက် ထပ်ယူဦးမလို့တဲ့”

ကျွန်တော် ဦးဘခင်နှင့်တွေ့သည့်အခါတွင် မေးကြည့်မိသည်။

“ဦးလေး မိန်းမထပ်ယူဦးမလို့ဆို”

“အေးကွ”

“မယားကြီးနဲ့ သားကိုခေါ်ထားပါလား”

“သူတို့က မလာဘူးကွ”

“ဒါဆိုလည်း တစ်ယောက်တည်း အေးတာပေါ့”

“မအေးဘူးကွ … ငါက မိန်းမ မရှိရင် မနေတတ်ဘူး”

နောက်တစ်လခန့်အကြာတွင် သူကဘယ်ကမှန်းမသိသော မိန်းမတစ်ယောက်ကို ခေါ်လာပြီး အရပ်ထဲကို ဖိတ်ကာ လက်ဖက်ရည်နှင့် မုန့်များတိုက်ပြီး အသိအမှတ်ပြုခံသည်။

နောက်ထပ်အိမ်ထောင်နှင့် တစ်နှစ်မပြည့်မီမှာပင် ဦးဘခင်ဆုံးသည်။

တင်ညွန့်

၇.၃.၂၀၂၆