*နားကပ်တစ်ရံ *(စ/ဆုံး)

 *နားကပ်တစ်ရံ *(စ/ဆုံး)

———————

ကျုပ်နာမည်ဒေါ်ဖွားမြပါ
ကျုပ်အမျိုးသားနာမည်က
ကိုကြီးရွှေ တဲ့
ကျွန်မတို့အိမ်ထောင်သက် ၄၆နှစ်ရှိပါပြီ
သားသမီးနှစ်ယောက်ရှိပါတယ်
သားကြီးကတော့ အိမ်ထောင်ကျပြီး
အိမ်ခွဲနေတယ်
သမီးငယ်ကတော့ အထည်ချုပ်စက်ရုံမှာ
အလုပ်လုပ်တယ်
ကျုပ်တို့လင်မယားကို လုပ်ကျွေးနေတဲ့
အပျိုကြီးပေါ့

ကျုပ်တို့မိသားစုက
ပေ၃၀ရှိတဲ့ခြံလေးထဲမှာမျက်နှာဝ ၁၅ပေ ​
လောက်ကျယ်တဲ့အိမ်လေးဆောက်ပြီး
နေကြတာ
ကျုပ် ကစိုက်ပျိုးရေးဝါသာသနာပါသူမို့
ခြံထဲမှာ သီးပင်စားပင်လေးတွေရှိသလို
စံပယ် ဇီဇဝါ ငွေပန်းပင်လေးတွေနဲ့သိပ်အေးချမ်းတာ

ရပ်ကွက်ထဲက သူတွေရဲ့ နေ့လည်နေ့ခင်း
အပူရှောင်တဲ့နေရာလည်း ဖြစ်တာပေါ့
ကျုပ်ကလည်း သိပ်ဧည့်ခံကောင်းတာ
ရေနွေးအိုးက တော့အမြဲမပျက်စေရဘူး
သမီးလခထုတ်တဲ့ရက်လေးများဆို
လာတဲ့သူတွေကို လက်ဖက်လေးတောင်
သုပ်ကျွေးသေးတာ
ဒီခြံလေးကို ကျုပ်တို့ အိမ်ထောင်သက်
ဆယ်နှစ်လောက်နေမှဝယ်နိုင်ခဲ့တာ
ဒီခြံလေးကို ပိုင်တဲ့နေ့က ကျုပ်တို့လင်မယား
ညလုံးပေါက် စကားတွေထိုင်ပြောကြတာ
စိတ်လှုပ်ရှားရင်လည်း အိပ်မပျော်ဘူး
ဆိုတာကို အဲ့နေ့က စသိခဲ့တာပဲ

ကျုပ်တို့ အိမ်က ရပ်ကွက်ရဲ့ အဖျားမှာဖြစ်ပြီး
ခြေရင်း မှာသုံးအိမ်ရှိတယ်
ကျုပ်တို့အိမ်တွေနဲ့ ငါးပေးလောက်ရှိတဲ့
လမ်းလေးခြားတဲ့နေရာမှာ ရပ်ကွက်ထဲက
လူတွေရဲ့အားကိုးရာ သစ်စက်ကြီးရှိတယ်
ရပ်ကွက်ထဲ က ယောက်ကျားတော်တော်များများက ဒီသစ်စက်ကြီးထဲမှာပဲ သစ်ထမ်းသစ်ခွဲ အလုပ်ကိုလုပ်ကြတယ်
ကျုပ်ယောက်ကျားတော့ သစ်စက်မှာမလုပ်ဖူး
သူက လက်သမားဆရာဆိုတော့လေ
ခုတော့ လက်သမားဆရာလည်း
မလုပ်တော့ပါဘူး
အသက်လည်းကြီးပြီဆိုတော့
သမီးလုပ်စာ ထိုင်စားပေါ့
ကျွုပ်တို့မိသားစုလေးကအေးချမ်းပါတယ်
သမီးလေးကလည်း လိမ်မာရှာတော့
တစ်လလုပ်ခ တစ်လအလျှင်မှီတယ်ပြောရမှာပေါ့
ကြွေးပူ မီးပူမရှိသလို အပိုအလျှံတော့
လည်း မရှိဘူးပေါ့တော်

ကျုပ်တိုနေလာတာနှစ်သုံးဆယ်ကျော်ကာမှ
ကြားလိုက်ရတဲ့သတင်းက
ကျုပ်ခေါင်းကို မိုးကြိုးပစ်ခံရသလို
ပါပဲ
ကျွုပ်တို့ လေးအိမ်ရဲ့နေရာတွေကို
သစ်စက်ပိုင်ရှင်က သူပိုင်သတဲ့ဆိုပြီး
ရပ်ကွက် လူကြီးကိုလာပြောခိုင်းတယ်
သူတို့က ခုနေတဲ့ နေရာက ဖယ်ပေးရင်
ငွေငါးသိန်းနဲ့ နေရာအစားပေးမယ်တဲ့လေ
ပေးတဲ့နေရာကို ကြည့်ပါအုံး
တစ်ရပ်ကွက်လုံး အမှိုက်ပစ်တဲ့ အမှိုက်ပုံနေရာကို ရှင်းပြီး​နေကြရမှာတဲ့

ရပ်ကွက်လူကြီးလည်း ပြန်ရော ရပ်ကွက်
ထဲက လူတွေ ကျုပ်တို့ ဆီကို
ရောက်လာကြတယ်
ကိုယ်ဝယ်ထားတဲ့မြေမို့ဖယ်စရာမလိုကြောင်းနဲ့
တရားရေးတရားရာ ဖြစ်ရင် သက်သေလိုက်ပေးမယ်လို့ အားပေးကြတာပေါ့
ဒီလိုနဲ့အခြေနေတွေက တင်းမာလာတော့
ကျန်သုံးအိမ်က အမှုဖြစ်ခဲ့ရင် ငွေကြေးမတတ်နိုင်ကြတော့လျော်ကြေးယူပြီး
ပေးတဲ့နေရာလေးကို ပြောင်းမယ်ဆိုပြီး
ဆုံးဖြတ်လိုက်ကြတယ်
ကျုပ်​ယောက်ကျားကိုကြီးရွှေက တော့
သူချွေးနည်းစာနဲ့ဝယ်ထားတာမို့
တိုင်ချင်ရာတိုင် ဆိုပြီး ကြွေးကြော်လိုက်တယ်

သစ်စက်ဘက်က ကျုပ်ကို တရားစွဲလိုက်
ပြီဆိုကြောင်း အကြောင်းကြားစာရောက်လာတယ်
ရင်ဆိုင်မယ်ပြောပေမယ့် တစ်ခါမှ
ရုံးတွေဂတ်တွေမရောက်ဖူးတော့ ကြောက်တာတော့အမှန်ပဲ
ကိုကြီးရွှေ တပည့် လှမောင်ကတော့
ကျုပ်တို့ကို အားပေးရှာပါတယ်
တရားရုံးမှာ သူသက်သေလိုက်ပေးမယ်တဲ့
သူက ဒီရပ်ကွက်ထဲရှေ့မှီနောက်မှီလေ
ကျုပ်ယောက်ကျား ကြီးရွှေကလည်း
လှမောင်အပေါ်သိပ်ကောင်းရှာတာ
ကိုကြီးရွှေ
လက်သမားလုပ်တုန်းကဆို လှမောင်မှာ
ထမင်းချိုင့်မပါတဲ့ရက်က ပိုများတာ
လှမောင် မိန်းမခင်သိန်းက
ထမင်းဟင်း ထက် ချဲဖဲ ပိုကြိုက်သူဆိုတော့ လေ

လှမောင် ထမင်းချိုင့် မပါတဲ့ရက်ဆို
​ကိုကြီးရွှေက လှမောင်အတွက်ပါ ပို
ထည်ခိုင်းတတ်တာ
ကျုပ်ကလည်း မငြိုညင်ပါဘူး
ထည့်ပေးလိုက်တာပဲ ဒါလည်းကုသိုလ်မဟုတ်လား
ကျုပ်သမီးဆို ပိုတောင်လက်ဖွာသေး
လှမောင်သားလေးကို အဖြူအစိမ်းဝယ်ပေးရ
တာနဲ့ မုန့်ဖိုးပေးရတာနဲ့
ခုတော့လှမောင်က ကိုကြီးရွှေသင်ပေးတဲ့
ပညာနဲ့လက်သမားဆရာကြီးဖြစ်နေပြီ
ဒါပေမယ့် လည်း
ခင်သိန်းဝါသနာ ကြောင့် ရတဲ့ပိုက်ဆံက
လောက်ရတယ်လို့ ကိုမရှိပါဘူး

ကျုပ်တို့ခြံဝယ်စဥ်က
စာချုပ်ရယ် စာတမ်းရယ်လို့လည်း
မရှိပါဘူး ခြံတန်ဖိုး ခြံပိုင်ရှင်
ဦးဖိုးတုတ်ကြီးကိုပေးလိုက်တယ်
ဦးဖိုးတုတ်က သားသမီးမရှိတစ်ကောင်ကြွက်သမားလည်းဖြစ် သိပ်လည်းမမာရှာတော့
ရတဲ့ ပိုက်ဆံလေးနဲ့ ဆွေမျိုးတွေရှိရာ
ကိုပြောင်းသွားတယ်
ဝယ်တုန်းက တော့ကျုပ်တို့နဲ့ နောက်မိသားစုတစ်စုက ဝယ်တာ ကျုပ်တို့ က
ပေ၃၀ယူ ပြီး ကျန်တာကို သူတို့ကယူတယ်
ဝယ်ပြီး သိပ်မကြာဘူး
သူတို့မိသားစုက ရန်ကုန်ပြောင်းတော့
ယခုလက်ရှိနေတဲ့ သူတွေကို ပြန်ရောင်းခဲ့တာ
ဒီကိစ္စ တွေ အစအဆုံးကို လှမောင်သိတော့
သူသက်သေလိုက်မယ်ဆို ကျွန်မတို့မှာ တစ်အား ရတာပေါ့လေ
ရပ်ကွက်ထဲ မှာသိတဲ့သူတွေရှိပေမယ့်လည်း
လူတွေက ရုံးကြောက်ဂတ်ကြောက်ကြတယ်
မဟုတ်လား

ကျုပ်တို့ရှေ့နေငှားဖို့
ကျုပ်ရဲ့မဂ်လာဦးနားကပ်စချွတ်ရတာပါပဲ
ကျုပ်သမီးက အပျိုလေးဆိုတော့သူနားကပ်လေးတော့မထိဘူးပေါ့
ကျုပ်တို့ဘက်ကသက်သေက တော့
လှမောင်ရယ် နောက်နှစ်ယောက်ရယ်ပေါ့
ကျန်တဲ့နှစ်ယောက်က လှမောင်လောက်
ဂဃဏနသိသူတွေတော့မဟုတ်ဘူး
ပြောရဲဆိုရဲလည်းဖြစ် သက်သေလည်း
လိုက်ပေးချင်တဲ့စိတ်ရှိသူမို့ ခေါ်လိုက်တာ
ရှေ့နေဆရာမလည်း ပြောရမယ့်စကားတွေ
သင်ပေးတာပေါ့လေ
ရှေနေ့က လည်း ပြောပါတယ်
အားမငယ်နဲ့တဲ့ သူအတတ်နိုင်ဆုံးကြိုးစား
ပေးမယ်တဲ့
ပြီးတော့လှမောင်ရှိတာလည်း ကျုပ်တို့အတွက်
တအားတဲ့လေ
အမှုတစ်ခုဖြစ်ပြီဆိုရှိတာကုန်မှ ပြီးတယ်
ဆိုတဲ့ စကားက ကျုပ်တို့မိသားစု အတွက်
နဖူး​တွေဒူးတွေ့ကို ဖြစ်လို့
ကျုပ်တို့ မထိရက်တဲ့ ကျုပ်သမီး နားကပ်လေး
ပါ ကုန်ရော

တရားခွင်မှာ
​ဗြောင်လိမ်ပြောနေတဲ့
တရားလိုဘက်က
သက်သေတွေကို ကြည့်ပြီး ကျုပ်မှာ
အံသြမဆုံးဖြစ်ရသေးတယ်
ငါ့အိမ်ကို ဝင်ထွက်နေကြပြီး ပြောထွက်လိုက်
ကြတာလို့လည်း စိတ်မကောင်းဖြစ်မိသေးတယ်
ဒါပေမယ့် လည်း
သူတို့သစ်စက်ထဲက အလုပ်သမားဆိုတော့ သူတို့ဘက်ပဲလိုက်မှာပေါ့လေလို့ဖြေတွေးလိုက်ပါတယ်

အမြဲတမ်းလာနေကြ လှမောင်တစ်ယောက်
ကျုပ်တို့ အိမ်ဘက် အလာကျဲသလိုဘဲ
နောက်ရုံးချိန်း ဆို လှမောင် သက်သေ
ထွက်ဆိုလှည့်ရောက်ပြီလေ

လှမောင် သစ္စာဖောက်တယ်
တရားခွင်မှာ ကျုပ်တို့ပြောစေချင်တာတွေနဲ့
ဆန့်ကျင်ဘက်တွေချည်းပြောတာ
ကျုပ်တို့က မတရားကျုးကျော်နေသလိုမျိုး
ရုံးချိန်းပြီးလို့
အိမ်ပြန်ရောက်တော့ တစ်ခါမှ မျက်ရည်မကျ
ဘူးတဲ့ ကိုကြီးရွှေ တောင်မျက်ရည်ကျလို့
ခြံရှုံးရမှာထက် သူ့တပည့် သူ့အပေါ်လုပ်တဲ့
လုပ်ရပ်ကို ပိုဝမ်းနည်းသတဲ့လေ

ကျုပ်တို့ကံဆိုးပါတယ်
အဲ့အမှုကြီးကို ကျုပ်တို့ရှုံးသွားတယ်
တရားသူကြီးက ကျုပ်တို့ကို နေစရာ
နေရာလေးတစ်ခု ပြန်ပေးရမယ်လို့လည်း
အမိန့်ချလိုက်တယ်

မိုးတွင်းဆို
ရေအမြဲတက်နေတဲ့ ၁၅ပေးလောက်ရှိတဲ့
ရိုးပျက်လေးက ကျုပ်တို့ နေဖို့တဲ့
ကျုပ်တို့မှာရွေးစရာ လမ်းမရှိတော့ ယူလိုက်ရ
တာပေါ့
ကျွန်မ သမီးကတော့ ကျုပ်တို့ကို
အားပေးရှာတယ်
ဒါယာယီပေါ့အမေရယ်တဲ့ နေရာလေးတစ်ခု
ဝယ်နိုင်အောင်ကြိုးစားပါ့မယ်တဲ့
လူတွေအကြောင်းကို ကျုပ်အသက်
၆၀ ကျော်၇၀မှပိုသိခဲ့ရတယ်

လှမောင် မိန်းမခင်သိန်း
ရွှေနားကပ်လေး တပြောင်ပြောင်
ခေါင်းလေးတမော့မော့နဲ့ အိမ်ရှေ့က
ဖြတ်သွားတိုင်း ကျုပ်နားကို ယောင်ယောင်ပြီးစမ်းမိနေတာကိုလည်း သတိထားရအုံးမယ်

မြဆုမွန်မွန်
20. 9. 2023