အမွေ

 အမွေ

-----

ဦးလှရွှေ ကွယ်လွန်သွားခဲ့ပါပြီ။


ရေဝေးတွင် မီးသင်္ဂြိုဟ်ကြသည်။ ထို့နောက် မိသားစုတွေ ကားဖြင့် သာကေတရှိ တိုက်ခန်းလေးကို ပြန်လာကြ သည်။


အိမ်ကိုပြန်ရောက်ကြပြီးနောက် မိခင်ကြီးက စိတ်ပန်းလူပန်းနှင့် ထိုင်နားနေစဉ် သားကြီးနှင့် သမီးလတ်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့အမေရှေ့တွင် ထိုင်လိုက်ကြသည်။


“အမေ … အမေ့ကိုပြောစရာရှိတယ်”


“ဘာပြောမလို့လဲ ပြော”


“ဒီတိုက်ခန်းကိစ္စ”


“အဲဒါကို ခုပြောမှဖြစ်မှာလားကွယ် … မင်းတို့အဖေ ဒီနေ့ အသုဘချတာလေ”


“အမေ ကျွန်တော် ဒီမှာကြာကြာမနေနိုင်ဘူး။ အလုပ်တွေက နောက်မှာပစ်ထားခဲ့ရတာ။ ရက်လည် နေ့မှပဲ လာတော့မယ်”


“သမီးလည်း ပြန်ရမယ်အမေ။ နောက်ပိုင်းမှ ကလေးတွေချည်း ထားခဲ့ရတာ”


“ကဲ တိုက်ခန်းကိစ္စ ဘာပြောမှာလဲပြော”


“ဒီတိုက်ခန်းကို ရောင်းလိုက်ပါလားအမေ။ ခုနေဆို ဈေးတွေလည်းရနေတာ”


“ငါနဲ့ အငယ်လေးက ဒီတိုက်ခန်းရောင်းပြီး ဘယ်မှာသွားနေရမှာလဲ”


“ကျွန်တော်နဲ့ ညီမလေးအိမ်မှာ တစ်လှည့်စီနေပေါ့အမေရယ်”


“ဒါဆို ရောင်းပြီးတဲ့ ပိုက်ဆံကိုကျတော့ရော”


“မောင်နှမ သုံးယောက်ရှိတာ ခွဲပေးလိုက်ပေါ့အမေရယ်”


“အိုကွယ် … ငါ့ကိုရော ဘယ်သွားထားကြမှာလဲ။ အမေဆိုတာ ငုတ်တုတ်ကြီး ရှိနေတာလေ။ မသေသေးပါဘူး ကွယ်။ သားကြီးနဲ့ သမီးရယ် နင်တို့ပါးစပ်မို့လို့ ပြောထွက်ရက်တယ်။ တကယ်ဆိုရင် နင်တို့မောင်လေးက ဒုက္ခိ တလေးပါကွယ်။ သူ့ကိုထောက်ထားကြပါဦး”


“ညီလေးကို သားတို့ခေါ်ထားပါ့မယ်အမေရယ်”


“နင်ပြောတဲ့အထဲမှာ ငါမပါသေးဘူးနော်”


“အမေက သမီးတို့နဲ့ လာနေလေ”


“ငါ့သားဒုက္ခိတလေးနဲ့ ငါ့ကို ခွဲထားပြီး တိုက်ခန်းရောင်းလို့ရတဲ့ပိုက်ဆံတွေကို နင်တို့က ခွဲယူမယ်ဆိုတဲ့ သဘောလား”


“ဒီလိုလုပ်ဖို့ပဲရှိတော့တာပေါ့အမေရယ်”


“မိုက်လိုက်တဲ့ကလေးတွေရယ် … ဒီတိုက်ခန်းလေးတစ်ခန်းဖြစ်လာအောင် မင်းတို့အဖေနဲ့ငါနဲ့ ဘယ်လောက် ရုန်းကန်ခဲ့ရတယ်ဆိုတာ သိလို့လား”


“သိပါတယ်အမေရယ် … ဒါတွေပြောမနေပါနဲ့”


ထိုအချိန်တွင် ထောင့်လေးတစ်နေရာ၌ ဘာမျှမပြောဘဲထိုင်နေသည့် မျက်မမြင် အငယ်ဆုံးသားလေးက


“အမေ … အခြေအနေအမှန်ကို ဖွင့်ပြောလိုက်ပါတော့”


“ဘာအခြေအနေလဲအမေ”


“ကဲပြောမှသိမယ့်သူတွေဆိုတော့ ပြောရတော့မယ်။ ဒီတိုက်ခန်းကလေ မင်းတို့အဖေ မသေခင်က ပေါင်ထားရတဲ့ တိုက်ခန်းကွယ့် သိပြီလား။ ခုတစ်လော အငယ်လေးကလည်း အနှိပ်သိပ်ပြီး မထွက်ရတာ ကြောင့် ဝင်ငွေမရှိဘူး။ ငါတို့ သားအမိ သားအဘသုံးယောက် ဘယ်လို နေထိုင်စားသောက်နေကြတယ်ဆိုတာ နည်းနည်းလေးများ မေးပါဦးလား သားကြီးရယ်။ ကားတိုက်ပြီးကတည်းက မင်းအဖေကို ပြုစုရတာတွေ၊ ဆေးကုရတာတွေ ထည့်တွက်ကြပါဦး”


“အကြွေးတွေက ဘယ်လောက်တောင်ရှိနေလို့လဲ။ တိုက်ခန်းက ဘယ်လောက်နဲ့ပေါင်ထားလို့လဲ”


“ငါလည်း သေသေချာချာမသိဘူး။ မင်းတို့အဖေ ကိုချစ်ခင်နဲ့ လုပ်ထားတာ သိချင်ရင် သူ့ကို သွားမေးကြည့်မှပဲ သိမယ်”


သမီးဖြစ်သူက သူ့အစ်ကိုကို ပြောလိုက်သည်။


“ကိုကို ဦးချစ်ခင်ကို သွားမေးလိုက်ပါဦး … ဒီတိုက်ခန်းကို ဘယ်လောက်တွေနဲ့ ပေါင်ထားပြီး အတိုးတွေ ဘယ်လောက်တောင် တက်နေပြီလဲဆိုတာ”


“အေးပါ ခုပဲသွားမေးလိုက်မယ်”


နောက် နာရီဝက်ခန့်အကြာတွင် ဦးချစ်ခင်နှင့် သားကြီးဖြစ်သူတို့ ပြန်ရောက်လာကြသည်။ ကိုချစ်ခင်က


“အစ်မ ခေါ်ခိုင်းတယ်ဆို”


“ငါ မခေါ်ခိုင်းပါဘူး … သားကြီးက သူ့ဘာသာသူ လာတွေ့တာပါ”


“ဟုတ်တယ်ဦးလေး … အဖေက ဦးလေးဆီမှာ တိုက်ခန်းကို ဘယ်လောက်နဲ့ပေါင်ထားပြီး အတိုးတွေ ဘယ်လောက်တောင် တက်နေပြီလဲသိချင်လို့ပါ”


“အစ်မ ကျွန်တော်လည်း လာမယ် … လာမယ်နဲ့ … ဦးလှရွှေဆုံးတော့ ဒီကိစ္စ ရှင်းမှဖြစ်တော့မယ်ဆိုပြီး လာချင်နေတာ။ ခုတော့ သားကြီးကလာပြီးခေါ်တော့ အတော်ပဲပေါ့နော်။ အမှန်အတိုင်း ပြောရရင် ဦးလှရွှေ ကျွန်တော့်ဆီက ယူထားတာ သိန်း ၆၀၀ လောက်ရှိနေပြီ။ တက္ကစီဝယ်ဖို့ချေးတာက သိန်း ၅၀၀၊ ဆေးကုဖို့ဆိုပြီးချေးတာ သိန်း ၁၀၀။ ဒီမှာ ဦးလှရွှေယူထားတဲ့ စာချုပ်စာတန်းတွေ အပြည့်အစုံရှိပါတယ်။ စာရင်းအသေအချာ လုပ်ထားတယ် ကြည့်နိုင်ပါတယ်။ အတိုးနဲ့ဘာနဲ့ဆိုရင် စုစုပေါင်း သိန်း ၈၀၀ လောက်ရှိ မယ်။ ဘာလဲ အစ်မ ကျွန်တော့်ကို အကြွေးဆပ်မလို့လား”


“အမေရယ် ဘယ်လိုဖြစ်ရတာလဲ … ဒီတိုက်ခန်းက ခုနေကာလပေါက်ဈေးနဲ့မှ သိန်း ၇၅၀ လောက်ပဲတန်တာ။ ဘယ်လိုတွေ လုပ်ထားကြတာလဲအမေ”


“ဒီလိုပဲလေ … ကားတိုက်ပြီးကတည်းက မင်းအဖေကိုဆေးကုရတာတွေ ထည့်တွက်ကြပါဦး”


“ကဲ ကျွန်တော်ကတော့ သိန်း ၈၀၀ ပြန်လိုချင်တယ် အစ်မရေ။ ဦးလှရွှေလည်းသေပြီဆိုတော့ ကျွန်တော့် အကြွေးတွေကို ပြန်ဆပ်နိုင်ရင် ပြန်ဆပ်၊ ပြန်မဆပ်နိုင်ရင်တော့ ကျွန်တော် ဒီတိုက်ခန်းကို သိမ်းရပါလိမ့်မယ်။ ရက်လည်ပြီး တစ်ပတ်ကြာရင် ဖယ်ပေးပါ။ ကျွန်တော်တိုက်ခန်းလာယူမယ်”


“ကဲ … တွေ့ကြပြီလား … ငါတို့ သားအမိသားအဘသုံးယောက် ဘယ်လိုတွေ ရင်ဆိုင်နေကြရသလဲဆိုတာ။ ဒါကိုတော့ မင်းတို့မမေးဘူး။ တိုက်ခန်းကို ရောင်းဖို့ပဲပြောနေကြတယ်။ ခုဆို ငါနဲ့ သားငယ်လေး နေစရာ မရှိ တော့ဘူး။ ဘာလုပ်ကြမလဲ။ သားကြီးနဲ့ သမီး သိန်း ၈၀၀ တဲ့ကွယ်။ မင်းတို့ စိုက်ပေးကြပါလား။ အမေနဲ့ အငယ်လေး နေစရာမရှိတော့ဘူးလေ”


“အဲဒီလောက်အထိတွေ ဖြစ်နေမှန်း မသိလို့ပေါ့အမေရာ”


“ဟုတ်ပြီ ခုတော့ သိပြီလေ … မင်းတို့ အမေ့ကို ဘယ်လိုစီစဉ်ပေးကြမလဲ”


“ကျွန်တော်တို့ တိုင်ပင်ပါဦးမယ်အမေရာ။ ကဲ မိုးချုပ်နေပြီ သားတို့ပြန်ဦးမယ်”


“သမီးလည်း ပြန်တော့မယ်”


အမွေတောင်းသူနှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် တိုက်ခန်းပေါ်က ဆင်းသွားကြသည်။


သူတို့အားလုံးမရှိမှ ဦးချစ်ခင်က


“အစ်မရယ် တော်တော်တရားကျဖို့ကောင်းပါလား …. အစ်မဆီက အမွေတောင်းနေကြတာလား”


“အေးလေ … ဒီတိုက်ခန်းကိုရောင်းတဲ့ … သူတို့ဆီလိုက်နေတဲ့”


“မိုက်ရိုင်းလိုက်ကြတဲ့ သားသမီးတွေ။ ကိုလှရွှေ သိပ်တော်တယ်”


“ဘာတော်တာလဲ မောင်ချစ်ခင်”


“ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ ကြိုမြင်ပြီးသားအစ်မရေ။ သူမသေခင်က ငါသေရင် အဲဒီလိုတွေ ဖြစ်လာနိုင်တယ် ဆိုပြီးတော့ သူက အကွက်ကျကျ စီမံသွားတယ်။ အစ်မတို့ တိုက်ခန်းပိုင်ဆိုင်မှု စာချုပ်အစစ်တွေက ဗီရိုထဲမှာ ရှိလိမ့်မယ်။ ဒါက အတုတွေ။ ကျွန်တော့်ကို အစ်ကိုလှရွှေက စနစ်တကျနဲ့ စီစဉ်ပေးသွားတာ။ သူကားဝယ်တဲ့ ငွေကိုလည်း ကျွန်တော့်ကို အကျေပေးသွားတယ်။ ဆေးကုဖို့ချေးတယ်ဆိုတာ မဟုတ်ဘူး။ ကားကတော့ တိုက်ပြီး ပြန်လုပ်ရဦးမယ်။ ကျွန်တော်အမှုတွေရှင်းပြီးရင် ရသလောက်နဲ့ ရောင်းပေးမယ်အစ်မ မပူနဲ့၊ အစ်မကို ရတဲ့အတိုင်း ပြန်ပေးမယ်။ ဒီတိုက်ခန်းကို အစ်မနဲ့ အငယ်လေး စိတ်အေးချမ်းသာ နေနိုင်တယ်။ ဟိုနှစ်ယောက် လာရှုပ်ရင် ကျွန်တော့်ဆီသာလွှတ်လိုက် ကြားလား”


“အေးပါကွယ် … ငါ့မောင်လေး ကျန်းမာ ချမ်းသာပါစေကွယ်”


“ကိုလှရွှေကျေးဇူးတွေ ကျွန်တော့်မှာ ဆပ်မကုန်အောင်ရှိပါတယ်အစ်မရာ။ ကျွန်တော့်ကို တောကခေါ်လာပြီး လူတစ်လုံး သူတစ်လုံးဖြစ်အောင် အစ်ကိုကပဲ ပျိုးထောင်ပေးခဲ့တာပါ။ မပူနဲ့အစ်မ စိတ်အေးချမ်းသာစွာနေ။ အဲဒီ နှစ်ကောင် ဘယ်တော့မှ အစ်မတို့ သားအမိကို လာမခေါ်ရဘူး သိလား”


“လာခေါ်လည်း တို့သားအမိက လိုက်စရာလား”


တင်ညွန့်


၃၀.၁၁.၂၀၂၅