အတ္တကြီးသော မေမေ ( စ/ဆုံး )

 အတ္တကြီးသော မေမေ ( စ/ဆုံး )


——————–


မေမေနှင့် ဖေဖေက ငယ်ချစ်တွေ ဟု ကျွန်မ သိရသည် ။ ဖေဖေ သည် အသက် ဆယ့်ခြောက်နှစ်အရွယ်ကတည်းက မေမေ့ကို ပိုးပန်းခဲ့ပြီး မေမေ့ အချစ်ကို ရဖို့ ငါးနှစ်ကျော်ကြာစောင့်ခဲ့ရသည် ။ ထို့နောက်မှာတော့ မေမေ့အသက် နှစ်ဆယ့်တစ်နှစ် ဖေဖေ့အသက် နှစ်ဆယ့်နှစ်နှစ် မှာ လက်ထပ်ခဲ့ကြသည် ။ အခုဆို အိမ်ထောင်သက် သုံးဆယ်‌ကျော်ခဲ့ပြီ ဖြစ်သည် ။ မေမေနှင့် ဖေဖေသည် သမီး သုံးယောက် ထွန်းကား၏ ။ ကျွန်မက အငယ်ဆုံး ဖြစ်သည် ။ မေမေသည် ဒေါသကြီး၍ စည်းကမ်းလည်း ကြီး၏။ ကျွန်မတို့ ကို အလိုလိုက်သည်မှာ ရှားပါသည်။ ဖေဖေကတော့ မတူပေ ။ ဖေဖေသည် သမီးသုံးယောက် ပူဆာသမျှ လိုလေသေးမရှိ ဖြည့်ဆည်းပေးတတ်သူမို့ ဖေဖေ့ကို မမတို့က အချစ်ပိုကြသည် ။ ကျွန်မသည် ဖေဖေ့ကို အကုန် ချစ်ပေမဲ့ ဖေဖေ ကျွန်မတို့နှင့် အတူလာမနေတာကိုတော့ သဘောမကျပါ ။ ဖေဖေသည် အလုပ်များသည် ဟု ဆိုကာ သူ့အလုပ်မှာပဲနေသည် ။

တစ်ရက် တော့ ကျောင်းပိတ်ရက်မို့ ကျွန်မသည် ဖေဖေ့အလုပ်သို့ လိုက်သွားခဲ့သည် ။ ဖေဖေသည် သူ့အလုပ်တွင် ရှိမနေပါ။ ဖေဖေ့အလုပ်က မန်နေဂျာ ပြော၍ သိရသည် ။


” ဆရာက အလုပ်ကို လူကိုယ်တိုင်မလာတာ ကြာပြီလေ

သမီး ၊

ဖုန်းနဲ့ပဲ လှမ်းညွှန်ကြားတာ ”


ကျွန်မသည် ဖေဖေ့ကို ဖုန်းလှမ်းဆက်လိုက်၏။


” ဖေဖေ အိမ်မှာ မုန့်ဟင်းခါး ချက်တယ်

သမီး ဖေဖေ့အလုပ်ကို လာပို့ပေးမယ်လေ ”


” သက်သက်အလုပ်ရှုပ်ခံလို့ သမီးရယ်

လာမပို့ပါနဲ့ မုန့်ဟင်းခါးက ဒီမှာလည်း ဝယ်စားလို့ရတာပဲ ”


ကျွန်မက အထွန့်တက်၍ ဖေဖေ ခုဘယ်မှာလဲ ဟု မေးလိုက်သောအခါ ဖေဖေက ” အလုပ်မှာပေါ့ သမီးရဲ့ ” ဟု ဖေဖေက ဖြေသည်။

ဖေဖေညာသည် ။ ပြောတော့ ဖေဖေ မညာတတ်ဘူး တဲ့ ။ အခု ကျွန်မ ဖေဖေ့အလုပ်မှာ ရောက်နေတာလေ ။ ဖေဖေ ရှိမှရှိမနေတာ။ ဖေဖေ ကျွန်မကို ညာခဲ့သည် ။

ကျွန်မ အိမ်ပြန်ရောက်တော့ မေမေ့ကို


” မေမေ ဖေဖေ့ဆီကို ဖုန်းဆက်ပြီး

ဒီမှာ တစ်ပတ်လောက်လာနေဖို့ ခေါ်ပါလား

သမီး ဖေဖေ့ကို လွမ်းတယ် ”


မေမေက ” ညည်း ဖေဖေက အလုပ်တွေ မှမအားတာ ၊သူ အားရင် တော့ လာမှာပေါ့ ”


ကျွန်မက ” မေမေ ဖေဖေ့ကို မလွမ်းဘူးလား ဟင် ” ဟု မေးသည့်အခါ မေမေက ” မလွမ်းပါဘူး ” ဟု ဖြေသည် ။ မေမေ ညာသည် ။ မေမေလည်း ညာသည် ။ မေမေ ဖေဖေ့ဖုန်းကို ညတိုင်း မျှော်နေတာ ကျွန်မ မြင်သည်။ လူကြီးတွေက သိပ် ညာတတ်ကြသည် ။ နှစ်ပတ်လောက် ကြာတော့ ဖေဖေ အိမ်ကို ရောက်လာပါသည် ။ လက်ဆောင်ပစ္စည်းများနှင့် မေမေ့ကို နှစ်သိမ့်နေ၏ ။ ကျွန်မသည် ဖေဖေ အလုပ်မှာ မနေဘဲ ဘယ်သွားနေတာလဲ ဟု သိပ်မေးချင်၏။ သို့ပေမဲ့ မမေးဖြစ်ခဲ့ပါ ။


မေမေသည် ဓာတ်ပုံရိုက်လျှင် ဖေဖေ့လက်ကို တွဲ၍ ရိုက်တတ်သည် ။ အသက် ငါးဆယ်ကျော်နေပြီ ဖြစ်ပေမဲ့ မေမေ့၏ ဖေဖေ့အပေါ်ထားသော အချစ်က နုသစ်နေတုန်း ဖြစ်သည် ။ ဖေဖေကတော့ မတူပါ ။ ဓာတ်ပုံရိုက်လျှင် ကျွန်မက မေမေ့ပုခုံးပေါ် လက်လေးတင်လိုက်ဖို့ ပြောသည့်အခါ ရှက်စရာ‌ေကာင်းသည် ဟု ဆိုသည် ။ နောက်ပိုင်း တွင် မေမေနှင့် ဖေဖေသည် လူရှေ့ထွက်ပြရသည့်ပွဲများတွင်သာ အတူရှိကြ၍ အိမ်တွင် အတူမရှိကြတော့ပေ ။


” ဘာ

ရှင် ပြောလိုက်တယ် ”


မနက် ကျွန်မ အိပ်ရာ နိုးနိုးချင်း အိမ်အောက်ထပ်ကနေ မေမေ့အသံကို ကြားလိုက်ရသည် ။ ကျွန်မသွားကြည့်တော့ ဖေဖေ ရောက်နေသည် ။


” ဟုတ်တယ်

ငါ နောက် မိန်းမ ယူတော့မယ် ”


မေမေသည် ဖေဖေ့ကို ဆောင့်တွန်းပစ်၏။


” ရှင် ဘာစကားပြောတာလဲ

ဟမ် …

ရှင့် အသက်အရွယ်နဲ့ ရှင့်ပါးစပ်က ထွက်ရဲတယ်နော် ”


” သူ့မှာ ကိုယ်ဝန်ရှိနေပြီ ”


” ဘာ ”


” မင်း မှာ ဘာလိုအပ်သေးလို့လဲ

သမီးသုံးယောက်လုံးကလည်း သိတတ်တဲ့အရွယ်တွေ ရောက်နေပြီ

ဟိုမှာက ခုမှ ငါ့ကလေးကို လွယ်ထားရတုန်း

မင်းတို့ထက် သူက ငါ့ကို ပိုလိုအပ်တယ်လေ ”


” ကျွန်မ မသိအောင် ခိုးစားတုန်းက ခိုးစားနေပြီးတော့

အခု မကူနိုင်မကယ်နိုင် ဖြစ်ကာမှ ကွာရှင်းပေးပါ တဲ့လား

မကွာရှင်း ပေးနိုင်ဘူး ”


မေမေက ယတိပြ တ်ပြော၍ ကျောခိုင်းပစ်သည် ။ ဖေဖေက မေမေ့ကို သူ့ဘက် ဆွဲလှည့်၏ ။ မေမေ့နံမည်ကို ခေါ်ကာ …


” မင်းအတ္တ သိပ်ကြီးပါလား

ငါနဲ့ကွာရှင်းပြီးရင် ငါ့စည်းစိမ်တစ်ဝက် မင်းရမှာပါ

ငါ့ကို ကွာရှင်းပေးစမ်းပါ

ဟိုမှာ ငါ တာဝန်မယူရင် ငါ့ကို ထောင်ထဲထည့်လိမ့်မယ် ”


” ဟားဟားဟား ”


မေမေ ရယ်လိုက်သည် ။ သို့ပေမဲ့ မေမေငိုနေ၏ ။ မေမေ့မျက်လုံးများက ငိုနေသည် ။ မေမေ မျက်ဝန်းထဲမှာ နာကျင်မှုတွေကို ကျွန်မ စူးစူးရှိုက်ရှိုက်ကို ခံစားမိနေပါသည်။


” ထောင်ထဲ ထည့်ရင် ဝင်လိုက်ပေါ့

ဘယ်သူ‌ေမွးတဲ့မီးလဲ

ကိုယ့်မှာ သမီး သုံးယောက်ရှိ‌ေနတာကို

သောက်ရှက်မရှိလို့ နောက်မိန်းမနဲ့ ကလေးထပ်ယူတာလေ

ထောင်ချရင် ခံလိုက်

ကျွန်မနဲ့ မဆိုင်ဘူး ”


ထိုအခါ ဖေဖေက ပျာပျာသလဲနှင့် မေမေ့ လက်တွေကို ဆွဲကာ လေသံကိုနှိမ့်ပြောလေသည် ။


” မင်း နဲ့ ကိုယ်နဲ့က ငယ်ချစ်တွေပါကွာ

မင်း ကိုယ့်ကို ဒီလို အဖြစ်ခံနိုင်လို့လား

ကိုယ်တို့ရဲ့ နှစ်ပေါင်းများစွာ ထားရှိခဲ့တဲ့ သံယောဇဉ်တွေကို

ထောက်ပြီး ကိုယ့်ကို ကွာရှင်းပေးပါကွာ ”


မေမေက ဖေဖေ့ကို ချဉ်စူးစူးကြည့်သည် ။ မေမေ့ နှုတ်ခမ်းမှာ မဲ့ပြုံး ဆင်ထားပေမဲ့ မေမေ့မျက်ဝန်းတွေ နီရဲနေတာကို ကျွန်မ သတိထားမိသည် ။


” ရှင် နဲ့ ကျွန်မရဲ့ အဲ့ဒီ့ နှစ်ပေါင်းများစွာ ထားရှိခဲ့တဲ့ သံယောဇဉ်တွေကို ထောက်ထားပြီးပဲ ကျွန်မဆုံးဖြ တ်လိုက်တာလေ

ရှင့်အတွက် ကလေးသုံးယောက်မွေးပေးထားတဲ့ မိန်းမ က

ခုမှ ရှင်နဲ့ကွာရှင်းပေးလိုက်ရရင် ကုန်ဆံုးခဲ့တဲ့ကျွန်မတစ်ဘဝလုံးစာ အချိန်တွေအတွက် အလကားဖြစ်သွားမှာပေါ့

အိမ်ထောင်တစ်ခုကို ထူထောင်ပြီးရင် အဲ့အိမ်ထောင်အပေါ်မှာ သစ္စာရှိရတယ်

သစ္စာမဲ့ရင်တော့ အဲ့ဒီ့လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမှာပဲ

ရှင့်ဇာတ်ရှင် နိုင်အောင်ကပေါ့

ကျွန်မကတော့ စကားကုန်ပြီ

ရှင့်ကို လုံးဝကွာရှင်းမပေးနိုင်ဘူး

ရှင့် မယားငယ်ကိုလည်း ကျွန်မက တရားစွဲဦးမှာ ”


” မင်း ရက်စက်လှချည်လား ”


” ရှင်တောင် ကလေးတွေ မျက်နှာမထောက်ဘဲ ကျွန်မအပေါ် လုပ်ရက်သေးတာပဲ

ကျွန်မ ရက်စက်တာ မဆန်းပါဘူး ”


ဖေဖေသည် စိတ်ပျ က်လက်ပျ က် ကျန်နေခဲ့၏ ။ ဖေဖေ တကယ် ထောင်ကျမှာလား ။ ကျွန်မသည် ဖေဖေ့အပေါ် စိတ်ပူတာကတစ်ကြောင်း ၊ ဖေဖေ့ကို ဖောက်ပြန်လို့ စိတ်ဆိုးတာက တစ်ကြောင်း ရောထွေးနေသည် ။ ဒီအကြောင်းကို မမတို့ သိသည့်အခါ ဖေဖေ့ကို နာကျည်းကြ၏။ နောက်လ ထဲတွင် မမ မင်္ဂလာဆောင်ရှိသည် ။ မမသည် ဖေဖေ့ဆီ သွားတွေ့ပြီး ငို၏ ။


” ဖေဖေ မလို့ လုပ်ရက်တယ်

သမီး မင်္ဂလာဆောင်မှာ ဘယ်လိုမျက်နှာ ပြရမလဲ

သမီး သတို့သားဘက်ကို‌ေရာ ဘယ်လို ရှင်းပြရမလဲ

ဖေဖေ လုပ်လို့ သမီးတို့ အကုန် အရှက်ကွဲရတော့မယ် ”


မေမေသည် မမ မင်္ဂလာပွဲနှင့် ပတ်သက်ပြီး ဖေဖေနှင့် နောက်တစ်ကြိမ် ပြန်ဆွေးနွေးခဲ့သည် ။


” အကြီးမ မင်္ဂလာပွဲပြီးတဲ့အထိ အိန္ဒြေမပျ က်ဘဲ နေရအောင်

ရှင် သောက်ရှက် မရှိတာနဲ့ ကျွန်မ သမီး အနာဂတ်ကို အပျ က်စီးမခံနိုင်ဘူး

မင်္ဂလာပွဲပြီးရင် အကြီးမလည်း သူ့အမျိုးသားနဲ့သူ အင်္ဂလန်ကို လိုက်သွားတော့မှာ

အဲ့ကျမှ ရှင်နဲ့ ကျွန်မ ဆက်ဆွေးနွေးတာပေါ့ ”


” ဆက်ဆွေးနွေးမယ်တဲ့လား

သမီးကြီး မင်္ဂလာပွဲပြီးတာနဲ့ မင်းငါ့ကို ကွာရှင်း ပေး ”


မေမေသည် ဖေဖေနှင့် အချေအတင် ထပ်မဖြစ်ဘဲ ထိုသို့သာ သဘောတူညီမှုယူထားလိုက်၏။ သဘောတူညီမှုအတိုင်း မမမင်္ဂလာပွဲမှာ လင်မယားနှစ်ယောက် တွဲ၍ ပွဲထွက်ကြ၏ ။ မင်္ဂလာပွဲပြီးသည့်အခါ မမသည် သူ့အမျိုးသားနှင့် အင်္ဂလန်ကို လိုက်သွားသည် ။ ထိုအချိန်မှာ မေမေနှင့်ဖေဖေ ၏ စာရင်း ဆက်ရှင်း သည် ။


” မင်း ငါ့ကို ကွာရှင်းမပေးသေးဘူးလား

သမီးကြီးလည်း သူ့ဟာနဲ့သူ အဆင်ပြေသွားပြီ

တစ်ဘက် မိသားစုကလည်း ငါ့ကို စောင့်နေကြတယ်

ငါ တာဝန်မယူရင် သူတို့တရားစွဲကြမှာ ”


” ရှင် ဖောက်ပြန်လို့ ရလာတဲ့ ရလဒ်ပဲ

ရလဒ်အတိုင်း ခံစားလိုက်ပေါ့

ကျွန်မ ဆုံးဖြ တ်ချက်ကတော့ ဒီအတိုင်းပဲ ”


” မင်း စကားမတည်တဲ့ မိန်းမပဲ ”


” အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ယောက်ျားထက်တော့ သာသေးတာပေါ့ရှင် ”


တစ်ပတ်လောက် နေတော့ အိမ်ကို အမျိုးသမီး တစ်ယောက် ရောက်လာပါသည် ။ အမျိူးသမီးသည် ဗိုက်ဖုံးအင်္ကျီဝတ်ထား၏။ သူမနှင့်အတူ သူမအမေဟု ထင်ရသော အမျိုးသမီးကြီး တစ်ယောက်လည်း ပါလာသည် ။

မေမေက ဗိုက်ဖုံးအင်္ကျီနှင့် အမျိုးသမီးကို ဖော်ဖော်ရွေရွေခေါ်ကာ …


” ဆရာမ ပါလား

လာပါ ထိုင်ပါဦး

အလတ်မဆီ လာတာလား

သမီးရေ …ဒီမှာ ညည်းဆရာမ ”


” မဟုတ်ပါဘူး အန်တီ ”


မေမေက အစ်မလတ်ကို လှမ်းမခေါ်တော့ဘဲ အစ်မလတ်၏ ဆရာမတို့သားအမိ အိမ်ကိုလာရသည့် အကြောင်းအရင်းကို မေးကြည့်သည့်အခါ ဖေဖေ့ကိစ္စဖြစ်နေသည်။ မေမေ ဆရာမကို တအံ့တဩကြည့်နေ၏။


” ဒါဆို ဆရာမဗိုက်ထဲက ကိုယ်ဝန်က ကျွန်မ ယောက်ျားကိုယ်ဝန်ပေါ့ ”


ဆရာမက မျက်ရည်ခံထိုးနေသည် ။

ဆရာမအမေကလည်း မျက်ရည်လေး လည်လည်နှင့်


” ညီမရယ် ညီမလည်း သမီးတွေ မွေးထားတာပဲ

သမီးချင်း ကိုယ်ချင်းစာပေးပါကွယ် ”


” အစ်မတို့ ဘာလုပ်ချင်လဲ

သူ့ကို တရားစွဲချင်လား

ဒီလိုဆိုရင် ကျွန်မ သဘောတူတယ်

ကျွန်မ ကူညီမယ်

အဲ့လိုမဟုတ်ဘဲ ကျွန်မယောက်ျားနဲ့ ကွာရှင်းပေးဖို့

လာပြောတာဆိုရင်တော့ ပြန်လိုက်ကြပါ ”


” အစ်မမှာ ဒီသမီးလေး တစ်ယောက်ပဲ ရှိတာပါ

သမီးလေး အရှက်တကွဲ အကျိုးနည်းဖြစ်ရမှာကို ဘယ်လိုမှ မကြည့်နေနိုင်လို့ ရှေ့မျက်နှာနောက်ထားပြီး လာတောင်းဆိုရတာပါ”


” ဒီသမီးတစ်ယောက်ပဲ ရှိတာဆိုရင် ဒီသမီးကို အိမ်ထောင်ရှိတဲ့သူများယောက်ျား နဲ့ ဇယားမရှုပ်ဖို့ သင်ပေးထားရမှာပေါ့ အစ်မရဲ့

သမီးမွေးထားတာချင်း အတူတူမလို့ အစ်မတို့သားအမိကို ဒီလောက်ထိ လက်ခံစကားပြောနေတာ ”


မေမေသည် လုံးဝမလိုက်လျောပေးသော အခါ ဆရာမက မေမေ့ကို ရန်တွေ့သည် ။


” အန်တီ က အန်တီ့ယောက်ျား အပေါ် အခုထိ အဲ့ဒီ့စိတ်တွေ မကုန်သေးတာလား

မိန်းမချင်း ကိုယ်ချင်းစာ ပါ အန်တီ ”


မေမေက ဆရာမကို တည့်တည့်ကြည့်လိုက်သည် ။


” အိမ်ထောင် ရှိမှန်း သိသိရက်နဲ့ ပတ်သက်ခဲ့တာ မဟုတ်ဘူးလား ”


ဆရာမ က မျက်စိမျက်နှာ ပျ က်သွား၏ ။ မျက်နှာကို ပိတ်ရိုက်ခံလိုက်ရသလို ဆရာမ မျက်နှာ ဖျန်းခနဲနီသွားသည် ။


” ငါ့ဘာငါ ငါ့ယောက်ျားအပေါ် စိတ်ကုန်ကုန် မကုန်ကုန် နင်နဲ့မဆိုင်ဘူး

သူနဲ့ငါက တရားဝင်လင်မယား

နင်က တိတ်တိတ်ပုန်း ခိုးစားထားတဲ့ မယားငယ်

မိန်းမချင်းကိုယ်ချင်းစာလို့ နင့်ကို ပါးမရိုက်သေးတာ

လွန်မလာနဲ့

ငါ့အိမ်အထိ လာပြီး သောက်ရှက် မရှိ ငါ့ကို လာစော်ကားနေတယ်

ပိုင်နက်ကျူးလွန်မှုနဲ့ နင်တို့သားအမိနှစ်ယောက်လုံး တရားပြန်စွဲလို့ရတယ်နော် ”


ဆရာမသည် အံကြိတ်၏ ။ဆရာမအမေသည် ဒေါသဖြစ်နေသည့်ပုံပေမဲ့ အားမတန်လို့မာန်လျှော့လိုက်ရပုံရပါသည် ။


ဆရာမက မပြန်ခင် အမေ့ကို လှည့်၍ ဆဲသွားသေးသည် ။


” လင်တရူးမကြီး …”


မေမေသည် ရှက်လွန်းတာကြောင့် ထိုနေရာမှာပင် ထိုင်ချ၍ ငိုသည် ။ ကျွန်မသည် မေမေ့ဆီပြေးသွားသောအခါ မေမေက ကျွန်မကိုဖက်၍ တသိမ့်သိမ့်ရှိုက်နေ‌ေတာ့သည် ။


ဖေဖေ ဖောက်ပြန်နေသော မိန်းမက သူမကိုစာသင်ပေးဖူးသော ဆရာမဆိုတာကို အစ်မလတ်သိသည့်အခါ တအား မုန်းတီး‌ေတာ့သည် ။ အစ်မလတ်က ဆရာမဆီ ဖုန်းဆက်၍ ရိုင်းစိုင်းစွာ ပြောသည် ။ မေမေသိသည့်အခါ …


” မပြောရဘူး မပြောရဘူး သမီး

အဓိက က ညည်းအဖေ သောက်ရှက် မရှိလို့ ဖြစ်တဲ့ကိစ္စ

ဟိုဘက်က အပျို

အိမ်ထောင်သည် ယောက်ျားဖြစ်ပြီး သမီးသုံးယောက် မျက်နှာမှမထောက်

သမီးဖြစ်သူရဲ့ ဆရာမ နဲ့မှ ပတ်သက်ရတယ်လို့

ဆရာမကလည်း အပျိုဖြစ်ပြီး ကိုယ်စာသင်ပေးနေတဲ့ ကလေးရဲ့ အဖေနဲ့မှ ညိစွန်းရတယ်လို့

ယောက်ျားရှားလို့အေ

ဒီခေတ်ကြီးက ဘာတွေ ဖြစ်ကုန်ပြီလဲ

ခေတ်ပျ က်ကြီး မှာ ယုတ်ညံ့တဲ့လူတွေ ပိုများလာတာပဲ

ရှက်စရာ ကောင်းလိုက်တာ

ရှက်စရာ ကောင်းလိုက်တာ ”


မေမေသည် ဖေဖေ့ကိုလုံးဝ ကွာရှင်းမပေးခဲ့ပေ ။ တချို့က မေမေ့ကို ဆုံးဖြ တ်ချက်မှန်သည်ဟု ဆိုသည် ။ တချို့က မေမေ့ကို အတ္တကြီးသည်ဟု ဆိုသည် ။မေမေသည် သူ့ကိုယ်သူ အတ္တကြီးသည်ဟု ဝန်ခံထား၏ ။


” ဟုတ်တယ် ငါ အတ္တကြီးတယ်

အပြစ်ရှိသူကို အပြစ်ခံစေခြင်းက အတ္တဆိုရင်

ကျေကျေနပ်နပ်ကြီးကို အတ္တကြီးပစ်လိုက်မယ် ”


ဆရာမသည် သူမကလေး၏ အဖေ နံမည်ကို မဖော်နိုင်၍ လင်ကောင်မပေါ်ဘဲ‌ေမွးသည့် ကလေး ဟု ဝိုင်းပြောခံရသောအခါ ပတ်ဝန်းကျင်တွင် မျက်နှာမပြရဲတော့ဘဲ အရှက်တကွဲ ဖြစ်ခဲ့ရသည် ။ဆရာမက လူလွတ်မို့ မေမေက တရားစွဲလို့‌ေတာ့ မရခဲ့ပေ။ သို့သော် ဆရာမတို့သည် ပတ်ဝန်းကျင်မှာ အရှက်တကွဲဖြစ်နေရပြီမို့ တခြားမြို့သို့ တစ်မိသားစုလုံး ပြောင်းသွားကြသည် ။ ဖေဖေသည် ဆရာမနေသည့် မြို့ဆီ လိုက်သွားခဲ့သည် ။ ဖေဖေသည် ထိုမြို့မှာပဲ ဆရာမနှင့် ရုံးတက်လက်မှတ်ထိုး၍ ယူလိုက်ကြသည် ။ ထိုသတင်းကို ကြားသောအခါ မေမေသည် ဖေဖေ့ကို တရားစွဲလိုက်၏ ။ ဖေဖေသည် တရားဝင်ယူထားသော မိန်းမအသက်ရှိလျက်နှင့် မကွာရှင်းရသေးဘဲ နောက်အိမ်ထောင်ထပ်ပြုခြင်းကြောင့် တစ်လင်တစ်မယားဥပဒေဖြင့် ထောင် ကျ ၏ ။ ဆရာမ သည် သူမကလေး မျက်နှာကို ထောက်ထားပေးဖို့ မေမေ့ကို ခြေသလုံးဖက်၍ တောင်းပန်ခဲ့ရသည် ။


ကျွန်မသည် မေမေ့၏ မာကျော ပြ တ်သားသော စိတ်ဓာတ်နှင့် မလျှော့သော အတ္တကို ချီးကျူးရမလို ကြောက်လန့်ရမလို ဖြစ်ခဲ့ရ‌ေလသည် ။


ပြီးပါပြီ ။


#JoJo