တတိယလူ(စ/ဆုံး)

 တတိယလူ(စ/ဆုံး)


————


ဒီနေ့ သားသားလေးမွေးနေ့ပါ။

ကျမတို့မိသားစုသုံးယောက်ရွှေတိဂုံဘုရားဖူးကြတယ်။

သားသားကိုကစားကွင်းလိုက်ပို့တယ်။

သားသားက အလွန်ပျော်ရွှင်နေတယ်။


အပြန်မှာတော့ ရွှေတောင်တန်းကစကားဝါမှာ ကြေးအိုးဝင်သောက်ကြတယ်။


မောင်က ကျမနဲ့သားသားကိုသူ့ဘဝ သူ့

အရိပ်လေးလိုသဘောထားတယ်။


အလုပ်ပြီးလို့အိမ်ပြန်လာရင်စားစရာတစ်ခုခုတော့ဝယ်လာစမြဲပါ။


အိမ်ပေါ်ကိုလှမ်းတက်ရုံရှိသေးတယ်။

ထွေးနေကောင်းလား

သားကောဘယ်မှာလဲ…..

စတဲ့စကားတွေနဲ့ ဦးစွာ နှုတ်ဆက်တတ်သူပါ။

.

မောင်ပြန်လာတဲ့အချိန်ကတစ်ခါတရံမိုးချုပ်တတ်ပါတယ်။


ကျမနဲ့သားက ညစာကိုစောစွာစားတယ်။


ဒါပေမဲ့လည်း သူထမင်းစားတဲ့အချိန်မှာတော့ သူ့ဘေးမှာကျမထိုင်ပေးရတယ်။


ကျမကမောင့်အတွက် ဟင်းတစ်ခွက်ပေါ့။


အိမ်ထောင်စပြီးကျကတည်းကကျမ မောင်နှင့်အတူ ဘုရားဝတ်ပြုလာတာ ဒီနေ့ အထိပါပဲ။


မောင်နှင့်အတူ ဘုရားစင်ရှေ့မှာဝတ်ပြုရတာ ဘုရားဝေယျာဝစ္စလုပ်ပေးရတာကိုက စိတ်ကြည်နူးချမ်းမြေ့ရပါတယ်။


ကျမရဲ့လက်ကလေးကို ဆုပ်ကိုင်ပြီး ဘဝဆက်တိုင်း ဒီမိသားစုနဲ့ပဲဆုံတွေ့ပါရစေထွေးရယ် ..လို့ မောင်က အမြဲပြောတယ်။


ကျမ ကျေနပ် ရပါတယ်။

ကျမတို့မိန်းမသားတွေမှာ လင်ယောက်ျားရဲ့ချစ်ခင်မြတ်နိုးခြင်းကိုခံရတယ်ဆိုတာကလဲ ကုသိုလ်ထူး မဟုတ်ပါလား။


အိမ်လခ အိမ်စရိတ် ရှာရတာနဲ့တင် မောင့်ကို ကျမ သနားလှပြီ။


မောင့်မိသားစုအတွက်ရှာရတာ မောင်မပင်ပန်းပါဘူးထွေးရဲ့….


ဆိုတဲ့ မောင့်စကားကြောင့် ပိုပြီးဂရုဏာသက်ရပါတယ်။


တစ်နေ့တော့ ကိုယ်ပိုင်အိမ်လေး

တစ်လုံးကို ပိုင်ဆိုင်ခွင့်ရမှာပေါ့ဆိုတဲ့ စိတ်ကလေးနဲ့ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ပြီး အားတင်းထားကြတယ်။


ကားပိုင်ရှင်ကလဲ မောင့်အပေါ်မှာ ယုံကြည်တယ်။


မောင်ကလဲ သူ့ပစ္စည်းလိုသဘောထားတယ်။

မတရားတာ မလုပ်ဖူး။


မောင်မတရားတာမလုပ်ချင်ဘူးထွေး ရေ…လိပ်ပြာမလုံဘူး….


မောင် သမာဓိရှိတယ်ဆိုတာ ကျမယုံတယ်။


ဒီနေ့ မောင်အိမ်ပြန်နောက်ကျတယ် ။


အန်တီကြီးတစ်ယောက်ကားပေါ်မှာမူးလို့ ….

သတိလစ်မလို့တောင်ဖြစ်သွားတယ်ကွာ..

ဆေးခန်းကိုလိုက်ပို့လိုက်ရတယ် …

အိမ်အထိပါလိုက်ပို့လိုက်ရလို့ထွေး ရေ….


နောက်နေ့မှာတော့ မုန့်တွေ အသီးအနှံတွေ တပွေ့တပိုက်ကြီးနဲ့ မောင်ပြန်လာတယ်။


ဆန်းကစ်သီးတွေက ဆယ်လုံးတောင်ပါလား..

စားချင်နေတာအတော်ပဲ…

စျေးမှာတစ်လုံးရှစ်ရာဆိုလို့..ဝယ်မစားဖြစ်ခဲ့ဘူး…


မောင်ကပြောတယ်။

ဟိုနေ့က အန်တီကြီးကကျေးဇူးတင်လို့

မိသားစု စားရအောင် ပေးလိုက်တာထွေးရေ….


နောက်ရက်မှာလဲ မောင် အိမ်ပြန်နောက်ကျတယ်။


အန်တီကြီးက ထမင်းစားဖိတ်လို့ ဝင်စားခဲ့ရတယ် ….တဲ့..


စပို့ရှပ်အက်ျီအသစ်လေးကလှလိုက်တာ ….

မောင်နဲ့လိုက်ဖက်လိုက်တာ..


သုံးထည်လက်ဆောင်ဝယ်ပေးလိုက်တယ်…ထွေးရေ…


နှလုံးရောဂါရှိတဲ့အန်တီကြီးကသူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့မောင့်ကို ကျေးဇူးရှင်လို့ထင်မှတ်ထားတယ်။


မောင်က ကားမောင်းတဲ့အလုပ်ကို မလုပ်တော့ပါ။


အန်တီကြီးရဲ့ ပွဲရုံလုပ်ငန်းနဲ့အဝေးပြေးကားတွေကို ကူညီလုပ်ကိုင်ဖို့ အလုပ်အသစ် ရသွားပါတယ်။


စနေနေ့ ဘုရားကိုသွားကြမယ်ထွေးရေ …

အန်တီကြီးလဲလိုက်မယ် …

ညနေဘက်မောင်လာခေါ်မယ်…


ကားပေါ်မှာ အန်တီကြီးက ရှေ့ခန်းက ထိုင်တယ်။


ကျမနဲ့ သားသားက နောက်ဖက်မှာ ထိုင်တယ်။


ကျမ အန်တီကြီးကို သေချာကြည့်လိုက်တယ်။

ပြုံးနေတဲ့အန်တီကြီးမျက်နှာကနှစ်လိုဘွယ်ကောင်းလှတယ်။

စိတ်ထားကောင်းမယ့်သူလို့ယူဆတယ်။

အကြည်ဓာတ်လည်းရှိတယ်။


အသားအရေလေးက ဖြူဥနေတယ်။ မျက်နှာလေးကလဲ ချောမွေ့နေတာပဲ။


ခြေလက်လေးတွေကလဲ ပန်းသွေးရောင်ပြေးနေပြီး နုဖတ်နေတယ်။


သူမဝတ်ထားတဲ့ အဝတ်အစားနဲ့သူ့ကိုယ်လုံးလေးကလိုက်ဖက်လွန်းလှတယ်။


စလင်းဘက်အိတ်ကို လက်ကလေးနဲ့ချိတ်ထားဟန်လေးကကို မျက်စေ့ထဲမှာ စွဲနေချင်စရာလေးပါလား။


အန်တီကြီးလို့သာ ကျမတို့က ခေါ်နေတာ။


အသက်ငါးဆယ််အရွယ်က မသိရင် သုံးဆယ့်ငါးနှစ်လောက် ထင်ရတယ်။


ဘာဆေးတွေစားလို့များ ဒီလောက် နုပျိုနေရသလဲကွယ်။

ကျမတို့နဲ့များ ကွာခြားလိုက်တာ။


ကျမက အသားညိုတဲ့ ခပ်များများ အညိုဆင်ပါ။

ရု်ရည်ကလဲ ရွက်ကြမ်းရည်ကျို သာမန်ပါပဲ။

ငွေကို တိုင်းထွာပြီး သုံးခဲ့ရတော့အလှပြင်တဲ့ ပစ္စည်းဆိုတာ ကျမနဲ့ ဝေးခဲ့ရတယ်။


သူများတွေက အလှပြင်ဆိုင်မှာခေါင်းသွားလျှော်ရင်် ဇိမ်ရှိတယ်လို့ပြောတယ်။


ဆံပင်အသားကိုလဲ ပြုပြင် ပေးတယ်တဲ့။


လုပ်မနေနိုင်ပါဘူး။


တစ်ရာတန် ခေါင်းလျှော်ရည်တစ်ထုပ်ဝယ်ပြီး ခေါင်းလောင်းရေချိုးလိုက်တာနဲ့ ပြီးတာပဲ။


သုံးထောင်ဆိုတဲ့ ငွေက စျေးသုံးလို့ ရတယ်လေ။

.

.

ဘုရားပေါ်ရောက်တော့

မောင်နဲ့ အန်တီကြီးတို့က ယတြာချေတာတို့ ,

နေ့နံတွေမှာ ရေသပ္ပါယ်တာတို့လုပ်ကြတယ်။


ကျမနဲ့ သားသားက ခေါင်းလောင်းကြီးနားမှာ ထိုင်နေကြတယ်။


အိမ်အပြန်လမ်းမှာ အန်တီကြီးက သားသားအတွက် ကစားစရာတွေ ဝယ်ပေးတယ်။


ကျမတို့ကိုလည်း စားသောက်ဆိုင်ကောင်းကောင်းမှာ စားကောင်းသောက်ဖွယ်တွေနဲ့ ကျွေးမွေးပါတယ်။


အဲဒီလိုနေရာတွေကိုကျမအဖို့တစ်ခါမှ မရောက်ဖူးခဲ့ပါ။


တန်ဘိုးအလွန်ကြီးတဲ့အစားအစာတွေကိုလဲ မစားခဲ့ဖူးပါ။


တန်ဘိုးရှိအသုံးအဆောင်နဲ့အစားအသောက်တွေဆိုတာ ကျမတို့အဖို့ အလှမ်းဝေးလှပါတယ်။


ကလေးကိုအန်တီကြီးဝယ်ပေးတဲ့ကစားစရာတွေဆိုတာကလဲ

ကျမတို့ စူပါမားကက်ရောက်ရင် ..

စျေးသိရုံသိပြီးအဝေးကငေးကြည့်ခဲ့ရတဲ့ ကလေးတွေအကြိုက် ကစားစရာတွေပါ။


သားသားက အလွန် ပျော်ရွှင်နေပါတယ်။


ကျမလဲ ဝမ်းသာပါတယ်။

ကျေးဇူးလဲ တင်နေပါတယ်။


တခုသော တနင်္ဂနွေနေမှာတော့။


ဟယ် !

မောင့်လက်ထဲက ဖုန်းလေးကအသစ်လေးပါလား….

ကျမကိုပြပါဦး ….


ဟုတ်တယ် ထွေးရဲ့…

ကားပေါ်ကအဆင်း မောင့်လက်ထဲကနေ ဖုန်းပြုတ်ကျသွားတယ်

မှန်ကွဲသွားတယ် ….အဲဒါ

အန်တီကြီးကပြင်မနေနဲ့ ..

အသစ်သာဝယ်လိုက်တော့ ….

ဆိုလို့။


မောင်ဟာ ဟိုအရင် အငှားကားမောင်းတုန်းကလို မဟုတ်တော့ပါဘူး။


မူလက အနည်းငယ် ဖြူတဲ့အသားအရေဟာ ပိုပြီး ဖြူလာသယောင် ရှိတယ်။


အဝတ်အစားကအစ သစ်လွင်တောက်ပနေတော့ ရုပ်ရည်ရူပကာကရှင်းသန့်နေတယ်။


လူကလဲ နေ့စဥ် အလုပ်ထဲမှာအစားကောင်း အသောက်ကောင်း စားနေရတော့ ဝလာပြီးစိုပြေ နေတယ်။


ရုပ်ကို အာဟာရက စောင့်တယ်ဆိုတာ ဒါမျိုးနဲ့ တူပါတယ်။


ကျမဆီမှာလဲ ငွေပိုငွေလျှံလေးအနည်းငယ် ရှိလာတယ်။


အငှားကားမောင်းတုန်းကတော့ သားအမိသုံးယောက်ရှိတဲ့ ကျမတို့ အဆင်ပြေရုံလောက်ပါပဲ။


လက်ထဲမှာ အပိုငွေ မရှိခဲ့ဘူး။

ခုများတော့အန်တီကြီးကို ကျေးဇူးတင်နေရပါတယ်။


မကြာခင် အိမ်လေးတစ်လုံးပိုင်ဆိုင်နိုင်တော့မယ်နဲ့ တူပါရဲ့ ဆိုပြီး ကျမနဲ့မောင် စိတ်ကူးယဥ်ကြပါတယ်။


ငွေရေး ကြေးရေးက အစ မောင်က စိတ်ချရတော့ အန်တီကြီးကယုံကြည်တယ်နဲ့ တူတယ်။


မောင့်ကိုလဲ သွားရေးလာရေးအဆင်ပြေအောင် ကားတစ်စီးပေးထားတယ်။


အငှားကား မောင်းတုန်းကလိုငြီးငြူသံမျိုးလဲ မောင့်ဆီက မကြားရတော့ဘူး။


အလုပ်ကလေး အဆင်ပြေလာတယ်။


ပိုက်ဆံလေးကလဲ ကျမတို့ဆီမှာအနည်းငယ် ပိုလျှံလာတော့ အရာရာတိုင်းဟာ ရွှေရောင်နေ့ရက်လေးတွေလိုပဲ ပျော်ရွှင် လှပနေတယ်။


အန်တီကြီးတို့အိမ်မှာ အလှူရှိလို့ဆိုပြီး မောင် ညအိပ်သွားပါတယ်။


နောက်နေ့ ညနေစောင်းလောက်မှာတော့ဒန်ပေါက်ထုပ်တွေ အများကြီးနဲ့မောင် ပြန်လာတယ်။


အိမ်နီးနားချင်းတွေကိုလဲ ဝေငှပေးလိုက်တယ်။


မနက် ဖြန်ခရီးထွက်ရမယ်ထွေးရေ….

မန္တလေးကို လေယာဥ်နဲ့….


အဝတ်အစား အနည်းငယ်ခန့်ပြင်ဆင် ပေးလိုက်တယ်။


သုံးရက်လောက် ကြာတယ်။

မောင်ပြန်လာတော့.. လက်ဆောင်တွေ အများကြီးနဲ့။


ကျောက်စိမ်းအကာသားနဲ့စီချယ်ထားတဲ့ အောက်ချင်း ငှက်ဖိုငှက်မ ကျောက်ပန်းချီလေးကိုကျမ နှစ်သက်လိုက်တာ။


စျေးကြီးပေးရမယ်နော် မောင်

ထွေး ကြိုက်လိုက်တာ….

မောင်က ပြုံးနေတယ်…


ဒီလိုနဲ့။

ညဘက် တချက်လေး အိပ်ပျော်သွားတယ်။


ရေဆာသလိုရှိတာနဲ့ ဖြတ်ကနဲလန့်အနိုးမှာ ။

ဘေးကအိပ်ရာမှာ မောင်မရှိပါလား။

သန့်စင်ခန်း ဝင်နေတယ် ထင်ပါရဲ့။

စကားသံတိုးတိုးလေးနားထဲမှာကြားမိတယ်။

နားစွင့်မိလိုက်တယ်။


မောင်က အိမ်ရှေ့အကွယ်လေးမှာ ဖုန်းပြောနေတယ်။


မမ မမ လို့လဲအသံကြားတယ်။

အသံကို ခပ်အုပ်အုပ်ကလေးထားပြီး ပြောနေတယ်။


ကျမ ရင်ထဲမှာဒိန်းကနဲ ဖြစ်သွားတယ်။


ဘာလဲ။

ဒါဘာလဲ။

ကျမ အိပ်မပျော်တော့ဘူး။


မောင်ဘယ်သူကို ဒီအချိန်ကြီးဖုန်း ထဆက်နေတာလဲ။


ဘယ်သူ့ကိုလဲ .?။

ဘယ်သူလဲ..?။

ဆံ တစ်ပင်တင်း မဟုတ်ဖူး။

ဦးခေါင်းတစ်ခုလုံး တင်းနေတာ။


မနက်ရောက်တော့ သူက ပုံမှန်ပါပဲ ။

သူ့မျက်နှာလေးကို တစ်ချက် လှမ်းကြည့်လိုက်တယ်။


ဘုရားအတူ ဝတ်ပြုကြဖို့ ပြင်လိုက်တော့။


ဒီနေ့တော့ ခွင့်ပြုပါထွေးရေ..

အတူဘုရားမရှိခိုးနိုင်တော့ဘူး..

စောစောသွားရမှာမို့…

အန်တီကြီးက မနက်စောစောရွှေတိဂုံ ဘုရားဖူးချင်တယ်ဆိုလို့…..


ကျမလက်ကလေးကို တယုတယကိုင်ပြီး ပြောလာတဲ့မောင့်စကားကြောင့် ကျမခေါင်းညိတ်လိုက်ပါတယ်။

ကျမရင်ထဲမှာ ဖော်မပြနိုင်တဲ့ဝမ်းနည်းမှု့တွေဖြစ်သွားတယ်။

ကျမမျက်ဝန်းထဲမှာ မျက်ရည်တွေဝဲသွားတယ်။


ကားဆီကို ထွက်သွားတဲ့မောင့်ကျောပြင်ကို ကျမ လိုက်ကြည့်မိနေတယ်။

ကျမ၏ချစ်လှစွာသောမောင်။

ကျမဘဝတစ်ခုလုံးအတွက်အသည်းနင့်အောင်ချစ်ခဲ့ရတဲ့မောင်။


ဘုရားကန်တော့ရတာလဲ အာရုံမရပါဘူး။


တနေ့လုံးလဲ စိတ်မကြည်တော့ဘူး။


ညက တရေးနိုး ဖုန်းဆက်နေတဲ့မောင့်ကိုပဲ အာရုံ ရနေတယ်။

အသံချိုအီအီလေးနဲ့ဖုန်းပြောနေတာ။


မမ ဆိုတာ ဘယ်သူလဲ။

.

.


တနေ့မှာတော့။


အန်တီကြီးတို့ အိမ်ကို သားကိုအလည်

ခေါ်သွားတယ်။


ကားရှေ့ခန်းမှာထိုင်ပြီး သားကပျော်နေတယ်။


ကျမကို လက်ပြ နှုတ်ဆက်တယ်။


သားရေ..လိမ်လိမ်မာမာ နေနော်…


ညနေ မိုးတော်တော်ချုပ်မှ သားတို့ ပြန်ရောက်တယ်။


စားစရာတွေ အလျှံပယ် ဝယ်ပေးလိုက်တယ်။


မနက်ပိုင်းမှာ သားတို့ ယူလာတဲ့အသီးအနှံတွေထဲက အချို့ကိုဆွမ်းတော်တင်တယ်။


ပန်းသီးကို အစိတ်လေးတွေ ခွဲပြီးပန်းကန်ထဲ ထည့်ထားလိုက်တယ်။


သားက ပန်းသီးတစိတ်ယူပြီး ကျမကို လာခွံ့တယ်။


နောက်ပြီး ကျမပါးကို ရွှတ်ခနဲနမ်းလိုက်တယ်။


ရုတ်တရက်ဆိုတော့ ကျမ လန့်သွားတယ်။


ဒါ ဘာအပြုအမူလဲ။

သူတစ်ခါမှ ဒီလို မလုပ်ဖူးပါဘူး။


ကြီးကြီးလှလှက ဖေကြီးကိုပန်းသီးခွံ့ကျွေးတယ်..

အာဘွားလဲ ပေးတယ်..


ဟင်!!!!

ဒါ ဘာစကားလဲ။

ဘာစကားလဲ။


ခကလေးဆိုတာ သူမြင်တာတွေ့တာ အမှန်အတိုင်း ပြောတာလေ။

ကလေးဆိုတာ ဖြူစင်တယ်။

မလိမ်တတ်ဖူး။


အတွေးတွေ များနေပြီ။

ရင်တွေလဲ ပူနေပြီပဲ။

ထမင်းလဲ မစားနိုင်တော့ဘူး။


ဒါဆို မမက အန်တီကြီးပေါ့။

မောင်က အသက်သုံးဆယ့်ငါး

နဲ့ မမအသက် ငါးဆယ်နီးပါး။


ဘုရားပေါ်မှာတုန်းက သူတို့နှစ်ယောက် အတူ တွဲသွားတာ

ကျမ နည်းနည်းလေးမှ သံသယမရှိခဲ့ဘူး။


ကျမက ရိုးသားပါတယ်။

အန်တီကြီးကို ကျေးဇူးလဲတင်နေတာပါ ။


သူ့ကြောင့် ကျမတို့ငွေရေးကြေးရေးက အစပြေလည်ပြီး။


မမြင်ဖူးတာလဲ မြင်ဖူး။

မစားဖူးတာလဲ စားဖူးခဲ့ရပါတယ်။


ဘုရားရှိခိုးရင်တောင် အန်တီကြီးကို ကျေးဇူးတင်လွန်းလို့ ထည့်ရှိခိုးတာပါ။


ညဘက် မောင်ပြန်လာတော့ မေးချင်လိုက်တာလေ။


စကားလုံးကို မြိုချ နေရတယ်။

မသိချင်ယောင် ဆောင်နေရမလား။

ရိပ်မိနေတယ်ဆိုတာပြောရမလား။

ကျမပြောလိုက်မှဇွတ်တိုးသွားရင် ဒုက္ခတော့ရောက်ပြီ။

မြိုချထားလိုက်တာပဲကောင်းပါတယ်လေ။


မနက်ဖြန် မောင့်မွေးနေ့ပါ။

ကျမ ညဦးပိုင်းထဲက ဘုရားမှာလှူဖို့ ပန်း အမွှေးတိုင်ဖယောင်းတိုင် အဆင်သင့်ပြင်ထားလိုက်တယ်။


မနက် စောစောလေး ထပြီးပြင်ဆင်လိုက်တယ်။


သားအမိသုံးယောက်လုံး ကားဆီရောက်ခါနီးမှာ မောင့်

ဆီ ဖုန်းဝင်လာတယ်။


မောင်က

 ထွေး ရေ မောင်တို့ ဘုရားကိုမသွားဖြစ်တော့ဘူး…

အန်တီကြီးက အရေးကြီးကိစ္စပေါ်လာလို့ လှမ်းခေါ်နေပြီ…

မောင်ကရေးကြီးသုတ်ပြာနဲ့ကားပေါ်ကိုတက်သွားတယ်။


ကျမ သက်ပြင်းချလိုက်တယ်။


သားကတော့ ဘုရားသွားရမယ်ပြောပြီးကာမှ မသွားဖြစ်တော့ဘူးဆိုပြီး ငိုမဲ့မဲ့ ဖြစ်သွား တယ်။

စိတ်ကောက်ပြီးငိုတော့မယ့်ဟန်ပြင်တယ်။


ကျမလဲ ကားတစ်စီး ငှားပြီးသားအမိနှစ်ယောက် ရွှေတိဂုံဘုရားကို သွားခဲ့တယ်။


သူ့မွေးနံထောင့်မှာ ပန်းဆီမီးကပ်လှုဆုတောင်းပြီး ဘုရားကန်တော့ကြတယ်။


ဘုရားကိုတစ်ပါတ်ပါတ်ပြီး ခဏနားနေတုန်း ။


ဘုရား ..ဘုရား ။

ကျမ မြင်ရတာတွေ။

အမှန် မဖြစ်ပါစေနဲ့။

ကျမတွေ့ရတာတွေက။

အိမ်မက် ဖြစ်ပါစေ။


မောင်နဲ့အန်တီကြီးက လက်ကလေးကို အတူတွဲပြီးတံခွန်ကုက္ကား ပန်းအစုံနဲ့။


ကျမမျက်လုံးတွေ ပြာဝေသွားပါတယ်။

ရင်ထဲမှာလည်း တလှပ်လှပ်နဲ့ခေါင်းနပမ်းကြီးသွားပါတယ်။


ဒါဆို သူတို့ တကယ်ပေါ့။

မောင်နှင့်အန်တီကြီးက ဖောက်ပြန်နေကြတာပေါ့။

သူများပြောစကားမဟုတ်ခဲ့ပါဘဲနဲ့ ကျမနားနဲ့ဆတ်ဆတ်ကြားခဲ့ရတဲ့အသံတွေ

ကျမမျက်လုံးနဲ့တပ်အပ်မြင်တွေ့ခဲ့ရတာတွေဟာ ကျရင်ထဲကအသည်းနှလုံးတွေကို ပြောင်းပြန်လှန်သွားစေခဲ့တယ်။

ကျမ ဂယောင်ခြောက်ခြားဖြစ်ပြီး သားကိုလက်ဆွဲကာအိမ်ကို ဘယ်လို ပြန်ရောက်မှန်းတောင် မသိပါ။


သူပြန်လာရင် မေးမှ ဖြစ်တော့

မယ်။


ဝမ်းနည်းတာရယ်။

ယူကြုံးမရတာရယ်။

ဒေါသဖြစ်တာရယ်ပေါင်းပြီး

ကျမ နှလုံးခုန်နှုံးတွေပါ မြန်လာတယ်။

ဆံပင်တွေပါ ထောင်လာတယ်။

.


ကျမ မသိချင်ယောင် ဆောင်နေလိုက်တယ်။


မောင် အလုပ်သွားနေတုန်း မောင့်အမေကိုဖုန်းဆက် ခေါ်လိုက်တယ်။


ရောက်လာတော့ ကျမကအကျိုးအကြောင်း ပြောပြတယ်။


မောင့်အမေက အရေးမကြီးတဲ့ဟန်ပန်နဲ့။


ဒါများအေ ယောက်ျားကောင်းမောင်းမတစ်ထောင်ပါ…

အချိန်တန်ရင်ညည်းယောက်ျားကညည်းယောက်ျားပဲပေါ့…


အယ်….

ပြောရက်လိုက်တာအမေရယ်။

ကျမရင်ထဲမှာတော့ မီးတောင်ပေါက်ကွဲနေပြီ။


ကျမ အမေ့စကားကို တအံ့တသြဖြစ်သွားတယ်။


တချိန်လုံးငိုထားတဲ့ ကျမမျက်နှာ အစ်အစ်ကြီးကိုမှ သူမမြင်လေရော့သလား ။

ကိုယ်ချင်းမစာ ပြောရက်လေခြင်း။


ကျမအမေ့ကို တစ်ချက်ကြည့်လိုက်တယ်။


ဒီတစ်ခါ အမေလာတာ အတော်လေးကို တောက်ပြောင်နေပါလား။


အရင်ဆိုပလပ်စတစ်အိတ်တစ်လုံး လက်မှာချိတ်လာတတ်တဲ့သူက ခုများတော့ စလင်းဘက်အိတ်အကောင်းစားနဲ့ပါလား။


နားမှာလဲ တသက်လုံးက နားပေါက်ဟောင်းလောင်းပဲ မြင်ထားဖူးတဲ့ကျမ။


ခုတော့ ပတ္တမြားနားကပ်ကို ရွှေထူထူ ကွပ်ပါလို့။


ပါထိုင်းလုံချည် ရေတွက်လို့ရတဲ့အမေက။


အင်ဒိုနီးရှား အကောင်းစားနဲ့ ပိတ်ဖောက်ဇာအင်္ကျီနဲ့။


အရင်ကအမေတို့က မပြေလည်ကြပါဘူး။

သံလျင်ဘက်မှာ နေတာပါ။


အိမ်ရှေ့မှာမုန့်ဟင်းခါးဆိုင်လေးဖွင့်ရောင်းတယ်။


ကျမအမေတို့နဲ့ ပတ်သက်ပြီးအတွေးတစ်ခု ဝင်နေမိတယ်။


ဒီနေ့စျေးထဲမှာ မမျှော်လင့်ပဲ

ယောက်ခမတွေ နေတဲ့အိမ်နားကအမတစ်ယောက်နဲ့ တွေ့တယ်။


မထွေးတို့ယောက်ခမတွေတိုက်ခံအိမ်ဆောက်ထားတာကောင်းလိုက်တာအေ..


ခုမုန့်ဟင်းခါး မရောင်းတော့ဘူး..


ကုန်စုံဆိုင်ကြီးများဟီးထလို့..


အပ်ကအစ ဒုံးပျံအထိရတယ်..


မထွေးယောက်ကျားလိုသားမျိုးကတော့ ကမ္ဘာရှားဟေ့….


ကျမဒါတွေတစ်ခုမှမသိရပါလား။


မသိဆို ကျမက ယောက္ခမတွေဆီမရောက်တာ တနှစ်နီးပါးလောက်ရှိသွားပြီ။


မောင်ကလဲ သူ့မိဘတွေနဲ့ပတ်သက်ပြီး ကျမကို တစ်ခွန်းမှမပြောခဲ့ဘူး။


ဟင် !ဒါဆို ..ဒါဆို။


အမေက ဒါကြောင့် ငါပြောတာကို မတုန်လှုပ်ပဲ နေတာကိုး။


မိဘတွေအတွက်ပါ အဆင်ပြေအောင်လုပ်ပေးထားပြီးပြီ ဆိုတော့။


မောင် အစာ နင်နေပြီ။

အစာက လည်ပင်းအထိကို နင်နေတာ။

မရတော့ဘူး။


နောက်ရက်မှာတော့ မှော်ဘီဘက်မှာ ဗေဒင်ဆရာ ကောင်းကောင်းရှိတယ်ဆိုလို့ သားသားကို သူများအိမ်မှာ ခဏ အပ်ပြီး ကျမသွားပါတယ်။


နေပူပူမှာ လင်ပူ ကိုငြှိမ်းဖို့

တိုက်ကြီးဘက်က အောက်လမ်းဆရာဆီလဲ ရောက်တယ်။


ကျမ အိမ်ထောင်မကွဲချင်ပါဘူး။

သူနှင့်ကျမ ရိုးမြေကျပေါင်းမယ်ဆိုတဲ့စိတ်နဲ့နေတာပါ။

ကျမသူ့ကိုသိတ်ချစ်ပါတယ်။

ကျမရင်ထဲ အသည်းနှလုံးထဲက ဖော်ပြနိုင်စွမ်းမရှိနိုင်လောက်အောင်ကိုချစ်ရတဲ့သူပါ။


ခုတော့ကျမကို တချက်လောက်ပြန်လှည့်ကြည့်မလား ဆိုတဲ့မျှော်လင့်ချက်လေးနဲ့။


ချေလိုက်ရတဲ့ ယတြာ။

တွက်လိုက်ရတဲ့ ဗေဒင်။


ငွေတွေလဲကုန်။

လူလဲ အရိုးပဲရှိတော့တယ်။


မောင်ကတော့ ကျမသိနေပြီ ရိပ်မိနေပြီဆိုတာကိုသိနေတာနဲ့ အိမ်ကိုပြန်လာတဲ့ ရက်ကျဲသွားပါတယ်။


အိမ်ပြန်လာတဲ့ ရက်တွေမှာလဲကျမကိုခပ်စိမ်းစိမ်းနေပါတယ်။


ကျမနဲ့သူလည်း ဘာစကားမှပြောစရာမရှိတော့လောက်အောင်ဖြစ်သွားတယ်။


လူစိမ်းနှစ်ယောက်တစ်အိမ်ထဲမှာ အတူနေကြသလိုဖြစ်နေကြတယ်။


သူ့အမူအရာ သူ့မျက်လုံးတွေက ကျမအပေါ်မှာ သူစိမ်းတစ်ယောက်လိုဖြစ်နေတာကျမအံသြမဆုံးပါ။


သူကတော့သူ့မမနဲ့ညဘက်ကို ဖုန်းတွေဆက်နေကြတာ ပလီပလာစကားတွေပြောနေကြတာ ချစ်ရည်လူး တစ်တီတူးကြတာတွေကိုကျမမှာ ရင်နာနာနဲ့ မကြားချင်မှအဆုံးပါ။


ကျမသိနေပြီဆိုမှတော့ သူလဲကွယ်ဝှက်မနေတော့ဘူး ။


ကျမကိုလဲ ဂရုမစိုက်တော့ဘူး ဆိုတဲ့အနေထားမျိုးနဲ့ပါ။


ကျမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကလဲ အရင်လိုမချောမွေ့လေတော့ သားရှေ့မှာ ဟန်ဆောင်နေရပေမယ့် တကယ်တမ်းကျတော့သွေးဝေး သွားကြတယ်။


တစ်နေ့မှာတော့ ကျမကို သူ ပွင့်ပွင့်လင်းလင်း ပဲပြောတယ်။


မင်းအပေါ်မှာ ငါ ဘာစိတ်မှ မရှိတော့ဘူး …

အဲဒါကိုမင်းမြဲမြဲမှတ်ထား…


စိတ် ဆိုတဲ့အဓိပ္ပါယ်ကို ကျမနားလည်လိုက်တယ်။


စိတ်ဆိုတဲ့အရာ မရှိမှတော့ အရာရာ ပျက်သုန်းခြင်းပေါ့။


လူကိုစိတ်ကသာ ဦးဆောင်နေတာလေ။


သွားချင်စိတ် မရှိဘူးဆိုရင် ဒီခရီးလည်းမရောက်နိုင်တော့ဘူး။


စားချင်စိတ်မရှိတော့ဘူးဆိုရင်လည်း အာဟာရဆိုတာ နိုးပါပဲ။


တစ်ယောက်ကိုတစ်ယောက်

ချစ်တဲ့စိတ်တစ်ခုထဲနဲ့တည်ဆောက်နေကြတဲ့ ဒီအိမ်ထောင်ရေးမှာ စိတ်မရှိတော့ဘူးဆိုမှတော့ ဘာမှကို ပြုပြင်ယူလို့မရတော့ပါဘူး။


ဒီစကားနဲ့တင် လုံလောက်သွားပါပြီ။


ဘယ်လောက်ပဲ ချစ်ခဲ့ကြပါစေ။

သံယောဇဥ်ဆိုတဲ့ကြိုး ပြတ်တဲ့နေ့ သူစိမ်း ဖြစ်သွားတယ်လေ.။


ကျမလက်ခံလိုက်တာကတော့

ဓနဥစ္စာက လူကိုယစ်မူး ခုံမင်တပ်မက် စွဲလန်း စေတယ်ဆိုတာပါပဲ။


သူကျမနဲ့အတူနေစဥ်က စားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်းရုန်းကန်လှုပ်ရှားခဲ့ရပါတယ်။


လကုန်လို့အိမ်လခပေးဖို့ကိုတောင်ခက်ခဲတဲ့အနေအထားရှိခဲ့ဖူးတယ်။


ဖုန်းအစုတ်လေးကို တသသနဲ့မြတ်မြတ်နိုးနိုးကိုင်ခဲ့ရတယ်။


ခုလို သူဌေးမတစ်ယောက်က ငွေပုံပေါ်မှာထိုင်ခိုင်းလိုက်တော့ ဥစ္စာပစ္စည်းကိုသူမက်မောပြီပေါ့။


မမ အသက်ငါးဆယ်ကိုသူတစ်ကယ်ချစ်သည်ဖြစ်စေ ဟန်ဆောင်သည်ဖြစ်စေ သူသစ္စာတရားကိုတန်ဘိုးမထားတော့ပြီ။

သူ့ရဲ့အိမ်ထောင်ဘက်အပေါ်ကိုသစ္စာမဲ့ပြီပေါ့။

.

.


ဒီနေ့ သူနဲ့ကျမ ကွာရှင်းလက်မှတ်ထိုးတဲ့ နေ့ပါ။


ကျမကို နစ်နာကြေးအနေနဲ့ ငွေသိန်းနှစ်စ်ရာ ပေးတယ်။


ကျမမိဘတွေလဲ ရွာကရောက်လာကြတယ်။


ကျမမိဘတွေက ခြံစိုက်စားတာပါ။

ကျမတို့က ဆင်းရဲပါတယ်။


မိဘတွေက ကျမမြို့မှာအိမ်ထောင်ဘက်ကောင်းလေးနဲ့တွေ့ပြီး အေးအေးဆေးဆေးနေရတယ်ဆိုပြီး စိတ်ချမ်းသာနေကြတာ။


သူက မကိုလဲ မမင်တော့

ဥကိုလဲ မခင်တော့ပါဘူး။

သားသားကိုလဲ ဥပက္ခာပြုလိုက်ပါတယ်။

ရွှေငွေစည်းစိမ်တွေနဲ့ ကျမတို့သားအမိ။သူ့ရွေးချယ်မှု့မှန်ကန်တယ်လို့ပဲ ကျမယူဆလိုက်တယ်။

သူတို့ပေးတဲ့ငွေကိုကျမ မက်မောပါတယ်။


မိခင်ဖြစ်တဲ့ ကျမကတော့ သားရဲ့ရှေ့ရေးအတွက် ကြိုးစားရပါဦးမယ်။


သူ ကျမကို စွန့်ပြစ်လိုက်ရုံနဲ့ ကျမဘဝ အသေမခံနိုင်ဘူး။


ကျမနှလုံးသားကိုလဲ အသေ မခံဘူး။


ကျမကိုယ့်ကိုကိုယ် ချစ်ဖို့

အရင်ကထက် ပိုချစ်ဖို့ဆုံးဖြတ်ချက် ချပြီးသားပါ။


တစ်ယောက်ထဲ ကြိတ်ငိုခဲ့ရတဲ့

မျက်ရည်တွေကိုလဲကျမ အပြီးတိုင်နှုတ်ဆက်လိုက်တယ်။


ကျမဆက်ပြီး အသက်ရှင်ရပါဦးမယ်။


တနေ့မှာ သူ့ကို လက်စားချေမယ်ဆိုတဲ့ စိတ်လဲမရှိဘူး။


နိုင်လိုစိတ်လဲ မရှိဘူး။

သူဌေး မုဆိုးမ အန်တီကြီးက

ရုပ်ဝတ္ထုတွေ ပြည့်စုံပါတယ်။


လောကကြီးမှာ အင်အားကြီးသူသာ အနိုင်ရပါတယ်။


ငွေသိန်းနှစ်ရာကို ပိုက်ပြီး

ကျမ ရွာကိုပြန်တော့မယ်။


ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာဆိုရင်တော့ မင်းသမီးက အိမ်ထောင်နဲ့ကွဲရင် နိုင်ငံခြားထွက်သွားမယ်။

တတိယလူ(စ/ဆုံး)


သူဌေးတစ်ယောက်ကို ရအောင်ရှာယူမယ်။


သူ့ရှေ့မှာ ခေါင်းမော့ ရင်ကော့ပြီးအလှပဆုံးနေပြမယ်။


တနည်းနဲ့မဟုတ်တနည်း နိုင်လိုစိတ်ကို ရှာဖွေမယ်။


လက်တွေ့မှာကျမကတော့ ငွေထုပ်ပိုက်ပြီး ရွာပြန်မယ်။


မိသားစုနဲ့အတူ ခြံလုပ်ငန်းကို တိုးချဲ့မယ်။


#ကိုယ်အေးချမ်းဖို့သူ့ကိုခွင့်လွှတ်တဲ့စိတ်မွေးမယ်

#ခွင့်လွှတ်လိုက်တော့စိတ်လွတ်လပ်သွားတယ်လေ

#ကိုယ့်ဖက်ကလဲအေးချမ်းသွားတယ်


အောက်ချင်းငှက် ကျောက်စီပန်းချီကားလေးကို ရင်မှာပိုက်ကာ…

သားသားကို လက်ဆွဲပြီး ရွာကိုပြန်ပါပြီ။

.

.

.

#မေတ္တာရည်လျက်

#ခင်လှမြတ်ခိုင်