ဖေဖေမကြိုက်လို့

 ဖေဖေမကြိုက်လို့

------------------

ကျွန်မ အသက် ၁၀ နှစ်


တစ်နေ့တွင် ကျွန်မကိုကျောင်းသို့ မေမေလိုက်ပို့သည်။ လမ်းထဲက အစ်မတစ်ယောက်က ဘောင်းဘီရှည်လေး ဝတ်ထားသည်။ ထိုအစ်မက ကောလိပ်ကျောင်းတက်နေသူဖြစ်သည်။ ကျွန်မက မေမေ့ကို


“မေမေ သမီးဘောင်းဘီရှည်လေး ဝတ်ချင်လိုက်တာ” ဟု ပူဆာသည်။


မေမေက တူးတူးခါးခါး


“အို မဖြစ်ပါဘူး … ဘောင်းဘီဝတ်လို့ မဖြစ်ပါဘူး”


“ဘာဖြစ်လို့လဲမေမေ”


“သမီးဖေဖေက မကြိုက်ဘူး”


ကျွန်မ အသက် ၁၂ နှစ်


ကျွန်မတို့ မိသားစု တစ်ညနေခင်းတွင် ပန်းခြံကို လမ်းလျှောက်သွားကြသည်။ မောင်လေးက စက်ဘီးစီးပြီး နောက်က လိုက်လာသည်။ ပန်းခြံထဲတွင် စက်ဘီးပတ်စီးနေသော မောင်လေးသည် အုတ်ခဲတစ်လုံးကို နင်းမိပြီး ဟန်ချက် ပျက်ကာ လဲကျသွားသည်။ မောင်လေးက အတော်လေး နာသွားသဖြင့် ငိုသည်။ မေမေက


“သားနောက်ဆို စက်မစီးနဲ့တော့” ဟုပြောသည်။


ဖေဖေက


“အို ဘာဖြစ်သလဲ။ စီးပါစေ။ အဲဒီလို လဲကျလိုက် ပြန်ထလိုက်နဲ့ စက်ဘီးကို ကျွမ်းကျင်သွားမှာပေါ့။ ငါတို့လည်း ဒီလိုပဲ လဲကျခဲ့တာ။ အနာမရဘဲ စက်ဘီးစီး ဘယ်မှာတတ်လို့လဲ”


ကျွန်မက ဖေဖေ့ကိုပြောလိုက်သည်


“ဖေဖေ သမီးလည်း စက်ဘီးစီးတတ်ချင်တယ်”


ဖေဖေက


“မိန်းကလေး ဘာဖြစ်လို့ စက်ဘီးစီးရမှာလဲ … သွားအိမ်ပြန်တော့”


ဖေဖေက ထိုသို့ပြောပြီး မေမေ့ကို ပိုက်ဆံထုတ်ပေးကာ


“နင့်သမီးကိုခေါ်သွားတော့ … မုန့်ဝယ်ကျွေးလိုက်။ နောက်စက်ဘီးစီးမယ်လို့ ဘယ်တော့မှ မပြောစေနဲ့။ လဲကျပြီး ကျိုးပဲ့သွားမှ” ဟု ပြောလိုက်သည်။


ကျွန်မအသက် ၁၈ နှစ်


ကျွန်မ ၁၀ တန်းအောင်သည်။ ကျွန်မ အမှတ်က ဘီအီးဒီအမှတ်မီသည်။ ထို့ကြောင့် ရန်ကုန်ပညာရေး တက္ကသိုလ် တက်ခွင့် လျှောက်ချင်သည်။ သို့သော် ဖေဖေက ခွင့်မပြု။


“အို မိန်းကလေးက အိမ်နဲ့ ခွဲဖူးတာလည်းမဟုတ်ဘူး။ ဒီမှာပဲ ဒေသကောလိပ်တက်ရမယ်။ အိုးမကွာ အိမ်မကွာနဲ့ နေရမယ်” ဟုဆိုသည်။


ထို့ကြောင့် ကျွန်မသည် ကိုယ့်မြို့တွင်ဖွင့်ထားသည့် ဒေသကောလိပ်ကိုသာတက်ခွင့်ရခဲ့ပြီး သာမန်ရိုးရိုးဘွဲ့ တစ်ခုကိုသာ ပိုင်ဆိုင်ခဲ့ပါသည်။


သို့သော် မောင်လေး ၁၀ တန်းအောင်သည့်အခါ ဖေဖေက ရန်ကုန် စက်မှုတက္ကသိုလ်ကိုတက်ခွင့်ပြုသည်။


“ငါတို့မှာ ဒီသားလေးကတစ်ယောက်တည်းရှိတာ ထူးချွန်စေ့ချင်တယ်။ စက်မှုတက္ကသိုလ်ကျောင်းသားကြီး ဖြစ်ရမယ်” ဟုဆိုကာ မောင်လေးကို သူကိုယ်တိုင် ရန်ကုန်ကိုလိုက်ပို့သည်။


ကျွန်မအသက် ၂၂ နှစ်


ကျွန်မ အစိုးရအလုပ် လုပ်ချင်သည်။ ကျောင်းဆရာမအလုပ် လုပ်ချင်သည်။ ထိုအချိန်က ကျောင်းဆရာအလုပ် ဝင်လုပ်လျှင် နယ်ကိုသွားရမည်။ ဖေဖေက


“အိမ်မှာ ငါတို့နှစ်ယောက်ပဲရှိတာ။ သမီး တစ်နယ်ကိုသွားလို့ဘယ်ဖြစ်မလဲ။ ဒီမြို့မှာပဲ အလုပ်ရအောင် ဖေဖေ ပြောပေးမယ်”


ဖေဖေက သူ့မိတ်ဆွေတွေနှင့် စီစဉ်ကာ ကျွန်မကို မြို့ပေါ်ရှိဘဏ်တွင် အလုပ်ရအောင် အကွက်ချသည်။ ကျွန်မ ဘဏ်တွင် အလုပ်ဝင်လုပ်ရသည်။


ကျွန်မ အသက် ၂၅ နှစ်


ကျွန်မရာထူးတိုးဖြင့် နယ်ကိုပြောင်းရန်အမိန့်ကျသည်။ ဖေဖေက ရာထူးတိုးမယူရန်ပြောပြီး


“ငါတို့ လစာရော ရာထူးပါမတိုးလည်း သမီးကို ကောင်းကောင်း ကျွေးထားနိုင်ပါတယ်။ အဝေးကြီးမှာ သွားပြီးတော့ မနေရပါဘူး” ဟုတားသည်။


ကျွန်မ ရာထူးတိုးလည်းမယူရ။ ကျွန်မနှင့် အလုပ်အတူတူဝင်သူတွေက ရာထူးတွေတိုးကုန်သည်။ ကျွန်မ မခံချင် သဖြင့်


“သမီး အလုပ်ထွက်တော့မယ်” ဟုပြောကြည့်သည်။


“ဘာဖြစ်လို့ ထွက်ရမှာလဲ။ သမီးကို အစိုးရအလုပ် လုပ်ခိုင်းနေတယ်ဆိုတာ လစာကို မက်လို့ မဟုတ်ဘူး။ တည်တည်တံ့တံ့နဲ့ အလုပ်လေးတစ်ခုရှိတယ်ဆိုတာ ဖြစ်စေချင်လို့” ဟု ဖေဖေကပြောသည်။


ကျွန်မ အသက် ၂၆ နှစ်


မောင်လေးက ဘွဲ့လည်းရသည်။ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်လည်းရသည်။ အလုပ်ရစေရန် ဖေဖေကိုယ်တိုင် သူ့ဆရာသမားတွေကို လိုက်ပြောပေးခြင်းဖြစ်သည်။ ဖေဖေက


“သားအတွက်တော့ စိတ်အေးရပြီ … သမီးအတွက် စီစဉ်စရာရှိတာ စီစဉ်ရတော့မယ်”


“ဘာတွေစီစဉ်မှာလဲ‌ ဖေဖေ”


“သမီး အိမ်ထောင်ပြုရမယ်”


“အို သမီး အိမ်ထောင်မပြုချင်သေးဘူး”


“ဖေဖေတို့ စီစဉ်ပြီးပြီ”


ကျွန်မအိမ်ထောင်ပြုလိုက်ရသည်။ ဖေဖေ့မိတ်ဆွေ၏ သားတစ်ယောက်နှင့်ဖြစ်သည်။


ကျွန်မ အသက် ၃၀


ကျွန်မတို့တွင် သမီးလေးတစ်ယောက်ရလာသည်။


ကျွန်မ ခင်ပွန်းက


“တို့ သမီးလေးကို သူ့အမေလိုဖြစ်အောင်ပြုစုပျိုးထောင်ရမယ်” ဟုဆိုလာသည်။


ကျွန်မစိတ်ထဲတွင် “ငါ့သမီးလေး ငါ့လိုပဲဖြစ်ရမှာလား” ဟု မေးလိုက်မိသည်။


ကျွန်မအသက် ၃၅


ကျွန်မနှင့်ဖေဖေ သူ့မြေးမလေးတို့ လမ်းလျှောက်ထွက်လာကြသည်။


သမီးလေးက


“မေမေ ဟိုမမလို သမီး ဘောင်းဘီရှည်လေးဝတ်ချင်လိုက်တာ” ဟု ပြောလာသည်။


ဖေဖေက


“အို မိန်းကလေး ဘောင်းဘီမဝတ်ရပါဘူး။ ဘိုးဘိုး မကြိုက်ဘူး” ဟုဆိုသည်။


ကျွန်မက သမီးလေးလက်ကို ဆွဲထားလိုက်ပြီး


“ဖေဖေ ပန်းခြံထဲမှာစောင့်နေ” ဟုပြောလိုက်သည်။ ဖေဖေက


“ဘယ်သွားမလို့လဲ” ဟုမေးသည်။


ကျွန်မက လမ်းတစ်ဖက်ကို သမီးလေးနှင့်အတူကူးကာ အထည်ဆိုင်ထဲဝင်လိုက်သည်။


ကျွန်မသမီးလေး ကြိုက်သည့်ဘောင်းဘီကို ဝယ်ပေးမည်။


တင်ညွန့်


၁၀.၇.၂၀၂၅