ငါးစိမ်းသည်မ
မိုးစွေအခန်း( ၁ )————————————–ငါးတွေ ငါးတွေ လက်ဆတ်တယ်နော်…ဟေ့ဒီမယ်အလေးလည်းပြည့်တယ်အစ်မရေ ငါးတွေအားပေးပါဦး တန်တယ်နော်… ”တစ်နေကုန် ဈေးတည်းမှာပဲ မိသားစုအတွက်အချိန်ကုန်ရုန်းကန်ရင်း သားသက်ရုံထဲမှာအချိန်ကုန်နေတဲ့ ငါးစိမ်းသည် မြင့်မြင့့်စန်းတစ်ယောက်အခုလည်း သူ့ရဲ့ ငါးတွေရောင်းကုန်အောင်အော်အော်ပြီးအပြိုင်အဆိုင်ကို မိတ်ခေါ်နေလိုက်တာ …. ၊ မြင့်မြင့်စန်းအသက်က ၅၀ကျော်နေပြီငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ် သားသမီးက မထွန်းကားခဲ့တော့ တူတွေ ၊ တူမတွေ ၊မောင်နှမနဲ့ ဆွေမျိုးသားချင်းတွေအပေါ်မှာပိုပြီးတော့ သံယောဇဉ်တွယ်နေမိတယ် ၊လူတွေကပြောကြတယ် သံယောဇဉ်တွေနည်းအောင် တစ်ယောက်တည်းနေရမယ်တဲ့အဲ့လိုပြောတဲ့သူတွေကိုယ်တိုင်ရော တကယ်သံယောဇဉ်တွေပြတ်နိုင်ပြီလားတစ်ကယ်ရော တစ်ယောက်တည်းနေနိုင်ပြီလားဆိုတာတော့ မြင့်မြင့်စန်း မသိဘူး.. ၊သူ့အတွက်တော့ လူဖြစ်လာပြီးမှ ဆွေရယ် မျိုးရယ်အသိုင်းအဝိုင်းလေးနဲ့ စည်းစည်းလုံးလုံးလေးမနေလိုက်ရရင် လူဖြစ်ရကျိုးမနပ်သလို….အထီးကျန်သလို …. ဒီလိုဘဝကြီးနဲ့အသက်ရှင်ရမှာငွေတွေဘယ်လောက်ရှိရှိ ဘဝကြီးက ဟာတာတာနဲ့ မပြည့်စုံသလိုခံစားရတယ် ၊ဒီအသက်အရွယ်မှတော့ နောက်အိမ်ထောင်ပြုဖို့စိတ်ကူးမရှိတော့ဘူး ၊ ကိုယ်စားချင်တာစားမယ် ၊ငွေရှာမယ် သုံးချင်သလိုသုံးမယ် မိသားစုအတွက်လိုအပ်တာဖြည့်ပေးမယ် ဒီလိုလေးနဲ့ရုန်းကန်နေရတာကိုကလူပိသနေပြီ ဘဝအဓိပ္ပာယ်ရှိနေလှပြီ… ၊ တစ်ခါတစ်လေ လူတွေက ခတ်တယ် … ငါးညှီနံ့တွေနဲ့လူတွေ ရှုပ်ထွေးနေတဲ့နေရာကြီးမှာအကုသိုလ်အလုပ်တွေလုပ်ပြီး ငွေရှာနေတာ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ၊တကယ်ဆို ကိုယ်တွေလို သားငါးရောင်းရတဲ့သူတွေဆိုတာ သူတို့လို သားငါးစားချင်ကြတဲ့လူတွေရှိနေလို့စီးပွားဖြစ်လုပ်နေရတာလေ….လောကကြီးမှာ တစ်လောကလုံး သတ်သတ်လွတ်စားကြည့်ပါလားဈေးတွေမှာ သားငါးရုံဆိုတာ ဘယ်ရှိပါတော့မလဲလေ… ရောင်းပေးနေတဲ့သူကိုတောင်ကျေးဇူးမတင်ကြပဲ ငရဲကြီးတယ် ငရဲသေးတယ်တဲ့ ဝေဖန်တတ်ကြတဲ့သူတွေဆိုတာလည်းဒုနဲ့ဒေပါပဲ …. ။မြင့်မြင့်စန်း ရဲ့ တစ်နေ့တာက ဒီလိုနဲ့လည်ပတ်နေလိုက်တာမြင့်မြင့်စန်းတယ့်လေးနှစ်သမီးအရွယ်ကတည်းကဆိုရင်အခုဆိုရင်အသက်တောင် ငါးဆယ်ကျော်နေပြီ ၊အထိုင်များတာရယ်အစားအသောက်သောင်းကြမ်းတာရယ်ကြောင့် ပုံစံကတော့ ၀၀ ပုပု လုံးလုံးလေးနဲ့ရွှေတွေကတော့ တစ်ကိုယ်လုံးအပြည့်ဆင်ထားသေးတယ် ၊ မျက်နာပေါက်က ဆိုးသလိုစကားပြောရင်လည်း နှုတ်ကလေးနည်းနည်းကြမ်းတတ်တယ် ၊ လုပ်နေတဲ့အလုပ်နဲ့လည်းဆိုင်သေးတာကို… ၊ စိတ်ထားလေးကတော့ စိတ်ပုတ်တာတွေဘာတွေမရှိတော့သူနဲ့ လုပ်ငန်းတူတွေထဲမှာဆို စိတ်ထားကောင်းတဲ့သူလို့ဆိုလို့ရတဲ့အထဲမှာပါတယ် ၊ဘယ်လောက်စိတ်ထားကောင်းကောင်း လူတစ်ယောက်ကအပြောအဆိုမတတ်တဲ့အခါဆဲသလိုဖြစ်တတ်တယ်ဆိုတဲ့ စကားပုံက မြင့်မြင့်စန်းကိုရည်ညွန်းထားပုံရတယ် …. ။ဒီလိုနဲ့ သားငါးဈေးလေးမှာ မြင့်မြင့်စန်းအသံဆာဆာလေးကနေ့တိုင်း လွှမ်းမိုးထားဆဲပေါ့…တစ်နေ့တော့ မြင့်မြင့်စန်း ကံဆိုးမိုးမှောင်ကျလာခဲ့တဲ့တစ်နေ့ကြုံလာခဲ့ရတယ် ၊အဲ့ဒီနေ့ကစပြီး မြင့်မြင့်စန်းရဲ့အသံဆာဆာလေး..မြင့်မြင့်စန်းဈေးရောင်းနေကျ နေရာလေးက လစ်ဟာသွားခဲ့တာလို့ဆိုရမယ်….ကံဆိုးမှုတွေစတင်ခဲ့တဲ့အချိန်က မြင့်မြင့်စန်း ဈေးကနေခါတိုင်း ဈေးပတ်ချိန်မှပြန်လာနေကျကိုအဲ့နေ့ကျမှနေပြင်းလို့ထင်တယ် ခေါင်းထဲနည်းနည်းမူးသလိုဖြစ်နေတာနဲ့ပြန်နေကျအချိန်မဟုတ်ဘဲ ဈေးသိမ်းလိုက်ပြီး ငါးခြင်းတောင်းလေးကိုသယ်ရင်းအိမ်အပြန်မှာ ဈေးဘယ်ဘက်အခြမ်းမှာ ဈေးထဲကထွက်ထွက်ခြင်း လမ်းကျဉ်းလေးတစ်ခုအရောက်…. ၊လမ်းရှင်းနေတဲ့အချိန်မို့အရှိန်ခပ်ပြင်းပြင်းနဲ့ တဟုန်ထိုး မောင်ထွက်လာတဲ့ ဟိုင်းလက် ကားတစ်စီးနဲ့ပစ်တိုက်မိသွားပါလေရော… ကားကအရှိန်နဲ့တိုက်လိုက်မိလို့ မြင့်မြင့်စန်း သတိလစ် ပစ်လဲကျသွားတုန်းခုနကအရှိန်နဲ့မောင်းလာတဲ့ကားက မြင့်မြင့်စန်းကို တိုက်မိသည့်တိုင်အောင်အရှိန်ချက်ချင်းမသေသေးဘဲလမ်းမပေါ်မှာ လွင့်စင်ပြီး ပစ်လဲသွားတဲ့ မြင့်မြင့်စန်းကိုယ်လုံးပေါ်ကိုတက်ကြိတ်သွားသေးတယ် ၊အဲ့ဒီ့နောက်မှ ကားက ထိုးရပ်သွားတယ် ….“ ကျွီ……………..ဝုန်း………………. ”“ ဟာ…ကားတိုက်သွားပြီဟေ့….ဝိုင်းထားဝိုင်းထားကားသမားထွက်မပြေးစေနဲ့ ”“ ဟိုမိန်းမလေးသေသွားပြီထင်တယ် သနားပါတယ် ”“ ဟယ်….လမ်းပေါ်မှာခေါင်းကြီးတစ်ခုလုံးပြားကပ်နေအောင် ကားကြိတ်ခံထားရတာပဲကြောက်စရာကောင်းလိုက်တာ ဘုရားဘုရား ”စတဲ့ တစ်ယောက်တစ်ပေါက်အသံတွေနဲ့တစ်ဈေးလုံးက လူတွေ တဝုန်းဝုန်းနဲ့ထွက်ကြည့်ကြတယ်အဲ့ထဲမှာမှ မြင့်မြင့်စန်းမှန်းသိတဲ့သူတွေပါလာတော့ မြင့်မြင့်စန်းအတွက်စိတ်မကောင်းဖြစ်ကြသလို ၊ မိသားစုကိုလည်းအကြောင်းကြားလိုက်ကြတယ် ၊မကြာခင်မှာပဲ ရဲတွေလည်းရောက်လာပြီးအလောင်စစ်ချက်တွေယူတယ် ပြီးတော့ ကားသမားကိုလည်းဖမ်းခေါ်သွားတယ် ၊ မြင့်မြင့်စန်းအလောင်းကိုတော့ နာရေးကူညီတဲ့ ပရဟိတအဖွဲ့တစ်ခုကလူငယ်လေးတွေ ကြောက်ကြောက်လန့်လန့်နဲ့ သွေးပျက်သလိုပုံလေးတွေနဲ့ သယ်သွားကြတယ် ၊ကြောက်လည်းကြောက်စရာပဲအဝတ်အစားအရောင် ၊ ငါးထည့်တဲ့ တောင်းလေးနဲ့လက်ဝတ်လက်စားတွေသာ မပါခဲ့ဘူးဆိုရင် ဒီလူက မြင့်မြင့်စန်းပါဆိုပြီး ဘယ်သူမှတန်းမပြောနိုင်လောက်တဲ့အထိပဲ ၊ မြင့်မြင့်စန်းရဲ့ ဦးခေါင်းကြီးတစ်ခုလုံးက ကားလမ်းမှာ ပြားကပ်နေပြီးခန္ဓာကိုယ်မှာလည်းအရိုးအစစ်တွေလိမ်ကောက်လို့ ၊အသားတွေကလည်းပဲ့နေပြီး ခြေထောက်ကပြောင်းပြန်ကြီးလိမ်ကောက်နေတယ် ၊ မြင်နေရတဲ့သူတွေတင် ကျောရိုးထဲစိမ့်သွားပြီး တစ်ဖက်ကလည်းမြင့်မြင့်စန်းအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ် ဂရုနာသက်မိကြတယ် … ။အဖြစ်အပျက်တွေက မြန်လွန်းတာလားအချိန်ကပဲ ကုန်လွယ်တာလားတော့မသိဘူး ၊မြင့်မြင့်စန်းရဲ့အဖြစ်အပျက်လေးက တစ်လလောက်ကြာသွားတော့ လူတွေ မေ့မေ့ပျောက်ပျောက်တောင်ဖြစ်သွားကြပြီလေ… ၊ လူဆိုတဲ့သတ္တဝါကလည်း မေ့လွယ်တတ်ကြတယ် ၊ ပတ်ဝန်းကျင်ကလူတစ်ယောက်ကွယ်လွန်ရင် ဂရုနာသက်ကြတယ် ကိုယ့်အလှည့်ကျ သေမင်းလာခေါ်ရင်ဘယ်လိုလုပ်ရမယ်ဆိုတာ တွေးပူတတ်ကြတယ် ၊ ဘုရားတရားဘက်ကိုအားကိုးတတ်လာတယ် ၊နောက်ပိုင်းကျတော့လည်း တကယ်စွဲစွဲမြဲမြဲ လုပ်နိုင်တဲ့သူ ရှားပါတယ် …. ၊ ဒါ့ကြောင့် ဘုရားရှင်ကအမြဲ သတိကပ်ဖို့ကိုအဓိကထား မမေ့ကြဖို့ မှာကြားဟောကြားခဲ့တာမဟုတ်လား ။~~~~~~~~~~~~~~~~~~~~~~~~~~ဆိုက်ကားသမား ဆိုတဲ့ ဂုဏ်ပုဒ်က မခမ်းနားပေမယ့် ကိုကျော်ကြီးအတွက်တော့သိပ်အရေးမကြီးပါဘူး ၊အတန်းပညာမတက်တဲ့အပြင် ပတ်ဝးန်ကျင်မှာလည်း လက်လုပ်လက်စားနဲ့ရှင်သန်နေကြတဲ့သူတွေချည်းပဲမို့ ဒီရေအိုင်ထဲကနေ ကျော်ကြည့်ဖို့ မကြိုးစားချင်တော့တာလူ့သဘာဝပါပဲ ၊ ကိုကျော်ကြီးလည်း လူတွေထဲက လူတစ်ယောက်မို့ ဒီလမ်းစဉ်အတိုင်းပေါ့ပေါ့ပါးပါးနဲ့ ဟိုနားဒီနားဆိုက်ကားနင်းလိုက် ငွေလေးရလာလိုက် မိန်းမကိုအိမ်စရိတ်တစ်ဝက်ပေးလိုက်ကျန်တာလေးကိုအပန်းဖြေဆိုတဲ့ခေါင်းစဉ်နဲ့အရက်ကလေးသွားမော့လိုက်နဲ့ နေ့ည..နေ့ည..ဆက်နေပြီ ။မိန်းမလုပ်တဲ့သူက ရပ်ကွက်အနှံ့ ခဝါသည်အလုပ်ကိုလုပ်ကိုင်တယ် ယိုင်နဲ့နဲ့ ဓနိမိုး ဝါးအကာအိမ်လေးထဲမှာ လင်မယားနှစ်ယောက် တက်ညီလက်ညီ ပင်ပင်ပန်းပန်းအလုပ်လုပ်လိုက် တစ်နေ့တစ်နေ့ရလိုက်စားလိုက် သုံးလိုက်နဲ့ စုမိတယ်ကိုမရှိဘူး..အိမ်အသုံးစရိတ်ဆိုတာကလည်းအိမ်ထောင်တစ်ခုတည်ပြီဆိုကတည်းက ဘယ်ကဘယ်လို ကပ်ပါလာမှန်မသိတဲ့အမွှာလိုပါပဲ ၊ဒီကြားထဲ ကလေးက မွေးထားမိပြန်တော့ ဒုက္ခပေါ် ဒုက္ခဆင့် ရှာတဲ့ပိုက်ဆံဘယ်လိုလောက်ငှပါတော့မလဲ ၊ကလေးကလည်း ကျောင်းနေအရွယ်လေးဆိုတော့ ကျောင်းစရိတ်သိပ်မကုန်လို့တော်သေး ၊တစ်နေ့တစ်နေ့မစုမိတဲ့အပြင် နေထိုင်မကောင်းတာတို့ ၊အရေးပေါ်လိုအပ်တာတို့ဆိုရင်လည်းရပ်ကွက်ထဲကအတိုးပေးစားတဲ့အိမ်မှာ မျက်နာငယ်လေးနဲ့ သွားချေးလိုက်ငှားလိုက်တာပါပဲ ၊ဘယ်လိုပဲဖြစ်နေပါစေအိမ်ထောင်ဦးစီးလုပ်တဲ့ ကိုကျော်ကြီးက သူ့အလုပ်ကလေးကို ပိုလည်းမကြိုးစားသလိုလျော့လည်းမလုပ်ပါဘူး…သူလုပ်မြဲအတိုင်းကိုပဲပုံမှန်လေးဆက်လုပ်နေဖြစ်တယ် ၊တစ်ကောင်ကြွက် ကိုကျော်ကြီး က ငယ်ငယ်ရွယ်ရွယ်မှာ တစ်ရပ်ကွက်တည်းသူနဲ့အိမ်ထောင်ကျပြီးနောက်အရင် လူပျိုတုန်းကလို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လိုက်ပြီးနေ့စားမလုပ်ဖြစ်တော့ဘူး..သူတတ်နိုင်သလောက် စုထားဆောင်းထားတာလေးနဲ့ ဆိုက်ကားလေးတစ်စင်းဝယ်ပြီး ဒီမိသားစုဘဝလေးကိုတည်ဆောက်နေခဲ့တာအခုဆို သူတောင်အသက်လေးဆယ်စွန်းစွန်းထဲရောက်လာခဲ့ပြီ…ဘဝကမတိုးတတ်လာပေမယ့်အချိန်တန်ရင် ထမင်းဝိုင်းလေးမှာ ဆုံရမယ် သားလေးနဲကချစ်ဇနီးသည်မျက်နာလေးကို မြင်နေရာတာနဲ့တင် သူ့အတွက် ပြည့်စုံနေပြီလေ… ၊ သူအမြဲပြောနေကျစကားတစ်ခွန်းရှိတယ်ဘာတဲ့… “ ဘဝဆိုတာ ချမ်းသာဖို့မလိုဘူး….မိသားစုတစ်ခုမှာ နွေးထွေးကြင်နာချစ်ခင်မှုမရှိရင်ဘယ်လောက်ချမ်းသာချမ်းသာ ဘယ်လောက်ပညာတတ်ပါစေ သူတို့နှလုံးသားတွေက ပြည့်စုံတယ် ၊နွေးထွေးတယ်ဆိုတဲ့ ခံစားမှုကို ရှာတွေ့မှာမဟုတ်ဘူးတဲ့ ၊ ဘယ်လောက်ထိဈေးကြီးတဲ့ ထမင်းဝိုင်းကြီးမှာဘယ်လိုမျိုး နာမည်ကြီးဟင်းတွေ စုံလင်နေပါစေအနည်းဆုံးတော့ ကိုယ်ချစ်ရတဲ့ မိသားစုမရှိဘဲတစ်ယောက်တည်းစားရတဲ့ညစာကအေးစက်နေမှာပဲ…. ၊ မိသားစုတွေစုံစုံလင်လင်နဲ့စားသောက်ရတဲ့ ထမင်းစားဝိုင်းလေးမှာ ဟင်းဆိုလို့ ငါးပိရည်တစ်ခွက်တည်းရှိရင်တောင်ဘယ်လိုစားစား တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီး ဖြစ်လာတဲ့ ပီတိအရှိန်လေးနဲ့ထမင်းလည်းမြိန်သလို ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေနဲ့ လွှမ်းခြုံနေတဲ့ ထမင်းဝိုင်းလေးမို့အရာရာပြည့်စုံနေပြီပဲလေ ” တဲ့… ဒီစကားလေးကို ကိုကျော်ကြီး မူးတဲ့အခါ ပိုပြောတတ်တယ် ၊သူပြောတာမှန်သင့်သလောက်တော့ မှန်ပါတယ်… ကိုကျော်ကြီးလို လူကြမ်းကြီးတစ်ယောက်ကလူကြမ်းပေမယ့် နှလုံးနုတဲ့လူတွေထဲမှာ ပါတယ်ဆိုတာတော့ လက်ခံရမယ် ။ကိုကျော်ကြီးမှာ ထူးခြားတဲ့အချက်လေးတွေလည်းရှိသေးတယ် ၊ သူကတစ်နေကုန်အလုပ်လုပ်နေတဲ့အချိန်ဆိုအရက်လုံးဝမသောက်ဘူး ၊ တစ်ခြားဆိုက်ကားဆရာတွေကမှနည်းနည်း နည်းနည်းလောက် ခိုးသောက်ထားတတ်ကြသေးတယ် ၊အဲ့တစ်ချက်တော့ ကိုကျော်ကြီးကစံထားလောက်တယ်… ၊အေး..အလုပ်တွေပြီးပြီလား..အလုပ်တွေပြီးလို့ ဆိုက်ကားသိမ်းမယ့်အချိန်ညဘက်ဆိုရင်တော့အရက်ကို သူသောက်နိုင်တဲ့ လစ်မစ်တစ်ခုရောက်တဲ့အထိရေလည်သောက်တတ်တယ် ၊ နောက်ပြီး သူက မူးလာရင်လည်း ဘယ်သူ့ကိုမှမရစ်တတ်ဘူး..သူ့ဘာသာသူ တိတ်တိတ်လေး ဆိုက်ကားလေးနင်းပြီးအိမ်ပြန်တတ်တယ်ဘာပြသနာမှလည်းမဖြစ်သလို ဘယ်သူနဲ့မှလည်းရန်မဖြစ်ဖူးဘူး ၊ ကိုကျော်ကြီးက တော်တော်အနေအေးတဲ့ လူတစ်ယောက်လို့အကြမ်းဖျင်းသတ်မှတ်လို့ရတယ် ၊ ကိုကျော်ကြီးတို့ ဆိုက်ကားဂိတ်ကဈေးနားမှာဆိုတော့ တစ်နေ့တစ်နေ့ ပုံမှန်ဝင်ငွေလေးက ဈေးသွားဈေးပြန် စီးနေကျလူတွေရထားတော့စိတ်ချရတဲ့သဘောမှာရှိတယ် ။တစ်နေ့ ခါတိုင်းလိုပဲ ကိုကျော်ကြီး တစ်နေကုန် ဆိုက်ကားဆွဲ…အချိန်တန်တော့ဘုံဆိုင်ကိုပြေးပြီးအရက်ကလေးသောက်ဖြစ်တယ် နောက်ပြီး ပြန်နေကျလမ်းလေးအတိုင်းဆိုက်ကားလေးကို တအိအိနင်းပြီး ဈေးဘေးနားက ပြန်နေကျ လမ်းကလေးအတိုင်းအိမ်ကိုပြန်လာခဲ့တယ်…. ၊ဒီနေ့မှ ခါတိုင်းထက်ကို ပိုမှောင်နေသလားလို့တွေးမိတယ် ၊ပတ်ဝန်းကျင်မှာ ထူးထူးခြားခြားအရင်ကြားနေကျ ညည့်ပုရစ်ကလေးတွေအော်သံတောင်မကြားရလောက်အောင် ဆိတ်ငြိမ်နေတာကိုတော့ သတိထားမိတယ် ၊လမ်းမီးတစ်ချို့ကလည်း ပြတ်လိုက်လာလိုက်နဲ့ ….အရက်ဆိုင်ကပြန်လာတဲ့လမ်းမှာလည်းနာရေးအိမ်တစ်အိမ်ကို မြင်လာခဲ့ရသေး ၊ ဘယ်ကနေဘယ်လိုအူနေမှန်းမသိတဲ့ခွေးအုပ်ကြီးအူနေတဲ့အသံကလည်းအသည်းထဲအရိုးထဲထိ စိမ့်ဝင်သွားလောက်အောင်ကြောက်စရာအငွေ့အသက်တွေရနေမိတယ် ၊ ကိုကျော်ကြီးလိုအကြောက်အလန့်မရှိတဲ့သူတောင်ဒီလို ညမျိုးမှာ ကျောချမ်းနေမိတာအမှန်ပဲ ။ဆိုက်ကားခြေနင်းလေးကို ဖြည်းဖြည်းလေးနင်းနေရာက ခပ်မြန်မြန်လေး မသိမသာ နင်းနင်းကြည့်လိုက်တယ် … ၊ စိတ်ထဲမှာတော့အိမ်အမြန်ပြန်ရောက်ချင်နေမိတယ်အချိန်ကလည်း သန်ခေါင်ဆိုတော့ လမ်းပေါ်မှာလည်းလူသူကင်းမဲ့နေတဲ့အပြင်လမ်းမကြီးတွေမှာတောင် ကားအသွားအလာ မရှိသလောက် ကြဲနေတဲ့အချိန် ၊ကိုကျော်ကြီး တစ်ယောက်တည်း ဈေးဘေးနားက လမ်းလေးအတိုင်းဆိုက်ကားလေးနဲ့….. ။ဈေးဘေးနားက လမ်းလေးနားလည်းရောက်ရော ကိုကျော်ကြီး သူ့အရှေ့ကမြင်ကွင်းကြောင့် တစ်ချက်တော့ တွန့်သွားမိတယ်…နောက်တော့ ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရင်းမျက်လုံးကိုသေချာအမူပျောက်အောင်ပွတ်လိုက်ရင်းအဲ့ဒီ့မြင်ကွင်းကိုသေချာပြန်ကြည့်လိုက်တယ် ။လရောင်ထိန်ထိန်လင်းနေတဲ့ ညအလယ်မှာ သူမြင်နေရတာကအမူးသမားတစ်ယောက် ကားလမ်းပေါ်မှာ ကန့်လန့်ကြီးလှဲအိပ်နေတာ…. ၊ကိုကျော်ကြီးလည်းအမူးသမားချင်းတူတူဆိုတော့ ကိုယ်ချင်းစာပြီး သူ့ဆိုက်ကားအရှေ့ဘက်ခပ်ဝေးဝေးမှာ လှဲနေတဲ့အမူးသမား ညဘက်ကြီး လူမသိသူမသိ ကားကြိတ်ခံရပြီးသေမှာစိုးလို့ စေတနာနဲ့ သူ့ဆိုက်ကားမှာတပ်ထားတဲ့ ဘဲလ်လေးကို ဆက်တိုက်တီးပြီးအသိပေးလိုက်တယ်“ ကလင် ကလင် ကလင် ”ဒါပေမယ့် သူ့အရှေ့မှာ လှဲနေတဲ့အရာက တစ်ချက်လောက်လှုပ်ယုံပဲလှုပ်သွားပြီးအိပ်မြဲအိပ်နေပြန်တာကိုတွေ့နေရတယ်…နောက်တော့ ကိုကျော်ကြီး စိတ်မရှည်တော့ဘဲသွားနှိုးမှဖြစ်မယ်ဆိုပြီး ဆိုက်ကားပေါ်ကအသာလေးဆင်းပြီး သူ့ရှေ့နားကလူအနားကိုလေးလေးကန်ကန် လျှောက်သွားရင်း လှမ်းပြောလိုက်တယ်…“ ဟေ့ယောင် မူးရင်လည်း လွတ်လွတ်ကင်းကင်းမူးစမ်းကွာ…ဒီမှာတော့လာမအိပ်နဲ့ငါမုန့်ဟင်းခါးမစားချင်ဘူးကွာ ”ကိုကျော်ကြီး စကားအဆုံး တစ်ဖက်ကလူကအသိအမှတ်ပြုတဲ့ပုံနဲ့ ပိုလှုပ်လာပြီးလှဲနေရာက ဆက်ခနဲကောက်ထလိုက်တယ် ပြီးတော့ လိမ်ကောက်လိမ်ကောက်နဲ့ကိုကျော်ကြီးနားကို ပြေးလာပါလေရော….တစ်ဖက်ကလူရဲ့ ထူးဆန်းတဲ့အပြုအမှုကြောင့်ကိုကျော်ကြီးလည်း တစ်ချက်တွန့်သွားပြီးကြောင်ကြည့်နေတုန်း ဟိုခူကသူ့အနားရောက်လာတော့မယ်….အနားရောက်ခါလည်းနီးရော ကိုကျော်ကြီး တစ်ဖက်ကလူကိုသေသေချာချာမြင်လိုက်ရတော့တယ်… ၊ သူကဆီပြေးလာနေတာက လူမှမဟုတ်ဘဲ…နံပြားတစ်ခြပ်လိုမျိုး ဖောင်းတဲ့နေရာကဖောင်း ပိန်တဲ့နေရာကပိန်နဲ့ ပြားကပ်နေတဲ့ ခေါင်းကြီးနဲ့အရိုးအဆစ်တွေနေရာပြောင်းပြီးပြောင်းပြန်တွေဖြစ်တွန့်လိမ်နေတဲ့ ခန္ဓာကိုယ်ကြီးနဲ့မိန်းမကြီးတစ်ယောက်ပုံစံဟန်မျိုးနဲ့ သရဲဖြစ်နေတာကိုမြင်လိုက်တော့ ဘာပြောကောင်းလေမလဲကိုကျော်ကြီးလည်း ဆိုက်ကားကိုထားရစ်ခဲ့ပြီးအော်တောင်မအော်လိုက်နိုင်ဘူးခွေးပြေးဝက်ပြေးကိုတန်းပြေးတော့တာ သူပြေးလေ နောက်ကလိုက်လေနဲ့ မှီမလိုမှီမလိုဖြစ်ရင်းကိုကျော်ကြီးအသည်းအသန်ပြေးလိုက်တာဆိုတာ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်းကိုမသိလိုက်ဘူး… နောက်ဆုံး ကိုကျော်ကြီး သတိရလာတာက သူတို့မြို့နယ်က ဆေးရုံအသေးစားလေးတစ်ခုမှာဖြစ်နေတယ်…. ၊ သူသတိလစ်နေတာ တစ်ရက်ပြည့်တော့မယ်ဆိုတာကိုလည်းသိလိုက်တယ်ဘေးနားမှာလည်း ဆွေမျိုးတွေ နဲ့ ဇနီးသည် ၊ သားလေးက စိုးရိမ်တကြီးစောင့်နေကြတယ်….“ ဟယ် ကိုကျော်ကြီး သတိရလာပြီတော့…. ”“ သွားသွား ဆရာဝန်သွားပင်ကြပါဦး….. ”“ ကိုကျော်ကြီး ကိုကျော်ကြီး ဘာတွေဖြစ်ခဲ့တာလဲ…..ဘာဖြစ်လို့ ဟိုဘက်ရပ်ကွက်က လမ်းဘေးမှာ သွားအိပ်နေရတာတုန်း ”“ ဟင်..ငါ့ဘယ်မှာအိပ်လို့လဲ ”ဘေးနားကအပေါင်းအသင်းတွေစကားကြောင့် ကိုကျော်ကြီး မသိသလိုနဲ့ပြန်မေးလိုက်တော့“ ဟော့ဗျာ…ခင်ဗျားဆိုက်ကားက ဈေးဘေးနားကလမ်းမှာ သော့မခတ်ဘဲထားခဲ့တာကိုအဲ့နားကာအိမ်က မနက်ကျတော့မြင်လို့ သိမ်းပေးထားတာလေ… လူက ဟိုးဘက်ရပ်ကွက်က လမ်းဘေးမှာလဲနေတာကိုတွေ့လို့အကြောင်းကြားတာနဲ့ ကျွန်တော်တို့တွေ့ပြေးပြီးခင်ဗျားကိုသယ်လာပြီးဆေးရုံတင်ထားလိုက်တာ..ခင်ဗျားအရက်တွေသိပ်မသောက်နဲ့တော့ဗျာ…အလွန်အကျွံကြီးကျတော့ ဘယ်ကောင်းပါ့မလဲဗျာ…သားသမီးနဲ့ မိန်းမ မျက်နာလည်းထောက်စမ်းပါဦး ”အဲ့ဒီ့အခါမှ ကိုကျော်ကြီးအဖြစ်အပျက်ကို သေချာသိသွားပြီး သူပြေးခဲ့တာတွေအပြေးလွန်ပြီးအမောဆို့လို့ သတိလစ်သွားတာတွေကိုပြန်မြင်လာတယ် ၊ တစ်ခုနဲ့တစ်ခုချိတ်ဆက်မိလာတာနဲ့ သူဖြစ်ခဲ့သမျှကိုအားလုံးနားလည်အောင် သေသေချာချာရှင်းပြလိုက်တော့တယ်အဲ့ဒီ့အခါမှ လူတွေကလည်း လန့်သွားကြပြီး တကယ်လားဆိုပြီးမေးလာကြတယ် ၊ တစ်ချို့ကလည်းကိုကျော်ကြီးအရက်ကြောင် ကြောင်ပြီးလျှောက်ပြောတာလို့သတ်မှတ်ထားကြတယ်… ။နောက်ပိုင်း လတွေတော်တော်ကြာလာတော့လူတွေသိလာတာက ကိုကျော်ကြီးအပြင် ညဘက် သန်းခေါင်ချိန်လောက်လူပြတ်တဲ့အချိန်တွေမှာအဲ့ဒီ့လမ်းကတစ်ယောက်တည်း ပြန်ဖြစ်တဲ့အခါအနောက်ကနေကိုကျော်ကြီးကြုံသလို သရဲမက ပြေးလိုက်တတ်တာတွေ ကြုံလာတယ်ဆိုတဲ့သတင်းတွေကြားတော့မှ ကိုကျော်ကြီးစကားကို လက်ခံလာကြတယ် ၊အစားအသောက်ပါလာရင်လိုက်ဆွဲတဲ့အထိကို ဆိုးတယ်လို့ကြားရတယ်.. ၊ တစ်ချို့ကျတော့လည်းအပုတ်နံ့နဲ့အနံပေးပြီးအခြောက်အလန့်ခံရတယ်လို့လည်းပြောကြတယ်…. ၊အားလုံးကိုဆက်စပ်ကြည့်တော့ ဒီသရဲမက ဘယ်သူလဲဆိုတာတော့အားလုံးလည်း ရိပ်စားမိကြမှာပါ ။တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ ဈေးတစ်ခုရှိတယ် ၊အဲ့ဒီ့ဈေးနားမှာလည်းလမ်းသွယ်လေးတစ်ခုရှိတယ် ၊ ညဘက်ဆို လူပြတ်တတ်တယ်ဆို တစ်ယောက်တည်းညနက်မှအိမ်ပြန်ရတဲ့အခါမျိုးမှာ ဘုရားတရားမမေ့ဘဲ သတိထားပြီး ပြန်ကြဖို့အထူးမှာကြားပါရစေ… ၊ ဈေးနေရာနဲ့ဖြစ်ရပ်မှန်လေးဖြစ်ခဲ့တဲ့နေရာတွေကိုပြောခွင့်မရှိတဲ့အတွက် ဒီလောက်ပဲသတိပေးပါရစေ…. ၊ မဖြစ်မနေ ဒီလမ်းကနေညဘက် ကိုယ်တစ်ယောက်တည်းအိမ်ပြန်ရမယ်ဆိုရင်လည်းအတွေးထဲမှာတစ်ခုတော့ ကြိုတွေးထားပါ ကိုယ်သာ ကိုကျော်ကြီးနေရာမှာဆိုဘာတွေလုပ်မိမှာလဲဆိုတာလေးကိုပေါ့………… ။
Tags
About bookstory
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.