” သရဲနောက်ပိုး ”(စ/ဆုံး)
———————“သမီးရေ …စိုးစိုးမာ မပြီးသေးဘူးလား”“ပြီးပြီ…အဖေရေ၊ အားလုံးထည့်ပြီးမှအမေမလိုက်ဖြစ်ဘူးဆိုလို့ အမေ့အတွက်ပြန်နှုတ်နေရလို့ပါ“ညည်းအမေက…ဘာကြောင့် မလိုက်ဖြစ်ရတာလဲ”“ဒီနေ့ …တော့်ရဲ့သား အငယ်ကောင်ကျောင်းအပ်ရမယ်။ မနေ့က လှတင်နဲ့တွေ့လို့ သူနဲ့အတူ သွားမယ်လို့ မှာလိုက်တာ စောစောကမှ သတိရလို့ ““ဖြစ်မှဖြစ်ရလေ…အေးဘုံရယ်၊ အခုမှအသက်လေးဆယ်ကျော်ရုံ၊ ရှိသေးတယ်မေ့တတ်လိုက်တာလည်း လွန်ရောကဲ …ဒါဆို တို့သားအဖပဲ သွားရတော့မှာပေါ့”“သမီးတစ်ယောက်တည်းနဲ့ ပြီးပါတယ်အဖေရဲ့၊ ဒီနေ့ တစ်ယောက်စာပဲ ကျန်တာမဟုတ်လား”“ဟုတ်တော့ ဟုတ်တာပေါ့၊ သမီးအမေလိုက်တော့သမီးသက်သာတာပေါ့၊ တစ်နေ့လုံး လုပ်ရမယ့်အလုပ်နှစ်ယောက် လုပ်လိုက်တော့ မနက်ပိုင်းနဲ့ ပြီးရောမဟုတ်လား ကဲ…ကဲ …တက်…တက် သွားမယ်၊နေမထွက်ခင် ကိုင်းကွက်ထဲရောက်မှ သက်သာမှာ”စိုးစိုးမာလည်း ဖခင်ဖြစ်သူကို ထမင်းထုတ်ထည့်သော တောင်းကို လှမ်းပေးလိုက်ပြီး လှည်းဘီးမှကုတ်ဖက်၍ တက်လိုက်သည်။ အင်္ကျီလက်ရှည်သနပ်ခါးပါးကွက်ကြီးနှင့် မျက်နှာတစ်ခုလုံးဖွေးအောင် လိမ်းထားသေးသည်။ လယ်ကွင်းထဲမှာ ဆေးရွက်ကြီးအတက်များ ဖဲ့ရမည်ဖြစ်သည်။သူတို့ လယ်ကွင်းမှာ ဆေးရွက်ကြီးများ စိုက်ထားသည်။ ဆေးပင်မှ အရွက်ရှစ်ရွက်၊ ကိုးရွက်ခန့်ထွက်လာလျှင် ခေါင်းညွန့်ကို ချိုးလိုက်သည်။သို့မှသာ ကြီးမားပြန့်ကားသော အရွက်များရရှိပေမည်။ ထိုအရွက်မျိုးရရန် ခေါင်ညွန့်နှိမ်လိုက်ရုံနှင့်လည်း မပြီးသေး။ ပင်စည်နှင့်အရွက်ရိုးတံရင်းမှာ အတက်လေးများ ထွက်လာသည်။ ထိုအတက်လေးများ သုံးလက်မ၊လေးလက်မထက် ပိုရှည်မလာခင် ချိုးဖဲ့လာသည်။အတက်ကို အကြီးခံ၍မဖြစ်၊ အတက်ကိုနိုင်နိုင်ဖဲ့ပစ်နိုင်မှ အရွက်ကောင်း အရွက်လှများ ရရှိပေမည်။အရင်းပိုင်းမှ အရွက်ကြီးများကို ရိုးတံမှ သိပြီးအခြောက်လှမ်းကာ ဆေးပြင်းလိပ်လုပ်ရန်အတွက်ရောင်းရသည်။ အရွက်မလှသော အပေါ်ပိုင်းအရွက်များကို ဓါးလှီး ဆေးရွက်အဖြစ် အသုံးပြုသည်။လှီးထားသော ဆေးရွက်များကို အခြောက်လှန်းကာဓါးလှီးဆေးအဖြစ်ဆေးလိပ်နှင့် ဆေးတံအတွက် အဓိကထား ရောင်းဝယ်ကြသည်။ ဗဂျီးနီးယားခေါ်သည့် ဆေးရွက်ကြီးများကို သက်သက် စိုက်ကာကွမ်းစားဆေးအတွက် စိုက်ကြသည်။ ထိုဆေးရွက်မျိုးက အကွက်အကွက်နှင့် အလွန်လှသည်။ပင်စည်အရိုးကို ဓါးနှင့်စဉ်းပြီး ဆေးပေါ့လိပ်မှာဆေးရိုးအဖြစ် အသုံးပြုသည်။ဆေးအလုပ်က ရှုပ်သည်။ ဆေးရွက်သီသူများငှားရသည်။ သိ၍ပြီးသော ဆေးရွက်ကြီးများကိုအခြောက်ခံရန် ရှစ်ပေခန့်ရှိသော ဝါးများပေါ်ခွပြီး လှမ်းရသည်။ မနက်လှမ်းပြီး ညနေဆေးရုံဂိုထောင်အတွင်း သယ်သွင်းရသည် ။ မနက်လှန်းညနေရုတ်ဖြင့် မခြောက်မချင်း လှန်းရသည်။ဆေးလှန်းသည့် ငါးတန်းစင်များက သစ်ပင်ရိပ်မရှိသော ခြံကျယ်ကျယ် တစ်မျှော်တစ်ခေါ်ရှိနေသည်။မနက်လှမ်းသည့်အခါ သက်သာသည်။ဝါးတန်းသုံးလေးတန်း တစ်ခါတည်း လက်လျှိုသွင်းပြီး သယ်၍ရသည်။တစ်ညလုံး အအေးခံထားသည့်အတွက် ဆေးရွက်များ ပျော့ပျောင်းနေသည် မဟုတ်ပါလား။ ညနေဂိုထောင်ထဲ ပြန်သွင်းလျှင်တော့ တစ်ခါသယ်လျှင်ဝါးတစ်လုံးသာ သယ်၍ရသည်။ ဝါးမှ လျှိုလှန်းထားသော ဆေးရွက်များက နေပူပူမှာ ကြွပ်ရွနေသည်။ ထိမိခိုက်မိလျှင် အရွက်ခြောက်များကျိုးပဲ့ကုန်သည်။ အရွက်ရင်း ရိုးတံခြောက်သည်အထိ လှန်းရသည်။ ထို့ကြောင့် ဝါးတန်း(၁၀၀)ရှိလျှင်အခေါက်(၁၀၀)မျှ အကြိမ်ကြိမ် ရုတ်သိမ်းရသည်။နေပူပူမှာ တစ်ပတ်ခန့် လှမ်းရသည်။အလုပ်ရှုပ်သလို အရင်းက ဝင်ပေမဲ့ ရရှိသောရောင်းရငွေက မြိုးမြိုးမြက်မြက်လေးရသဖြင့်အပင်ပန်းခံ လုပ်နေကြခြင်းဖြစ်သည်။ ဆေးရွက်ခူးသည့်အခါလည်း ဆေးဂျီးကြောင့် ခြေတွေလက်တွေ ညစ်ပတ်နေသည်။ အလုပ်သိမ်းလျှင်ဆပ်ပြာနိုင်နိုင်ဆေးပေမဲ့ လက်ဝါးပြင်မှာဝါပြီးကျန်ရစ်သည်။ ဆပ်ပြာအပြင် ဖရဲသီးအခွံနှင့်ပွတ်တိုက်ဆေးလျှင်လည်း ဆေးဂျီးပြောင်သည်။ယခု ဦးခင်စိုးက လှည်းကို မောင်းနေသည်။စိုးစိုးမာကထမင်းတောင်းကို ထိန်းရင်းလိုက်ပါလာသည်။ ဆေးရွက်ခူးရန် တစ်လခန့်လိုသေးသည်။ အချိန်မှန် အတက်ဖဲ့သောအလုပ်သာ တစ်ပတ်တစ်ခါခန့် စိုက်ခင်းထဲ ဝင်ရသည်စိုးစိုးမာတို့က လယ်ခြောက်ဧက ရှိသည့်အနက် လေးဧကကို ဆေးရွက်ကြီးများစိုက်၍ ကျန်နှစ်ဧကကို ပြောင်းစိုက်ထားသည်။ ပြောင်းကတော့ ချိုးရောင်းနေရပြီ။ဆေးရွက်ကြီးလေးဧကကို သားအဖသုံးယောက်နှင့်နေ့စားနှစ်ယောက်ငှားပြီး အတက်ချိုးရသည်။ အေးအေးဆေးဆေးချိုး၍ မရ၊ သို့ကြောင့် နေ့စားသွင်းသည်။နေ့စားခေါ်သည့်အခါ မိန်းခလေးကို ငှားပါမှ၊မိန်းခလေးငှားလျှင် အလုပ်ပြီးသည်အထိ လူမြဲသည်။မိန်းကလေးများ မအား၍ ယောက်ျားလေးများငှားလျင် တစ်ရက်ထက်ပိုငှား၍ မရ၊ နောက်နေ့အကြောင်းတစ်ခုခုပြပြီး မလာတော့။ စိုးစိုးမာကလည်းအသက်ဆယ့်ခုနှစ်နှစ် အပျိုကြီးဖားဖားဖြစ်နေပေသည်။ရွာရှိလူပျိုလူရွယ်များကို နေ့စားခေါ်လျှင် ဝမ်းပန်းတသာနဲ့လက်ခံပြီး အလုပ်ခွင်သို့ ရောက်လာသည်။ အလုပ်လက်စမပြတ်သေးသဖြင့် နောက်နေ့ဆက်ဆင်းရန်မှာလိုက်သည်။ ဒါပေမဲ့ ထိုယောက်ျားလေးတွေနောက်နေ့ဆင်းရန် ခါးခါးသီးသီး ငြင်းဆန်လေတော့သည်။ ထို့ပြင် ရွာကာလသား တချို့ကလည်းစိုးစိုးမာကို တွေ့လျှင် လူပျိုစကားမျိုး မထိတထိပြောကြသည်။ရိသဲ့သဲ့ လုပ်ကြသည်။နောက်က စကားလိုက်ပြောသည့် လူပျိုများပင်ရှိခဲ့သည်။တစ်ခု ထူးခြားသည်၊ ထို့သို့စခြင်း၊ ပြောင်းခြင်း၊ ရိသဲ့သဲ့လုပ်ကြသော လူငယ်လူရွယ်များသည် တစ်ကြိမ်က နှစ်ကြိမ်ထက် ပိုပြီး မလုပ်ကြ။ စိုးစိုးမာကိုတွေ့လျှင်သူတို့နှင့် မသိသလို မဆိုင်သလိုမျိုး ဖြစ်သွားသည်။စိုးစိုးမာကို တွေ့လျှင် နောက်ကြောင်း ပြန်လှည့်သူလှည့်ကြသည်။ အချို့က သူကိုတွေ့သည်နှင့်ဝေးဝေးက ရှောင်ထွက်သွားကြသည်။စိုးစိုးမာ၏စိတ်ထဲမှာ ထူးဆန်းသလို ဖြစ်မိသည်မှာကြာပြီ။ သူမကိုယ်တိုင်က စိတ်ဝင်စားမှု မရှိသည့်အတွက် ထိုကိစ္စကို လေးလေးနက်နက် မထားမိခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော ခြောက်လခန့်ကမိုးဦးကျ စပါးစိုက်ချိန်က ဖြစ်သည်။စိုးစိုးမာကို ပိုးပန်သူများထဲမှ အောင်ကျော်ဆိုသော လူရွယ်ကဦးခင်စိုးထံ ရောက်လာပြီးနေ့စားအလုပ်လာလုပ်သည်။“ဟ…မောင်အောင်ကျော် သည်အချိန် ဦးလယ်ထဲမှာလူမှ မလိုဘဲ …စောစောရက်ကဆို ထွန်ဆွဲ၊ ကြမ်းတုံးရိုက်၊ စက်တုံးဆွဲ အလုပ်ရှိသေးတယ်။ အခု အားလုံးပြီးလို့ မနက်ဖြန် ပျိုးနှုတ်ပြီး ကောက်စိုက်ရက်တောင်ချိတ်ထားပြီးပြီ”“ပျိုးနှုတ်တာ လူမလိုဘူးလား”“တစ်ရက်ကြိုပြီး နှုတ်ထားမှာဆိုတော့ အလျင်မီတယ်လေကွာ”“ကောက်စိုက်မယ့်ရက် ဘယ်နှစ်ရက် ခေါ်ထားလဲဦးလေး”“လေးရက်ဆက်တိုက် စိုက်မှာပဲ၊ သုတ်သူကြီးကလူကုန်ခေါ်လာမယ်ဆို လေးရက်အပြတ်ပဲ၊ လူစုံမပါရင် ငါးရက် ခြောက်ရက်ထိ ရောက်သွားမှာပေါ့“ကျနော် ပျိုးလာနှုတ်မယ် စိုက်ကွက်တွေထဲပျိုးစည်း ထမ်းချမယ်…ဦးလေးရာ၊ ကျနော်ပိုက်ဆံအသုံးလိုနေလို့ နှစ်ရက်သုံးရက်တော့ဝင်လုပ်ပါရစေ”“ကဲ …ကဲ…မနက်ဖြန် ပျိုးလာနှုတ်၊ဆက်ဆင်း…ဟုတ်လား”“ဟုတ်ကဲ့ …ဦးလေး၊ ကျနော် မနက်မိုးလင်းတာနဲ့ပျိုးလာနှုတ်ပါ့မယ်”“အေး …အေး၊ လာခဲ့ …ငါလည်း အကွက်ထဲမှာရှိနေမယ်”နောက်နေ့ အောင်ကျော် အလုပ်ဆင်းလာသည်။အောင်ကျော်မိဘတွေက ရွာထဲမှာ စားနိုင်သောက်နိုင်သော အဆင့်ထဲမှ ဖြစ်သည်။ ကုန်စုံဆိုင်ကြီးဖွင့်ထားသည်။ အောင်ကျော်က အသုံးလို၍နေ့စားလာဆင်းသည်ကို ဦးခင်စိုးက ရိုးရိုးတွေးသည်။လူငယ်လည်းဖြစ် သုံးချင်ဖြုန်းချင်ပါလျက် …မိဘကပိုက်ဆံကို စည်းစနစ်နှင့် ပေးသုံးသည့်အတွက်ငွေအလုံးလို၍ အလုပ်လာတောင်းသည်ဟု အထင်ရှိသည်။ အောင်ကျော်က စိုးစိုးမာကို ပိုးပန်းချင်သည့်အတွက် အလုပ်လာတောင်းခြင်းဖြစ်သည်။ထိုနေ့က ကောက်စိုက်အဖွဲ့တွင် စိုးစိုးမာလည်းပါသည်။ အောင်ကျော်တစ်ယောက် နှုတ်ပြီးပျိုးပင်များကို ထမ်းပြီး လာချပေးရင်း သီချင်းတကျော်ကျော်ဆိုသည်။ သုတ်သူကြီး ဒေါ်ခင်မေက မျက်စိနောက်၊နားပူလာသဖြင့် အော်ထုတ်ရသည်အထိ ဖြစ်သည်။စိုးစိုးမာအနီး ရစ်သီရစ်သီနှင့် အကြောင်းမရှိ အကြောင်းရှာပြီးရောက်ရောက်လာသဖြင့်ကောက်စိုက်သမများကလည်း စိုးစိုးမာနှင့်အောင်ကျော်ကို စကြ ပြောင်ကြ နောက်ကြသည်။ ကောက်စိုက်သမတွေ အလုပ်သိမ်းပြီးပြန်တော့ ဦးခင်စိုးနှင့် အတူ အောင်ကျော်လည်းနောက်နေ့ ကောက်စိုက်ရန် ပျိုးနှုတ်၍ ကျန်ခဲ့သည်။ပျိုးစည်းသုံးဆယ်ခန့်နှုတ်ပြီးတော့ လက်စသိမ်းပြီးပြန်လာကြသည်။“နောက်နေ့ ကျနော်လာခဲ့မယ်၊ သုံးရက်ပြည့်မှလုပ်ခ ပေါင်းနှုတ်ရှင်းပေးပေတော့ သွားပြီးဦးလေး”“အေး…မနက်ရှစ်နာရီ မထိုးခင်သာ ရောက်လာခဲ့ပေတော့”“ကျနော် စောစောလာခဲ့ပါမယ်”အောင်ကျော်က ဦးခင်စိုးအား နှုတ်ဆက်ပြီးပျိုးခင်းထဲမှ တက်လာခဲ့သည်။ ကောက်စိုက်သမများထမင်းချိုင့်ထားသော ယာယီထိုးထားသော အဖီတဲလေးမှာ ရေသောက်ရန်စိတ်ကူးပြီး လှည့်ဝင်လိုက်သည်။ရေကို အဝခပ်သောက်ပြီး ထွက်ခဲ့သည်။ သည်သုံးရက်အတွင်း စိုးစိုးမာနှင့် နီးစပ်အောင် ကြံဆောင်ရမည်ဟုစိတ်ကူးထားသည်။ တဲလေးထဲမှ ထွက်ပြီး နောက်ဘက်ရှိ ပျဉ်းမပင်အောက်က ဖြတ်ထွက်ခဲ့သည်။စွပ်…စွပ်…စွပ်…စွပ်”“ဟင် …ခြေသံပါလား”မိုးရွာထား၍ ဗွက်ပေါက်နေသော လယ်ကန်သင်းရိုးပေါ်မှ နင်းပြီး ပြန်အလာ၊ သူနောက်ဘက်မှခြေသံလိုလိုကြားလိုက်၍ နောက်သို့ လှည့်ကြည့်မိသည်။ဘာမှမတွေ့၊ သို့ကြောင့် ခြေလှမ်းသွက်သွက်လျှောက်လိုက်သည်။ ဒါပေမဲ့ ခြေသံက ပျောက်မသွားသူလျှောက်ရင် အသံကြားရသည်။ သူရပ်လျှင်အသံရပ်သွားသည်။“ဟေ့ကောင်…အောင်ကျော်၊ မင်း ငါ့စော် စိုးစိုးမာကိုနောက်ပိုးတဲ့စိတ်နဲ့ ထပ်လာလို့ကတော့ အသေပဲ”“ဟင် …စကားသံပါလား”သူထိတ်လန့်သွားပြီး နောက်သို့ လှည့်ကြည့်သည်။ဘာမှ မတွေ့ပေမဲ့ အနီးကပ်ပြောသော ယောင်္ကျားအသံကို ပီပီသသ ကြားလိုက်သည်။“စိုးစိုးမာကို …မကြိုက်ရ၊ နောက်မပိုးရဘူးဆိုပါလား”“မင်း ကြပ်ကြပ် မှတ်ထား၊ နောက်တစ်ခါ စိုးစိုးမာအနားမှာ မင်းကို မမြင်ချင်ဘူး”အသံက နောက်က ကပ်ပါလာသည်။ လူကို မမြင်ရ။အောင်ကျော်တစ်ယောက် ကြောက်သည့်စိတ်ကိုထိန်းမရတော့၊ ခြေကုန်သုတ်ပြီး အိမ်သို့ အရောက်ပြန်ခဲ့သည်။ ထိုညမှာလည်း အိပ်မက်ထဲထိတိုင်လာရောက် ခြောက်လှန့်ခြိမ်းခြောက်နေပြန်သည်။သို့အတွက် နောက်နေ့ ပျိုးနှုတ်ရန် မသွားတော့။နေ့စား တစ်ရက်ခပင် သွားမယူတော့။ဦးခင်စိုးက လူကြုံနှင့် ပေးခိုင်းလိုက်သည်။နောက်ပိုင်း အောင်ကျော်တစ်ယောက် စိုးစိုးမာဆီခြေလှမ်းမလှည့်တော့။ အဝေးကတွေ့လျှင်ပင်လှည့်ရှောင်သွားတော့သည်။ ထိုကဲ့သို့ အောင်ကျော်၏ အပြုအမူကြောင့် စိုးစိုးမာ စိတ်မဝင်စားသော်လည်းရုတ်တရက် ပြောင်းလဲသွားသော အပြုအမူအတွက်စိတ်ဝင်တစားတော့ ဖြစ်မိသည်။ဘာကြောင့်လဲ …သူ့အနီး လျှောက်ပြန်သံပေးတရစ်ဝဲဝဲလုပ်လာသော လူပျိုတစ်ယောက်ငြိမ်ချက်သားကောင်းသွားခြင်း၊ သူ့ကိုတွေ့သည်နှင့် ရှောင်ဖယ်သွားခြင်းသည် အနည်းငယ် ထူးဆန်းနေသည်။ သူနှင့်လည်း ထိပ်တိုက်မတွေ့သေး၊သူကလည်း အော်ဟစ်ပြောဆို နှင်ထုတ်ခြင်းလည်းမပြုပါဘဲ အနီးကပ်လာသူများ ချက်ချင်းလှည့်ထွက်ပြီးသွားနေကြသည်၊ ဘယ်လိုမှ စဉ်းစားမရ။ အောင်ကျော် ခြေငြိမ်သွားပြီးနောက်ပိုင်း၊ စပါးရိတ်ချိန်သို့ရောက်ခဲ့သည်။အညာမှ စပါးလာရိတ်ကြသူများရှိသလို အခြားရွာများမှလည်း လက်ခစား လာရိတ်သူများရှိသည်။ထိုလူစုမှ ထွေးနိုင်ဆိုသော အသက်နှစ်ဆယ်အရွယ်ရှိလူငယ်တစ်ယောက်ပါသည်။ ထိုအဖွဲ့ကို ဦးခင်စိုးကပုတ်ပြတ်ငှားလိုက်သည်။ သူတို့ရိတ်သော ရက်များမှာမနက်စာ အစာပြေ လယ်ရှင်က တာဝန်ယူရသည်။စိုးစိုးမာက မိုးလင်းသည်နှင့် စပါးရိတ်သမားများအစာပြေစားရန် ကောက်ညှင်းပေါင်း လာပို့သည်။ပထမရက်မှာ ကောက်ညှင်းပေါင်း၊ ဒုတိယရက်မှာကောက်ညှင်းထုပ် ယူလာပြီး ကျွေးသည်။ထွေးနိုင်က စိုးစိုးမာကို ပထမရက် စတွေ့တွေ့ချင်းစိတ်ဝင်စားခဲ့သည်။ သဘောကျသွားသည်။ ဒုတိယနေ့ နေ့ခင်းရောက်တော့ ကောက်ရိတ်အဖွဲ့မှအဒေါ်ကြီးက စိုးစိုးမာကို နာမည်မေးပြီး ပွင့်ပွင့်လင်းလင်း ပြောလာသည်။“သမီးနာမည် ဘယ်လိုခေါ်လဲ …သမီး”“စိုးစိုးမာပါ အဒေါ်”“ဟေ့ …သူငယ် ကြားလိုက်လား”“ကြားတယ် ဒေါ်လေး”“အို…ဘာတွေလဲ”“ဟို …မောင်ထွေးနိုင်က သမီးကိုစိတ်ဝင်စားလို့သမီးနာမည်ကို မေးခိုင်းလို့ အဒေါ်မေးပေးတာ”“အို…မဟုတ်တာ…ဘာတွေလဲ”စိုးစိုးမာ ထိုမျှသာပြောပြီး သူတို့နားကထွက်လာခဲ့သည်။ အခုမှ နှစ်ရက်ပဲ ရှိသေးသည်။သူ့အကြောင်း ကိုယ်မသိ၊ ကိုယ့်အကြောင်း သူမသိ၊ဘယ်လိုဖြစ်နိုင်မှာလဲ …မိမိအလုပ်လည်း လယ်ကွင်းထဲမှာ မရှိတော့သည့်အတွက် ကောက်ညှင်းထုပ်ထည့်ခဲ့သော တောင်းကိုယူကာ ရွာသို့ ပြန်လာခဲ့သည်။ရင့်မှည့်နေပြီဖြစ်သော စပါး(၆)ဧကကို ပုတ်ပြတ်ချလိုက်ရာ (၄)ဧက ပြတ်သွားပြီး (၂)ဧကသာ ကျန်တော့သည်။ မနက်ပိုင်း ထုံးစံအတိုင်း ထမင်းနှင့်ပဲပြုတ်ဆီဆမ်း အစာပြေစားရန် ကောက်ရိတ်အဖွဲ့ ရှိရာသို့ စိုးစိုးမာ တောင်းရွက်၍ ရောက်လာသည်။ ပန်းကန်များနှင့် ထည့်ပြီး ကန်သင်းရိုးပေါ်ဝိုင်းဖွဲ့ထိုင်စားကြသည်။ ထိုလူအုပ်ထဲတွင် ထွေးနိုင်ကို မတွေ့တော့ …“စိုးစိုးမာရေ …သမီးကြောင့် ထွေးနိုင် စပါးရိတ်မဆင်းတော့ဘူး”“ဟင် …ဘာဆိုင်လို့လဲ အဒေါ်”” အေး …သူက မြင်မြင်ချင်း သဘောကျသွားတာ၊ထွေးနိုင်က ငါ့ကို မှာသွားတယ်၊ နောက်ကို စိုးစိုးမာနဲ့ဘယ်လိုမှ မဖြစ်နိုင်တော့လို့ သူနဲ့စခြင်း၊ ပြောင်လှောင်ခြင်း၊ မလုပ်ကြပါနဲ့လို့ မှာလိုက်တယ်သူ…အခု ရွာပြန်သွားပြီ၊ ဘယ်လိုမှ မေးလို့ မရဘူး။သူတစ်ခုခုကို ကြောက်လန့်နေတဲ့ပုံပဲ။အဲဒီစကား လာပြောတာတောင် ရှေ့နောက်ဝဲယာ ခေါင်းကိုလည်နေတာပဲ”“ကိစ္စပြတ်သွားတော့လည်း ကောင်းပါတယ်၊ကျမကလည်း ခုမြင် ခုကြိုက်ဆိုတဲ့ကိစ္စ ဘယ်လိုမှ လက်မခံနိုင်ပါဘူး ““သားသမီးချင်း ကိုယ်ချင်းစာပါတယ်၊ အခုပုံစံကလက်တည့်စမ်းသလို ဖြစ်နေတာ မဟုတ်လားသူပြန်သွားတာတော့ စိတ်မကောင်းပါဘူးကဲ…သမီး စားလို့လည်း ပြီပြီး အလုပ်သွားလုပ်တော့မယ်”“ဒီလောက် အသည်းအသန်ပြောခိုင်းပြီး ဘယ်လိုဖြစ်ပြီး ကောက်ကာငင်ကာ ပြန်သွားရတာလဲ”အနီးက မိန်းကလေးတစ်ယောက် …“အချစ်နာ ကျသွားတာ ဖြစ်မှာပေါ့ ““မဟုတ်နိုင်ဘူး …ဒီမိန်းခလေးရဲ့ ရည်းစာကသိသွားလို့ ဓါးကြိမ်းသွားကြိမ်းတာနဲ့ ပြန်ပြေးတာလားမှ မသိတာ”“ကျမမှာ ဘယ်ရည်းစာမှ မရှိပါဘူး”“အင်း…ဘာကြောင့်တော့ အဒေါ်လည်းမသိဘူး၊ မနက်စောစောရောက်လာပြီးသူ့လုပ်ခရှင်းရန် ပြောဆိုတောင်းပန်လို့ကားဂိတ်ကို သွားတာပဲ”“သူ့နောက်ပိုင်းကိစ္စ ပေါ်လာလို့ ဖြစ်မှာပေ့ါ”စိုးစိုးမာက ထိုမျှသာ ပြောပြီး ကောက်ရိတ်သမားများ စားထားသော ပန်းကန်များကို သိမ်း၍ တောင်းထဲသို့ ထည့်ကာ တဲသို့ ထွက်လာခဲ့ပါသည်။ ပိုသောထမင်းကျန်များကို တဲနောက်ဘက်သို့ ထွက်ပြီးကြဲပက်လိုက်သည်။ ပျဉ်းမပင်ကြီးအောက်ကိုကြည့်လိုက်မိသည်၊ စာလေးသုံးကောင် အစာရှာနေသည်ကို တွေ့သဖြင့် အိုးထဲမှ ကျန်နေသည့်ထမင်းများကို လက်နှင့်ခြစ်ယူပြီး သစ်ပင်အောက်သွားကာ ပုံပေးပြီး ပြန်လှည့်ထွက်လိုက်သည်။“ဘုတ်” “ဟင်…ဘာခုန်ချလိုက်တာလဲ”ဘေးဘီဝဲယာ ကြည့်တော့ ဘာမှမမြင်၊ သို့ကြောင့်တဲသို့ ပြန်လာခဲ့သည်။ သစ်ပင်နှင့် တဲက ပေသုံးဆယ်ခန့် ကွာသည်။ တဲက ယာယီနားခိုရန် အဖြစ်ထိုးထားသော ကနားဖျဉ်းကို တစ်ဖက်ရပ် အဖီချထားသော တဲလေးဖြစ်သည်။ တောင်းထဲသို့အိုးကို ထည့်နေစဉ် ရိပ်ခနဲလိုလို အနီးမှာတွေ့လိုက်မိသည်။လူတစ်ယောက် အနီးသို့ ရောက်လာသည်အထင်နှင့်လှည့်ကြည့်လိုက်သည်။ ဘာမှ မရှိ၊ ရှေ့နောက် ဝဲယာကြည့်သည်၊ ဘာမှမတွေ့၊ သို့ကြောင့် တစ်ယောက်တည်း မနေဝံ့တော့သဖြင့် အပြင်သို့ ထွက်လာခဲ့သည်။XXXXXဦးခင်စိုးတစ်ယောက် သမီးစိုးစိုးမာ အရွယ်ရောက်လာသော်လည်း အခြေအနေက ထူးခြားသလိုဖြစ်နေသည့်အတွက် ဇနီးဖြစ်သူဒေါ်အေးဘုံကိုခေါ်ပြီးနားလည်သလောက် ရှင်းပြသည်။သမီးကို ယောင်္ကျားလေးတွေ အခေါ်အပြော မရှိဘဲ ရှောင်ဖယ်နေသည့်ကိစ္စကို လေ့လာစုံစမ်းခိုင်းသည်။“တော်က ဘာကြောင့် ပူပင်နေရတာလဲ …ကိုယ့်သမီးရည်းစာမထား၊ အိမ်ထောင်ပြုချင်စိတ် မရှိတာ ဘယ်လောက်စိတ်ချမ်းသာဖို့ ကောင်းလဲ”“ဟဲ့ …ငါလည်း သူ့အဖေပါ၊ ရိုးရိုးတန်းတန်း ချစ်သူရည်းသား မထားချင်တာ အကြောင်းမဟုတ်ဘူး၊အခု…မင်းရဲ့သမီးအနားကို ယောက်ျားလေး သုံးလေးယောက် ချည်းကပ်တာ ငါသိတယ်၊ တစ်ယောက်မှ ဇွဲမရှိဘဲ မင်းသမီးရဲ့အနားက ပျောက်ကုန်လို့ ငါစိတ်ထဲ ထူးဆန်းနေတာ”“တော်က ဘယ်လို သိတာလဲ”“ငါ…စသိတာ မိုးဦးကျ အောင်ကျော်ဆိုတဲ့ကောင်လေးသူ့အိမ်စီးပွားရေးက ကောင်းပါရက် …ငါ့လယ်မှာ ပျိုးနှုတ်ချင်လို့ ဆိုပြီး အလုပ်လာတောင်းတယ်။ သူသုံးရက်လုပ်တယ်၊ ငွေလိုလို့ ပေးလုပ်ပါလို့ တောင်းပန်းတာနဲ့ ငါပေးလုပ်လိုက်တယ်။ စလုပ်တဲ့နေ့က ဒီကောင်ငါ့သမီးအနား တရစ်ဝဲဝဲ သွားလုပ်နေလို့ ကောက်စိုက်သမတွေက စကြ ပြောင်ကြနဲ့၊ ပွဲဆူနေတာ။ ငါကပြဿနာမရှိတာနဲ့ မသိချင်ယောင် ဆောင်နေလိုက်တယ်၊အဲ…နောက်နေ့လည်း ရောက်ရော အလုပ်မဆင်းတော့ဘူး၊ ဒီကောင် သုံးရက် ဆက်လုပ်ရင် ငါ့သမီးနဲ့ကျိန်းသေ သမီးရည်းစားဖြစ်သွားမှာ၊ ဟိုရွာအလယ်ပိုင်းက ဒေါ်သန်းခင်သား၊ အေးဝင်းဆို တဲနားလာလာပြီးသီချင်းလာ ဟဲနေတာ၊ နှစ်ရက်လောက်ကြာတော့မလာတော့ဘူး၊ ငါနဲ့ ဆုံလို့ ငါပြုံးပြတာတောင်ငါ့ကိုမော့မကြည့်ဘူး၊ ပြီးတော့ စပါးလာရိတ်တဲ့အဖွဲ့ထဲက ကောင်လေးတစ်ယောက်က သမီးကို ကြိုက်လို့ဆိုပြီး သူအဖွဲ့က အသက်ကြီးကြီး အဒေါ်ကြီးကိုပြောခိုင်းသတဲ့၊ နောက်နေ့လည်း ရောက်ရောအထုပ်ထမ်းပြီး သူ့ရွာကိုပြန်သွားရောတဲ့”“ရှင်က ဘာကြောင့် ရှင့်သမီးကိစ္စ ခရေစေ့တွင်းကျ သိနေတာလဲ”“သိဆို အဲဒီနေ့က စပါးရိတ်တဲ့လူ လျော့သွားလို့မေးတော့၊ သူတို့အဖွဲ့ထဲက အဒေါ်ကြီးက ပြုံးပြုံးရယ်ရယ်နဲ့ ငါ့ကို ပြောပြတာ”“ရှင်သမီးကလည်း ရှင်မသိတဲ့အချိန် အော်ဟစ်မောင်းထုတ်နေလားမှ မသိတာ”“အဲဒီအဆင့် မရောက်ခင်ကို ယောင်္ကျားလေးတွေသမီးအနားက အဝေးကို ရောက်သွားကြတာကွ”“ရှင်က သမီးထက်ပိုပြီး စိတ်ကူးယဉ်နေတာ၊သမီးအတွက် စိတ်ပူပြီး ယုံထင်ကြောင်ထင်ဖြစ်နေတာ၊ ကျုပ်သတိထား နေပါ့မယ်၊ရှင့်သမီးကို ရှင်လည်း ဂရုစိုက်ပြီးနေ၊ သူကြောင့်ယောင်္ကျားလေးတွေ အရှက်ရသွားတယ်၊ နောက်ဆုတ်သွားရတယ်ဆိုရင် အငြိုးထားမှာလည်းစိုးရတယ်”မိခင်နှင့် ဖခင်တို့က စိုးစိုးမာအတွက် စိုးရိမ်နေပေမဲ့စိုးစိုးမာကတော့ ထိုကိစ္စကို စိတ်ဝင်စားမှု မရှိသလိုအရေးတယူ မရှိလှပါ။XXXXXကိုင်းအသီးအနှံများသိမ်းပြီး အချို့က ရောင်းချ၍ငွေများပင် ရွှင်နေကြပြီ၊ စိုးစိုးမာတို့ဘကြီး ၊ ဦးခင်စိုး၏အစ်ကိုကြီးမိသားစုဦးစီး၍ ရဟန်းခံရှင်ပြု လုပ်သည်။စိုးစိုးမာ၏ မောင်နှစ်ယောက်လည်း ရှင်ပြုပွဲမှာ ပါသဖြင့်အလှူမိသားစုအဖြစ် အလုပ်မအားမလပ် ရှိနေရသည်။ထိုအတူ ရှင်လောင်းလှည့်ပွဲမှာလည်း စိုးစိုးမာတို့က ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များအဖြစ် တာဝန်ယူရသေးသည်။ ထိုအဖွဲ့ထဲမှစိုးစိုးမာနှင့် မိန်းခလေးသုံးယောက်ခန့်ကရွာ၏ ကျက်သရေဆောင်အဖြစ် အလှဆုံးများ ဖြစ်နေသည်။ သားရှင်များကလည်းထိုအချိန်မှာ မိမိတို့သားများအတွက် ချွေးမလောင်း များကို အကဲခတ် ရွေးချယ်ကြသည်။အိုးဘိုစုရွာမှ လယ်ပိုင်ရှင် ဦးထွန်းဇံနှင့်ဒေါ်ထွေးရီတို့က သူတို့သားနှင့် စိုးစိုးမာကိုလက်ဆက်ပေးချင်သည်ဆိုကာ…သူ့မိတ်ဆွေများ အကူအညီတောင်း၍ဦးခင်စိုးတို့အား အလှူအိမ်မှာပင် နားသွင်းခိုင်းသည်။ကန့်ကွက်မည်မဟုတ်လျှင် နေ့ကောင်းရက်သာရွေးပြီး နားလာဖောက်ချင်သည်ဟု ဆိုသည်။စိုးစိုးမာ၏ မိသားစု သဘောကျအောင် တင်တောင်းပါမည်ဟုလည်း ဆိုလာသည်။ဦးခင်စိုးတို့လင်မယားကလည်း သမီးကညာအခါမလင့်စေချင်သည့်အတွက်သမီးကို နားချပြီးအကြောင်းပြန်ပါမည်ဟု မယုတ်မလွန်ပြောလိုက်သည်။အလှူပွဲ အကျွေးအမွေးနေ့မှာ ဦးထွန်းဇံ၏သားပါရောက်လာသည်။ သူ့နာမည်က အောင်မျိုးနိုင်ဟုဆိုသည်။ အောင်မျိုးနိုင်ကလည်း စိုးစိုးမာကိုမြင်မြင်ချင်း သဘောကျသွားသည်။ထိုနေ့မှာ လူငယ်နှစ်ယောက်ကို လူကြီးများကမိတ်ဆက်ဆုံတွေ့ပေးကြသဖြင့် တစ်ဦးနှင့်တစ်ဦးအခေါ်အပြော ရှိခဲ့သည်။ တစ်ဦးနှင့်တစ်ဦး စိတ်ဝင်စားဟန်လည်း ရှိသည်။ အကဲခတ်နေကြသောလူကြီးများကလည်း လူငယ်နှစ်ယောက်အခြေအနေကို ကြည့်ပြီး ပျော်ရွှင်နေကြသည်။ မကြာခင်သော ရက်တစ်ရက်မှာ လူငယ်နှစ်ယောက်အားခမ်းနားသော မင်္ဂလာပွဲ ဆင်နွှဲပေးမည်ဟူသောစိတ်ကူးများဖြင့် ဝမ်းသာနေကြသည်။XXXXXဝုန်း…ဒုန်း…ဝုန်း…“ဟဲ့…အေးဘုံ၊ ဘာလဲ”“မသိဘူးလေ၊ မီးဖိုထဲမှာ ကြောင်ခုန်ချလားမသိဘူး၊ တော် ထကြည့်ပါဦး”ဒုန်း…ဒုန်း…ဒုန်း“ဟင်…အိမ်ခေါင်ပေါ် ခဲတွေနဲ့ ပစ်နေတယ်”ဒုန်း…ဒုန်း…ဗျမ်း“ဟေ့ …ဘယ်ကောင်တွေ လက်ကမြင်းနေတာလဲ”ဦးခင်စိုး ငေါက်ခနဲ ထထိုင်ပြီး အိမ်ရှေ့ကိုဓါတ်မီးဆွဲပြီး ထွက်လာသည်။ ခြေရင်းခန်းမှာအိပ်သော စိုးစိုးမာလည်း နိုးနေပြီ။” အဖေ…ဘာသံလဲ”“အိမ်ကို ခဲနဲ့ ထုနေလို့ …ထွက်ကြည့်မလို့ ““အပြင်မထွက်နဲ့ …အဖေ တော်ကြာ ခဲမှန်နေဦးမယ်”“တောက်…ဘယ်ကောင် ခဲနဲ့ပစ်နေတာလဲကွ”ဗျန်း …ဗျန်း…ဗျန်း…“အဖေ …အဖေ…သရဲ …သရဲ …သမီးအိပ်ခန်းနောက်ကို ပုတ်နေတယ်”“ကိုခင်စိုး…အပြင် မထွက်နဲ့ “ညဦးပိုင်းက သမီးနှင့် အိမ်ထောင်ချပေးမည့်ဦးထွန်းဇံမိသားစုအကြောင်း၊ အောင်မျိုးနိုင်အကြောင်း စကားဝိုင်းဖွဲ့ ထိုင်ပြောနေကြရာညဆယ့်တစ်နာရီခန့်မှ အိပ်ရာထဲ ဝင်ဖြစ်ကြသည်။ယခု အိပ်ပျော်ရုံပဲ ရှိသေးသည်။ဘယ်ကမှန်းမသိသော အရာက အိမ်ကိုသဲသဲမဲမဲ ခဲနှင့် ပေါက်နေသည်။သန်းခေါင်နီးမှ ခဲနှင့်ပေါက်ခြင်း၊ အိမ်ကို ထုရိုက်ခြင်းတို့ရပ်သွားသည်။ မနက်လင်းတော့ ဦးခင်စိုးက ဒေါ်အေးဘုံကိုခေါ်ပြီး တိုးတိုးတိတ်တိတ် ပြောသည်။“ညကကိစ္စ မရိုးဘူးထင်တယ် မအေးဘုံ”“ဘာကို မရိုးရတာလဲ”“မင်းရဲ့ သမီးကို အိမ်ထောင်ချပေးမလို့ စီစဉ်ကာမှအခုလို ဖြစ်တာ မဟုတ်လား”“မဆိုင်ပါဘူးရှင်”“ဟုတ်တစ်ရက်တုန်းက ငါ မင်းရဲ့ သမီးအကြောင်းပြောသေးတယ် မဟုတ်လား”“ယောက်ျားလေးတွေ နောက်ဆုတ်သွားတဲ့ကိစ္စမဟုတ်လား”” ဟုတ်တယ်လေ …ညက အိမ်ထောင်ရေးကိစ္စမဟုတ်လား”“ကျုပ်တော့ မစဉ်းစားတတ်တော့ဘူး။ ဟိုကလာနားဖောက်ရင် ကျုပ်ကတော့ ခေါင်းညိတ်ရမှာပဲ”သူတို့မျှော်လင့်နေသော ရက်သို့ရောက်လာသည်။အိုးဘိုစုရွာမှ လူတစ်ယောက် ရောက်လာသည်။ဦးသိန်းဇံအိမ်က လွှတ်လိုက်၍ လာသည်ဟု ပြောသည်။သူတို့သားက လက်မထပ်ချင်တော့ဟု အတင်းငြင်းသည့်အတွက် အားနာစွာနှင့် လာရောက်တောင်းပန်ခြင်းဖြစ်ကြောင်း ပြောပြသည်။“ကျနော်တို့လည်း ကောင်လေးပါးစပ်က ပြောလို့၊အံ့သြနေကြတာ၊ သူ့မိဘတွေဆိုရင် သူ့သားကိုတော်တော် စိတ်ဆိုးနေကြတယ်။ သူ့သားကကျနော် ကြိုက်ပေမဲ့ မယူရဲဘူး၊ ည…ည ရောက်ပြီဆိုရင် သရဲလိုလို အကောင်ကြီးက စိုးစိုးမာကိုယူရင် သတ်ပစ်မယ်လို့ ညအိပ်တာနဲ့ လာပြောနေတယ်။ ဒါကြောင့် မယူရဲတော့လို့ သွားပြန်ပြောခိုင်းတာတဲ့”“သရဲက ကောင်လေးကို လာခြိမ်းခြောက်နေတယ်ဟုတ်လား”” ဟုတ်တယ် …ဦး၊ အောင်မျိုးနိုင်က သူ့အမေတွေကိုကျနော် သေမှာ ကြောက်တယ်လို့ပြောတယ် ကဲကျနော် ပြန်ဦးမယ် ဦးလေး”“အေး…အေး”အကြောင်းလာကြားသောသူ ပြန်သွားသည်နှင့်ဦးခင်စိုးနှင့် ဒေါ်အေးဘုံတို့ခေါင်းချင်းဆိုင်ကြတော့သည်။“ကဲ …တို့စိတ်ထဲ မသင်္ကာတဲ့အတိုင်း ဖြစ်လာတာပဲ”“ဘယ်က သရဲတစ္ဆေလဲ”“အဲဒါတော့ မသိဘူး၊ သမီးကို ချည်းကပ်မယ့်ကောင်လေးတွေကို သူခြောက်လှန့်ထုတ်နေတာလား မသိဘူး”“အင်း ရှင်ပြောတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့သရဲက ဘယ်ကသရဲလဲ တစ်ခါမှ မမြင်ဘူးမကြုံဘူးပါဘူး၊ အခု ကျုပ်တို့သမီးက အသက်၁၇ နှစ်ကျော်ကျော်ပဲ ရှိသေးတယ်၊ နောက်ပိုင်းအခုလိုသာ အနှောင့်အယှက် ပေးနေမယ်ဆိုဘယ်လိုလုပ်တော့မလဲ”“ဒီသရဲ …တို့ခြံထဲက သစ်ပင်တစ်ပင်,ပင်မှာနေတာနဲ့ တူတယ်၊ မင်းသမီးကိုခေါ်ပြီး မေးကြည့်စမ်း၊ ဘာထူးခြားချက်ရှိလဲ ဆိုတာ”“မထူးခြားပါဘူး၊ အမေတို့ အဖေတို့ ပြောနေတာကြားပါတယ်၊ ဦးသိန်းဇံအိမ်က အကြောင်းလာကြားတာကိုပါ ကြားပြီးပါပြီ”“သမီးအတွက် အဖေတို့ အမေတို့ စိတ်မကောင်းပါဘူး”“စိတ်မကောင်း မဖြစ်ပါနဲ့၊ သမီးတို့ချင်းက ချစ်သူတွေလည်း မဟုတ်ဘူး၊ တစ်ဦးအကြောင်းတစ်ဦးသိသေးတာလည်း မဟုတ်ဘူး၊ အခုလို ဖြစ်သွားတာလည်း ကောင်းပါတယ်”ဦးခင်စိုးနှင့် ဒေါ်အေးဘုံတို့လည်း သမီးအတွက်ခေါင်းခဲနေကြသည်။ တစ်ရက် လင်မယားနှစ်ယောက်လယ်ကွင်းထဲမှ အပြန် လမ်းမှာ တိုးတိုးတိတ်တိတ်တိုင်ပင်လာခဲ့ကြသည်။“မင်းညီမတို့ရွာမှာ သမီးကို ပို့ထားပြီး ပျော်သလောက် နေခိုင်းရင် ကောင်းမလား”“ဟုတ်တယ်…ကျမလည်း စဉ်းစားမိတယ်။ပြီးတော့ မတင်လှကို ပြောရမယ်၊ သင့်တော်တဲ့တစ်ယောက်ယောက် တွေ့ရင် ပေးစားလိုက်လို့”“အေး…ကောင်းတယ်၊ ဒါမှ ဒီသရဲရန်က လွတ်မှာ”“ရှင်ပဲ…ရှင့်သမီးကို သွားပို့လိုက်”“မင်း …မလိုက်ဘူးလား”“မလိုက်တော့ပါဘူး၊ နှစ်ယောက်လုံးသွားရင်နွားစာကိစ္စရော၊ ကိုရင်တွေ ဆွမ်းလောင်းဖို့ကိစ္စရော…ကျုပ်အိမ်မှာ ရှိမှ ဖြစ်မှာ”လင်မယားနှစ်ယောက် ကြိုတင်တိုင်ပင်ထားသည့်အတိုင်း မကြာသောရက်မှာပင်ဦးခင်စိုး ထိုကိစ္စကိုအကောင်အထည် ဖော်ပါတော့သည်။XXXXXပေငါးဆယ်ခန့်ကျယ်သော ချောင်းအတွင်း လှေလေးတစ်စီးကို ဦးခင်စိုးက လှော်လာသည်။ စိုးစိုးမာကလှေဦးတွင် ထိုင်လာသည်။ စိုးစိုးမာတို့ ဒေါ်လေးနေသောထင်းကုန်ရွာက လှေနှင့် သုံးနာရီနီးပါး လှော်သွားရသည်။ရွာက ချောင်းတစ်ဖက်ကမ်းကို တက်ပြီး နာရီဝက်နီးပါးလမ်းလျှောက်ရသေးသည်။ ထိုချောင်းက နွေရောမိုးပါ ရေမခမ်းသော ချောင်းဖြစ်သည်။ ဦးခင်စိုးတို့ကရွာအလယ်မှာ နေထိုင်ပြီး လယ်ကလည်း ချောင်းကိုဖြတ်သွားစရာ မလိုသည့်အတွက် လှေမရှိ။သို့ကြောင့် ဇနီးသည်၏ ညီမနေထိုင်သော ရွာသို့သမီး လာပို့ရန် အသိတစ်ယောက်၏လှေကိုငှားပြီး ထွက်လာခြင်းဖြစ်သည်။ မနက်ပိုင်း ထမင်းစားပြီး သားအဖနှစ်ယောက် ထွက်လာခြင်းဖြစ်သည်။လှေကို လှော်နေရင်း ခရီးတစ်ဝက်သာသာခန့်အရောက် ရေငတ်သလို ဖြစ်ပြီး ဆေးလိပ်သောက်ရန်စိတ်ကူးရလိုက်သည်။ အိတ်ကပ်ထဲ ထည့်ထားသောဆေးပေါ့လိပ်ကို ထုတ်လိုက်သည်။ ဆေးလိပ်သာတွေ့ပြီး မီးခြစ်က အိတ်ကပ်ထဲ မရှိ။“သမီး…တောင်းထဲမှာ မီးခြစ်…ပါလား၊ရှာကြည့်စမ်း၊ အဖေခံတွင်း ချဉ်လို့ ““အဖေကလည်း လေကတိုက်နဲ့ မီးခြစ်ရှိလည်းမီးခြစ်လို့ ရပါ့မလား…ဟိုရောက်မှပဲသောက်ပါလား”“ကဲပါ …ရှာစမ်းပါ”ထိုအချိန် ဦးခင်စိုးနောက်ဘက်မှ ပခုံးပေါ်ကိုကျော်၍လက်ကြီးတစ်ဖက် ထွက်လာသည်။ ထိုလက်ထဲမှာမီးခြစ်တစ်လုံး ပါလာသည်။“အမယ်လေး…သရဲ”“အဖေ …ဘယ်လိုဖြစ်တာလဲ”“သူပခုံးပေါ်မှ ထွက်လာသော လက်ကြီးမှာ အမွေးအမှင်များကလည်း ရှည်လျားစွာ ပေါက်နေသည်။ထိုလက်ကြီးက မီးခြစ်ကိုင်၍ ပေးနေသည်။ စိုးစိုးမာက လှည့်ကြည့်ပေမဲ့ မြင်ပုံမပေါ်။ဦးခင်စိုးလည်း ထိတ်လန့်စွာ အော်လိုက်သည့်အတွက် လက်ကြီးပျောက်သွားသည်။ဦးခင်စိုးလည်း ဆုံးဖြတ်ချက်ချလိုက်ပြီး လှေကိုပြန်လှည့်လိုက်သည်။“အဖေ…ဒေါ်လေးတို့ရွာကို မသွားတော့ဘူးလား”“မသွားတော့ဘူး …သမီး၊ နောက်မှပဲ သွားတော့မယ်”“လုပ်ပြီ…လမ်းတစ်ဝက်ရောက်မှ ပြန်လှည့်ရတယ်လို့”ဦးခင်စိုးလည်း ဘာမှ ပြန်မပြောတော့ဘဲ ရွာသို့သာပြန်လှော်လာခဲ့သည်။ သရဲက သမီးသွားသည့်နောက်လိုက်လာပုံရသည်။ သမီးသွားလေရာ သရဲလျှောက်လိုက်နေမည်ထင်၍ သမီးကို မျက်ကွယ်ရာ မထားနိုင်ဟု ဆုံးဖြတ်ကာ လှေကို ပြန်လှော်လာခြင်းဖြစ်သည်။အိမ်ပေါ်သို့ သားအဖနှစ်ယောက် တက်လာသည်ကိုဒေါ်အေးဘုံ မြင်သည့်အတွက် အံ့သြနေသည်။“အံ့သြမနေနဲ့ မိန်းမရေ …မင်းညီမရွာမှာ မင်းရဲ့သမီးကို ထားခဲ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ ပြန်လာခဲ့တာ”“ကိုယ့်သမီး ကိုယ်သံယောဇဉ်ပြတ်ဘဲ သွားပို့ရတယ်လို့တော်”“ဟဲ…ဟဲ သမီးကို မခွဲနိုင်တာကလည်း မခွဲနိုင်တာပေါ့ဒါပေမဲ့ မိဘထက်ပိုဆိုးတဲ့ အဖြစ်ကြောင့် ပြန်ခေါ်ခဲ့တာ”“ဘယ်လိုလည်း ရှင်းရှင်းပြောစမ်းပါ”“ငါတို့ လှေပေါ်မှာ ဟိုကောင်သရဲ လိုက်လာလို့ ““ဟင်”“အေး …ဟုတ်တယ်၊ ဒါကြောင့် ပြန်လှည့်လာခဲ့တာ”ဦးခင်စိုးက လမ်းမှာ ကြုံရပုံကို ရှင်းပြလိုက်သည်။“ကဲ…ဒါဆို၊ ဒီအတိုင်း ကြည့်နေလို့တော့ မဖြစ်ဘူး၊ဆရာကောင်း သမားကောင်းရှာမှ ဖြစ်တော့မယ်”ဦးခင်စိုးတို့ လင်မယားလည်း အသိမိတ်ဆွေများအားကိုး အားထားပြုပြီး ဆရာသမားကောင်းကိုတွေ့ရန် ကြိတ်၍ ရှာဖွေနေကြသည်။XXXXXXဟီး …ဟီး …ဟီး“ဟဲ့ …သမီး စိုးစိုး ဘာဖြစ်လို့လဲ”“ဘာသမီးလဲ”“စိုးစိုး …သမီး…သတိထား”ဝုန်း…ဒုန်း…ဒုန်း…“ငါ …စိုးစိုးမာ မဟုတ်ဘူးကွ…တောက်ထိန်”“ဘယ်က…တောက်ထိန်လဲ”“မင်းတို့တဲနောက်ဘက်က ပျဉ်းမပင်မှာနေတဲ့သရဲတောက်ထိန်”“ငါ…မင်းတို့လင်မယားကို သတိပေးချင်လို့ရောက်လာတာ”“စိုးစိုးမာကို ဘာဖြစ်လို့ အနှောင့်အယှက်ပေးနေတာလဲ”“ငါ…စိုးစိုးမာကို အနှောင့်အယှက် မပေးဘူး။သူ့နားရောက်လာမယ့် အကောင်မှန်သမျှကိုအနှောင့်အယှက်ပေးနေတာ၊ ဘယ်သူမှစိုးစိုးမာနဲ့ အိမ်ထောင်မပြုရဘူး”“ဒါဖြင့် စိုးစိုးမာ အိမ်ထောင် မပြုရတော့ဘူးပေါ့”“ငါနဲ့ ပြုမှာ ““သရဲနှင့်လူ အတူတူနေလို့ ဘယ်ဖြစ်မှာလဲ”” ငါက သူနဲ့ အတူလာနေလို့ မရပေမဲ့သူက ငါနဲ့ အတူလာနေလို့ရတယ်၊ သူ…အသက်နှစ်ဆယ်ပြည့်ရင် …ငါနေတဲ့နေရာကို အသက်နှုတ်ပြီး ခေါ်မှာဒါကြောင့် အသက်နှစ်ဆယ် မပြည့်မချင်းငါ သူအနားကို ဘယ်ယောက်ျားလေးမှအကပ်မခံတာ”“သမီး…အသက်နှစ်ဆယ်ကျရင် ခေါ်မယ်ဟုတ်လား”ဦးခင်စိုးတို့ လင်မယား ထိတ်လန့်သွားသည်။“အေး …အနှောင့်အယှက်ပေးမယ့် ဘယ်သူကိုမှခွင့်မလွှတ်ဘူးကွ”ဟီး…ဟီး…ဟီး…ထိုသို့ မကျေနပ်ချက်များ ပြောဆိုပြီး စိုးစိုးမာခန္ဓာကိုယ်မှာ ဝင်ရောက်ပူးကပ်နေသော သရဲထွက်သွားသဖြင့် စိုးစိုးမာ ထိုင်နေရာမှ ပျော့ခွေကျသွားသည်။“ဟဲ့ …သမီး…စိုးစိုးမာ…သမီး”“ဟင်…အင့် …အင့် …”ခဏနေတော့ စိုးစိုးမာ သတိရလာသည်။“ဘယ်လို လုပ်ကြမလဲ၊ အခုမှ ဒုက္ခလှလှကြီး တွေ့ပြီ”“နေစမ်းပါဦးကွာ …စဉ်းစားပါရစေဦးသရဲတစ္ဆေတွေကို ကောင်းကောင်းနိုင်တဲ့ဆရာတွေ ရှိပါတယ်…သိပ်လည်း စိတ်မပူပါနဲ့”“သရဲနိုင်မှ ဖြစ်မှာ …မနိုင်ကတော့သူက ပြန်ပြီး ဒဏ်ခတ်မှာ စိုးရတယ်”မနက်စောစော ဦးခင်စိုး ရွာထဲသို့ ထွက်သွားသည်။တစ်နေ့လုံး ဦးခင်စိုး ပျောက်နေသည်။ ညနေလေးနာရီခန့် ရောက်မှ အိမ်ပြန်လာသည်။ဦးခင်စိုးနှင့်အတူ အသက်ခြောက်ဆယ့်ခန့်လူကြီးတစ်ယောက်လည်း ပါလာသည်။လွယ်အိတ်တစ်လုံး လွယ်ထားသလို အညာစောင် ဘသက်တစ်ထည်လည်း ခေါင်းပေါင်းထားသည်။ အထက်လမ်းပညာ လိုက်စားနေသောဆရာတစ်ယောက် ကျခတ်တောရွာမှာ ရှိသည်ဆိုသဖြင့် တစ်လက်စတည်း လိုက်ပို့ သူနှင့်အတူသွားပြီး အိမ်သို့ ပင့်လာခဲ့ခြင်းဖြစ်သည်။ဆရာကြီးနာမည်က ဦးပန်းအောင် ဟုခေါ်သည်။“ကြွပါ ဆရာ”“မအေးဘုံရေ…ဖျာခင်းပါဦးကွာ၊ သည်မှာဆရာပါလာလို့ “ဒေါ်အေးဘုံလည်း ဦးခင်စိုးအသံကြားသည်အတွက်မီးဖိုခန်းအတွင်းမှ အပြင်ထွက်လာကာ အိမ်ခေါင်းရင်းဘက်မှာ သင်ဖြူးဖျာကို ချခင်းပေးလိုက်သည်။ဆရာဦးပန်းအောင်က ထိုင်ပြီး ခဏမျှအကြာရှေ့နောက် ဝဲယာ စောင်းငဲ့ကြည့်ရင်း …“မောင်ခင်စိုးရဲ့သမီး ရှိလား…ခေါ်လိုက်လေ”“ဟုတ်ကဲ့ …ဆရာ၊ မအေးဘုံ …စိုးစိုးရော”“မီးဖိုထဲမှာ ထမင်းဟင်း ဝိုင်းကူချက်နေတယ်”“သမီးစိုးစိုး…လက်ဆေးပြီး ထွက်ခဲ့ဦး”ခဏအတွင်း စိုးစိုးမာ အပြင်ထွက်လာသည်။“လာ…သမီး၊ ဆရာရှေ့မှာ လာထိုင်၊ သမီးကိုသရဲက ဘယ်လို အနှောင့်အယှက်ပေးသလဲ”“သမီးကို ဒီနေ့အချိန်ထိ အိပ်မက်ပေးတာတို့အနှောင့်အယှက်ပြုတာတို့ တစ်ခါမှ မလုပ်ပါဘူးမနေ့က ညနေပိုင်း သမီးကို ဝင်ပူးကပ်ပြီးပြောသွားတယ်လို့ အမေတို့က ပြောပါတယ်”“အင်း …ဒီအတိုင်းဆိုရင် မိန်းကလေးကိုအရိပ်တကြည့်ကြည့်နဲ့ ယောက်ျားလေးတွေအနားမကပ်နိုင်အောင် စောင့်နေပုံပဲ၊ မိန်းကလေးအသက်နှစ်ဆယ် မပြည့်မချင်း ကိုယ့်ဘက်ကအခွင့်အရေး ရှိနေသေးတာပဲ ဘာမှ မစိုးရိမ်ကြနဲ့”ဆရာကြီးက ဒေါ်အေးဘုံအား…“ကဲ…မိန်းကလေး အမေက မီးဖိုချောင်အခန်းတံခါးရှိရင် သွားဖွင့်ထား၊ ရေကပြင်အထိ အားလုံးပွင့်နေပါစေထမင်းအိုး ဟင်းအိုးအားလုံး လုံအောင်ဖုံးပြီးပြန်လာခဲ့”ဒေါ်အေးဘုံလည်း မီးဖိုအတွင်း ဝင်သွားသည်။ တံခါးအားလုံးဖွင့်လိုက်သည်။ ချက်ပြုတ်ထားသည့်အိုးများအားလုံး လုံခြုံအောင် ဖုံးဖိလိုက်ပြီးအပြင်သို့ ပြန်ထွက်လာခဲ့သည်။ ဆရာကြီးကဘုရားစင်မှာ ဖယောင်းတိုင်များ၊ အမွှေးတိုင်များထွန်းညှိပူဇော်နေသည်။ ထိုအချိ်န် ဘယ်လိုသတင်းကြားသည် မသိ၊ တစ်ယောက်စ၊နှစ်ယောက်စ အိမ်နီးနားချင်း လူတစ်ချို့အိမ်ပေါ်တက်လာကြသည်။ဆရာက ဘုရားစာများ ရွတ်ဆိုပူဇော်နေသည်။ဘုရားကို ဦးသုံးကြိမ်ချပြီး နောက်ဘက်သို့ လှည့်ထိုင်လိုက်သည်။ ဆရာ၏ ရှေ့မှာ ကျုံ့ကျုံ့လေးထိုင်နေသော စိုးစိုးမာအား …“ကဲ…မိန်းခလေးကို နှောင့်ယှက်နေတဲ့ ဝိညာဉ်ကောင်ကို ခေါ်မယ်၊ မိန်းကလေးနောက်ဘက်တည့်တည့်မှာ ဘယ်သူမှ မထိုင်ကြနဲ့၊ ဒီဘေးဘက်မှာ လာ ထိုင်ကြ”အိမ်ပေါ်မှာ လေးငါးခြောက်မျှ ရောက်နေသည်။“ကဲ…မိန်းကလေးနောက်မှာ တကောက်ကောက်လိုက်တဲ့ ဝိညာဉ်ကောင်၊ ယခု …အထက်ဆရာကြီးများ အမိန်နှင့် ငါဆရာ ခေါ်တယ်၊ အခုရှိတဲ့နေရာက အမြန်လာခဲ့၊ ကဲ…အထက်ပုဂ္ဂိုလ်များနဲ့အထက်ဆရာကြီးများ၏ အမိန့်အရ ငါဆရာခေါ်နေတယ် …အမြန်လာခဲ့”ဆရာကြီး၏စကားအဆုံး စိုးစိုးမာတစ်ယောက်ရှေ့နောက်ကိုယ်ကို ယိမ်းထိုးလာပြီးကျုံ့ကျုံ့လေးထိုင်နေရာက ယောက်ျားထိုင်ခြေချိတ်ပြီး ထိုင်လိုက်သည်။“ဟီး …ဟီး…ဟီး…ဟား …ဟား …ဆရာစုပ်ငါ့ကို ဘာလို့ ခေါ်တာလဲကွ”“ဟေ့ကောင် …မလေးမစား မပြောနဲ့ ငါအောက်လမ်းဆရာ မဟုတ်ဘူး…မင်းကိုမေတ္တာနဲ့ ခေါ်နေတာ”” ဘာသိချင်လို့ ခေါ်တာလဲ”“ကျုပ် ယူမလို့ ““မင်းက သရဲ…သူက လူ၊ မဖြစ်နိုင်ဘူး'”“သူရဲ့ ဝိညာဉ်ကို ခေါ်ပြီး အတူနေမှာ၊အချိန်မရောက်သေးလို့”“မင်းခေါ်ချင်တိုင်း ခေါ်လို့ဖြစ်မလား”“ဟား…ဟား…ဟား…ငါ အခုမှပဲရအောင် ခေါ်နိုင်တယ်”ဒုန်း…ဒုန်း…ဒုန်း…လက်သီးနဲ့ ကြမ်းပြင်ကို ထုနေသည်။ ဆရာကြီးလည်းစောစောက ဘုရားရှိခိုးရင်း ဘုရားစင်ရှေ့မှာ ဆက်ကပ်ထားသော ရေမန်းကို ထယူကာ၊ ရေဖြင့်တောက်လိုက်သည်။“အား…အား…မလုပ်နဲ့ “ပြီး…လွယ်အိတ်ထဲမှ အင်းချပ်တစ်ချပ်ကိုဆွဲထုတ်ကာ ရေခွက်ထဲ ထည့်လိုက်သည်။ထိုအင်းချပ်ကို ရေခွက်ထဲ ထည့်သည်ကို သရဲပူးကပ်နေသောစိုးစိုးမာက စိုက်ကြည့်နေပြီးနောက်သို့ အနည်းငယ် ဆုတ်သွားသည်။“ပြေးဖို့ စိတ်မကူးနဲ့၊ မင်းကို ငါမေးစရာတွေ ရှိတယ်၊ရေမန်းနဲ့တင် မင်းခံစားလိုက်ရတယ် မဟုတ်လား၊ဒီအင်းတော်ကြီး အစွမ်းနည်းနည်း ခံစားကြည့်ချင်လား”“မ…မလုပ်ပါနဲ့ ““ကဲ…ဆရာရှင်းရှင်းပဲ မေးမယ်၊ မင်း…အခုဘယ်မှာနေလဲ”“သူတို့တဲနားက ပျဉ်းမပင်မှာ နေတယ်”“အေး…အဲဒီအပင်မှာလည်း မနေနဲ့တော့။မင်းနေတဲ့ အပင်ခြေရင်းမှာ ဟောဒီဆေးဖယောင်းတိုင်သွားထွန်းခိုင်းမယ်၊ မင်း…အန္တရာယ်မဖြစ်ချင်ရင်ပျဉ်းမပင်ကြီးမှာလည်း မနေနဲ့တော့ ဒီမိန်းခလေးကိုလည်း မင်းနဲ့အတူ နေဖို့ မကြိုးစားနဲ့တော့မင်း…ကတိပေးမလား”“မပေးဘူး…ပျဉ်းမပင်မှာ မနေနဲ့ဆို မနေဘူး၊ဒါပေမဲ့ ဒီမိန်းခလေးနဲ့ ကျုပ်က အရင်ဘဝတုန်းကအိမ်ထောင်ဘက်ဖြစ်ခဲ့တယ်၊ ရေနစ်ပြီး ကျုပ်တို့နှစ်ယောက် သေခဲ့တယ်။ သူက လူဖြစ်သွားပြီးကျုပ်က သရဲဖြစ်ခဲ့တယ်၊ ဒါကြောင့် သူ့ကိုပြန်ခေါ်လို့ ရမယ့် အချိန်ကို စောင့်နေတာ”“မင်းတို့ ရေစက်က အရင်ဘဝကပဲပါတာ၊ဒီဘဝမှာ မပါလို့ တစ်ယောက်က လူဖြစ်၊တစ်ယောက်က သရဲဖြစ်တာ၊ နောက်ဘဝတစ်ခုခုမှာ ပြန်ဆုံကောင်း ဆုံနိုင်ပေမဲ့နောက်ဘဝမှာတော့ ပြန်ဆုံဖို့ ဘယ်သူမှအာမ မခံနိုင်ဘူး၊ ဒီမိန်းခလေး သက်တမ်းကုန်လို့ သေလွန်ခဲ့ရင် ဘယ်ဘဝရောက်မယ်ဘယ်သူမှ မသိဘူး၊ မင်းလည်း သရဲဘဝနဲ့အနှစ်ဘယ်လောက်အထိ နေရဦးမယ်မသိဘူး၊ သရဲဘဝက သေရင် ငရဲရောက်မလား၊ဒီထက်မြင့်တဲ့ ဘုံစံရမလား၊ ဘယ်သူမသိဘူး။ခံရမယ်ဝဋ်ကြွေးတွေ ကုန်လို့ ပဋ္ဌာန်းဆက် ကျန်သေးရင်ဘဝတစ်ခုမှာပြန်ဆုံတွေ့ပါလိမ့်မယ်၊ မင်းက သူ့ကိုသတ်ပြီး မင်းအနားမှာ ထားမယ် စိတ်ကူးပေမဲ့ မိန်းကလေးက ဘုရားတရားအားထုတ်ပွားများပြီး သေဆုံးခဲ့ရင်သူဝိညာဉ်က မင်းလို သရဲတစ္ဆေ ဖြစ်မယ်ထင်လား၊နတ်ပြည်ရောက်သွားနိုင်သလို လူ့ပြည်လည်းပြန်ရောက်နိုင်တယ်၊ သရဲဖြစ်တယ်ဆိုတာအရင်ဘဝက အကုသိုလ်မကင်းလို့ ဖြစ်တာ၊မင်းက သူ့ကို စွဲလို့ သရဲဖြစ်တာ၊ သေခြင်းရဲ့ဝိညာဉ်လားရာကို ဘယ်သူမှ သတ်မှတ်လို့မရဘူး၊ ငရဲကျမလား၊ တိရစ္ဆာန်ဖြစ်မလား၊လူဖြစ်မလား၊ နတ်ဖြစ်မလား၊ တစ္ဆေ သရဲဖြစ်မလား၊ သူ့ရဲ့ကုသိုလ် အကုသိုလ်အကြောင်းတရားအတိုင်း ဖြစ်မှာ မင်း…နားလည်ပြီလား”“ဟုတ်ပါပြီ နားလည်ပါပြီ”“အတိတ်က ကံမကောင်းခဲ့လို့ သရဲဘဝရောက်နေတာ၊ကိုယ့်အတွက် ကုသိုလ်ကောင်းမှု ပြုပေးနိုင်တဲ့လူကိုသာစောင့်မျှော်နေပါ၊ ကုသိုလ်ပြုပေးတဲ့ လူရှိရင် ဒီထက်မြင့်တဲ့ ဘုံဘဝကို ရောက်အောင် စိတ်က အာရုံပြုထားပေါ့၊ ကဲ…ဆရာပြောတာ၊ မင်း …သဘောပေါက်တယ် မဟုတ်လား”“ပေါက်ပါတယ် ““စိုးစိုးမာကို အသက်နှုတ်မယ်လို့ စိတ်ထဲထားဦးမလား”” မထားတော့ပါဘူး”“မင်းကို ဘယ်ကနေ ဘဝကူးပြောင်းလာတာလဲ”“တာဆုံရွာမှာ လှေမှောက်ပြီး ရေနစ်သေခဲ့ကြတာပါ၊ကျုပ်က သရဲဖြစ်ပြီး သူက လူဖြစ်သွားလို့ သူ့အနီးမှာလာစောင့်ရှောက်နေတာပါ”“အေး…တာဆုံရွာကို အကြောင်းကြားပြီး မင်းအတွက်ကုသိုလ်လုပ်ပေးဖို့ ပြောမယ်၊ အလှူလုပ်လို့ အမျှဝေရင် သာဓု ခေါ်မှာလား”“ခေါ်ပါ့မယ်”“ဘယ်မှာလုပ်ပေးရမလဲ”“ဘယ်မှာနေရမယ်…မသိသေးပါဘူး”“ကဲ…ကဲ…မင်းအတွက် အလှူလုပ်ပေးတဲ့ အချိန်ထိပျဉ်းမပင်ကြီးမှာ နေခွင့်ပြုတယ်၊ ကိုခင်စိုးတို့တဲမှာမင်းအတွက် အလှူလုပ်ပေးမယ်၊ မင်းဆွေမျိုးတွေကိုသွားအကြောင်းကြားပေးမယ်၊ အလှူပြီးတဲ့အထိပျဉ်းမပင်မှာနေ၊ နောက်ပိုင်းရက် အပင်ရင်းမှာဖယောင်းတိုင် ထွန်းမယ်”“သရဲဘဝက အမျှခေါ်ရလို့ ဘဝတစ်ခုကို ကူးပြောင်းတယ် ဆိုရင် အိပ်မက်လာပေးပါမယ်”“ကဲ…ကဲ၊ မင်း …အခုပြန်တော့၊ ဒီရွာထဲကိုလည်းမလာနဲ့တော့ စိုးစိုးမာရဲ့ မိသားစုကိုလည်းမနှောင့်ယှက်နဲ့တော့၊ မင်း ဒီအိမ်ပေါ်က ဆင်းသွားတာကို သိသာအောင် လုပ်ပြသွား၊ နောက်ဖေးပေါက်က ဆင်းပြီး ပြန်ရမယ်”“ဟုတ်ကဲ့ …ကျုပ် သွားပါတော့မယ်”ဆရာကြီးက နှုတ်မိန့်ဖြင့် ချုပ်ထားသည်များကိုဖြေပေးလိုက်သည်။ အိမ်ပေါ်မှာ မီးရောင်တို့ဖြင့်လင်းနေသည်။ အပြင်မှာ မှောင်စပြုနေသည်။“ကဲ…သွားတော့ “စိုးစိုးမာခန္ဓာကိုယ် ရှေ့နောက်ယိမ်းထိုးပြီးလဲကျသွားသည်။ဒုန်း …ဒုန်း…ဒုန်း…ဒုန်း …ဝုန်းခြေသံပြင်းပြင်းနင်း၍ မီးဖိုခန်းမ ထွက်ပြီး ရေကပြင်မှမြေပေါ်ခုန်ချသံတို့ကိုပါ ဆက်တိုက်ကြားလိုက်ရသည်။အိမ်ပေါ်ကလူများ ဆရာ၏ရှေ့သို့ တိုးလာကြသည်။စိုးစိုးမာလည်း မျက်လုံးလေး ပေကပ်ပေကပ်နှင့်သတိပြန်ရလာသဖြင့် မိခင်ဖြစ်သူက ထူမပေးလိုက်သည်။“ကဲ…ဆရာ၊ ချည်မန်းကြိုး ချည်ပေးထားမယ်၊ အသက်နှစ်ဆယ်ပြည့်ပြီးတဲ့အထိ လည်ပင်းမှာ ချည်ထား”“စိုးရိမ်ရသေးလား ဆရာကြီး”“မစိုးရိမ်ရတော့ပါဘူး၊ သူ့အတွက် အလှူလေးတစ်ခု လုပ်ပေးလိုက်ပေါ့ “ဒေါ်အေးဘုံက ဦးခင်စိုးအား…“ဟို …တာဆုံရွာသွားပြီး ဘယ်သူ့မေးရမှာလဲ”ဆရာကြီးက ဦးခင်စိုးကို လှမ်းမေးလိုက်သည်။“မောင်ခင်စိုးသမီး အခု အသက်ဘယ်လောက်လဲ”“ဆယ့်ရှစ်နှစ်ထဲ ဝင်တော့မှာပါ၊ တစ်လခွဲလောက်ပဲလိုပါတော့တယ်…ဆရာကြီး”“အင်း…ဒါဆို၊ လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်ဝန်းကျင်လောက်က တာဆုံရွာမှာ လှေမှောက်ပြီးဆုံးသွားတဲ့ မိသားစုရှိ/မရှိ၊ သွား စုံစမ်းပေါ့”“အဲဒီလို သွားမေးရင် သမီးရဲ့ဆွေမျိုးတွေ ရှုပ်လာမှာစိုးတယ် ဆရာကြီး၊ ကျနော်တို့ပဲ ငွေစိုက်ပြီး အလှူလုပ်ပေးလိုက်ပါတော့မယ်”“သရဲနာမည် တောက်ထိန်ဆိုတော့ ဟိုရွာမှာသေသွားတဲ့တောက်ထိန်ကို စုံစမ်းလည်း ရတာပဲ၊သူမကျွတ်မလွတ်သေးလို့ သရဲဖြစ်နေတယ်၊သူကျွတ်လွတ်အောင် လာလုပ်ပေးဖို့ ပြောရင်ဖြစ်တာပဲ မဟုတ်လား”“ဟုတ်ကဲ့ …သဘောပေါက်ပါပြီ”“ကဲ…ကဲ၊ ဆရာကြီးကို ရွာဦးဘုန်းကြီးကျောင်းကိုလိုက်ပို့ပေးကြဦးကွယ့်၊ ဆရာတော်ကို ဖူးရင်းဒီည ဆရာတော် ကျောင်းမှာပဲ အိပ်လိုက်တော့မယ်”ဦးခင်စိုးလည်း ဆရာကြီးအား ဘုန်းကြီးကျောင်းသို့သွားပို့ပေးလိုက်သည်။XXXXXမကြာခင်မှာပင် ဦးခင်စိုး၏ကြိုးစားမှုနှင့် တာဆုံရွာမှကိုတောက်ထိန်၏ မိသားစုများ လိုက်လာကာ အလှူလုပ်ပေးပြီး အမျှဝေလိုက်ကြပါသည်။ ဦးခင်စိုးကလည်းအလှူငွေတစ်ဝက်ထည့်၍ လှူပေးခဲ့သည်။ သရဲတောက်ထိန် ကတိပေးထားသည့်အတိုင်း ဘယ်သူမှအနှောင့်အယှက် မပေးတော့ဘူး၊ သရဲအဆင့်ထက်မြင့်တဲ့ ဘုံကို ကူးပြောင်းရောက်ရှိသွားပြီဟု အိပ်မက်လာပေးခဲ့ပါသည်။မူရင်းရေးသူ ဆရာ ဧကန်မင်း