မြတ်လေးလမ်းကမိန်းကလေး(စ-ဆုံး)
သော်တာလမင်းစန္ဒာ“” ကျွန်မကိုသတ်ပေးပါ… သတ်ပေးကြပါရှင်… “”မှောင်ရီဝိုးတဝါးညအချိန်ရောက်လာရင် ‘ မြတ်လေးလမ်း ‘ ဖက်မှာအမျိုးသမီးငယ်တစ်ယောက် သွေးသံရဲရဲနဲ့ လမ်းပေါ်ထွက်ထွက်လာရင်း ဖြတ်သွားတဲ့ကားတွေကို တားပြီးပြောတတ်တယ်။ သိနေတဲ့သူတွေကတော့ လီဗာကုန်နင်းပြီးမောင်းပြေးကြပေမယ့် အကြောင်းမသိတဲ့သူတွေက ကား ၊ ဆိုင်ကယ် ရပ်ပေးတတ်ကြတယ်။ရပ်ပေးလိုက်ပြီဆို အမျိုးသမီးငယ်ဟာ လက်ကိုဆွဲကိုင်ပြီး…“” ကျွန်မကိုသတ်ပါ…သတ်ပေးပါရှင်… “”လို့ပြောလိုက်တာနဲ့ လက်အကိုင်ခံရသူဟာ လက်မှာ သွေးစုသွားသလို အညိုရောင်လေးကျန်ရစ်စမြဲ။ အချိန် ၂မိနစ်လောက်အတွင်းအမျိုးသမီးငယ်က ပျောက်ပျောက်သွားတတ်ပါသေးတယ်။ လိုက်ရှာပေမယ့် ရှာမတွေ့ကြပါဘူး။သူကိုင်သွားတဲ့ လက်မှာအညိုအမည်းအရာကြီး မပျောက်မချင်း ည ညဆို အိပ်မက်ဆိုးကြီး မက်ကြတော့တာပဲ။ အမှန်တကယ်တော့ အမျိုးသမီးငယ်လေးဟာ ကူကယ်ရာမဲ့အခြေအနေဆိုးကြီးကြုံတွေ့ခဲ့ရတာကို သိစေချင်ခဲ့လို့ အိပ်မက်ကတစ်ဆင့် ဆက်သွယ်တယ်ဆိုပြီးတချို့ကြုံခဲ့ရသူတွေကပြောကြပါတယ်။ တချို့ကလည်း သရဲခြောက်တယ်လို့ဆိုကြတယ်။ဘယ်လိုပဲဖြစ်ဖြစ် မြတ်လေးပန်းပင်ဟိုတစ်စ ဒီတစ်စ ပေါက်နေပြီးလမ်းနံဘေးကခြုံထူထူတွေ ရစ်ဝိုင်းနေတဲ့ ပေ ၂၀ လမ်းလေးကို လေ့လာကြည့်ဖို့ ကျွန်တော်တို့သူငယ်ချင်းသုံးယောက် သဘောတူလိုက်ကြပါတော့တယ်။ ကျွန်တော်တို့အစီအစဉ်ကတော့ မြတ်လေးလမ်းထဲကို တစ်ယောက်တစ်လှည့် သွားဖို့ပါ။ ကျွန်တော်က ဆိုင်ကယ်နဲ့ကျွန်တော့သူငယ်ချင်း ဝေလင်းက ရွှေငါး Mark II လေးနဲ့ပေါ့။နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ လှိုင်ဘွားကလည်း ဆိုင်ကယ်နဲ့ပဲ။ကျွန်တော်တို့က ည ၈ နာရီခွဲမှာ လှိုင်ဘွားက ဆိုင်ကယ်နဲ့ အရင်ဦးဆုံး မောင်းပြီး မြတ်လေးလမ်းအကျော်က ခေတ္တာလမ်းမပေါ်မှာရှိတဲ့” ဒီရေတိုး ” လက်ဖက်ရည်ဆိုင်မှာ စောင့်နေဖို့ပါ။ သူတွေ့ခဲ့တယ်၊မတွေ့ဘူး ဆိုတာကို ကျွန်တော်တို့ကိုဖုန်းဆက်ပြောရပါမယ်။ တွေ့တွေ့၊ မတွေ့တွေ့ ကျွန်တော်တို့ကျန်တဲ့နှစ်ယောက်က မြတ်လေးလမ်းကို တစ်ယောက်တစ်လှည့် မောင်းကြမှာပါပဲ။လှိုင်ဘွား ပြီးရင် ဝေလင်း အလှည့်ဖြစ်ပြီးတော့ ကျွန်တော်ကနောက်ဆုံးမှ မောင်းရမှာပါ။ ကျွန်တော်တို့အစီအစဉ်ထဲမှာ မြတ်လေးလမ်းကိုမောင်းနေတဲ့တလျှောက်လုံး ဖုန်းနဲ့ video ရိုက်ထားဖို့လည်းပါပါတယ်။ အစီအစဉ်အတိုင်း စကြပါတော့တယ်။လှိုင်ဘွားက ဦးဆုံး ဆိုင်ကယ်နဲ့မောင်းသွားပါတယ်။ မြတ်လေးလမ်းက သေချာတွက်ကြည့်ရင် လမ်းကြောနဲနဲရှည်ပါတယ်။ လူသွားလူလာလည်းပြတ်ပြီး လမ်းနံဘေးမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ အုတ်တံတိုင်းအရှည်ကြီးတစ်ခုကလွဲလို့ ခြုံတောတွေချည်းပါပဲ။ဘုန်းကြီးကျောင်းရဲ့ အုတ်တံတိုင်းကလည်း ကျောင်းနဲ့ဝေးတဲ့ အစွန်ဖက်အပိုင်းပဲဖြစ်ပါတယ်။လမ်းမီးလည်းမရှိပါဘူး။ မြို့စွန်ဖက်ခေါင်တဲ့နေရာလည်းဖြစ်တယ်။မြတ်လေးလမ်းကနေ ကျွန်တော်တို့ဆုံဖို့ချိန်းထားတဲ့ ခေတ္တာလမ်းကိုရောက်ဖို့ ၅မိနစ်ကျော်ကျော်လောက်မောင်းရမှာပါ။ ဒါအမြန်နှုန်းပါ။ ပုံမှန်မောင်းမယ်ဆိုရင် ၈မိနစ်ကျော်လောက်မောင်းရမယ်ထင်ပါတယ်။လှိုင်ဘွားဆီကဖုန်းဝင်လာတော့ အခြေအနေကောင်းတယ်။ သူမတွေ့ခဲ့ဘူးလို့ဆိုပါတယ်။ ဝေကြီးကလည်း ဖုန်းရတာနဲ့ စထွက်ပါပြီ။ ကျွန်တော်တစ်ယောက်ထဲ မြတ်လေးလမ်းထိပ်မှာ ကျန်ခဲ့ပြီးဆိုင်ကယ်ပေါ်မှာထိုင်ရင်း ဖုန်းစောင့်နေလိုက်ပါတယ်။ ကျွန်တော်စောင့်နေတုန်း ၃ မိနစ်လောက်ကြာတော့ ဝေလင်းဆီကဖုန်းလာတယ်။ ကားတားတဲ့အမျိုးသမီးကိုတွေ့တယ်တဲ့။ ဒါပေမယ့် မျက်နှာမှာသွေးတွေစီးကျနေပြီး ရုပ်ပျက်ဆင်းပျက်ကြောက်စရာပုံနဲ့ ကားလှမ်းတားလာတော့ သူလည်းကြောက်ပြီး ကားမရပ်ပေးဘဲ အမြန်မောင်းလိုက်တယ်လို့ပြောတယ်။လှိုင်ဘွားရှိတဲ့ ဒီရေတိုး ဆိုင်ကိုရောက်ပါပြီတဲ့။ ဖုန်း ကင်မရာနဲ့ ရိုက်ခဲ့ပေမယ့် သူရိုက်ခဲ့တာပြန်ကြည့်တဲ့အခါ ကင်မရာထဲဘာမှမပေါ်နေဘူးတဲ့။ သူတို့ပြောနေတာတွေနားထောင်ရတဲ့အခါ ကျွန်တော်နဲနဲတော့လန့်လာမိတယ်။ ဝေလင်းက ကားမောင်းရင်းတွေ့တာတောင်သူတော်တော်လေးတုန်လှုပ်နေတာ။ ဝေလင်း ဆိုတာက ကျွန်တော်တို့ဘော်ဒါတွေထဲမှာ အကြောက်အလန့်သိပ်မရှိတဲ့သူ။သူတောင် စကားတွေထစ်ပြီးပြောနေပုံထောက်ရင် ထိတ်လန့်စရာကောင်းမယ်ဆိုတာ သေချာတယ်လို့တွေးမိလိုက်တယ်။ ကျွန်တော်မြတ်လေးလမ်းကို မမောင်းဘဲ တခြားလမ်းကမောင်းပြီး ဒီရေတိုးဆိုင်ကိုသွားရင်ကောင်းမလားလို့တောင်စဉ်းစားပါသေးတယ်။ ဒါပေမယ့် ဖုန်းကင်မရာဖွင့်ရမယ်ဆိုတဲ့အချက်နဲ့ ကျွန်တော် မမောင်းခဲ့တာ သိသွားရင် အပြောခံရမှာသေချာသလောက်ပဲ။ကျွန်တော်လည်း မထူးပါဘူးဆိုပြီး မြတ်လေးလမ်းပေါ်မောင်းလာခဲ့တော့တယ်။ လက်တစ်ဖက်က ကင်မရာဖွင့်ပြီးလမ်းပေါ်ချိန်ထားတာပေါ့ဗျာ။ ဆိုင်ကယ်ကိုလက်တစ်ဖက်ထဲနဲ့ ထိန်းပြီးမောင်းလာခဲ့ပါတယ်။ ၂မိနစ်ကျော်ကျော်လောက်မောင်းပြီးတဲ့အချိန်မှာ ကျောရိုးထဲစိမ့်လာသလိုလိုခံစားလာရတယ်ဗျ။လမ်းနံဘေးကခြုံတွေထဲကအသံတွေကြားနေရသလိုလိုကြားရတယ်။သေချာနားစွင့်ကြည့်ရင်မဟုတ်ပြန်ဘူး။ တစ်ဖက်မှာတော့ ဘုန်းကြီးကျောင်းအုတ်တံတိုင်းပေါ်ကထိုးထွက်နေတဲ့သစ်ကိုင်းတွေက လှုပ်ရမ်းနေသလိုလိုနဲ့ ကျွန်တော်ပဲအမြင်မှားသလားမသိတော့ပါဘူး။အဲ့ဒီအချိန်မှာပဲ ကျွန်တော့ဆိုင်ကယ်ရှေ့ဝါးတစ်ပြန်လောက်အကျော်က ခြုံတောထဲကနေ အဲ့ဒီမိန်းကလေးပြေးထွက်လာတာတွေ့လိုက်ရတယ်။အနီးကပ်မမြင်ရသေးပေမယ့် ခေါင်းနဘန်းကြီးပြီး ကျွန်တော့ဆံပင်တွေ ထောင်သွားသလိုတောင်ခံစားရတယ်ဗျ။ ရင်ထဲလည်းကတုန်ကယင်ဖြစ်ပြီး ဆိုင်ကယ်ကိုမရပ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။သူ့ကိုမမြင်ချင်ဟန်ဆောင်ပြီး ခပ်တည်တည်နဲ့ဆက်မောင်းလာပေမယ့် ဒီမိန်းကလေးကဘယ်လိုအစွမ်းတွေများရှိသလဲမပြောတတ်ဘူးဗ်။သူ့ရှေ့ရောက်တာနဲ့ ဆိုင်ကယ်က စက်သေသွားပြီးထိုးရပ်သွားတော့တာပဲ။ ဇောချွေးပျံတယ်ဆိုတာ နဖူးတွေ့ဒူးတွေ့ပဲ။ video ကင်မရာနဲ့လည်းမရိုက်နိုင်တော့ဘူး။ ဆိုင်ကယ်စက်နိုးဖို့ပဲခေါင်းထဲရောက်လာတော့တယ်။ သူက ကျွန်တော့နားတစ်လှမ်းချင်းလျှောက်လာနေတာဗျ။ အနီးရောက်လာလေ သူ့မျက်နှာကြီးကိုထင်ထင်ရှားရှားတွေ့ရလေပဲ။ဘယ်ဖက်မျက်လုံးနဲ့ နှာတံကြားမှာ ဟက်တက်ကြီးကွဲပြီးသွေးတွေစီးကျနေတယ်။ အပေါ်နှုတ်ခမ်းလည်းရောင်ကိုင်းနေပါတယ်။ ပါးပြင်နှစ်ဖက်လုံးမှာအညိုအမည်းတွေနဲ့ သူ့မျက်လုံးကတော့ ကြောက်စရာအကောင်းဆုံးပါပဲ။ သူငယ်အိမ်ဟာ သာမာန်ရှိရမယ့်အရွယ်အစားထက် ပိုကြီးပြီးမည်းနက်နေတာတွေ့ရတယ်။ သူပြောနေတာ ကျွန်တော်ကြားနေရတယ်။“” ကျွန်မကိုသတ်ပေးပါ… “” ဆိုတာကို ဆက်တိုက်ပြောနေခဲ့တာကျွန်တော့လက်ဖျားခြေဖျားတွေအေးစက်ပြီးတုန်နေပြီ။ ကျွန်တော့နံဘေးရုတ်တရက်ရောက်လာပြီးတော့ ကျွန်တော့ညာဖက်လက်ကိုဆုပ်ကိုင်လိုက်တယ်ဗျ။ ရေခဲတုံးလိုအေးစက်နေတဲ့အထိအတွေ့နဲ့ကျွန်တော့ခေါင်းပေါ်ကဆံပင်တွေထောင်ပြီး ကြက်သီးတွေထလာခဲ့တယ်။ကျွန်တော်မရှက်တမ်းဝန်ခံရရင် အဲ့ဒီအချိန်မှာ ငယ်သံပါအောင်အော်မိခဲ့တယ်ဆိုတာဝန်ခံပါတယ်။ ကျွန်တော်မျက်လုံးနှစ်ဖက်ကိုစုံမှိတ်ပြီး အော်ဟစ်ပစ်လိုက်မိတယ်။ လက်ထဲကဖုန်းကဖုန်းလာတဲ့အခါမှ မျက်လုံးဖွင့်ကြည့်လိုက်တော့ အဲ့ဒီမိန်းကလေးမရှိတော့ပါဘူး။ ဖုန်းဆက်လာတာကျွန်တော့သူငယ်ချင်းတွေပါ။ကျွန်တော်မြတ်လေးလမ်းကိုမောင်းလာတာ ၅မိနစ်ကျော်ကြာသွားလို့စိတ်ပူပြီးဆက်လာကြတာ။ ကျွန်တော်လည်းဆိုင်ကယ်စက်နိုးလို့မရတော့ဘူးလို့ပြန်ဖြေရင်း ဆိုင်ကယ်ပြန်နိုးကြည့်တော့ စက်ပြန်နိုးလာတယ်။ အဲ့ဒီနေရာကနေ ကြောက်ကြောက်လန့်လန့်နဲ့ အမြန်မောင်းထွက်ပစ်လိုက်တာပေါ့။ ဒီရေတိုးဆိုင်ကို ဘယ်လိုရောက်သွားမှန်းတောင် မသိတော့ဘူး။ဆိုင်ထဲရောက်ပြီးတဲ့အထိ လူကတုန်နေဆဲပဲ။ ဝေလင်းက ပုံမှန်တစ်ခွက်ကို ကမ်းပေးပြီး မေးခွန်းတွေတရစပ်မေးနေတာ။ ကျွန်တော်ကတော့ပြန်မဖြေနိုင်သေးဘူး။ ညာဖက်လက်ပေါ်က လက်ချောင်းရာထင်းကျန်နေတဲ့ အပြာကွက်လေးကို ကြည့်ပြီး တစ်ကိုယ်လုံးအေးစက်နေတာဗျ။ ဝေလင်းနဲ့ လှိုင်ဘွားက ကျွန်တော့လက်ကို ဆွဲယူပြီးကြည့်ကြတယ်။ ဓါတ်ပုံတွေရိုက်ထားကြတယ်။“” မင်း ဒီညအိပ်မက်မက်တော့မှာ “” တဲ့။ ကျွန်တော် အိပ်မက်မက်ရမှာကို ကြောက်တယ်။ အိပ်မက်ထဲလည်းမဆုံချင်တော့ဘူး။သူတို့ ဖုန်းထဲက video ကိုဖွင့်ကြည့်ကြတော့ video ထဲမှာ မြတ်လေးလမ်းကလွှဲလို့ အဲ့ဒီမိန်းကလေးပုံမပါဘူးဗျာ။ ကျွန်တော့အော်သံတောင်ပါသေးတယ်။ ကျွန်တော်အော်တဲ့အသံကိုသူတို့က ရယ်ကြတာပေါ့။ ကျွန်တော်လည်းရှက်မိပေမယ့် အော်တဲ့အချိန်တုန်းကတကယ်ပဲသွေးပျက်နေခဲ့တာ။ဝေလင်းကလည်းသူမြင်ခဲ့ရတော့ သူလည်းလန့်နေတဲ့ပုံရတယ်။ ဒါပေမယ့်သူက လက်အကိုင်မခံခဲ့ရဘူးလေဗျာ။ ကျွန်တော်တို့သုံးယောက် အိမ်ပြန်လာခဲ့ကြတော့တယ်။ ဝေလင်းကတော့ ကားနဲ့သူ့အိမ်သူတန်းပြန်သွားပြီး ကျွန်တော့ကိုတော့လှိုင်ဘွားကအိမ်ထိနံဘေးကနေလိုက်မောင်းပြီးပို့ပေးခဲ့ပါတယ်။ အိမ်ရောက်ပြီး ဘုရားစင်ရှေ့အရင်ဦးဆုံးရောက်တော့တာပဲ။အမေကပ်လှူထားတဲ့ ဘုရားသောက်တော်ရေ ကိုစွန့်ပြီး ရေခွက်ထဲလှယ်ထည့်၊ တစ်ဝက်ကို ခေါင်းနဲ့ မျက်နှာတွေ လက်ကအညိုရာတွေကို လောင်းပက်၊ တစ်ဝက်ကိုသောက်ပြီး အိပ်ရာဝင်ခဲ့ပါတယ်။ အိပ်ရာထဲရောက်လည်း စိတ်ကမနွေးဘူးဗျ။ ကျောချမ်းနေတုန်းပဲ။ အခန်းမီးကို ဖွင့်ထားမိတယ်။ အခန်းတံခါးကိုလည်း ကြည့်ကြည့်မိနေတာဗျ။တံခါးများသူ့အလိုလိုပွင့်လာလေမလားလို့တွေးမိရင် ကြက်သီးထ ထလာတယ်။ ကြောက်စိတ်ကြောင့်တော်တော်နဲ့အိပ်မပျော်ခဲ့ဘူး။ ကျွန်တော်နာရီကြည့်လိုက်တော့ မနက် ၂နာရီကျော်နေပြီ။ အိပ်မရသေးဘူး။ ဘယ်အချိန်အိပ်ပျော်သွားလဲတော့မမှတ်မိဘူးဗျ။ ဒါပေမယ့်အဲ့ဒီမိန်းကလေးက အိပ်မက်ထဲတကယ်လာခဲ့ပါတယ်။“” ငါ့ယောကျာ်းဘယ်မှာလဲ “”ရွှေတွေနင့်နေအောင်ဝတ်ထားတဲ့ အသားညိုညို ဝဖိန့်ဖိန့်နဲ့ လည်ပင်းက အဆီရစ်တွေကြားထဲ ချွေးတွေစီးကျနေတဲ့မိန်းမက မေးတယ်။မြတ်လေးလမ်းကမိန်းကလေးက မျက်ရည်တွေစီးကျနေရင်း ခေါင်းကို တွင်တွင်ခါယမ်းနေတယ်ဗျ။“” ကျွန်မ မသိပါဘူးအစ်မရယ်… ကျွန်မဆီမလာပါဘူး… “”“” ငါ့ကိုလိမ်မပြောနဲ့… နင်တို့ခိုးယူနေကြတာငါမသိဘူးထင်နေတာလား… ဟမ်… “”“” အဲ့လိုမဟုတ်ပါဘူးအစ်မ… ကိုကို ကကွာရှင်းထားပြီလို့ပြောလို့ညီမလက္ခံခဲ့တာပါ… “”” ကွာရှင်းထားပြီပြောရင်…ကွာရှင်းစာချုပ်တောင်းမကြည့်တတ်ဘူးလား… နင်ဒီလောက်တော့ဥာဏ်နည်းလိမ့်မယ်မထင်ပါဘူး…မယားငယ်ပီပီ… မူယာမာယာသိပ်များပြမနေနဲ့… “”မိန်းကလေးက ငိုယိုပြီး…“” တောင်းပါတယ်… ညီမစာချုပ်လည်းတွေ့ပြီးပါပြီ.. အစ်မတို့ကွာရှင်းထားပြီးသားပဲလေ…””“” စာချုပ်လာပြတယ်ပေါ့… နင်သိထားဖို့က ငါနဲ့ ကိုစိုးဝင်း နဲ့ခုချိန်ထိမကွာရှင်းရသေးသလို ငါ့ကိုကွာဖို့လည်းတစ်ခါမှမပြောဖူးသေးဘူးနင့်ကိုပြတယ်ဆိုတာလည်း နင်လိမ်တာမလား… “”အဲ့ဒီစကားကြားတော့ မြတ်လေးလမ်းကမိန်းကလေးဟာ အံ့သြပြီးပါးစပ်အဟောင်းသားနဲ့ကြည့်နေတယ်။ မယားကြီးလို့ဆိုတဲ့မိန်းမကသူခေါ်လာတဲ့လူနှစ်ယောက်ကို လက်ဟန်နဲ့ပြလိုက်တော့ တစ်ယောက်က မိန်းကလေးကိုချုပ်ထားပြီး နောက်တစ်ယောက်က ပါးပြင်ကိုလက်သီးနဲ့ထိုးပစ်တော့တယ်။မျက်နှာကချက်ချင်းယောင်ထလာတာဗျ။ မိန်းကလေးက အော်ပြီးပတ်ဝန်းကျင်ကိုအကူအညီတောင်းပေမယ့် သူရောက်နေတဲ့နေရာကမြတ်လေးလမ်းဘေးက ခြုံတောကြီးထဲမှာ။ လူလူသူသူမရှိတဲ့နေရာ။ဘယ်လောက်အော်အော် ကြားတဲ့သူမရှိ၊ ကူညီမယ့်သူမရှိဘူး။လက်သီးနဲ့ထိုးနေတဲ့သူက မိန်းကလေးရဲ့ပါးကိုဘယ်ပြန်ညာပြန်ဆင့်ရိုက်ပစ်တယ်။ မိန်းကလေးကအော်ဟစ်ရင်း ပါးပြင်ပေါ်မျက်ရည်တွေစီးကျလို့။“” ကျွန်မတကယ်မသိလို့ပါအစ်မရယ်… မကွာရှင်းရသေးမှန်းသိရင်ကျွန်မလက်မခံပါဘူး… ကွာရှင်းစာချုပ်ပြလို့ လက်ခံမိတာပါ…စာချုပ်ကိုလည်းကျွန်မကိုပေးထားပါတယ်… အိမ်ထဲမှာရှိတယ်…ယူပြဆိုပြပါ့မယ်… “”“” ကျော်တင့်… သူ့အိမ်မှာစာချုပ်သွားရှာလာခဲ့… “”မိန်းကလေးကိုရိုက်နှက်နေတဲ့လူက ဆက်မရိုက်တော့ပဲ နေရာကနေထွက်သွားပါတယ်။ ကျွန်တော့အထင်စာချုပ်သွားယူတယ်လို့ထင်တာပဲ။ ချုပ်ထားတဲ့လူဆီကို မယားကြီးက ကြိုးခွေပစ်ပေးလိုက်တယ်။အဲ့ဒီလူကမိန်းကလေးကို ကြိုးနဲ့တင်းနေအောင်ချည်လိုက်ပြီး မြေပေါ်တွန်းချပစ်တော့ ကြိုးအထပ်ထပ်နဲ့မိန်းကလေးက မှောက်ရက်လဲကျလို့ ပြန်မထနိုင်ရှာပါဘူး။မယားကြီးဆိုတဲ့မိန်းမက အဲ့ဒီလူနဲ့တိုးတိုး တိုးတိုးပြောနေတယ်ဗျ။သူတို့ကိုကြည့်ရတာ တခုခုကိုစောင့်နေသလိုပါပဲ။ မကြာပါဘူး အဲ့ဒီနေရာကိုလူတစ်ယောက် ပြာယာပြာယာနဲ့ပြေးလာတယ်။ သူ့ကိုကြည့်ရတာ တော်တော်လေးထိတ်လန့်နေတဲ့ပုံရတယ်ဗျ။“” နင့် မယားငယ်ကို ထူပေးလိုက်ဦး… “”အဲ့ဒီလူဟာ ကိုစိုးဝင်းဖြစ်မယ်လို့ကျွန်တော်တွေးနေတုန်းမှာပဲ…မိန်းကလေးက ငိုယိုပြီးပြောတယ်။“” ကိုကို… ဆုလေး ကိုကယ်ပါဦး… ဟင့်…ဟင့်… “”ဒါပေမယ့် ကိုစိုးဝင်းဟာ တွေတွေကြီးရပ်ကြည့်နေပါတယ်။ သူ့မိန်းမကိုလွန်ဆန်နိုင်တဲ့ပုံမရဘူးဗျ။ မယားကြီးကိုမလွန်ဆန်နိုင်ပေမယ့်ဆုလေးဆိုတဲ့ မိန်းကလေးအတွက် ဝမ်းနည်းနေပုံတော့ရပါတယ်။ဝမ်းနည်းနေရုံ၊ စိတ်မကောင်းဖြစ်နေရုံက မိန်းကလေးကိုကယ်တင်နိုင်မှာမှမဟုတ်ဘဲဗျာ။ ခဏကြာတော့ စာချုပ်သွားရှာတဲ့လူပြန်ရောက်လာပြီး စာချုပ်ကိုပြတယ်။ မယားကြီးကစာချုပ်ကိုကြည့်ပြီး…“” ဒီစာချုပ်မှာ ငါကလက်မှတ်ထိုးခဲ့တယ်ပေါ့..ဟုတ်လား…ပြောစမ်းပါဦး ကိုစိုးဝင်း… ကျွန်မကရှင်နဲ့ကွာရှင်းပါမယ်ဆိုပြီး ဒီမှာလက်မှတ်ထိုးခဲ့သလား… “”ကိုစိုးဝင်းက တုန်လှုပ်ပြီးပြန်ဖြေတယ်။“” ငါ…ငါ… လိမ်ခဲ့မိတယ်… စာချုပ်အတုလုပ်မိတယ်… တောင်းပန်ပါတယ်မိန်းမရယ်… “”“” တောင်းပန်ရုံနဲ့ပြီးသွားရမှာပေါ့…အဲ့လိုလား… “”“” ငါ…မင်းကို ဘယ်တော့မှ မကွာဘူးဆိုတာလည်း မင်းသိပါတယ်မိန်းမရာ…ဒီကောင်မလေးကို ငါ တကယ်ယူမယ်လို့ထင်လို့လား “”“” ရှင့်ကိုကျွန်မ ခွင့်လွှတ်ခဲ့တာ များပြီ ကိုစိုးဝင်း… ကျွန်မကိုမိန်းမကြမ်းဇာတ်သွင်းရင်လည်း ခံဖို့အသင့်ပဲ… ဘယ်မိန်းမ မဆို ဒီလိုကိစ္စမျိုးမှာ ဘယ်သူမှခွင့်လွတ်ချင်ကြမှာမဟုတ်ဘူး… ကိုယ့်ယောကျာ်းက တခြားမိန်းမနဲ့ ပျော်ပါးနေတာ ရင်ထဲကိုဓါးနဲ့မွှန်းနေသလိုပဲ…””“” ငါတောင်းပန်ပါတယ်မိန်းမရာ… တောင်းပန်ပါတယ်.. သူ့ကိုလည်းပြန်လွှတ်ပေးလိုက်ပါ… ငါမင်းမကြိုက်တာဘာမှမလုပ်တော့ပါဘူး… ကတိပေးပါတယ်… “”မယားကြီးကမျက်နှာတည်သွားပြီးတော့…“” ကျွန်မခွင့်လွှတ်ပေးဖို့စိတ်ကူးမရှိဘူး… “”လို့ပြောအပြီးမှာပဲ ကိုစိုးဝင်းကိုပါ သူခေါ်လာတဲ့လူနှစ်ယောက်ကကြိုးနဲ့ချည်လိုက်ပါတယ်။ ကိုစိုးဝင်းက ကြောက်လန့်တကြားအော်ပေမယ့် မယားကြီးက ဂရုစိုက်ဟန်မပြပါဘူး။“” နင့်ကို သူကလိမ်လည်ပြီးတော့ ပေါင်းသင်းတယ်… နင်မသိတဲ့အတွက် အပြစ်တော့မရှိဘူး… ဒါပေမယ့် သေချာမစုံစမ်းတဲ့အပြစ်..အဲ့ဒီအပြစ်ငါပေးမယ်… “”မယားကြီးက လူနှစ်ယောက်ကို လက်ဟန်ပြတဲ့အခါ မိန်းကလေးကိုအဲ့ဒီလူတွေက ဝိုင်းရိုက်ကြပါတော့တယ်။“” သေအောင်တော့မသတ်ဘူး… မသေမရှင်ဖြစ်အောင်ထားမယ်..””မယားကြီးရဲ့ပုံစံက သွေးအေးလွန်းတယ်။ သူ့ကိုကြည့်ရတာ တော်တော်လေး နာကျည်းနေတဲ့ပုံပေါ်နေတယ်။ သူ့ခန္ဓာကိုယ် ဝဖိုင့်ဖိုင့်ကစိတ်သွားတိုင်းကိုယ်မပါသလိုပဲ။ ကြာကြာရပ်နိုင်ပုံမရပါဘူး။ မြေပေါ်ဘုံးကနဲ ထိုင်ချပစ်ပြီး မိန်းကလေးကိုရိုက်နှက်နေတာကို ဇိမ်ပြေနပြေထိုင်ကြည့်နေတယ်ဗျ။ ဟိုလူနှစ်ယောက်က မိန်းကလေးရဲ့ဗိုက်ကိုခြေထောက်နဲ့ တဘုန်းဘုန်းကန်ကျောက်နေတာ မိန်းကလေးကအသံတောင်မထွက်လာနိုင်တော့ပါဘူး။ကြိုးတုပ်ခံထားရတဲ့ ကိုစိုးဝင်းကတော့ ကြောက်ကြောက်လန့်လန့်နဲ့ သူ့မိန်းမ မယားကြီးကို အော်အော်ပြီးတောင်းပန်နေတယ်။ မယားကြီးကတော့ တစ်ချက်ကလေးမှ ဂရုစိုက်ပုံမပေါ်ခဲ့ဘူး။ အရိုက်နှက်ခံရတဲ့မိန်းကလေးက မျော့မျော့လေးသာကျန်ပါတော့တယ်။ အဲ့ဒီအခါမှ မယားကြီးကထရပ်လိုက်ပြီးတော့…“” သူ့ကိုအဲ့ဒီအတိုင်းပစ်ထားခဲ့… အသက်ရှင်တာမရှင်တာ နင့်ကံပဲ…နင်တို့နှစ်ယောက် ဒီအကောင်ကိုခေါ်လာခဲ့… ” ငွေဖြူချောင်း ” ထဲနစ်သတ်မယ်… “”ဆိုပြီး အဲ့ဒီနေရာကနေထွက်သွားပါတယ်။ ကိုစိုးဝင်းက ရုန်းကန်ပြီး အတင်းကုန်းအော်တော့.. သူ့ပါးစပ်ကိုအဝတ်နဲ့စည်းပစ်ပြီးခေါ်သွားတယ်ဗျ။ သူတို့နောက်ပြေးလိုက်ကြည့်ပေမယ့် ကျွန်တော်ဆက်သွားလို့မရတော့ဘူး။ မျော့မျော့လေးလဲကျနေတဲ့ မိန်းကလေးက ကျွန်တော့ကိုကြည့်ပြီး ပြောနေတယ်။“” ကျွန်မကိုသတ်ပေးပါ… သတ်ပေးပါရှင်… “”ကျွန်တော်သူ့ကိုထူဖို့ အနားကိုကပ်သွားခဲ့တယ်။ တစ်ကိုယ်လုံးကြိုးတွေနဲ့ချည်ထားတာ ဖြည်ဖို့တောင်မလွယ်ပါဘူး။ သူဘယ်လိုလွတ်နိုင်ပါ့မလဲ။ ကျွန်တော်ကြိုးစားပြီး ဖြည်ပေးတဲ့အခါ အဲ့ဒီမိန်းကလေးကကျွန်တော့မျက်နှာနားတိုးလာတော့တယ်။ သူ့ကိုကြည့်လိုက်မိတဲ့အခါမျက်လုံးသူငယ်အိမ်မည်းနက်နက်နဲ့ သွေးမရှိတဲ့မျက်နှာအပြင် ပြောပြလို့မရအောင်ကြောက်ဖို့ကောင်းတဲ့ခံစားချက်ကတစ်ခါတည်းဖြစ်လာတယ်။ သူကပြောနေတယ်။“” ငါ့ကိုသတ်ပေးပါတော့… “”အေးစက်စက်အသံနက်ကြီးက ရင်တစ်ခုလုံးဗြောင်းဆန်သွားပြီးကျွန်တော် အော်ဟစ်ပစ်လိုက်မိတော့တယ်။ အခန်းတံခါးဖွင့်သံကြားလို့ မျက်လုံးဖွင့်ကြည့်တော့ ကျွန်တော့အမေက စိုးရိမ်တကြီးပြေးဝင်လာတာတွေ့လိုက်ရတာပါပဲ။ အမေ့က ဘာဖြစ်တာလဲ မေးလို့ကျွန်တော် မကွယ်ဝှက်ဘဲ ပြောပြလိုက်တော့တယ်။ ကျွန်တော့ကိုဆူတာ ဆူတာ။ အမေက အဲ့ဒီအကြောင်းရဲ့အဆက်ကိုပြန်ပြောပြပါတယ်။မြတ်လေးလမ်းကလူသတ်မှု ဟာ ၁၉၉၀ လောက်ကဖြစ်ပွားခဲ့တာပါ။ကိုစိုးဝင်းရဲ့ မယားကြီးဖြစ်သူနာမည်က မယုမွန် လို့သိရတယ်။ ဖောက်ပြန်တဲ့ခင်ပွန်းကို တစ်ကိုယ်လုံးကြိုးတုပ်ပြီး အသက်ရှင်ရက်နဲ့ ရေချောင်းထဲနစ်သတ်ခဲ့တာလို့ဆိုတယ်။ နောက်ဆုံးတော့ မယုမွန်နဲ့ကြံရာပါ နှစ်ယောက်လည်း အဖမ်းခံသွားရတယ်။ သူတို့သတင်းတွေတော့ နောက်ဆက်တွဲဘယ်သူမှသေချာမသိကြတော့ပါဘူး။တချို့ကလည်းထောင်ကလွတ်လာပြီး သီလရှင်ဝတ်သွားပြီလို့ဆိုကြသလို၊ တချို့ကလည်းထောင်ထဲမှပဲဆုံးသွားပြီလို့ပြောကြတယ်ဗျ။သေချာတာကတော့ မြတ်လေးလမ်းကမိန်းကလေးဟာ လမ်းသွားလမ်းလာတွေကို တားပြီး ဒီအကြောင်းတွေကို အိပ်မက်ပေးနေဦးမှာပါပဲ။ကျွန်တော့လက်ပေါ်က လက်ချောင်းရာအကွက်ကြီးဟာ အိပ်မက်ဆိုးမက်ပြီးတာနဲ့ တဖြည်းဖြည်းပျောက်သွားခဲ့ပါတယ်။ တစ်နှစ်လောက်ကြာပြီးတဲ့အချိန်မှာတော့ ဒီအကြောင်းတွေကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပေမယ့် ကျွန်တော်တို့မြို့မှာတော့ မြတ်လေးလမ်းကမိန်းကလေး ဆိုပြီး ပြောနေကြဆဲ၊ တွေ့နေကြဆဲပေါ့။ ကျွန်တော်ကတော့ သူအမြန်ဆုံးကျွတ်လွတ်သွားပါစေလို့ တွေးမိတိုင်းဆုတောင်းပေးနေရုံကလွဲပြီး…….။သော်တာလမင်းစန္ဒာ
Tags
About bookstory
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.