အခန်း (၁)


တောမကျ မြို့မကျ ဖွံ့ဖြိုးဆဲရွာလေး တစ်ရွာ။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် မီးရထား၊ ကား၊ ဆိုင်ကယ် စသည်တို့နှင့် ကူးသန်းရ လွယ်ကူသော ဒေသလေး။ ထိုဒေသလေးတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ် ကိုင်သူများနှင့် ပြောင်းရွှေ့နေထိုင်လာကြသူ များဖြင့် စည်ကားလျက်ရှိသည်။ ထိုလူများ သည် အသက်မွေးဝမ်းကျောင်းဖြစ်သော ဒေသရင်းမြစ်ဖြစ်သည့် ရွှေတူးဖော်ရေးလုပ်ငန်း ကိုသာ ဇောက်ချလုပ်ကိုင်ကြ၏။ ဒေသခံဟူ၍ တိုင်းရင်းသားလူမျိုးစုအနည်းငယ်သာရှိသည်။ သို့သော် ရေကြည်ရာမြက်နုရာရှာဖွေရင်း ပြောင်းရွှေ့နေထိုင်လာသူများကြောင့် လူဦးရေ အနည်းငယ် ထူထပ်သော ရွာလေးတစ်ရွာ လည်း ဖြစ်သည်။

''မညို စျေးလား''

''ဟုတ်ကဲ့ မမြိုင် စျေးသွားမလို့''

''အေး ဒါဆို ငါ့ကို ပဲပေါင်း နှစ်ရာဖိုးနဲ့ ချဉ်ပေါင်ရွက်တစ်ရာဖိုးလောက် ဝယ်ပေးခဲ့ပါ ဦးအေ''

''အော် ဟုတ်ကဲ့ မမြိုင်''

မမြိုင်ပေးလာသော ငွေသုံးရာကိုလှမ်း၍ ယူလိုက်သည်။

''ငါတော့ ဒီနေ့စျေးကို မထွက်နိုင်ဘူး မညိုရယ် မနေ့ကအိမ်ကလူ အလုပ်က ပိုက်ဆံ ထုတ်မရလို့တဲ့ စျေးဖိုးနှစ်ထောင်ပဲပေးတယ်။ ဆန်ကတစ်ပြည်ဝယ်တော့ ကျန်ရှစ်ရာက ကလေးမုန့်ဖိုး ငါးရာနဲ့ ဟင်းဖိုး သုံးရာပဲကျန် တယ်။ ဒီတော့ ပဲနဲ့ အချဉ်ဟင်းပေါ့အေ ဟင်''

သူ့အိမ်တွင်းအခက်အခဲကို ဟာသလေး နှောပြီး ပြောလာသော မမြိုင်ကြောင့် ပြုံးရုံသာ ပြုံးမိသည်။ ကိုယ်လည်း သူ့ထက်မပိုလျှင်ပင် မလျော့သောဘဝမျိုး မဟုတ်လား။

'' နောက်ကျနေပြီ ကျွန်မသွားလိုက်ဦးမယ် မမြိုင် အပြန်ကလေးတွေကို မှာတဲ့ဟာတွေ ပို့ခိုင်းလိုက်ပါ့မယ်''

''အော် အေး အေး''

မမြိုင်နှင့်စကားကြောရှည်နေ၍ မဖြစ်။ အိမ်မှာ ထမင်းတစ်အိုးသာ တည်ထားခဲ့ သည်။ ကလေးတွေကျောင်းချိန်အမီ ချက်ပြုတ် ရမည်။ ထို့ကြောင့် စျေးသို့အမြန်သွားမှ ဖြစ်မည်။

xxxxxx

အခန်း (၂)

''ယောက်ျား''

''အင်း ပြော''

အဝတ်များကို မီးပူတိုက်နေရာမှ ခုံတစ် လုံးတွင် ဂျာနယ်ဖတ်ပြီးအနားယူနေသော ခင်ပွန်းဖြစ်သူကို ခေါ်မိသည်။

''မနက်ဖြန် ကျုပ်ကို စျေးဖိုးလေး ပိုပေးပါ လား တော်''

''ဘာကြ''

ဒေါသတကြီးဖြစ်သွားသော ခင်ပွန်း ကြောင့်ကိုယ့်စကားများ မှားသွားသည်လားဟု စိုးထိတ်မိ၏။ သို့သော်လည်း ကိုယ်ပြောခဲ့ သော စကားသည်အမှန်တရားဖြစ်သည်။

''ဆားနဲ့ အချိုမှုန့်လည်း ကုန်နေပြီ။ ပြီးတော့ ကြက်သွန်ဖြူလည်း ဝယ်ရမယ်။ ကလေးတွေကျောင်းကလည်း စာအုပ်ဖိုး ဆိုလား အရပ်ကြေးကလည်း နှစ်ထောင်ဆုံရ မှာ မနက်ဖြန်နောက်ဆုံးတဲ့''

''အဲ့တော့ ငါကမင်းကို စျေးဖိုးပိုပေးရမယ် ပေါ့။ နေစမ်းပါဦး ငါမေးစမ်းပါဦးမယ်။

မင်းကပါးစပ်လေးနဲ့အိမ်ကနေ ယောက်ျား စျေးဖိုးပိုပေးဆိုပြီး တောင်းရအောင်က ငွေရှာ ရတာ လွယ်တယ်များထင်နေတာလား''

''မဟုတ်ပါဘူး ဒါပေမယ့်''

''ဘာမှ ဒါပေမမယ့်နဲ့ ဟောဒီတစ်အိမ်လုံး ရဲ့ စားဝတ်နေရေးကို ဒီပခုံးပေါ်ထမ်းထားရတဲ့ ဝန်ကိုလည်း နည်းနည်းပါးပါးစာနာဦး။ မင်းက ပိုက်ဆံကိုသုံးကောင်းတိုင်း သုံးနေတာ ရှာရတဲ့ ငါ ပင်ပန်းလို့ သေတော့မယ်ကွ''

ထိုသို့ ဒေါကြီးမောကြီးနှင့် ပြောနေသော ခင်ပွန်းဖြစ်သူကို မယုံနိုင်ခြင်းများစွာဖြင့်သာ ငေးမောမိသည်။သူပြောသော အရာတွေသည် မမှားပါ။ သို့သော် ကိုယ်လည်း မမှား။ သူပြော သော စကားများကို လက်ခံသည်။ နားလည်း နားလည်ပါ၏။ နားမလည်နိုင်သောသူက ခင်ပွန်းဖြစ်သည်။ သူသာ ကိုယ့်အပေါ် နည်းနည်းလေးများ နားလည်ပေးခဲ့ပါလျှင်။ ခုတော့ ယောက်ျားရယ်ဟုသာ တီးတိုးညည်းမိ ၏။

xxxxxx

အခန်း (၃)

''ဟဲ့ မညို မညို ရှိလား''

''ရှင် မမြိုင် ဝင်ခဲ့လေ ကျုပ်ရှိတယ်''

''အော် အေးအေး ငါဝင်လာပြီနော်''

''ဟုတ်ကဲ့ မမြိုင် ဝင်ခဲ့ဝင်ခဲ့''

အိမ်ရှေ့မှ မမြိုင်အော်ခေါ်သံကို ပြန်ထူး ပြီး မမြိုင်ကို အိမ်အတွင်းသို့ဝင်ခိုင်းလိုက် သည်။ ကိုယ်လည်း မီးဖိုခန်းမှ ခဏထွက်လာ ခဲ့လိုက်၏။ ဘူးသီး အချဉ်ရည်ချက်နေသည်မို့ ထည့်ထားသည့်ရေများပွက်မလာခင်အထိ အေးအေးဆေးဆေးနေ၍ရသည်။ သို့သော် လက်အတွင်း၌ ကန်စွန်းရွက်များထည့်ထား သော ဆန်ခါတစ်လုံးကို အိမ်ရှေ့ခန်းသို့ ယူလာဖြစ်၏။

''ဘာတွေချက်လဲ အေ့''

''မနက်က ကြက်ဥဝယ်ခဲ့တယ်လေ။ အဲ့ဒါ ကြက်ဥကြော်ပြီး ခြံထဲက ဘူးသီးခူးပြီး ချဉ်ရည် ချက်ထားတယ်။ အငယ်လေးက ကန်စွန်းရွက် ကြိုက်တော့ ကန်စွန်းရွက်လေး ကြော်ပေးမလို့ မမြိုင်''

''အော် မညို မညို ညည်းလည်း မရှိရှိ တာလေးနဲ့ မိသားစုအတွက် ထောင့်စေ့အောင် လုပ်တတ်လိုက်တာနော်''

''အဟင်း မလုပ်တတ်လို့မရဘူးလေ မမြိုင်ရဲ့ မိသားစုမှာက အိမ်ကလူဆိုတာ ရှာဖွေပေးတဲ့အပိုင်းကို တာဝန်ယူထားပြီလေ။ ဒီတော့ ကျုပ်ကအိမ်တွင်းရေးအပိုင်းကို နိုင်သလောက် တာဝန်ကျေရတာပေါ့တော်''

''ဒါပေါ့အေ ဒါပေါ့ မောင်တစ်ထမ်း မယ်တစ်ရွက်လို့ အဆိုရှိထားလေမှ ငါတို့ မိန်းမတွေဆိုတာ နိုင်သလောက်ဘက်ကနေ သူတို့ကို ကူရမှာပေါ့''

မမြိုင်စကားကို ပြုံး၍သာ နားထောင်နေ ဖြစ်သည်။ မနေ့ညက ကိုယ့်ခင်ပွန်းပြောသည့် စကားများကိုသာ မမြိုင်ကြားရလျှင် မည်သို့ ပြောမည်နည်း။

''ဒါနဲ့ မမြိုင် အိမ်ကိုလာတာက''

''အော် ဟုတ်သားပဲ လာရင်းကိစ္စမေ့တော့ မလို့ မနက်ဖြန်ကျရင် ဦးစိန်မောင်ရဲ့ ရွှေတွင်း မှာ ရွှေမြေစာပုံးသယ်ဖို့လူလိုတယ်တဲ့။ အဲဒါ ငါသွားမလို့ ညည်းရော လိုက်ချင်လား။ လူက နှစ်ယောက်လိုတာလို့ပြောတယ်။ အဲဒါနဲ့ ငါလည်း ညည်းကို သတိရလိုက်တာနဲ့ ညည်း လုပ်ချင်မလားလို့ လာမေးတာ''

''ဟုတ်လား မမြိုင်လည်းလုပ်မှာဆိုရင် ကျုပ်လိုက်မယ်။ ဒါနဲ့ဘယ်လောက်တဲ့လဲ''

''ပိုက်ဆံနှစ်ထောင့်ငါးရာနဲ့ ရွှေမြေစာ သုံးပုံးပေးမယ်တဲ့''

မမြိုင်ပြောလာသော နေ့တွက်က မဆိုး လှ။ ငွေသားချည်းပဲ နှစ်ထောင့်ငါးရာ။ ပြီးတော့ ရွှေမြေစာက သုံးပုံး။ ထိုရွှေမြေစာသုံးပုံးက ကိုယ်ကံကောင်းလျှင် ထိုနေ့တွက်တစ်ရက် အတွက် ငါးထောင်၊ ခြောက်ထောင်က အသာလေးပင်။ ထို့ကြောင့် မမြိုင်လာခေါ် သော အလုပ်ကို လိုက်လုပ်ဖို့ဆုံးဖြတ်ခဲ့သည်။အတန်အသင့်တော့ စျေးဖိုးအတွက် ဦးနှောက် ခြောက်နေရသည့် ဘဝက လွတ်မြောက်နိုင် မည်။

xxxxxx

အခန်း (၄)

''အေမ့''

''ဝေ့ သမီးလေး ပြောလေ''

ကြက်သွန်နီ အခွံနွှာနေရာမှ သမီးခေါ်သံ ကြောင့် ထူးဖြစ်သည်။ ကိုယ်ထမင်းဟင်း ချက်လျှင် သမီးငယ်က အနားမှာလာလာ ထိုင်တတ်၏။ သားကြီးကတော့ ဘယ်ဆီ ဘယ်ဝယ်မှန်းပင် မသိ။ ဖမ်း၍မမိ။

''ဆရာမက မနက်ဖြန်ကျရင် မီးနင်း စာအုပ် ဝယ်ရမယ်တဲ့ အဲ့ဒါသမီးကို မုန့်ဖိုး အများကြီးပေးနော်''

''ဟုတ်လား ပေးမှာပေါ့ အမေ့ချစ်တုံးလေး ကို အများကြီးပေးမယ်နော်''

''ဟုတ် ကိုကိုထက်ပိုပြီး ပေးနော်''

''ဒါပေါ့ သမီးရဲ့ ပေးမှာပေါ့''

သမီးငယ်၏ ခေါင်းလေးကို ဖွဖွငုံ့နမ်း လိုက်သည်။ ကြက်သွန်ခိုးတွေ မွှန်နေသည့် မိခင်၏အနားမှာ ဒုက္ခခံပြီးလာထိုင်နေသော သမီးလေး။ မည်သို့ပင် နှင်လွှတ်နေပါစေ။ ထ၍မသွားသော သမီးလေး။ မိခင်၏ ဒုက္ခ တွေကို မျှဝေခံစားပေးသူဆို၍ ဤသမီး ငယ်လေးသာ ရှိသည်လေ။

''အညို အညို''

''ဟော သမီးအဖေ ပြန်လာပြီနဲ့ တူတယ်။ လာ လာ သမီး အဖေ့ကိုသွားကြိုရ အောင်'' သမီးငယ်၏လက်ကိုဆွဲကာ မီးဖိုခန်း ထဲမှ သားအမိနှစ်ဦး ထွက်လာခဲ့သည်။ အလုပ် ကပြန်လာသော ခင်ပွန်း အိမ်ရှေ့ခန်းမှ ခုံတစ်လုံးတွင်ထိုင်နေ၏။ သောက်ရေအိုးက ရေတစ်ခွက်ခပ်ကာ ခင်ပွန်းထံ ယူလာပေးလိုက် သည်။

''ယောက်ျား ရေသောက်ဦး''

ကမ်းပေးလိုက်သော ရေခွက်ကိုယူ၍ သူ ရေသောက်သည်။ ပြီးလျှင် ကိုယ့်ကို စူးစမ်း သလို ကြည့်နေ၏။

''မင်း ငါမေးတာကို မှန်မှန်ဖြေစမ်း အညို မင်း ဦးစိန်မောင်ရဲ့ ရွှေတွင်းမှာ ပုံးသယ် နေ့စားသွားဆင်းတယ်ဆို''

''ဟင်''

''ဟင်မနေနဲ့ ငါမေးတာကိုဖြေ ငါ့ဟာငါ ဘယ်ကသိသိ ပြန်မမေးနဲ့ဖြေ ဟုတ်လား၊ မဟုတ်ဘူးလား''

''ဟုတ် ဟုတ်ပါတယ် ကျုပ်''

''တော် ကျန်တာဆက်မပြောနဲ့ နေစမ်းပါ ဦး မင်းက အဲဒီအလုပ်တွေ သွားလုပ်တာက ငါ့ကိုအာခံတာလား ဟမ် မင်းတို့ကိုလုပ်ကျွေး နေတဲ့ငါ့ကို ပုန်ကန်တာလား''

''မဟုတ်ဘူး မဟုတ်ပါဘူး ယောက်ျားရယ်''

''ဘာမဟုတ်လဲ မင်း အဲအလုပ်သွားလုပ် တာ မင်းမှာအားကိုးစရာ လင်မရှိလို့လား။ မင်းလင်သေသွားလို့လား မင်းဒီအလုပ်ကို သွားလုပ်တာ မင်းမှာတခြားလုပ်စရာ အိမ် အလုပ်တွေ မရှိတော့ဘူးလား မင်းကွာ''

ဒေါသတကြီးအော်ဟစ်နေသော ခင်ပွန်း ကြောင့် ကိုယ့်ဘေးမှာ ရပ်နေသော သမီးငယ် အော်ငိုလေသည်။ ဖခင်ဖြစ်သူက မိခင်ကို အော်ငေါက်နေတော့ သူလည်း ကြောက်မှာ ပေါ့။

သမီးငယ်၏ ငိုသံကြောင့် ခင်ပွန်း သူ့ဒေါသတွေကို တရှူးရှူးနှင့် ပြန်ထိန်းနေ၏။ သူဒေါသထွက်လျှင်လည်း ထွက်စရာပေ။ ကိုယ်လည်း အမှားမကင်း။ အလုပ်လုပ်ဖို့ သူ့ကိုမတိုင်ပင်မိ။ တကယ်ဆို သူခွင့်ပြုမှသာ လုပ်သင့်တာလေ။ ငွေရချင်ဇောနှင့် သူ့ကို မတိုင်ပင်ဘဲ အလုပ်လိုက်သွားမိသည်။ ခုတော့ ကိုယ့်လင်မယားချင်း စကားများရ၏။

''ကျုပ် မှားသွားတယ် တောင်းပန်ပါတယ် ယောက်ျား''

ထိုစကားလေးတစ်ခွန်းသာ ပြန်လည် ပြော၍ သူ့အနားမှ သားအမိနှစ်ဦးလုံး ထွက်လာခဲ့လိုက်သည်။ ခြေလှမ်းများက မမြိုင် အိမ်သို့။ မနက်ကျ အလုပ်လိုက်ဖြစ်မှာ မဟုတ် ဘူးလေ။

xxxxxx

အခန်း (၅)

''ဟင်''

မနက်ခင်း၏ လေပြည်ညင်းနှင့်အတူ ရောထွေးလွင့်ပါးသွားသည့် သက်ပြင်း တစ်ရှိုက်။ လူမသိသူမသိ အပူမီးအချို့က ရင်တွင်းမှာလှိုက်စားရုံမက အပေါ်ယံ အရေပြား တစ်ထောက်စာထိ ထင်ထင်ရှားရှား မြင်နေရသည်။

''ရော့ စျေးဖိုး''

ထိုသို့ပြောပြီး ပစ်ချပေးသွားသည်နှင့် ကိုယ်ထိုင်နေသော ကြမ်းပြင်နားသို့ လွင့်ကျ လာသည့် ငါးထောင်တန်တစ်ရွက်။ ထိုအရာ သည် ဤနေ့တစ်ရက်စာ စျေးဖိုးအတွက် အသုံးစရိတ်ဖြစ်သည်။ ထိုငါးထောင် တန်မှ ခွဲခြမ်းစိတ်ဖြာပြီး ထွက်ခွာသွားမည့် ငွေများမှာ နောက်ထပ်ပင် အိတ်ကပ်အတွင်းမှ စိုက်ထုတ်ရမလို။ ဆန်နှစ်ပြည်နှင့်ပင် နှစ်ထောင့်လေးရာကျပ်။ ဆီက တစ်ဆယ်သား သုံးရာ။

ခရမ်းချဉ်သီးက အစိတ်သား နှစ်ရာ။ ကြက်သားဆီပြန်ဟင်း တစ်ခွက်အတွက် ကြက်သားက ဆယ့်ငါးကျပ်သား တစ်ထောင်။ မနေ့က ငါးပိလည်းကုန်နေသည်။ ထို့ကြောင့် ငါးပိက တစ်ရာ။ ညနေစာအတွက် ငါးလေး ချဉ်သုပ်မည်မို့ ငါးလေးချဉ်က တစ်ဆယ်သား ငါးရာ။ ဟင်းချိုတစ်ခွက်အတွက် မုန်ညင်း ရွက်က သုံးရာ။ ငရုတ်သီးထောင်းလေးတစ်ခွက် အတွက် ငရုတ်သီးက နှစ်ရာ။ ထိုအရာများ နှင့်ပင် ငါးထောင်တန်တစ်ရွက် ပြတ်ပြီ။ ကလေး မုန့်ဖိုးနှင့် လူမှုရေး၊ သာရေး၊ နာရေး၊ ရပ်ရေး၊ ရွာရေး ဘာဘာညာညာက ရံဖန်ရံခါ ဆိုသလို ထွက်တတ်သေးသည်။ ထိုရက်မျိုးဆိုလျှင် ပို၍ ဦးနှောက်ခြောက်ရသူက ကိုယ်။ ရှာဖွေ ကျွေးမွေးနေရသည်ဟု အမြဲေ<ွကွးကြော်နေ သော ခင်ပွန်းပင် ကိုယ့်အခက်အခဲကို မစာနာ ပေးနိုင်။ သို့သော် ကိုယ်နှင့်ဘဝတူသော အိမ်ရှင်မ အများစုကတော့ ကိုယ့်အဖြစ်ကို စာနာပေးနိုင်လိမ့်မည်။

''အမေ့ သားကို မုန့်ဖိုးပေးဦး''

''အမေ့ သမီးကိုလည်း ပေး''

''မညိုရေ အရပ်က ကထိန်ကြေးလာ သွားတယ် မနက်ဖြန်နောက်ဆုံးတဲ့''

''ဟင်း''

ကြားရသောစကားလုံးများအတွက် လက်ထဲ ကိုင်ထားသော ငွေငါးထောင်ကို ကြည့်၍ သက်ပြင်းတစ်ခုသာ ချနိုင်ခဲ့လေ၏။ ။

ကြေးမုံသတင်းစာ