မောင် အရင်လိုမဟုတ်တော့ပါဘူးကွယ်

 မောင် အရင်လိုမဟုတ်တော့ပါဘူးကွယ်(စ/ဆုံး)


————————————————-


မိုးလေကင်းလို့ အေးမြတဲ့ဆောင်းရောက်ရင် ခရီးလမ်းပန်း သွားရလာရတာ အဆင်ပြေ သာသာယာယာရှိသမို့ အပန်းဖြေခရီးသွား စီစဉ်လည်ပတ်လေ့ရှိကြတယ်။


တပြိုင်တည်းမှာ မြန်မာပြည်အနှံ့ စာသင်ကျောင်းတွေမှာ ကျောင်းသူကျောင်းသား တပည့်ဟောင်းများက လုပ်ငန်းခွင်မှ အနားယူသွားကြပြီဖြစ်တဲ့ ဆရာ၊ဆရာမကြီးတွေရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့သောအားဖြင့် အာစရိယပူဇော်ပွဲတွေလည်း ဒီရာသီမှာပဲ ကျင်းပကြတာ များတယ်။


ရပ်ဝေးက သက်ကြီးရွယ်အို ဆရာ၊ဆရာမကြီးတွေ မပင်မပန်း သက်သက်သာသာ လာနိုင်မယ့် ရာသီမျိုးကို ရွေးချယ်သတ်မှတ် ကျင်းပပေးကြတာ တပည့်ဟောင်းတွေရဲ့ မေတ္တာ စေတနာတွေကို ပြနေတာပါပဲ။


ဒီရာသီရောက်ရင် လ္ဘက်ရည်ဝိုင်းမှာ ပင်စင်စား ဆရာကြီးတွေ ဘယ်နေ့၊ဘယ်မြို့၊ဘယ်ကျောင်းကို ဆရာကန်တော့ပွဲ သွားရအုံးမယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားလေ့ရှိကြတယ်။


“ငါတော့ ဒီနှစ် သိပ်မသွားချင်တော့ဘူး”


ဘိုးတော်အဆင့် ဝါရင့်ပင်စင်စား ဆရာကြီးဆီက ထွက်လာတဲ့ အသံပါ။ သူ့ဆီက ဒီလိုစကားကြားတော့ ရုတ်တရက် အံ့သြသွားတယ်။ ခါတိုင်းဆို ဘယ်ကျောင်းက ဖိတ်စာမလာသေးဘူး၊ ဟိုကျောင်းက ဘယ်နေ့၊ ဒီကျောင်းက ဘယ်ရက်၊ ရက်တွေတွက်ပြီး လုပ်ဖော်ကိုင်ဘက်ဟောင်း၊ တပည့်ဟောင်းတွေနဲ့ တွေ့ရမယ့်အရေး တွေးပြီး ပျော်တတ်တဲ့ဆရာကြီး…၊ ဆရာကန်တော့ပွဲမှာ ဝတ်မယ့် အဝတ်အစားတွေစီစဉ် ဟန်တပြင်ပြင် ဖြစ်နေတဲ့ ဆရာကြီး…၊ ခုတော့ နှုတ်ထွက်စကား ဆန်းလှပါလား။ အကြောင်း ဘယ်လို ရှိပါလိမ့်။


“ဘာဖြစ်လို့ မသွားချင်ရတာလဲ”


“ပင်စင်ယူစ နှစ်တွေကသွားတော့ ဟယ်…တို့ဆရာက အရင်အတိုင်းလေးပဲလို့ တပည့်တွေကပြောကြ၊ ကျေနပ်။ ခင်ဗျား ဘာမှ မပြောင်းဘူးဗျာ…ဟန်ကျတာလို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောကြ၊ တယ်ပျော်”


“အေးလေ၊ မိတ်ဟောင်းဆွေဟောင်း တပည့်ဟောင်းတွေနဲ့ တွေ့ရတာ ဘယ်လောက် ပျော်ဖို့ကောင်းလဲ”


“မင်း…ဘာ သိလဲ။ မနှစ်က သွားတော့၊ အယ်…ဆရာကြီး၊ ဖြေးဖြေး…ဖြေးဖြေး၊ လဲမယ်နော် သတိဆိုပြီး ချိုင်းနှစ်ဘက်က တွဲပြီး ကြိုကြသကွာ၊ ဟင်း”


“ဟားဟား…ဟားဟား”လို့ ကျွန်တော်က အသံထွက် ရီလိုက်မိတော့ စိတ်ဆိုးပြီး “ပြန်မယ်ကွာ”ဆိုလို့ ဒုတ်ကောက်ဆရာကြီးကို လ္ဘက်ရည်ဆိုင် လှေခါးသုံးထစ်ဆင်း ခွေမလဲအောင် တွဲပို့လိုက်ရပါတယ်။ တနေ့တော့ ချိုင်းနှစ်ဖက်က တွဲကူခံရမှာ ကိုယ့်အလှည့်ပေါ့နော်…။


ကိုယ့်အလှည့်လို့ ပြောလိုက်တာ မကြာပါဘူး၊ တကယ်ကိုယ့်အလှည့် ရောက်လာတယ်။


ရန်ကုန် ပညာရေးတက္ကသိုလ် အာစရိယပူဇော်ပွဲ ဆရာသမားများကို ပူဇော်ကန်တော့ဖို့ သွားရင်း ကျွန်တော့်အဖို့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တာ ၉ကြိမ်ရှိပြီမို့ အချင်းချင်း အိုရုပ်တွေကို တော်တော် မှတ်မိကုန်ကြပြီ။


ဒီနှစ်တော့ ”ဦးမတပ်၊ ဒေါ်မပါ၊ မင်း,နင်,ငါ အရပ်သို့”ဆိုပြီး ကြွေးကြော်ထွက်လာခဲ့တယ်။


အာစရိယ ပူဇော်ပွဲနဲ့ မှီပြီး ကရင်ပြည်နယ် သံတောင်ကြီး၊ တနင်္သာရီ ထားဝယ် မောင်းမကန်၊ ကယား လွိုက်ကော်၊ ရခိုင် စစ်တွေဒေသတွေကို တစုတဝေး အပန်းဖြေခရီးဝေး ထွက်ရင်း ငယ်ပုံရိပ်တွေ ပြန်လည်တည်ဆောက်ခဲ့ကြတာ ညွှန်မှူး၊ ဆရာကြီး၊ ဆရာမကြီးဆိုတဲ့ ရာထူးတွေဖြုတ်၊ ဦး ဒေါ်အခေါ်တွေ ပျောက်၊ တယောက်နဲ့တယောက် ဘုပြော ဘောက်တောတဲ့ အဆင့်ကို ပြန်ရောက်လာကြတာ ဝမ်းသာစရာပဲ။


ဒီနှစ် 2019 မှာတော့ ရန်ကုန်အခြေစိုက်တွေ များများပါအောင် water bus စင်းလုံးငှားပြီး တွံတေးကို နေ့ချင်းပြန် ခရီးသွားခဲ့ရတယ်။


ဗိုလ်တထောင်ဆိပ်ကို ၈နာရီအရောက် သတ်မှတ်ပေမဲ့ ကျွန်တော်တို့ တောသားတွေက ၇နာရီကတည်းက ရောက်ပြီး လျှောက်ကြည့်နေလိုက်ကြတယ်။ တွံတေးခရီးကို သူငယ်ချင်းတွေနဲ့ တပျော်တပါးစီးချင်လို့ တွံတေးသား သူငယ်ချင်းကလည်း ရန်ကုန်လာပြီးစီးတာ။


ဦးစီးအဖွဲ့ ရောက်တော့ ပစ္စည်းတွေ သယ်ချလုပ်တာပေါ့။ အရင်လို လက်ကလေးပိုက် ဆရာကြီးလုပ်ပြီး တပည့်တွေကို ညွှန်ကြားစရာမရှိတော့ ဖရဲသီး၊ ရေသန့်ဘူး၊ ဆောင်းဘောက်တွေတော့ ၆၀ကျော် အချင်းချင်းလူငယ်တွေဖြစ်တဲ့ ကျွန်တော်တို့ပဲ သယ်ကြပိုးကြရတာ။ သိပ်လေးတဲ့ အိုးခွက်တွေတော့ ဆိပ်ကမ်းလူငယ်တွေနဲ့ သယ်ခိုင်းတာပါ။


နှစ်ထပ်သင်္ဘောကြီး တစင်းလုံး ကိုယ့်လူတွေချည်းမို့ လွတ်လွတ်လပ်လပ် ထိုင်၊ ပေါ့ပေါ့ပါးပါး ပြော၊ ပျော်ပျော်ပါးပါး ကကြခုန်ကြ၊ နေ့ကျောင်းနားချိန် စာသင်ခန်းကျယ်212မှာ ၁၆နှစ်တွေ ထိုင်နေကြရသလို အရသာမျိုးဗျ။


စားချိန်ရောက်တော့ ရွှေမြိုင်သူတွေရဲ့လက်ရာ ရသာမွန်ထမင်းဘူးတွေက အားလုံးကို လျှာသပ်သွားအောင် ကောင်းပါပေ့ဗျာ။


စီစဉ်ပုံ အကွက်စေ့လိုက်ပုံတော့လား တွံတေးရောက်တော့ အရံသင့်စောင့်နေတဲ့ ဘတ်(စ်)ကား ၃စီးနဲ့ ဘုရားတွေ လည်ဖူးကြရတယ်ဗျာ…ကဲ။


ညနေ ၄နာရီလောက် ဗိုလ်တထောင်ဆိပ် ပြန်ရောက်။ တစ်နေကုန် မြူးလိုက်ကြတဲ့ ၁၆နှစ်တွေ သင်္ဘောပေါ်ကနေ ဆိပ်ခံဗောကို ကူးတော့မှ ကိုယ်တွေရဲ့ ပကတိအမှန်သဘောကို သတိရကြတော့တယ်ဗျာ။


တလမ်းလုံး ၁၆နှစ်လုပ်ပြီး မမောခဲ့သမျှ …


“အဘ လဲမယ်၊ ဖြည်းဖြည်းတက်”


“အဖွား လာ…လာ၊ ဖြည်းဖြည်း၊ သတိထား”ဆိုပြီး သင်္ဘောသားလေးတွေက ချိုင်းနှစ်ဖက် ညှပ်ညှပ်တွဲပြီး တယောက်မကျန် ထိန်းပေးတော့မှပဲ ၆၀ကျော် အမောတွေနဲ့ မောရမှန်း သတိရတော့တယ်ဗျို့။


တရံမလပ် နှစ်ခြောက်ဆယ်ကျော် ဖောက်ပြန်နေတဲ့ ခန္ဓာနာမ်ရုပ်ကြီး မောင်အရင်လို ဟုတ်နိုင်ပါ့တော့မလားဗျာ။


မောင်မောင်မြင့်(မန္တလေး)

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား