ဘော်ဒါဆောင်
ဘော်ဒါဆောင်(စ/ဆုံး)
——————-
“ကျော်ကျော်ရေ ထမင်းစားကြတော့ဟေ့၊ မောင်မောင်တို့ပါ ခေါ်လာခဲ့”
ကျော်ကျော်တို့၏ ဘော်ဒါဆောင်သည် နှစ်ထပ်တိုက် အမြင့် ဖြစ်ပါသည်။ ကျော်ကျော်တို့ ယောက်ျားလေးတွေက အပေါ်ထပ်မှာ နေပြီး မိန်းကလေးတွေက အောက်ထပ်မှာ နေကြသည်။ အဆောင်တွင် ဆရာမနှင့် သူ့အစ်ကို ဆရာနှစ်ယောက် က သင်ပြပေးကြသည်။ ၉ တန်းနှင့် ၁၀ တန်း နှစ်တန်းသင်သော ဘော်ဒါဆောင်ဖြစ်သည်။ သို့ပေမဲ့ ၁၀ တန်းဆိုလို့ အစ်မကြီး ၅ ယောက်သာ ရှိပါသည်။ ထိုအစ်မကြီး ၅ ယောက်ကို ဆရာမက အနီးကပ်သင်ကြားပေးသည်။ ထမင်းဟင်းကိုလည်း ထို၁၀ တန်းအစ်မကြီးတွေက ရံဖန်ရံခါ ချက်ကျွေးကြသည်။ အမြဲလိုလိုကတော့ ခေါ်ထားသောထမင်းချက်အန်တီကြီးက ချက်ပါသည်။ ၁၀ တန်းအစ်မကြီးတွေထဲ မဖွေးဆိုသော အစ်မကြီးက အတော်လှသည်။ ကိုယ်လုံးကိုယ်ပေါက်လည်းလှသည်။ မျက်နှာကလည်း လှသည်။ အရပ်ကလေးက ခပ်ပုပု နှင့် အတော်ချစ်မွေးပါသူဖြစ်သည်။
မဖွေးကို မောင်မောင်က တစ်ဖက်သက် ကြိုက်လေသည်။ မဖွေးက သူတို့ထမင်းဟင်းချက်သော နေ့ဆို ခုလိုပဲ ထမင်းစားဖို့ လာခေါ်တတ်သည်။ ထိုအချိန်မျိုးဆို မောင်မောင်တစ်ယောက် ဘယ်သူ့ကိုမှမစောင့်ဘဲ မြောက်ခနဲ ကြွခနဲ ပါသွားတတ်သည်။ ကျော်ကျော်ကတော့ မဖွေးအပေါ် မရိုးမသားစိတ်မရှိပါ။ အကုန်လုံးက မောင်နှမတွေပဲ ဆိုသည့် စိတ်သာ ထားသည်။ မဖွေးက ပွင့်ပွင့်လင်းလင်း ပြောတတ်သည်။ စနောက်တတ်သည်။ ထို့ကြောင့် ဘော်ဒါဆောင်က ကျောင်းသား အတော်များများက တစ်ဖက်သက်ကြိုက်ကြသည်။ ကျော်ကျော်ကတော့ မဖွေး ဒီလို ပွင့်လင်းလွန်းတာကို ရှက်လေသည်။
မဖွေးက စာသင်ချိန်ဆို သေး ခဏခဏ ထပေါက်တတ်သော ကျော်ကျော်ကို ဤသို့စဖူးသည်။
” နင့် ဂွေး ကို သားရေပင်းနဲ့ စီးထားမယ်”
ကျော်ကျော်သည် အတန်းထဲ အပြောခံရတော့ ရှက်လေသည်။ နောက်ကျ စာသင်ချိန်ဆို သေး ထမပေါက်ရဲတော့ပေ။ ကျန်သော ကျောင်းသားအတော်များများကတော့ မဖွေး ဒီလို ရဲရဲတင်းတင်းပြောဆိုတာကို အသားကျကြသည်ရယ်မောကြသည်။ ကျော်ကျော့်အတွက်ကတော့ အသားမကျနိုင်၊ ရှက်ရလေသည်။ ထို့ကြောင့်လည်း မဖွေးကို မကြိုက်မိတာ ဖြစ်နိုင်ပါသည်။
မဖွေးသည် ကျောင်းသူများနှင့်သာ မက ကျောင်းသားများနှင့်လည်း မောင်နှမလို့ ရိုက်လိုက်ပုတ်လိုက် ဖော်ဖော်ရွေရွေ နေတတ်သူမျိုး ဖြစ်သည်။ မောင်မောင်သည် တစ်နေ့တော့ မဖွေးကို ဖွင့်ပြောလိုက်တော့သည်။ မဖွေးသည် ရယ်မောကာ …
” ငါက နင့်ကို ငါ့မောင်လေးလိုပဲ သဘောထားတာ” ဟု ပြောလိုက်ရာ ကျော်ကျော့်ရှေ့မှာငိုလေတော့သည်။ ကျော်ကျော်သည် မဖွေးက ရင်းနှီး ဖော်ရွေတတ်ပေမဲ့ လွယ်ကူတဲ့မိန်းကလေးတော့ မဟုတ်ဘူး ဟု သ တ်မှတ်ကာ ချီးကျူးမိလိုက်သည်။
၁၀ တန်း ပနှစ်ဝက် စာမေးပွဲဖြေခါနီးတော့ ဆရာမက သူ့တူ ကို ၁၀ တန်းအစ်မကြီးသုံးယောက်အတွက် ဂိုက်ပြပေးရန် ခေါ်လေသည်။ ထိုအစ်ကိုကြီးနာမည်က ကိုဝေလွင်ဟု ခေါ်သည်။ ထိုအစ်ကိုကြီးက မာစတာတန်း တက်နေတာဟု သိရသည်။ လူက တောင့်တောင့်ဖြောင့်ဖြောင့်နှင့် ရုပ်ရည်အသင့်အတင့်ရှိပါသည်။ ဘော်ဒါဆောင်က မိန်းကလေး အတော်များများကလည်း သဘောကျကြသည်။
ကိုဝေလွင်သည် မဖွေးတို့ ၅ ယောက်ကို စာပြပေးရင်း မဖွေးနှင့် ကြိုက်လေတော့သည်။ မဖွေးသည် ဘော်ဒါက သူ့ထက်ငယ်သော ကျောင်းသားလေးများကို သဘောမကျဘဲ သူ့ထက်အသက်ကြီး၍ များစွာရင့်ကျက်သော ကိုဝေလွင်ကို သဘောကျသည့်အပေါ် အပြစ်ပြော၍မရပါ။ သူတို့တွဲတာကို ဆရာမကလည်းသိသည်။ ဆရာမအစ်ကိုတွေကလည်းသိသည်။ သို့ပေမဲ့ မဖွေး ၁၀ တန်းအောင် ဖို့ ကို အဓိက ဦးစားပေးကြသည်။ မဖွေးကို စာအပေါ်အာရုံထားဖို့ တခြားဆီစိတ်မရောက်ဖို့ ဆရာမကအမြဲမှာကြားသည်။ ထိုသို့ သတိပေးမှာကြားတာကလွဲ၍ လွန်လွန်ကျူးကျူးဆူပူတာမျိုး မလုပ်ပါ။ လူငယ်သဘာဝ ရည်းစားထားတာကို ဆရာမကနားလည်ပေးလေသည်။ တစ်ယောက်ကလည်း ကိုယ့်တူ၊ တစ်ယောက်ကလည်း သွက်သွက်လက်လက် နှင့် အနေနီးသော၊ နာခံတတ်သော တပည့်မလေး မို့ ဆရာမက ဘာမှ အထွေအထူးမတားမြစ်ပေ။ ဆရာနှစ်ယောက်ကတော့ သိပ်အမြင်မကြည်ကြပါ။ သူတို့အရှေ့မှာ အနေအထိုင် ဆင်ခြင်ဖို့ သတိပေးထားလေသည်။
တစ်နေ့တော့ မဖွေးရေချိုးနေတာကို ဆရာမက မြင်သွားသည်။ ထဘီရင်လျားထားသော မဖွေး၏ ရင်ဘက်အပေါ်ပိုင်းအသားများကို ဆရာမက မြင်လိုက်သည်။ ထို ရင်ဘက်ပေါ်မှာ ညိုညို အကွက်များက အများကြီးဖြစ်သည်။ အိမ်ထောင်သည် ဖြစ်သော ဆရာမသည် မြင်တာနှင့် ဘာအကွက်တွေလဲ ဆိုတာ တန်းရိပ်မိလေသည်။ ထိုအခါ မဖွေးကို အခန်းထဲ ခေါ်၍ စစ်ဆေးရာ လည်ပင်းနှင့် ရင်ဘက်အပေါ်ပိုင်းမှာသာမက၊ ရင် သားများ ၊ဗိုက်သားများ အပေါ်မှာပါ အညိုကွက်တွေ ၊သွားအရာ တွေကို တွေ့ရှိသွားလေသည်။
ဆရာမသည် ဒေါသဖြစ်၍ မဖွေးကို မေးလေရာ မဖွေးက အစပိုင်း မဖြေရဲပေ။ ငိုသာငိုလေသည်။ ဆရာမသည် မဖွေးကို ကြိမ်လုံးနှင့် ရို က်ကာမေးမှ မဖွေးက ဝန်ခံသည်။ ကိုဝေလွင်နှင့် ဒီဘော်ဒါဆောင်ထဲမှာပဲ အကြိမ်ပေါင်းမနည်း ထိတွေ့ဖူးခဲ့ကြလေသည်။ အဆုံးစွန်ထိတော့ မဖြစ်ခဲ့ကြပေမဲ့ မိန်းမသားတစ်ယောက်၏ အပေါ်ပိုင်းတစ်ခုလုံးကို စိတ်ကြိုက် ထိတွေ့ထားတာမို့ ဘာမှမဖြစ်ခဲ့ဘူးလို့တော့ ပြောမရပေ။
” မိုက် လိုက်တာအေ၊ အဲ့အကောင်က ညည်းကို လုပ်ရလို့ လုပ်တာသိလား၊ ညည်းခွင့်ပြုလို့ ဒီလောက်အတင့်ရဲတာ၊ ညည်း ခွင့်မပြုဘဲ ဒီကောင်ရှေ့ဆက်တိုးချင်နေတယ်ဆိုရင် ငါ့လာပြောစမ်းပါ…”
ဆရာမသည် တပည့်ကို နှမျော၍ ငိုလည်းငိုသည်။ ဒေါသဖြစ်၍ ခြေသလုံး ကို တုတ်ဖြင့်လည်း ရို က်လေသည်။ ထို့နောက် ကိုဝေလွင်ကို ခေါ်ကာ ပါးတွေကို လှိမ့်ရို က်သည်။
” နင့်အမေကို ငါပြောမယ် နင် ဖွေးဖွေး ၁၀ တန်းဖြေပြီးတာနဲ့သူ့ကို ယူရမယ်” ဟု ပြောလေသည်။ ကိုဝေလွင်သည် မယူနိုင်ကြောင်း ငိုယိုကာ ဆရာမကို ပြောလေသည်။ သူ့မှာ နှစ်ဖက်မိဘတွေကို အသိပေးထားသော ချစ်သူသက်သက်ရှိကြောင်း ဖွင့်ဟလာသည်။ ဆရာမသည် ကိုဝေလွင်ကို ထုရို က်ကာ ဆဲဆိုတော့သည်။ ဆရာမ၏ အစ်ကိုတွေဖြစ်သော ဆရာနှစ်ယောက်ကလည်း သူတို့တူ ကိုဝေလွင်ကို ဝိုင်း ရို က်ကြလေသည်။
ဘော်ဒါအပြင်ကို သတင်းမထွက်သွားပေမဲ့ ဘော်ဒါဆောင်ထဲမှာ အတော် ဆူပူသွားတာမို့ ကျော်ကျော်တို့လည်း အကုန်ကြားသိရလေသည်။ မောင်မောင်ကတော့ သူ့ မမဖွေးကို နှမျောသည်ဟု ဆိုကာ ငိုလေသည်။
” မင်းသနားရင် မမဖွေး ၁၀ တန်းဖြေပြီးသွားတာနဲ့ မင်းယူလိုက်ပါလား” ဟု ကျော်ကျော်ကပြောတော့ကျ မောင်မောင်က တူးတူးခါးခါးငြင်းပါသည်။
” သူများလုပ်ချင်သလို လုပ်ခဲ့တာကြီး ကို ငါက ဘယ်လိုစိတ်နဲ့ ” ဟု မောင်မောင်က ပြောသည်။ ထိုအခါ ကျော်ကျော် အသိတရားရမိသည်။
မဖွေးသည် စာမေးပွဲအစစ်ကြီးဖြေဖို့ ၄ လလောက်အလိုမှာ ဘော်ဒါဆောင်က ထွက်သွားလေသည်။ ဆရာမသည် ကိုဝေလွင်၏ မိဘတွေကို ပြောပြပေမဲ့ ကိုဝေလွင်၏ မိဘတွေက ကိုဝေလွင်၏ ချစ်သူကောင်မလေးမသိအောင် တိတ်တဆိတ်သာ ဖြေရှင်းသွားလေသည်။
ကျော်ကျော် တို့ ၁၀ တန်းရောက်တော့ မဖွေး၏ သတင်းအချို့ကို ဆရာမက ပြောပြလို့သိရပါသည်။ မဖွေး ၁၀ တန်း ဖြေလိုက်ရသည်။ ၁၀ တန်းအောင်သွားပါသည်။ မဖွေး ၁၀ တန်းအောင်သွားသည့်အတွက် ကျောင်းသားအားလုံးက ဝမ်းသာပေးကြသည်။ သို့သော် မဖွေးနှင့် ကိုဝေလွင်တို့၏ ကိစ္စအပေါ်ကိုတော့ အမျိုးမျိုး ထင်ကြေးပေးသုံးသပ်ကြလေသည်။အချို့ကလည်း …
” မဖွေးသနားပါတယ် ဟို လူ က ယုတ်မာတာ ချစ်သူရှိရဲ့သားနဲ့ ဖုံးကွယ်လိမ်ညာပြီး မဖွေးအချစ်ကို ယူသွားတာ”
” အေးဟယ် မဖွေးကို နှမျောလိုက်တာ ဟိုလူက မိန်းမဘယ်နှယောက်ကို ဒီလိုလုပ်ဖူးလို့ ရဲတင်းနေတာလဲ မသိဘူး”
အချို့ကလည်း…
” သူလက်ခံလို့ဖြစ်တာလေ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ”
” သူကိုယ်တိုင်ကလည်း ယောက်ျားလေးတွေနဲ့ဆို အနေအထိုင်မှမတတ်တာ အဲ့တော့ ဟို ကောင်ကလည်း ရဲတင်းတာပေါ့”
” ယောက်ျားဆိုတဲ့အမျိုးကတော့ လုပ်ရရင်လုပ်မှာပဲ ကိုယ်က ဆင်ခြင်ရမှာ” ဟု တစ်ယောက်တစ်မျိုးပြောကြလေသည်။
ဆရာမသည် ကျောင်းသူများအား မဖွေးကို သင်ခန်းစာယူစေချင်သည်။ မိန်းကလေးတွေ အလွယ် လက်မခံဖို့ အလွယ်မလိုက်လျောဖို့ ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ ဆုံးမသည်။ ယောက်ျားလေးတွေနှင့်လည်း လိုတာထက်ပို၍ တရင်းတနှီးမဆက်ဆံဖို့ ၊ဆင်ခြင်တုံတရား ရှိဖို့မှာကြားလေသည်။ ထို့အပြင် ယောက်ျားလေးတွေကိုလည်း နှမချင်း ကိုယ်ချင်းစာဖို့၊ ယောက်ျားကောင်းဆိုတာ မယူရသေးခင် မိန်းကလေးကို ကိုယ်ထိလက်ရောက် မကျူးလွန်ဘူး ဆိုတာ သိဖို့ ၁၀ တန်းတစ်နှစ်လုံး ဆုံးမလေသည်။ သို့ပေမဲ့ ကိုဝေလွင်ကိုတော့ ဆရာမရော ဆရာနှစ်ယောက်လုံးကရော ထိထိရောက်ရောက်ဘာမှမလုပ်ခဲ့ပေ။ သူတို့တူဖြစ်နေတာကတစ်ကြောင်း၊ သတင်းထွက်လျှင် ဘော်ဒါဆောင်ရော သူတို့တွေပါ နာမည်ပျ က်ရမှာစိုးတာက တစ်ကြောင်းကြောင့် လည်း ဖြစ်နိုင်သည်။
ကျော်ကျော်သည် ကိုဝေလွင်လို လူမျိုး မဖြစ်စေရဟု ကျိန်ဆိုခဲ့မိသည်။ ကိုဝေလွင်သည် “ချစ်တယ်” ဟု မဖွေးကို တဖွဖွပြောခဲ့ပေမဲ့ မဖွေးကို တန်ဖိုးမထားခဲ့ပေ။ မဖွေးဟာ ၁၀ တန်းကျောင်းသူ၊ သူဟာ မာစတာတန်းတက်နေသော တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည်။ မဖွေးဟာ ၁၆ နှစ်တောင် မပြည့်သေးပေမဲ့ ကိုဝေလွင်ဟာ ၁၈ နှစ်ပြည့်ပြီးလေပြီ။ မဖွေးကို တကယ်ချစ်လျှင် မဖွေးဘက်ကို ငဲ့ပေးခဲ့လိမ့်မည်။ ခုတော့ သူ့လုပ်ရပ်ဟာ အများသိသော ချစ်သူတစ်ယောက် ရှိလျက် မဖွေးကို အလွယ်ရလို့၊ လုပ်လို့ရလို့ အခွင့်အရေးယူသွားတာမျိုး ဖြစ်သည်။
ကိုဝေလွင်ရဲ့ချစ်သူကောင်မလေး တော့ ကံဆိုးလိုက်လေခြင်း၊ ဒီအကြောင်းတွေသာသိသွားခဲ့လျှင် ဘယ်လောက်တောင်ရင်ကျိုးလိမ့်မလဲ ဟု ကျော်ကျော်တွေးမိသည်။ သို့သော်လည်း “အသွင်တူ အိမ်သူ” ဆိုသည့် စကားရှိသေးတာမို့ သိပ်တော့လည်း မသနားရဲပေ။ လောကမှာ ပညာတတ်တိုင်း ပိုက်ဆံရှိတိုင်း ရုပ်ချောတိုင်းလည်း လူကောင်းမဟုတ်ဘူးဆိုတာကို ကိုဝေလွင်ကြောင့် ကျော်ကျော် သိခဲ့ရပါသည်။
ပြီးပါပြီ။
#JoJo
မိန်းကလေးများ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ကြပါစေ။ ယောက်ျားလေးများ မိန်းကလေးများကို တန်ဖိုးထားတဲ့ ယောက်ျားကောင်းများဖြစ်ကြပါစေ။