သိုက်တူးသူ
သိုက်တူးသူ ပီမိုးနင်း ည(၁၀)နာရီ ရထားသည် ရန်ကုန်ဘူတာကြီးမှ ထွက် လေ၏။ ပထမတန်းတွဲတစ်တွဲ၌ အသက်နှစ်ဆယ်ခန့်ရှိသူ မိန်းမပျို တစ်ယောက်၊ အသက်ငါးဆယ်ခန့်ရှိသော မိန်းမကြီးတစ်ယောက် ၄င်းမိန်းမကြီးနှင့် တွဲ၏ တစ်ဖက်ရှိ ထောင့်တစ်ခုမှာထိုင်သော အသက်သုံးဆယ်ခန့်ရှိ ယောက်ျားတစ်ယောက်ပေါင်းသုံးယောက် သည် တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲ အတန်ကြာစွာ သွားကြလေ၏။ ထိုနောက် မိန်းမကြီးက ဆိတ်ငြိမ်ခြင်းကို စ၍ ဖြိုဖျက်သောအနေဖြင့် စကားကို စလေ၏။ “မောင်ရင်က ဘယ်ကို လိုက်မလို့လဲ” “ကျွန်တော် ပုသိမ်ကို အဒေါ်တို့ကော “အဒေါ်တို့က ဟင်္သာတတင်ပါ” “အပြန်လား၊ အသွားလား” “အဒေါ်တို့ အပြန်ပါ၊ မောင်ရင်ကကော” “ကျွန်တော်ကတော့ အသွားပါ” ”မေးလွန်းတယ်လည်း မအောက်မေ့ပါနဲ့ မောင်ရယ်၊ ဘယ်လိုကိစ္စနဲ့လဲ” “မေးပါ အဒေါ်၊ ကျွန်တော်တို့ သွားရမယ့်ခရီးက အဝေးသားမို့ တစ်တွဲထဲမှာ တွေ့ကြရခြင်းဟာ အသိမိတ်ဆွေဖြစ်လို့ အကြောင်းဆိုက်လာခြင်း တစ်မျိုးပါပဲ၊ အခုလို အသိမိတ်ဆွေ ဖြစ်ဖို့ရန် လမ်းအခွင့်ကြုံပါလျက်မှ တိတ်ဆိတ်နေကြမယ်ဆိုရင် ကြုံလာတဲ့ လမ်းအခွင့်ကို လက်သင့်မခံရာ ရောက်သည်သာ မက...