မောင်ငယ်နှင့်ခွေး (ဝတ္ထုတို)

 မောင်ငယ်နှင့်ခွေး (ဝတ္ထုတို)

✍️ သိပ္ပံမောင်ဝ
📔📔📔
မောင်ငယ်သည် မောင်လူအေး၏ နဝမမြောက်ဖြစ်သော မော်တော်ကားမောင်းသမား ဖြစ်လေသည်။ မောင်ငယ်၏နောင်တော်ဖြစ်ကြကုန်သော မော်တော်ကားမောင်းသမား ရှစ်ယောက်တို့ကား အမျိုးမျိုးအစားစား ဖြစ်ကြကုန်၏။ အချို့မှာ အ လွန်းသည်။ အချို့မှာ လည်လွန်းသည်။ အချို့မှာ ပျင်းလွန်းသည်။ အချို့မှာ ညစ်ပတ်သည်။ အချို့မှာ ကြွေးထူသည်။ အချို့မှာ စပေါ်တောင်းလွန်းသည်။ အချို့မှာ မော်တော်ကားစက်ကို ကလိလွန်းသည်။ အချို့မှာ မော်
တော်ကားကို အပြင်းမောင်းတတ်သည်။ အချို့မှာ တတ်ယောင်ကားလုပ်တတ်သည်။ အချို့မှာ မောက်မာလွန်းသည်။ အချို့မှာ မော်တော်ကားမောင်းယင်း ဆေးလိပ်သောက်တတ်သည်။ အချို့မှာ အရက်မူးတတ်သည်။ အချို့မှာ ဓာတ်ဆီကို သောက်တတ်သည်။ ဤသို့သောအကြောင်းကြောင်းတို့ကြောင့် မောင်ငယ်၏ နောင်တော်များမှာ တယောက်ပြီးလျှင်တယောက် အသီးသီး အလုပ်ပြုတ်ကြရရှာလေသည်။
မောင်ငယ်ကား မောင်လူအေးထံတွင် မော်တော်ကားမောင်းနေသည်မှာ သုံးနှစ်နီးပါး ရှိလေပြီ။ ဤကို ထောက်ခြင်းအားဖြင့် မောင်ငယ်တွင် အထက်ဖော်ပြရာပါအပြစ်များ မရှိကြောင်း ထင်ရှား၏။ သို့သော် သူ့၌လည်း အပြစ်လုံးလုံး မကင်းပေ။ မောင်ငယ်တွင် ခွေးများကို မော်တော်ကားဖြင့် ဝင်၍တိုက်လိုသောဆန္ဒ ကြီးစွာရှိ၏။ မော်တော်ကားရှေ့မှ ခွေးများ ဖြတ်သွားသည်ရှိသော် မည်သည့်အခါမျှ ချမ်းသာခွင့် မပေးချေ။ ခွေးများကို ချမ်းသာခွင့်မပေးသည်မှာ မောင်ငယ်တယောက်တည်း မဟုတ်။ မော်တော်ကားမောင်းသမားအားလုံးပင် ဖြစ်၏။
သို့ဖြစ်သောကြောင့် မောင်ငယ်တယောက်တည်းကိုသာ ရွေး၍ အပြစ်တင်ရန် မသင့်ပေ။ မော်တော်ကားပေါ်သို့ ရောက်လိုက်သည်နှင့်တပြိုင်နက် ခွေးအစရှိသော တိရစ္ဆာန်တို့ကို မဆိုထားဘိ၊ မော်တော်ကား လမ်းဘေးပေါ်တွင် လျှောက်၍ သွားကြကုန်သော လူတို့ကိုပင် အမှုမထားကြတော့ပေ။ လှည်းများ၊ ရထားများ၊ စက်ဘီးများ၊ ဆိုက်ကားများကိုလည်း ရှိသည်ဟူ၍ပင် မထင်မှတ်ကြ။ မိမိတို့၏မော်တော်ကားများရှေ့တွင် သွားလာနေကြကုန်သော လှည်း၊ ရထား၊ စက်ဘီး၊ ဆိုက်ကား၊ လမ်းလျှောက်နေသူများသည် မိမိတို့လာသည်ကို မြင်လျှင် တမုဟုတ်ချင်း လမ်းလယ်မှ ဖယ်ခွါရှောင်တိမ်းပေးစေချင်ကြကုန်၏။ အကယ်၍ ထိုသူတို့ နှေးကွေးနေကြလျှင် မော်တော်ကားပေါ်မှ ကိုယ်တော်တသိုက်တို့သည် အော်လိုအော်၊ ငေါက်လိုငေါက် လုပ်ကြကုန်၏။ မော်တော်ကားများဖြင့် ဝင်တိုက်မယောင်ပြုကြကုန်၏။ ခမျာလှည်းသမား၊ ရထားသမား၊ ဆိုက်ကားသမား၊ လမ်းလျှောက်သူများမှာ အသာငုံ့ခံနေကြရရှာလေသည်။ သတ္တိကောင်းသူ တယောက်တလေက မခံရပ်နိုင်သောကြောင့် ဆဲဆိုရေရွတ်သော်လည်း ကိုယ်တော်မြတ်များ မကြားကြ။ အတော်ပင်ဝေးသွားကြလေပြီ။ သူတို့၏စိတ်တွင် လမ်းကြီးလမ်းငယ် အသွယ်သွယ်
တို့မှာ သူတို့၏ကိုယ်ပိုင်ပစ္စည်းများ ဖြစ်သည်ဟူ၍ ထင်မှတ်နေကြလေရော့သလား မပြောတတ်။ အခွန်တော်ကို သူတို့ချည်း ပေးသည်ဟူ၍များ အယူရှိနေကြလေသလား မသိ။
လှည်းသမား၊ ရထားသမား၊ လမ်းလျှောက်သူများအပေါ်တွင် ဤမျှ အထင်အမြင်သေးကြကုန်သောသူတို့သည် ခွေးများအပေါ်၌ မည်မျှ အထင်အမြင်သေးကြမည်ကိုကား ရေးသားနေရန်ပင် လိုတော့မည်မဟုတ်။ ခွေးများသည် မော်တော်ကားသွားရာလမ်းများပေါ်သို့ လာရန် အခွင့်အရေး တစုံတရာမျှ မရှိဟူ၍ အယူရှိကြကုန်၏။ ဤမျှမကသေး။ ခွေးများသည် လောကကြီးတွင် ပေါ်ပေါက်ထွန်းကားလာရန်ပင် အကြောင်းထူး တစုံတရာမရှိဟူ၍ ထင်မှတ်ကြလေသည်။ ခွေးများကလည်း မိမိတို့၏ဘိုးစဉ်ဘောင်ဆက်က ရခဲ့ကြသော အခွင့်အရေးတို့သည် မိမိတို့လက်မှ လွတ်သွားမည်ကို များစွာစိုးရိမ်သောကြောင့် ထိုအခွင့်အရေးတို့ကို အခါမလပ် တွင်တွင်ကြီး အသုံးပြုနေကြကုန်၏။
ခွေးဖြူ၊ ခွေးမဲ၊ ခွေးဝဲစားမှအစ ခွေးကြီး၊ ခွေးကလေး၊ ခွေးထီး၊ ခွေးမ၊ ခွေးပိန်၊ ခွေးနာ၊ ခွေးဗလချာ အဆုံးရှိသော ခွေးအပေါင်းတို့မှာ လမ်းတကာတွင် ကျင်လည်ကျက်စား၍နေကြလေသည်။ လူအလွန်စည်ကား၍ မော်တော်ကားများ ရှုပ်ထွေးလှသော လမ်းများမှာပင် သူတို့ကို မြင်ရ၏။ လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့မှာ သူတို့၏ကျင်လည်ရာ လောကကြီးဟူ၍ အတည်ပြုထားကြဟန် တူလေသည်။ မော်တော်ကားမောင်းသမားတို့က မော်တော်ကားများဖြင့် ကြိတ်၍ နေ့စဉ်နှင့်အမျှ အတုံးအရုံး သေနေကြသော်လည်း ခွေးအပေါင်းတို့ကား တဗိုလ်ကျလျှင် တဗိုလ်တက်နေကြသည်သာတည်း။ ဤနည်းအားဖြင့် မော်တော်ကားသမားတို့ကလည်း အရှုံးမပေး၊ ခွေးအပေါင်းတို့ကလည်း အရှုံးမခံဘဲ စစ်ပွဲကြီးကို ကျင်းပလာခဲ့ကြသည်မှာ မော်တော်ကားပေါ်စအခါကတည်းက ဖြစ်လေသည်။ ယခုထက်တိုင် ဤစစ်ပွဲကြီးမှာ မပြီးသေး၊ နောင် မည်မျှကြာအောင် တိုက်ခိုက်ကြဦးမည် မသိ။ ခွေးလောကကြီးတွင်လည်း
ခွေးတပ်သားတို့မှာ နည်းသွားသည် မရှိ။ တနေ့တခြား တိုးပွါးလျက်သာ နေတော့သည်။ မော်တော်ကားလောကကြီးမှာလည်း ဤနည်းအတိုင်းပင်တည်း။
မောင်ငယ်မှာ မော်တော်ကားသမားဖြစ်သည့်အတိုင်း မော်တော်ကားသမားတို့ဖက်မှ စစ်ကူမည်မှာ ဓမ္မတာပင်။ မောင်ငယ်သည် မောင်လူအေးထံသို့ရောက်၍ သုံးလမျှမကြာသေးမီ ခွေးသုံးကောင်တို့ကို မော်တော်ကားဖြင့် ကြိတ်ခဲ့လေပြီ။ ခွေးလောကကြီးတွင် အတော်ပင် စိတ်မချမ်းသာဖြစ်မည်မှာ ယုံမှားဘွယ်မရှိပေ။ ခွေးလောကကြီးတွင်သာ မဟုတ်၊ အကြိတ်ခံရသောခွေးတို့၏ ကျယ်လောင်စွာ ငိုကြွေးသံကို ကြားရသော မောင်လူအေးမှာလည်း စိတ်
မချမ်းမသာ များစ္စာဖြစ်ရလေသည်။ ဤသို့ စိတ်မချမ်းမသာ ဖြစ်သောကြောင့် ခွေးများကို မကြိတ်ရန် မောင်ငယ်အား အဖန်ဖန် ပြော၏။ မရ။ မကြာမကြာလည်း ကြိမ်းမောင်း၏။ မရ။ တခါတခါလည်း အလုပ်မှ နုတ်ပယ်ပစ်မည်ဟု ဆို၏။ မရ။ နောက်ဆုံးတွင် မောင်လူအေး အကြံကောင်းတခုကို ရလေသည်။ ထိုအကြံကို ရသည်နှင့်တပြိုင်နက် မောင်ငယ်အား အနားသို့ခေါ်ပြီးလျှင် ဤသို့ ဆို၏။
“မောင်ငယ် ... သင်သည် ခွေးတို့၏အသက်ကို ပုရွက်ဆိတ်တို့၏အသက်လောက်မျှ ပမာမထား။ သင် မော်တော်ကားဖြင့်ကြိတ်သောကြောင့် ခွေးပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရလှလေပြီ။ သင့်အား ခွေးများက ဝိုင်း၍ကိုက်မည်ဆိုလျှင် သင်ကြိုက်ပါမည်လော။ သင်မော်တော်ကားဖြင့် ကြိတ်လိုက်သော ခွေးများ၏ငိုကြွေး အော်ဟစ်သောအသံကို ငါမကြားနိုင်။ မကြားလို။ မကြားရက်။ ယနေ့မှစ၍ သင် ခွေးတကောင်ကို ကြိတ်လျှင် သင့်အား တကျပ် ဒဏ်တပ်မည်။ ကြား၏လော။ မြဲမြဲ မှတ်ထားလော့"
ဤသို့ မောင်လူအေးသည် တင်းမာလှစွာသောအမိန့်ကို ထုတ်ဆင့်လိုက်၏။ ထိုအမိန့်ကို ကြားရသော မောင်ငယ်မှာ မျက်နှာအပျက်ကြီး ပျက်၍သွားလေသည်။ သို့သော် စကားတခွန်းကိုမျှ မပြောပါဘဲ ဆိတ်ဆိတ်သာလျှင် မောင်လူအေး၏ အပါးမှ ထွက်ခွာသွားလေသည်။
မောင်လူအေး၏ အမိန့်ကို ခွေးများသာ ကြားသိမည်ဆိုလျှင် မည်မျှဝမ်းမြောက်ကြမည်နည်း။ ခွေးလောကကြီးမှာသာ သတင်းစာ၊ မဂ္ဂဇင်းများ ထွန်းကားနေပါမူ ထိုသတင်းစာတို့က မောင်လူအေးအား ကြီးမားလှစွာသော စာလုံးကြီးများဖြင့် ချီးမွမ်းစကား ရေးသားကြမည်မှာ မလွဲပေ။ မောင်လူအေး၏ဓာတ်ပုံအမျိုးမျိုးတို့ပင် ထိုခွေးသတင်းစာများတွင် ပါလာကောင်း ပါလာပေလိမ့်မည်။ ခွေးလောကကြီးမှာသာ အစည်းအရုံးကြီးများရှိပါမူ ခွေးလောကတွင် ခွေးလုံးကျွတ်အစည်းအဝေးကြီးများကိုခေါ်ကာ မောင်လူအေးအား ဩဘာပေးကြမည်မှာ အမှန်ပင် ဖြစ်တော့သည်။ ခွေးမျက်နှာကြီးတို့၏သမီးချော ခွေးမတမ်းမကလေးများက မောင်လူအေးအား ပန်းကုံးစွပ်ကာ ချီးမြှင့်ကြမည်မှာ ဧကန်ပင် ဖြစ်တော့သည်။ သို့သော် ခွေးလောကကြီးတွင် သတင်းစာမဂ္ဂဇင်းကလည်း မရှိ၊ အစည်းအရုံးကလည်း မရှိလေရကား မောင်လူအေး၏အမိန့်မှာ ခွေးလောကကြီးတွင် ထင်ပေါ်ခြင်း မရှိခဲ့ပေ။ ထိုအမိန့်ကို မောင်လူအေးနှင့် မောင်ငယ်တို့မှတပါး မည်သူမျှ မသိဖြစ်ချေသည်။
အဆိုပါအမိန့်ကို ထုတ်ဆင့်ပြီးနောက် သုံးလေးရက်ခန့်အကြာတွင် မောင်လူအေးနှင့် မောင်ငယ်တို့သည် မော်တော်ကားဖြင့် ခရီးထွက်ကြကုန်၏။ မြို့အစွန်နားသို့ရောက်သောအခါ တောမှ စပါးတိုက်လာကြကုန်သော လှည်းတန်းကြီးနှင့် တွေ့ကြလေသည်။ ထိုလှည်းများနှင့်အတူ လိုက်ပါလာသော ခွေးတကောင်သည် ယောင်တီးယောင်တနှင့် လမ်းအလယ်မှ လျှောက်၍လာပေ၏။ မောင်ငယ်က မော်တော်ကား၏အရှိန်ကို သတ်ကာ မော်တော်ကား၏ “ဟွန်း” ကို အကြိမ်ကြိမ် မှုတ်လေသည်။ ထိုခွေးတောသားမှာ ဂရုမစိုက်။ မော်တော်ကားဖက်သို့ပင် မလှည့်။ လှည်းများဖက်သို့သာ မျက်နှာမူကာ ယောင်တီးယောင်တနှင့် ရပ်နေပြန်လေသည်။ ခါတိုင်းဖြစ်မူ ထိုခွေးတောသားမှာ မော်တော်ကားဘီးအောက်တွင် တဂိန်န်ဂိန်နှင့် နေလေပြီ။ မော်တော်ကား၏ဘီးများမှာလည်း ထိုခွေး၏သွေးကို သောက်ကြရလေပြီ။ ယခုမှာကား မောင်ငယ်သည် မော်တော်ကားကို အရှိန်သတ်ကာ အံကြိတ်၍နေလေသည်။ သူ၏ စိတ်ထဲတွင် မခံချိမခံသာ ဖြစ်နေပေ၏။ ဒဏ်ငွေ တကျပ်ပေးကာ ထိုခွေးမိုက်၊ ခွေးအအား ဝင်၍ ကြိတ်လိုက်လိုသောဆန္ဒမှာ ပေါ်၍လာ၏။ သို့သော် ထိုငွေတကျပ်သည် သူ၏သားသမီးတို့၏ ခုနစ်ရက်စာ မုန့်ဖိုးဖြစ်သည်ကို သတိရလာသဖြင့် ယခင်က စိတ်ကူးကို ကြိုးစားဖျောက်လိုက်ရရှာလေသည်။ ဤသို့ “တက်ရပိမ့်လော၊ ရပ်ပိမ့်လော” ဟု ချီတုံချတုံ ဖြစ်နေသည့်အခိုက် ခွေးရှင် လှည်းသမားသည် မိမိလှည်းပေါ်မှဆင်းကာ မောင်းသောကြောင့် ထိုခွေးမိုက်မှာ လမ်းဘေးသို့ ဆင်း၍ပြေးလေသတည်း။ သည်အခါကျမှ မောင်ငယ်သည် မော်တော်ကားကို ဆက်၍ မောင်းသွားလေသည်။ သို့သော် ထိုခွေးမိုက်ကို မကြိတ်လိုက်ရသောကြောင့် မကျေနပ်ပေ။ နှုတ်က တိုးတိုး ရေရွတ်ကာလာ၏။ ထိုသို့သော ခွေးမိုက်အား လက်လျှော့ကာ အရှုံးပေးခဲ့ရလျှင် မည်သည့်မော်တော်ကားမောင်းသမားသည် ကျေနပ်နိုင်ပါအံ့နည်း။
ထို့နောက် များမကြာမီ မောင်လူအေးနှင့်မောင်ငယ်တို့ ခရီးထွက်ကြပြန်၏။ တမိုင်ခန့် သွားမိလျှင် လမ်းပေါ်တွင် ကစားနေကြသော ခွေးသားအမိတို့နှင့် ရင်ဆိုင်တိုးနေပြန်လေပြီ။ မောင်ငယ်သည် မော်တော်ကားကို အရှိန်သတ်ကာ “ဟွန်း” ကိုမှုတ်၏။ ခွေးမကြီးသာ လမ်းဘေးသို့ ဆင်း၍ ပြေး၏။ ခွေးသားကလေးတို့ကား လမ်းဘေးသို့ ဆင်းပြေးရမှန်း မသိကြ။ ကြောက်အားလန့်အားနှင့် လမ်းပေါ် တွင် ပြားပြားဝပ်နေကြကုန်၏။ မောင်ငယ် စိတ်ဆိုးလေပြီ။ သို့သော် မည်သို့မျှ မတတ်နိုင်၊ သူတို့တတွေအား အရှုံးပေးကာ မော်တော်ကားကို ရပ်လိုက်ပြီးလျှင်“ဟွန်း”ကို ကျယ်လောင်စွာ အကြိမ်ကြိမ်မှုတ်၏။
ခွေးကလေးတို့မှာ လမ်းပေါ်တွင် တိုး၍သာ ဝပ်နေကြလေတော့သည်။ သူတို့၏နေရာများမှ ရွေ့ပင်မရွေ့။ ဒဏ်ငွေတကျပ်ပေးကာ ထိုခွေးကလေးတို့ကို ဝင်၍ ကြိတ်လိုက်ချင်၏။ သို့သော် ထိုငွေတကျပ်သည် သူတို့လင်မယား သားအမိအား ထမင်း လေးငါးနပ် ကျွေးနိုင်သည်ကို သတိရပြန်သောကြောင့် မော်တော်ကားပေါ်မှ ဆင်းကာ ထိုခွေးကလေးတို့ကို လမ်းဘေးသို့ ပြောင်းရွှေ့ပေးရရှာ၏။ ပြီးမှ မော်တော်ကားကို ဆက်လက်၍ မောင်းသွားရှာလေသည်။ သူ၏မျက်နှာသည် နီရဲ၍နေ၏။ သူ၏နှုတ်ခမ်းများသည် စူထွက်၍နေလေသည်။
ထိုခွေးကလေးတို့အား အရှုံးပေးရပြီးနောက် တလခန့် ကြာပြန်သောအခါ မောင်ငယ်နှင့်ခွေးတို့၏စစ်ပွဲကို ကြည့်ရပြန်၏။ အချိန်ကား နံနက်စောစော နေထွက်ခါစအချိန်ဖြစ်လေသည်။ မောင်လူအေးတို့၏မော်တော်ကား လာနေသော လမ်းအလယ်တွင် ခွေးနက်တကောင်သည် စိတ်ချလက်ချ အိပ်ကာ နေပူစာလှုံနေ၏။ သူ့အနီးသို့ရောက်သောအခါ မောင်ငယ်က မော်တော်ကား “ဟွန်း"ကို မှုတ်၏။ ထိုခွေးနက်မှာ ဖြုန်ပင်မဖြုန်။ ထိုအခါ မောင်ငယ်က “ဟွန်း”ကို အဖန်တလဲလဲ မှုတ်ပြန်၏။ ထိုခွေးကိုယ်တော်မြတ်မှာ အသာ ခေါင်းကိုထောင်ကြည့်ပြီးလျှင် အိပ်မြဲတိုင်းအိပ်နေပြန်၏။ ခွေးများ၏ကမ္ဘာ့ရန်သူဖြစ်သော မောင်ငယ်ကို မဆိုထားဘိ၊ ခွေးများဘက်မှ ရှေ့နေလိုက်ခဲ့သော မောင်လူအေးပင် သည်းမခံနိုင်တော့ပြီ။ သည်ခွေးစွာကို ဝင်ကြိတ်လိုက်ပါတော့လားဟု ဆိုလိုက်ချင်သည်။ ယခင်က ထုတ်ဆင့်ထားသောအမိန့်ကို သတိရသဖြင့် မဆိုဝံ့ချေ။ သို့သော် မောင်ငယ်က သူ၏သဘောအလျောက် ထိုခွေးကို ဝင်ကြိတ်ပါမူ ဒဏ်ငွေတကျပ်ကို မတပ်ဟူ၍ ဆုံးဖြတ်လိုက်လေသည်။ ကြိတ်လိုက်ပါတော့လား။ သည်လောက်စွာတဲ့ခွေးကို ကြိတ်လိုက်ပါတော့ဟူ၍ တိုးတိုး ရေရွတ်နေလေတော့၏။
မောင်ငယ်ကိုလည်း ရှုကြပါဦး။ ခွေးများ၏ရှေ့တွင် အကြိမ်ကြိမ် ဂုဏ်နိမ့်ခြင်းခံခဲ့ရသော မောင်ငယ်မှာ ဒေါသထွက်လှသောကြောင့် တကိုယ်လုံး ဆတ်ဆတ်တုန်နေလေသည်။ ထိုစွာလှသောခွေးကို ကြိတ်လျှင် ဒဏ်ငွေတကျပ် အရိုက်ခံရမည်ကို တွေးမိ၏။ ထိုငွေတကျပ်၏တန်ခိုးကြီးကြောင်းကိုလည်း သိ၏။ သို့သော် ထိုစွာလှသောခွေးမျိုးကို ကြိတ်လိုက်ရလျှင် တကျပ်မက နှစ်ကျပ်ပင် တန်သည်ဟု ဆုံးဖြတ်ကာ စက်ကုန်ဖွင့်ပြီးလျှင် ထိုခွေးစွာကို ဝင်၍ ကြိတ်လေတော့၏။ မောင်လူအေးရော၊ မောင်ငယ်ပါ အတော်ပင် ကျေနပ်သွားကြလေသည်။ သို့သော် ခွေးကို တိုက်မိသောအသံ၊ ခွေး၏အော်သံတို့ကို မကြားရသောကြောင့် မောင်လူအေး လှည့်ကြည့်လိုက်သောအခါ “ငါကဲ့သို့ အရှောင်ကောင်းလှသောခွေးကို ဝင်တိုက်လို့ ဘာရမလဲ”ဟု မဆိုသော်လည်း ဆိုသည့်ပုံနှင့် ရပ်ကာ ကြည့်နေသော ခွေးကိုမြင်ရသော မောင်လူအေးမှာ မည်မျှ အခံရခက်ပေမည်နည်း။
▪️▪️▪️
သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၃ဝ၂ ခု၊ တပေါင်းလ။