အိမ်(စ/ဆုံး)
—–
နာရီကို ကြည့်လိုက်တော့ ၉နာရီ ခွဲပြီ။ အပြင်မှာ လည်း မိုးက ကျနေသည်။
“ခင်မူရေ မင်းသား နောက်ကျ လှချည်လားကွ”
“ဟုတ်တယ် ဖုန်းဆက်တော့လည်း မကိုင်ဘူး”
“တယ် ခက်တဲ့ ကောင်ပဲ ၊ ဘယ်သွားမယ် ပြောလဲ”
“ဘာမှ ပြောမသွားဘူး ”
သားဖြစ်သူ ပြန်အလာကို စောင့် ရင်း ပုတီးကို စိပ်နေမိသည်။ သို့ သော် ပုတီးထဲ စိတ်က မရောက် ။
” ထမင်းစားနှင့်ကြ မလား”
“မဆာ သေးပါဘူးကွာ မင်းဆာရင် စားနှင့် လေ ”
ကျွန်တော် သည် ကုလားထိုင်ပေါ် ထိုင်းရင်း
“အော် ငါငယ်ငယ်က အိမ်ပြန် နောက် ကျရင် ငါ့အဖေနဲ့ အမေ စိတ်ပူခဲ့မှာပဲ” ဟု တွေး မိလေသည်။
ကျွန်တော် တို့ငယ်ငယ် က ညနေတိုင် ရောက်ပြီ ဆိုရင် ဖီးလိမ်းပြင်ဆင်ပြီး ဆိုင်ကယ် နဲ့ ထွက်ကဲကြသည်။
ကျွန်တော်တို့ အုပ်စုက ဆိုင်ကယ်၅ စီး လူ ၁၀ ယောက် ရှိသည်။
ညနေတိုင်ဆိုရင် မြို့ ထဲ က လှ တဲ့ ကောင်မလေး တွေ့ ရင် အုပ်စုလိုက်ဆိုင်ကယ်နဲ့ ဝိုင်းပြီး စကားလိုက်ပြောကြသည်။
တစ်ခါ တစ်ရံ မြို့ထဲက ကျောင်းသူ တွေ အဆောင် ပေါက် ရှောက် သွားကြသည်။
တစ်ခါတစ်ရံ ထန်း ရည် ခေါင်ရည် အုပ်စု လိုက် သွား သောက် ကြသည်။ တစ်ချို့ကောင် တွေ က အရက် သောက်ကြသည်။
မူးပြီး ဆိုင်ကယ် ကို တစ်လမ်းလုံး အပြည့် မောင်းကြသည်။
ဂျိုကြည့် ကြည့်တဲ့သူ တွေကို ဆဲကြသည် ။ စိန်ခေါ်ကြသည်။
၈ခွဲ လောက်မှ အိမ်ပြန် ရောက်ကြသည်။
တစ်ရက် တွင် ကျွန်တော် တို့သူငယ်ချင်းထဲက ထွန်းနိုင်က
“ဟေ့ကောင်တွေ ငါ့ စော် ရွာ သွားမယ် လိုက်ကြမလား”
ဒီကောင် ရည်းစားက တစ်ခြားမြို့က ဖြစ်သည်။ ဆိုင်ကယ်နဲ့ ဆိုရင် ၃နာရီ လောက် စီးရသည်။
” ဘာရှိလို့လဲ”
ကျွန်တော်က မေးလိုက်သည်။
“ဘုရားပွဲကွ ပွဲ လည်း ပါမှာ မန္တလေး ဇာတ်တဲ့”
ကျွန်တော်တို့ တစ်ဖွဲ့လုံး ခေါင်းညိမ့်လိုက်ကြသည်။ ညနေ ၆နာရီ လောက် ဆိုင်ကယ်နဲ့ မောင်း ထွက်လာကြရာ ည၉နာရီရောက်မှ သူ့ကောင်မ လေး ရွာ ရောက်ပါသည်။ လမ်းက မြေလမ်း ဖြစ်တော့ ဖုန် အလိမ့်လိမ့်။
ကျွန်တော် တို့ ရောက်တော့ ပွဲစနေပြီ မြန်မာ သံစဥ် ဆိုနေပြီ။ ထွန်းနိုင်က တော့ ပွဲ ခင်းထဲ သူ့ကောင်မ လေး ကို ရှာ နေသည်။
ခဏ ကြာတော့ ပွဲခင်း ဘေးနားမှာ ထိုင်နေတဲ့ သူ့ကောင်မ လေးကို တွေ့သွားသည်။ သူ့ကကျွန်တော်နားကပ်ကာ
“ဟို အကျီ်အဖြူနဲ့ က ငါ့ ကောင်မလေးပဲ ”
သူ့က ခဲလုံး သေးသေး လေးကို ကောက်ကာ ပေါက်လိုက်သည်။ ကောင်မလေးက လှည့်ကြည့်ရာ ကျွန်တော်တို့ အုပ်စု ကို တွေ့သွားသည်။
ခဏကြာတော့ အဖော် ကောင်မ လေး တစ်ယောက်နဲ့ ထွက်လာပြီး ကျွန်တော်တို့ကို မုန့်စျေးတန်းက အကြော် များ ဝယ်ကျွေးသည်။ သူတို့ နှစ်ယောက်က ပွဲခင်းအပြင် မှောင်တဲ့ နေရာ သွားပြီး စကားပြောကြသည်။ ကျွန်တော်တို့ကတော့ အကြော်ဆိုင်မှာ ကျန်ရစ် ခဲ့ကြသည်။
“ဟေ့ကောင်တွေ ပြန်ကြစို့ ”
“မင်းတွေ့ ပြီးပြီလား ”
“အေး”
ဒီကောင် မျက်နှာက ပြုံးစီစီနဲ့ ဖြေသည်။
” ဟေ့ ကောင် ငါတို့က အဝေးကြီးလိုက်လာရတာ အရက်တော့ တိုက်ကွာ”
ပွဲစျေးတန်းက အရက်ပုန်းရောင်းတဲ့ ဆိုင်က အရက်အနည်ငယ် ဝင်သောက် ကြပြီး ပြန်ခဲ့ကြသည်။ အချိန်က ၁၀နာရီ ခွဲ နေပြီ ။ အပြန်မှာ ဆိုင်ကယ်ကို ဒုန်းစီး ခဲ့ရာ မနက်၁ နာရီ ထိုးတော့ မှာ အိမ်ကို ပြန်ရောက်ခဲ့သည်။ ဆိုင်ကယ်သံကြားတော့ အမေက တံခါးလာဖွင့်ပေးသည်။
“ဟင် အမေ မအိပ်သေးဘူးလား”
“မအိပ်သေးပါဘူး ကွယ် ငါ့သားမှ ပြန်မရောက်သေးတာ အမေ ဘယ်အိပ်လို့ရပါ့မလဲ”
“အဖေရော အိပ်ပြီလား ”
“အိပ်ပြီထင်တယ် ”
အမှန်တော့ အဖေလည်း မအိပ်သေးပါ။ အမေ့လိုဧည့်ခန်းထဲက ထိုင်စောင့်မနေပေမယ့် အခန်း ထဲ မှာ အိပ်ရင်း စောင့်နေခြင်းဖြစ်သည်။
“ငါ့သားရယ် အပေါင်းအသင်းဆိုတာလည်း ကြည့်ပေါင်းကွယ် ဒီလိုညကြီးမိုးချုပ်ထိ အောင် မနေပါနဲ့”
ကျွန်တော် ဘာမှ ပြန်မပြော တော့ပဲ အိပ်ယာ ထဲ ဝင် အိပ်လိုက်တော့ သည်။
“ကို မောင် ထတော့ သားပြန်ရောက် နေပြီ ထမင်းစားရအောင် ”
ငယ်အကြောင်းကို တွေး ရင်း မှေး ကနဲ အိပ်ပျော်သွားရာ ခင်မူ လာနှိုးမှ လန့်နိုးသွားသည်။ နာရီကို ကြည့်တော့ ၁၀နာရီ ထိုးပြီ။
ထမင်းဝိုင်းမှာ ကျွန်တော့်ကို စောင့်နေကြသည်။ ထိုင်ခုံပေါ်မှာ ထိုင်နေရင်း သားကို လှမ်းကြည့်လိုက်ရာ ဒီကောင်ခေါင်းငုံ့ထားသည်။ သမီး ဖြစ်သူက ကျွန်တော့်ကို လှမ်းကြည့်နေသည်။
“ငါတို့ ငယ်ငယ်တုန်းက ကွာ” ဟု ဆိုကာ ကျွန်တော်တို့ ဆိုးခဲ့ မိုက်ခဲ့ တေ ခဲ့တာ တွေ ကို ပြောပြမိသည်။
“အဲ့ဒီ အချိန်တုန်းက သား သမီး အိမ်ပြန်နောက်ကျရင် မိဘတွေ ဘယ်လောက် စိတ်ပူ နေမလဲ လို့ အဖေ အတွေးခဲ့မိဘူး။ သွားချင်လာချင် ရှုပ်ချင်တာလောက်ပဲ သိခဲ့တာ ။ အဖေ ပြန် မရောက် သေးရင်း အဖေ့ အမေက ထိုင်ခုံ လေးပေါ် မှာ ထိုင်ရင်း သားကို အမြဲတမ်း မျှော်နေခဲ့တာ ”
ကျွန်တော်က စကားကို ခဏရပ်လိုက်ပြီ ရေ သောက်လိုက်သည်။
“သား ”
“ဗျာ အဖေ”
“သမီး ”
” ရှင် ”
” အဖေနဲ့ မင်းတို့အမေ ကျေးဇူး ကို အထူး တလည် ဆပ်ဖို့ မလိုပါဘူးကွယ်။ အိမ်ကို သာ စော စော ပြန်ခဲ့ကြပါ ။ လမ်းမှာ တင် အချိန် ဖြုန်း မနေကြနဲ့ ”
ကျွန်တော် ထိုသို့ ပြောပြီး အိပ်ခန်းထဲ သို့ ဝင်လာခဲ့သည်။ ကုတင် ခေါင်းရင်းတွင် ချိတ်ထား သော အဖေနဲ့ အမေ့ပုံကို စိုက်ကြည့်နေမိတော့သည်။
နေညွန့်သွေး
၁. ၅ . ၂၀၂၃