လောင်းကြေး(စ/ဆုံး)
လောင်းကြေး(စ/ဆုံး)
——————-
အဆောင်ကကျွေးသည့် ထမင်းကို စိတ်ပျက်စွာစားပြီး ကျွန်တော် လမ်းလျှောက်ထွက်လာသည်။
ကျွန်တော် နေထိုင်သည့်အဆောင်မှာ နဝဒေးဆောင်ဖြစ်သည်။ အဆောင်မှ ရေစင်ကြီးရှိရာဘက်ကို လမ်း အနည်းငယ်လျှောက်လိုက်လျှင် ဝန်ထမ်းတွေနေသည့် တန်းလျားတစ်ခုရှိသည်။ ထိုတန်းလျားတွင် ညနေခင်းမှ ထွက်သော လက်ဖက်သုပ်ဆိုင်ရှိသည်။ ကျွန်တော်က လက်ဖက်သုပ်နှင့် ထမင်းစားရန် ထွက်လာခြင်းဖြစ်သည်။
ကျွန်တော် ဝန်ထမ်းအိမ်ခြံဝင်းထဲသို့ ဝင်လိုက်ချိန်တွင် ရေတမာပင်အောက်ရှိ ထိုင်ခုံနိမ့်လေးတွင် ထိုင်နေသော မမြမှီကို တွေ့လိုက်ရသည်။
“ဟာ … ဆရာ တစ်ယောက်တည်းလား … လာလေ” ဟု သူကခေါ်လိုက်သည်။
ကျွန်တော်က ခြေလှမ်းတုံ့ဆိုင်းနေသည်။ ငြင်းရန်လည်းအခက်၊ သွားထိုင်ရန်လည်းအခက် အနေအထား တစ်ခုဖြစ်သည်။
“လာပါဆရာရယ့်”
သူက နောက်တစ်ခါ ထပ်ခေါ်သောအခါတွင် ကျွန်တော့်မှာ ငြင်းဆန်နိုင်သည့် အားမရှိတော့။ သူထိုင်နေသည့် ထိုင်ခုံရှိရာကို အလိုလို ရောက်သွားသည်။
“မမြမှီ တစ်ယောက်တည်းလား”
“ဟုတ်ကဲ့ဆရာ”
မမြမှီက ထမင်းနှင့် လက်ဖက်သုပ် စားနေသည်။
“အဆောင်မှာ ထမင်းမစားဘူးလား”
“အဆောင်မှာ ကြက်သားဟင်းတဲ့။ မစားချင်တာနဲ့ ဒီကို လမ်းလျှောက်ရင်း ထွက်လာတာ”
“ကျွန်တော်လည်း အတူတူပဲ”
“မှာလေဆရာ”
ကျွန်တော်က လက်ဖက်သုပ်တစ်ပွဲနှင့် ထမင်းဖြူတစ်ပွဲမှာလိုက်သည်။
မမြမှီနှင့် ကျွန်တော်က သင်တန်းအတူတူ လာတက်နေကြသူများဖြစ်သည်။ သူနှင့်ကျွန်တော် သင်တန်းတွင် မကြာခဏ ဆုံဖူးသည်။ သင်တန်းတွင် နောက်ဆုံးခုံကို လုထိုင်နေကျ အတူတူဖြစ်သောကြောင့် သိနေကြခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် နောက်ဆုံးခုံတွင် နေရာယူပြီး သူလည်း သူဖတ်ချင်ရာ စာအုပ်ကို ဖတ်နေသည်။ ကျွန်တော်ကလည်း တွေးချင်ရာတွေး၊ ရေးချင်ရာ ရေးနေတတ်သည်။ ပြီးတော့ သူနှင့် ကျွန်တော် စာကြည့်တိုက်တွင် နှစ်ကြိမ် ဆုံဖူးသည်။
မမြမှီက စားပြီးသွားပြီ။ ကျွန်တော်က ခုမှရောက်သဖြင့် စစားသည်။ ကျွန်တော်တို့ သင်တန်းအကြောင်း၊ သင်တန်းပြီးလျှင် နယ်ထွက်ရမည့်အကြောင်း၊ အမ်အီးဒီဆက်တက်ရန် မမြမှီက ရည်မှန်းထားကြောင်းတွေ ပြောကြသည်။ ကျွန်တော်ကတော့ ကျောင်းဆက်တက်ရန် စိတ်မရှိ။ ရာထူးတိုးကလည်း ဝေးလံသည့် ဒေသတွေဆိုလျှင် သွားနိုင်မည်မထင်ကြောင်း သူ့ကိုပြောပြသည်။
“ကျောင်းဆက်တက်ပါဆရာရယ်”
“ကျောင်းဆက်တက်ဖို့ဆိုတာ ဂုဏ်ထူးတွေထွက်မှရမှာပေါ့ မမြမှီ။ ကျွန်တော်က စာမှာ အဲဒီလောက် မစွံ ပါဘူး”
“ကျွန်မကတော့ ရန်ကုန်မှာ နေရတာ ပျော်တယ်။ ဒီမှာပဲ နေချင်လို့”
ကျွန်တော်တို့ ရောက်တတ်ရာရာလျှောက်ပြောကြသည်။ ရုပ်ရှင်အကြောင်း၊ စာအုပ်အကြောင်းတွေ ပြောကြသည်။
“ဆရာ အဆောင်ပိတ်တော့မယ် … ကျွန်မပြန်မယ်”
“ကျွန်တော်လည်း ပြန်မယ်”
“ကျွန်မရှင်းလိုက်မယ်ဆရာ”
“ဘယ်မဟုတ်တာပဲ ကျွန်တော် ရှင်းလိုက်ပါ့မယ်”
“ဒီလိုလုပ်”
“ဘယ်လိုလုပ်ရမလဲ”
“ကျွန်မ ပဟေဠိနှစ်ခုဝှက်မယ်။ ဆရာဖြေနိုင်ရင် ကျွန်မရှင်းမယ်။ ဆရာမဖြေနိုင်ရင် ဆရာရှင်းရမယ်။ ဘယ်လိုလဲ”
ကျွန်တော့်ဘဝတွင် မိန်းကလေးတစ်ယောက်နှင့် ပဟေဠိဝှက်ရမည်ဟု မည်သည့်အခါကမျှ မျှော်လင့် မထားသူဖြစ်သောကြောင့်
“ကဲ ပြောဗျာ”
မမြမှီက စကားထာကို ပြောသည်။
“ဆရာ သေသေချာချာ နားထောင်နော်”
“ပြောပါ”
“ကိုယ့်စိတ်ကူးကို တခြားသူတစ်ယောက်ရဲ့ ခေါင်းထဲမှာ သွားထည့်ပေးနိုင်တာ ဘယ်သူလဲ”
ကျွန်တော်ကြောင် သွားသည်။ သူ့မေးခွန်းကို မဖြေနိုင်ပါ။ ထို့ကြောင့်
“နောက်တစ်ခုမေးလေ”
“သူတစ်ပါးအိတ်ကတ်ထဲက ပိုက်ဆံကို ကိုယ့်အိတ်ထဲရောက်အောင် လုပ်နိုင်တာ ဘယ်သူလဲ”
“ဒုတိယမေးခွန်းကို ကျွန်တော် ဖြေနိုင်မယ်ထင်တာပဲ”
“ဖြေကြည့်လေ”
“ဈေးသည်တွေပေါ့”
“အင်း အပြည့်အဝတော့ မှန်တယ်လို့ မဆိုနိုင်ဘူး … ကဲ ဆရာရှင်းပေတော့ ကျွန်မ သွားတော့မယ်” ဟု မမြမှီက ပြောကာ ပြုံးစစနှင့် ထွက်သွားတော့သည်။
မမြမှီသည် ကျွန်တော့်ကို ဒုက္ခပေးသွားသည်။ ကျွန်တော် လမ်းလျှောက်ရင်း စဉ်းစားသည်။ မအိပ်ခင် အထိလည်း စဉ်းစားသည်။ အဖြေမရသဖြင့် နောက်တစ်နေ့ သင်တန်းတက်ရန် စောစောလေး လာခဲ့သည်။
ကျွန်တော် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် မမြမှီသည် သူ့ သူငယ်ချင်းတစ်ယောက်နှင့်အတူ ဆိုင်ထဲကို ဝင်လာသည်။
သူက ပြုံးပြီး
“ဘယ်လိုလဲဆရာ အဖြေရလား”
“မရဘူးဗျ”
“ဒါဆိုရင် ကျွန်မဖြေမယ်လေ”
“အေးဗျာ ဖြေပါဦး”
“ဆရာရယ် ကိုယ့်စိတ်ကူးတွေကို သူများခေါင်းထဲ သွားထည့်ပေးနိုင်တာ ကျွန်မတို့ ဆရာတွေပဲပေါ့။ ကျွန်မတို့ စိတ်ကူးလေးတွေနဲ့ သူတို့ကို အကောင်းဆုံး ပျိုးထောင်ပေးနေကြတာမဟုတ်လား”
“အိတ်ထဲက ပိုက်ဆံကိစ္စကရောဗျာ”
“ကိုယ့်အိတ်ထဲကို သူများအိတ်ထဲက ပိုက်ဆံတွေရောက်အောင် လုပ်နိုင်တာ စီးပွားရေးသမားတွေပေါ့ဆရာ။ ဆရာပြောတဲ့ ဈေးသည်ဆိုတာထက် စီးပွားရေးအကွက်မြင်သူဆိုရင် ပိုမှန်မယ်ထင်တယ်နော်”
“အေးဗျာ ကျွန်တော်ကတော့ တစ်ညလုံး စဉ်းစားလိုက်ရတာ”
“ဟုတ်ပြီလေ …နောက်မေးခွန်း ပဟေဠိနှစ်ခု နားထောင်ကြည့်ဦးမလား”
“တော်ပါပြီဗျာ”
“မနေ့က မေးခွန်းနှစ်ခုနဲ့ ဆက်စပ်နေတယ်ဆရာရယ့်”
“ကိုင်း ပြောကြည့်ဗျာ”
“ဒီအတိုင်းတော့ မရဘူးဆရာ”
“ကြေးပါတယ်ပေါ့”
“ဟုတ်တယ် … မဖြေနိုင်ရင် ဒီဝိုင်းကို ဆရာရှင်း။ ဖြေနိုင်ရင်တော့ ကျွန်မက ဒီဝိုင်းကိုလည်း ရှင်းမယ်။ နေ့လယ်ကျရင်လည်း ထမင်းကျွေးမယ်”
“ကိုင်း ပြောဗျာ”
“သူများခေါင်းထဲကိုလည်း စိတ်ကူးထည့်နိုင်သလို သူများအိတ်ထဲက ပိုက်ဆံကိုလည်း ကိုယ့်ဆီရောက်အောင် လုပ်နိုင်တဲ့ နှစ်မျိုးစလုံး စွမ်းဆောင်နိုင်သူ။ ကဲ နောက်မေးခွန်းကို တစ်ဆက်တည်း မေးမယ်။ အဲဒီလို နှစ်မျိုး စလုံးကို မစွမ်းဆောင်နိုင်တဲ့သူ ဘယ်သူများလဲရှင်”
ကျွန်တော် ရှုံးပြီ။ ကျွန်တော် နှစ်မျိုးစလုံးကို မသိ။
“အရှုံးပေးပါပြီဗျာ။ အဖြေကို သိပါရစေ”
“သူများခေါင်းထဲကို စိတ်ကူးလည်းထည့်ပေးနိုင်ပြီး သူများရှာလာတဲ့ ပိုက်ဆံကို ကိုယ့်အိတ်ထဲ ရောက်အောင် လုပ်နိုင်စွမ်း ရှိသူတွေဟာ ဘယ်သူများ ဖြစ်ရဦးမှာလဲရှင် … ဇနီးမယားတွေပဲပေါ့”
“ဒါဆို အဲဒီလို နှစ်မျိုးစလုံးကို မစွမ်းဆောင်နိုင်တဲ့သူကရောဗျာ”
“ခင်ပွန်းသည်တွေလေ”
ကျွန်တော် လက်ဖက်ရည်ဖိုး ရှင်းလိုက်ရပါသည်။
တင်ညွန့်
၁၀.၆.၂၀၂၄