ပါးလိုက်သည့်လက်ဆောင်

 ပါးလိုက်သည့်လက်ဆောင်

---------------------------

တစ်နေ့ ကျောင်းပေါ်ကို ဦးဘညိုတက်လာသည်။ ကျွန်တော်ကလည်း စာသင်နေသဖြင့် သူ့ကို လက်ပြပြီး ခဏနေခိုင်းရသည်။ ကလေးတွေကို လေ့ကျင့်ခန်းပေးပြီးနောက် စင်္ကြံကိုထွက်ကာ သူနှင့်တွေ့ပြီး


“ဦးဘညို ဘာကိစ္စလဲဗျ” ဟု မေးရသည်။ သူက


“ဆရာ မနက်ဖြန် မြို့ကိုပြန်မလို့ဆို”


“ဟုတ်တယ်လေ ... လကုန်တိုင်း လစာထုတ်ဆင်းနေကျပဲ”


“ဆရာ့ကို တစ်ခုလောက် မှာလိုက်ချင်လို့ပါ”


“မှာလေ ... ဘာများလဲ”


“ဟိုလေ ... နံ့သာဖြူသနပ်ခါးတုံးလေးရယ် ... စိပ်ပုတီးလေးတစ်ကုံးရယ် မှာလိုက်ချင်လို့ပါ”


“ရတာပေါ့ ... ဝယ်ခဲ့ပေးမယ်လေ”


သူက သူ့တိုက်ပုံအင်္ကျီအိတ်ထဲက လက်ကိုင်ပဝါနွမ်းနွမ်းလေးကို ထုတ်လိုက်ပြီး အထုပ်လေးကို ဖြေလိုက်သည်။ အထဲတွင် ကျပ်ပြားစေ့လေးတွေကို အထပ်လိုက်တွေ့ပါသည်။ သူက တစ်ပြားချင်း ရေတွက်ပြီးနောက်


“ဆရာ ... စုစုပေါင်း ၅ ကျပ်ပဲရှိပါတယ်။ အဲဒီလောက်နဲ့ ရနိုင်ပါ့မလား မသိဘူး”


ကျွန်တော်ကလည်း နံ့သာဖြူတုံးနှင့် ပုတီးကို ဝယ်ဖူးသူမဟုတ်သဖြင့် မပြောနိုင်။ သူကထပ်ပြောသည်


“ကျွန်တော်မှာလည်း ရှိတာ အကုန်ပဲဆရာ။ တကယ်လို့များ နှစ်ခုမရရင်တောင် နံ့သာဖြူတုံးလေးတော့ ရအောင် ဝယ်ခဲ့ပါနော်”


“ဦးဘညိုကို နံ့သာဖြူတုံးကို ဘာလုပ်မလို့လဲ"


“ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော့်ဇနီးအတွက်ပါ”


ထိုစကားက ကျွန်တော့်ကို အံ့အားသင့်စေပါသည်။ အဘယ်ကြောင့်ဆိုသော် ဦးဘညိုဇနီး ဒေါ်ရင်လှသည် မနှစ်က ဆုံးသွားပြီဖြစ်သောကြောင့်ပင်။ ထိုအသုဘကို ကျွန်တော်လိုက်ပို့ခဲ့ရသည် မဟုတ်ပါလား။


“ဦးလေး … ဘယ်ဇနီးအတွက်လဲဗျ”


“ဆရာကလည်း ဘယ်ဇနီးရှိရဦးမှာလဲ ... မရင်လှအတွက်ပေါ့”


“ဟာ ဦးလေးကလည်း အဒေါ်က မနှစ်ကပဲ ...”


ကျွန်တော် စကားမဆက်နိုင်တော့ပါ။ သူ့မျက်နှာလေးကို ကြည့်မိလိုက်ရာ ညှိုးငယ်နေသောကြောင့်ဖြစ်သည်။ 


“ဆရာ ... ကျွန်တော့်သမီးလေး ခင်မြင့်ကသူ့ဆီကို ယူသွားပေးမယ်တဲ့”


“ခင်မြင့်က ဘာဖြစ်လို့လဲ”


“ဆေးရုံမှာလေ ... သမီးက အသက်မရှင်နိုင်တော့ပါဘူး။ သေတော့မှာဆရာ။ အဲဒါ သူသေသွားရင် သူ့အမေနဲ့ တွေ့တော့ နံ့သာဖြူသနပ်ခါးလေးနဲ့ စိပ်ပုတီးလေးကို ပေး ပေးမယ်တဲ့”


ကျွန်တော် သဘောပေါက်သွားပါသည်။


သူ့သမီး မခင်မြင့်ကို အူအတက်ပေါက်သဖြင့် မနေ့ကပဲ ဆေးရုံတင်လိုက်ရသည်။ တောထဲတွင် သွားရောက် နေထိုင်ပြီး ဝါးခုတ်နေသူများဖြစ်ရာ ဗိုက်ထဲက မခံရပ်နိုင်အောင် နာလာသဖြင့် ပခက်နှင့်ထမ်းပြီး ပြန်ခေါ်လာရ သည်။ တောထဲတွင် နှစ်ရက်လောက်နေပြီး သုံးရက်မြောက်နေ့မှ ဆေးရုံကို ရောက်လာသဖြင့် အခြေအနေ မကောင်းတော့ကြောင်း သိလိုက်ရသည်။ 


ကျွန်တော်ကလည်း


“စိတ်ချပါ ဦးလေးရာ ကျွန်တော် ဝယ်လာခဲ့ပါမယ်” ဟု သူ့ကို ကတိပေးလိုက်ပါသည်။


သူက ကျောင်းကုန်းပေါ်မှ ပြန်ဆင်းသွားသည်ကို ကျွန်တော် ငေးကြည့်နေမိသည်။ ကျွန်တော်က မနက်ဖြန် မြို့ကိုပြန်ရမည်။ အသွားအပြန်နှင့် လေးရက်ခရီးဖြစ်သည်။ ကျွန်တော်ပြန်လာသည့်အထိ မခင်မြင့်က အသက်ရှင် နိုင်ဦးမည်လား။ ကျွန်တော့်စိတ်ထဲမှာ မကောင်းဖြစ်နေမိသည်။ ဖြစ်နိုင်လျှင် ချက်ချင်းပင် ပြေးသွားပြီး ဦးဘညိုကို သူလိုချင်သော ပစ္စည်းတွေ ဝယ်ပေးလိုက်ချင်သည်။ မဖြစ်နိုင်သည်ကို ယုံကြည်နေသော သူ့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးရုံသက်သက်သာ ဖြစ်ပါသည်။ 


နောက်တစ်နေ့တွင် နံနက်စောစော ကျွန်တော် ဝါးကားဖြင့် ပဲခူးကို ပြန်လာခဲ့ပါသည်။ မြို့တွင်လစာထုတ်ပြီး ဦးဘညိုအတွက် ရွှေမော်ဓောဘုရားတွင် သနပ်ခါးနှင့် ပုတီးကို သွားဝယ်ပေးသည်။ နံ့သာဖြူ သနပ်ခါး တုံးလေးက အတုံးသေးသေးလေးကိုပင် ၁၂ ကျပ်လောက်ဖြစ်ပြီး စိပ်ပုတီးက ၈ ကျပ်ဖြစ်ရာ စုစုပေါင်း ၂၀ ကျပ် ကျသင့်နေသည်။ မှာလိုက်သူ ပေးလိုက်သည်က ၅ ကျပ်သာဖြစ်သည်။ သို့သော် ကျွန်တော် ဝယ်လိုက်ပါသည်။ 


ကျွန်တော် ရွာကို ပြန်ရောက်လာသည့်နေ့တွင် မခင်မြင့်က ကွယ်လွန်နေပြီ။ ရွာထုံးစံအရ ၇ ရက်ထားမည် ဖြစ်ရာ အလောင်းကို ရွာပြင် သုသာန်သို့ထုတ်ထားရသည်။ 


ကျွန်တော်က အသုဘအိမ်ကိုသွားပြီး သနပ်ခါးတုံးလေးနှင့် စိပ်ပုတီးလေးကို သွားပေးလိုက်ပါသည်။ ဦးဘညိုက မျက်ရည်တွေဝဲလျက်


“ဆရာရေ သမီးလေးကို မသေခင် ပေးလိုက်ချင်တာ ဒါပေမဲ့ ဆရာပြန်လာအောင် သူကမနေတော့ဘူးလေ။ သမီးကတောင် မေးနေသေးတယ်။ ဘယ်မှာလဲတဲ့”


“အေးပါဗျာ စိတ်ထဲမကောင်းပါဘူး။ ကျွန်တော်ကလည်း ချက်ချင်းပြန်လာဖို့ မဖြစ်နိုင်လို့ပါ”


“ဆရာ ... ကျွန်တော် ပေးလိုက်တဲ့ပိုက်ဆံ လုံလောက်ပါရဲ့လား”


“ဪ ... လောက်ပါတယ် ... ကွက်တိပါပဲ”


ကျွန်တော်လိမ်ပြောလိုက်မိပါသည်။


အသုဘချသည့်နေ့တွင် သင်္ချိုင်းကို ကျွန်တော်တို့ရောက်လာကြသည်။ ဇရပ်တွင် သရဏဂုံတင်ပြီးနောက် ဦးဘညိုက သူ့သမီးအခေါင်းထဲကို ကျွန်တော် မြို့ကဝယ်လာသည့် ပုတီးနှင့် သနပ်ခါးတုံးလေးထည့်ပေးကာ


“မရင်လှရေ ... နင်ကြိုက်တဲ့ သနပ်ခါးနဲ့ ပုတီးကို သမီးနဲ့ လူကြုံပေးလိုက်တယ် သိလား” ဟု မျက်ရည်တွေနှင့် ပြောကာ ငိုရှာသည်။


သူ့ဇနီးအတွက် သမီးနှင့်ပေးလိုက်သော သနပ်ခါးနှင့် ပုတီးသည် ရောက်မရောက်တော့ မသိပြီ။


တင်ညွန့်


၃.၄.၂၀၂၄

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

"တစ်ပတ်လည်လာသော ဝဋ်နာ"