သေပြီးသော်မှ

 "*သေပြီးသော်မှ "* 📖📖📖


***************


မိုးလေး တဖွဲဖွဲရွာလာသည့်အချိန်မှ

ကျနော်အိမ်ပြန်ရန် သတိရလိုက်သည်။


အချိန်က ရှစ်နာရီခွဲခန့် ရှိပြီး ဖြစ်သဖြင့်

လိုင်းကား အသွားအလာလည်း မရှိတော့။


မြို့တွင်းမှ အပြန်ကားတစ်ချို့သာ ရပ်ကွက်ထဲ

ဝင်လာသည်ကို တွေ့နေရသည်။


လမ်းပေါ်မှာလည်း မိုးရွာနေသည့်အတွက်

လူရှင်းသလောက် ဖြစ်နေသည် သူငယ်ချင်းမိတ်ဆွေ

လေးယောက် ဆုံမိပြီး လက်ဖက်ရည်ဆိုင်မှာ

စကားကောင်းနေမိခြင်း ဖြစ်သည်။


သူတို့၏ ရပ်ကွက်ဖြစ်သဖြင့် အချိန်လင့်သော်လည်း

အကြောင်းမဟုတ်သဖြင့် ထိုင်ရာမှ မထကြသေး။


ကျနော်က သူတို့ရပ်ကွက်မှ အပြန်လမ်းလျှောက်လျှင်

တစ်နာရီနားပါးမျှ ကြာပေလိမ့်မည်။


သို့ကြောင့် ဆိုက်ကား စီး၍ စိတ်ကူးပြီး

 အနီးပတ်ဝန်းကျင်မှာ

ဆိုက်ကားရှိ/မရှိ ကြည့်လိုက်သည်။


ဆိုက်ကားတစ်စီးမှမတွေ့ ရှေ့လမ်းဆုံမှာ

 ရှိကောင်းပါရဲ့တွေးပြီး

ထီးဆောင်းကာ ဆက်လျှောက်လာခဲ့သည်။


ကလင်…ကလင်…ကလင်…


ခြေလှမ်းအနည်းငယ်ပဲ လှမ်းရသေးသည်။

နောက်ဘက်က ဆိုက်ကားဘဲလ်တီးသံကြောင့်

ဝမ်းသာအားရနှင့် နောက်လှည့်ကြည့်ပြီး ဆိုက်ကားကို

တားလိုက်သည်။


အနားသို့ ရပ်လာသော ဆိုက်ကားဆရာက…


"ဘယ်သွားမလဲ ဆရာကြီး"


"ကျန်စစ်သား လမ်းကိုပါ"


"တစ်ထောင့်ငါးရာတော့ပေးဗျာ"


ကျနော်လည်း စျေးမဆစ်တော့ဘဲ ဆိုက်ကားပေါ်သို့

တက်လိုက်သည်။ နေ့ခင်းဆို တစ်ထောင်ပေးစီးရသောလမ်း

ဖြစ်သည်။


ဆိုက်ကားနင်း၍ မကြာခင် 

ဆိုက်ကားဆရာက စကားစပြောသည်။


"မိုးက ကုန်တော့မယ် ဒီနှစ် မုန်တိုင်းကြီးကြီးမားမား

မကျလို့ တော်တော်လေး 

ကံကောင်းတဲ့ နှစ်လို့ပြောလိုရတယ်"


"မုန်တိုင်းကို ကြောက်လို့လား"


"ဟာ ဆရာကြီးကလည်း မုန်တိုင်းဆိုတဲ့ အသံ နောက်ပြောင်

ပြောတာတောင် မကြားချင်ဘူး။ ကျနော်တို့ မိသားစု

ကွေကွင်းရတာ ။ ဘဝတွေပျက် ။ 

စီးပွားတွေ ပျက်ရတာလည်း ဒီမုန်တိုင်းကြောင့် ဆိုပါတော့"


"ဆရာကြီးက ဘယ်မုန်တိုင်းနဲ့ ကြုံဖူးလိုက်လို့လဲ"


"ဘယ်မုန်တိုင်းဖြစ်ရမလဲ ။ 

နာဂစ်မုန်တိုင်းပေါ့ဗျာ။

ကျနော်က ဘိုကလေးမြို့နယ်မှာ နေတာ။


မိသားစု ခုနှစ်ယောက်ရှိတဲ့ အထဲက ကျနော်ရယ်

မြေးမလေးရယ်ပဲ အသက်ရှင်ကျန်ခဲ့တာ။

ကျနော်တို့ရဲ့ ဆွေမျိုးတွေလည်း အကုန်သေကုန်တယ်

မုန်တိုင်းစဲတော့ ကယ်ဆယ်ရေးစခန်းမှာ

တစ်လနေခဲ့တယ်။ နောက်ပိုင်း အဲဒီသားကွဲ မယားကွဲ။


ဆွေမျိုး ကွဲတဲ့နေရာဒေသမှာ မနေချင်တော့လို့

မြေးမလေးကို ခေါ်ပြီး ရန်ကုန်ကို ထွက်လာခဲ့တာ။

ဒီရန်ကုန်မှာ ရရာအလုပ်ရှာပြီး လာလုပ်နေတာ။

အခု ဆိုက်ကားနင်းပြီး အလုပ်လုပ်နေတယ်။


မြေးမလေးကလည်း အထည်ချုပ် စက်ရုံမှာ

အလုပ်,လုပ်နေပြီ ။ မြေးမလေးက ရန်ကုန်ကို

လာကာစက ဆယ့်သုံးနှစ် သမီးပဲရှိတာ။

အခုတော့ အရွယ်ရောက်နေပါပြီ။

မြေးအဖိုး နှစ်ယောက်ရတဲ့ ပိုက်ဆံနဲ့ အိမ်ငှားခ

စားဝတ်နေရေး ဖြေရှင်းရတာပေါ့ဗျာ"


"အဲဒီအချိန်က လူတွေတော်တော်သေမှာပဲနော်"


"သေတာတော့ မပြောပါနဲ့ဗျာ။

သိန်းဂဏန်းချီတယ်။

လေတိုက်နှုန်းကလည်း (၁၂၀)ကျော်တယ်တဲ့။

ဧရာဝတီတိုင်းမှာ ဟိုင်းကြီးကျွန်း

လပ္ပတ္တာမြို့နယ် မော်ကျွန်းမြို့နယ်

ဘိုကလေးမြို့နယ် ဖျာပုံမြို့နယ်

ကျိုက်လတ်မြို့နယ် ဒေးဒရဲမြို့နယ်

ကွမ်းခြံကုန်း ကော့မှူးမြို့နယ်တွေက

အထိနာဆုံးဗ်"


"လူတွေ ဒီလောက်အများကြီးသေတာ။

အစိမ်းသေတွေဆိုတော့ သရဲလည်း 

တော်တော်ခြောက်မှာပဲနော်"


"သရဲကတော့ နေရာအနှံ့ခြောက်တာပေါ့ဗျာ။

ဒါပေမဲ့ ကြောက်အောင်ခြောက်တာတော့ မဟုတ်ဘူး။

အပူသည်တွေ မဟုတ်လား။

ညညဆိုရင် ကယ်ပါ ယူပါ တဆာဆာဆာအော်သံတွေ

ကြောက်လန့်ပြီး ပြေးလွှားသံတွေ ငိုယိုပြီး

မိသားစုကို ခေါ်နေတဲ့အသံတွေ ညတိုင်းလိုလို

ကြားနေရတယ်"


"ဒါထက် သရဲအကြောင်းလေးများ 

ကိုယ်ပိုင်ကြုံတွေ့ခဲ့ရင်

ပြောပြပါလား ။ ကျနော်က 

သရဲအကြောင်းစာရေးနေတာဆိုတော့

ကြုံဖူးတာလေးများ ရှိရင် ကြုံတုံးပြောပြပါလား"


"အင်း…ရေစကြီးကာစ အချိန်မှာပဲ

သနားစရာကောင်းတဲ့ ဝိညာဉ်သရဲတစ်ကောင်နဲ့

ကြုံလိုက်သေးတယ်။အဲဒီအကြောင်း ပြောပြမယ်"


"ဟုတ်ကဲ့ ကျေးဇူးပါပဲ"


XxXXXXX


အချိန်က တန်ခူးလဆုတ်(၁၂)ရက် ၂၀၀၈ ခုနှစ် မေလ (၂)ရက်

သောကြာနေ့ ည(၈)နာရီကျော်မှစ၍ နာဂစ်မုန်တိုင်းစတင်

တိုက်ခတ်လာသည်။


လေသံက တဝုန်းဝုန်း ကြောက်ခမန်းလိလိ

တိုက်ခတ်နေသည်။


ဦးထွန်းလှ၏အိမ်က ကြမ်းပြင်မှ

 မြေပြင်အထိ လေးပေခန့်မြင့်သည်။


"အဖေ အဖေ ဒီလေတော်တော် ပြင်းတယ်။

ဒီအတိုင်း ဆက်တိုက်နေရင် သစ်ပင်တွေ လဲနိုင်တယ်"


"ဟော …ခြံထဲက ကုက္ကိုပင်ကြီးလဲသွားပြီ

ဟင်…အုန်းပင်ပါ လဲတော့မယ်"


လေစတိုက်စဉ် မိုးသက်လေပြင်းက ပါလာသည့်အတွက်

ရေပါကြီးတက်လာသည်။ ညဆယ်နာရီခန့်အရောက်

အိမ်ကြမ်းပြင်ကို ရေထိခတ်သံ ကြားလိုက်ရသည်။


ဦးထွန်းလှက အိမ်ရှိ လူအားလုံးကို သတိပေးလိုက်သည်။


"ဟဲ့ အခြေအနေမကောင်းဘူး ။

ရေ ဒီထက်ပိုတက်လာရင် အိမ်ထဲမှာ နေလို့မရတော့ဘူး

တာပေါ်သွားကြမယ်"


တာက ဆယ်ပေမှ ဆယ့်နှစ်ပေခန့် မြင့်သဖြင့်

ရေလွတ်နိုင်သည်။


"နေပါဦး …တော်…ခဏနေ လေငြိမ်သွားရင်

ရေပြန်ကျသွားမှာပဲ စောင့်ကြည့်ပါဦး"


ဝေါ ဝေါ ဝေါ


ဝုန်း…ဝုန်း…ဝုန်း…


ဝှီး…ဝှီး …ဝှီး


သူတို့နေသော အိမ်အမိုးပွင့်ထွက်သွားသည်။


လုံးဝ အမိုး မရှိတော့ ခြံထဲမှ အုန်းပင်များ သစ်ပင်များလည်း

ယိုင်လဲနေပြီ ။  


"ကဲ…အားလုံး ဆင်းကြ ။ ဘာပစ္စည်းမှ

ယူမနေနဲ့ လူလွတ်ဖို့ အရေးကြီးတယ်"


သူတို့မိသားစု အိမ်ပေါ်က ဆင်း၍

မြေပြင်အရောက်မှာ ရေက ရင်စို့ခန့် ရောက်နေပြီ ဖြစ်သည်။


ဦးထွန်းလူက မြေးမလေးကို ပခုံးပေါ် ခွထိုင်ခိုင်းလိုက်သည်။

ထို့နောက် ဇနီးသည်ကို လက်ကဆွဲသည်။


သားကြီးက သူ၏သားကြီးကို ကုပ်ပေါ်တင်ပြီး

ဇနီးသည်အား လက် လက်က ဆွဲသည်။


ဇနီးသည်ကလည်း သားငယ်လေးကို ကုပ်ပေါ်တင်ပြီး

လှိုင်းပုတ်ခတ်နေသော ရေကို အံတုပြီး အိမ်ပေါ်မှ

ဆင်းခဲ့ကြသည်။


တာလမ်းရှိရာသို့ ဦးတည်လျှောက်ခဲ့သည်။


ရေက လည်ပင်းအထိ နစ်မြှုပ်နေသလို

လှိုင်းများ၏ ရိုက်ခတ်မှုက မျက်နှာကို

လာရောက် ထိခတ်နေသည်။


"မြေးလေး အဘိုးခေါင်းကို သေသေချာချာ ကိုင်ထား

မမြအေး လျှောက်လို့ရလား"


ဒေါ်မြအေးက ဦးထွန်းလှအရပ်နှင့် သိပ်မကွာသည့်အတွက်

ရေက လည်းပင်အထိ ရောက်သေးသည်။


အားလုံးရေထဲ စမ်းပြီး လျှောက်နေခဲ့သည်။

ရေဆန် လေဆန် တိုးဝှေ့သွားနေရသဖြင့်

ခရီးမထွင် လေက ပြင်းထန်လွန်းသဖြင့်

လှိုင်းများက တစ်လုံးပြီး တစ်လုံး ခေါင်းပေါ်က

ဖြတ်ဖြတ်သွားသည့်အတွက် ရေမွန်းနေကြသည်။


တာလမ်းမကြီးပေါ်မှာ လူတစ်ချို့ ရောက်နေကြောင်း

ဓါတ်မီးရောင်များကြောင့် သိနေရသည်။


ထိုနေရာကို မှန်းပြီး လာနေပေမယ့် လေပြင်းကြောင့်

ရှေ့ကို မရောက်နိုင် …


"ဝေါ…ဝေါ…ဝေါ…"


"အမလေး"


ရေအောက်မှာ လဲနေသော သစ်ပင်အကိုင်းများကို

ခလုတ်တိုက်ပြီး ဦးထွန်းလှ၏

 ချွေးမက ယောင်္ကျားလက်မှလွတ်ပြီး

ရေစီးနှင့်အတူ မျောသွားသည်။


"မိစိုး …ရေ…မိစိုး တွေ့တဲ့သစ်ကိုင်းကို ဆွဲထား"


ကုပ်ပေါ်မှ ကလေး၏ အလေးချိန်ကြောင့်

တစ်ဖက်သို့ လဲကျသွားသော မစိုးမေလည်း ကုပ်ပေါ်က

ကလေးလွတ်သွားသဖြင့် ကလေးကို မမိတော့။


ယောင်္ကျားဖြစ်သူလည်း ဇနီးသည် ရေထဲမျောပါသွားသည်ကို

တွေ့သဖြင့် လိုက်ဆယ်ရန် ကြိုးစားသော်လည်း

ကုပ်ပေါ်မှာ ကလေးတစ်ယောက်က ရှိနေသလို

လေကလည်း လူကို တွန်းထုတ်သလို ဖြစ်နေသည်။


လှိုင်းကလည်း ပြင်းထန်စွာ ရိုက်ခတ်နေသည့်အတွက်

နီးရက်နဲ့ ဝေးသွားရတော့သည်။


မယားဖြစ်သူက အဝေးသို့ မျောသွားသလို လင်ဖြစ်သူကလည်း

ရေထဲမှ သစ်ကိုင်းကို ခလုတ်တိုက် လဲကျပြီး

ကုပ်ပေါ်က ကလေးပြုတ်ကျသွားသဖြင့်

ကလေးကို လိုက်ဆယ်ယူရာက သစ်ကိုင်းများနှင့်

ငြိတွယ်ပြီး ရေပေါ်သို့ ပြန်ပေါ်မလာတော့။


ယောင်္ကျားဖြစ်သူလည်း ဇနီးသည်ရေထဲမျောပါသွားသည်ကို

တွေ့သဖြင့် လိုက်ဆယ်ရန် ကြိုးစားသော်လည်း

ကုပ်ပေါ်မှာ ကလေးတစ်ယောက်က ရှိနေသလို

လေကလည်း လူကို တွန်းထုတ်သလို ဖြစ်နေသည်။


လှိုင်းကလည်း ပြင်းထန်စွာ ရိုက်ခတ်နေသည့်အတွက်

နီးရက်နဲ့ ဝေးသွားရတော့သည်။ မယားဖြစ်သူက

အဝေးသို့ မျောသွားသလို လင်ဖြစ်သူကလည်း

ရေထဲမှ သစ်ကိုင်းကို ခလုတ်တိုက် လဲကျပြီး

ကုပ်ပေါ်က ကလေးပြုတ်ကျသွားသဖြင့်

ကလေးကို လိုက်ဆယ်ယူရာက သစ်ကိုင်းများနှင့်

ငြိတွယ်ပြီး ရေပေါ်သို့ ပြန်ပေါ်မလာတော့။


ဦးထွန်းလှလည်း သားနှင့် ချွေးမတို့အဖြစ်ကို

မြင်ပြီး ရှေ့ကို ဆက်မသွားနိုင်ဖြစ်နေသည်။


အမှောင်ထုကလည်း တစ်ယောက်နှင့်တစ်ယောက်

သိပ်မဝေးပါဘဲ မမြင်နိုင်သော အဖြစ်မျိုး ကြုံနေရသည်။


ထိုအချိန် ရေလှိုင်းများက တဝုန်းဝုန်း ရိုက်ခတ်နေသည့်အတွက်

ဦးထွန်းလှ၏ ဇနီးမှာ ရေမွန်းပြီး အသက်ရှုကြပ်နေသည်။


အဒေါ်ကြီးမှာ နှလုံးရောဂါအခံကလည်း ရှိသည်။


သားနှင့် ချွေးမ မြေးငယ်များ၏ အဖြစ်ကို မြင်ပြီး

ရေထဲမှာပင် သတိမရ တစ်ချက်ရ တစ်ချက်ဖြစ်ကာ

အသိလွတ်,လွတ်သွားသည်။


ဝါးတစ်ပြန်ခန့်သာရှိတော့သည်။

တာလမ်းသို့ရောက်ရန် ရေစီးကို အံတုပြီး

အားကုန် တိုးသွားသည်။


ဇနီးသည်ကိုလည်း လက်က မလွတ်တမ်း ဆွဲထားသည်။


"ကယ်ကြပါဦး…ကယ်ကြပါဦး"


တာပေါ်မှ လူများကြားရန် မိုးလေသံကို

အံတုပြီး အားကုန်အော်လိုက်သည်။


ဦးထွန်းလှ၏ အသံကို ကြားသဖြင့် တာပေါ်မှ

လူများ ဓါတ်မီးနှင့် လှမ်းထိုးကြသည်။


"ရှေ့တိုး လာခဲ့ဗျို့။

ရောက်တော့မယ်"


တာဘေးမှာ ကပ်ရောက်နေသော သစ်ပင်ကြီးတစ်ပင်၏

အကိုင်းကို ဦးထွန်းလှ ဖမ်းဆုပ်ကိုင်မိလိုက်သည်။


ထိုအပင်ကြီးကလည်း လေပြင်းတိုက်၍

ရေလှိုင်းရိုက်သဖြင့် လှုပ်ရှားနေသည်။

သူသတိထားပြီး ဖမ်းဆုပ်လိုက်သည်။


တာပေါ်မှ လူငယ်နှစ်ယောက်က သစ်ကိုင်းကြီးကို

အားပြုပြီး ဦးထွန်းလှတို့ကို ရေထဲဆင်းပြီး လာဆွဲသဖြင့်

ကံကောင်းထောက်မစွာ တာပေါ်သို့ ရောက်ခဲ့သည်။


ဦးထွန်းလှလက်ထဲမှ မလွှတ်ဘဲ ဆွဲလာသော ဇနီးသည်က

တာပေါ်ရောက်လာပေမဲ့ အသက်ပါမလာတော့ချေ။


တာလမ်းမနှင့် အိမ်ပေခြောက်ဆယ်ခန့်သာ

ဝေးသော်လည်း လေပြင်းနှင့် ရေလှိုင်းတို့က

သူတို့ မိသားစု ခုနှစ်ယောက်မှ ဦးထွန်းလူနှင့်

မြေးမလေး တို့နှစ်ယောက်ကိုသာ အသက်ရှင်ခွင့်

ပေးခဲ့သည်။


ထို့နောက်ပိုင်း ဦးထွန်းလှတို့ကဲ့သို့ပင် တစ်ယောက်စ

နှစ်ယောက်စ တာပေါ်သို့ ရောက်လာကြသည်။


သူတို့တစ်တွေလည်း မိသားစု အကွဲကွဲ 

အပြားပြားနှင့် ရောက်ရှိလာခြင်း ဖြစ်သည်။


အချိန်က ဆယ်တစ်နာရီခွဲခန့်ရှိပြီး အသက်နှစ်ဆယ်ခန့်ရှိသော

လူငယ်တစ်ယောက် တာပေါ်သို့ ကုတ်ဖက်တွယ်တက်လာသည်။


သူက အဝါရောင်တီရှပ်နှင့် အနီရောင်ဘောင်းဘီကို

ဝတ်ဆင်ထားသည်။


"ကယ်ကြပါ …ကယ်ကြပါ 

ဟိုနားမှာ ကျနော့်ညီလေးနဲ့ ကျနော့်အမေ ရေနစ်နေတယ်

ဟိုရှေ့က မလဲသေးတဲ့အုန်းပင်မှာ တွယ်ကပ်နေတယ်

ဝိုင်းကယ်ပေးကြပါ"


"မင်းငါတို့ကို ဓါတ်မီးနဲ့ ထိုးပြ"


လူကြီးတစ်ယောက်က ဓါတ်မီးလှမ်းပေးသည်။


"ဦးလေးပဲ ထိုးကြည့်ပါ။

ဟိုရှေ့က အုန်းပင်ကြီးမှာပါ"


မိုးကလည်း သည်းကြီးမည်းကြီး ရွာနေသလို 

လေပြင်းကလည်း တိုက်နေသည်။

ဓါတ်မီးရောင်က အဝေးသို့တိုင် မမြင်ရ

မိုးစက်မိုးပေါက်များက ပိတ်ထားသလို ဖြစ်နေသည်။


"တွေ့ပြီ အုန်းပင်တော့ တွေ့ပြီ"


"အဲဒီအပင်မှ တွယ်ပြီး ဖယ်ထားတယ်"


တာပေါ်မှာ လူလတ်ပိုင်းနှစ်ယောက် ရေထဲသို့

ဆင်းသွားပြီး ဓါတ်မီးဝိုင်း ထိုးထားသော

အုန်းပင်သို့ ကူးသွားသည်။


ရေကူးလာသော လူရွယ်နှစ်ရွယ်က ခါးတစ်ပိုင်း

ပေါ်နေသော ဆယ်နှစ်ရွယ် ကောင်လေးကို

တွေ့၍ ဆွဲယူလိုက်သည်။


ထို့နောက် ကျန်လူရွယ်က ရေထဲမှာ

ခေါင်းသာပေါ်နေသော အဒေါ်ကြီးကို

ရေပေါ်ဆွဲယူလိုက်ပြီး တာလမ်းဘက်သို့

ကူးခဲ့သည်။


တာပေါ်မှ နေ၍ လူတစ်စုက ဝိုင်းဆွဲ တင်ကြသည်။


ကောင်လေးက ဘာမှ မဖြစ်သော်လည်း

အသက်ငါးဆယ်ခန့် အဒေါ်ကြီးက သတိမေ့လျက်

ပါလာသည်။


ပါးစပ်ထဲမှ ရေများထွက်အောင် လုပ်ပြီး သတိရအောင်

ပြုရကြသဖြင့် ခဏအတွင်း သတိပြန်ရလာသည်။


"ဟဲ့…ငါ့သားကြီး …ငထွန်း …ငထွန်း သားကြီးရော

သားကြီး သားကြီးရေ"


"အမေ…အစ်ကိုကြီးကို မတွေ့ဘူး"


"စောစောက သူလာပြောလို့ အဒေါ်တို့ သားအမိကို

ကျနော်တို့ ဆင်းဆယ်တာ"


"မဟုတ်ဘူး …မဟုတ်ဘူး သားသေပြီနဲ့ တူတယ်

သားက အဒေါ်တို့ကို အပင်မှာ ဖက်ပြီး ထမ်းတင်ပေးထားတာ"


"မဟုတ်သေးဘူးအဒေါ် …သူလာပြောလို့ ကျနော်တို့

အခုလို ဆင်းဆယ်ဖြစ်တာ အဒေါ်တို့က ဘယ်နှယောက်လဲ"


"အိမ်က ထွက်လာကတည်းက သုံးယောက်ထဲ

ကျန်တဲ့သမီးနဲ့ သမက်က ငါးရှားတဲ့ နေရာမှာ ရောက်နေတယ်

သူတို့လည်း ရှိတော့မယ် မထင်ဘူး။

ငါ့သားကြီးကို သွားကယ်ကြပါ"


"ဟေ့ ..သိန်းဇော် ရေကူးနိုင်သေးလား အဒေါ်ကြီး

ကျေနပ်အောင် သွားကြည့်ပေးပါ"


"စောစောက လာပြောတဲ့ ကောင်လေးဘယ်မှာလဲ"


အမှောင်ထဲမှာ ယောင်္ကျား မိန်းမဆယ့်ငါးယောက်ခန့်

ရှိသော်လည်း စောစောက ကယ်ပါယူပါ ဟု လာပြောသော

ကောင်လေးကို ခေါ်ထုတ်ရာ မရသဖြင့် သိန်းဇော်ဆိုသော

လူရွယ်လည်း ရေထဲ ဆင်းသွားသည်။


အဒေါ်ကြီး သားအမိကို ကယ်တင်ခဲ့သော အုန်းပင်ကြီးသို့

ကူးသွားသည် ။တာလမ်းမှ ပေနှစ်ဆယ်ခန့်သာ

ဝေးပေမယ့် လေပြင်းကလျော့ မသွားသလို

နှစ်ပေသုံးပေခန့်မြင့်သော လှိုင်းလုံးများက 

တဝုန်းဝုန်း ပစ်ရိုက်နေသဖြင့် အုန်းပင်ရှိရာသို့

ပင်ပန်းကြီးစွာ ကူးခတ် သွားရသည်။


အုန်းပင်ကြီးသို့ရောက်သည်နှင့် ရေအောက်သို့ငုပ်ပြီး

စမ်းလိုက်သည်။အဒေါ်ကြီးပြောသည့်အတိုင်း

အောက်နားမှာ အုန်းပင်ကို ဖက်ထားသော လူတစ်ယောက်ကို

စမ်းမိလိုက်သည်။


ဖက်ထားသော လက်ကို ဆွဲဖြုတ်ကာ

ရေပေါ်သို့ ဆွဲတင်လိုက်သည်။

သိန်းဇော် ဆွဲတင်လိုက်သော လူမှာ

အသက်ကင်းမဲ့နေကြောင်း သိသော်လည်း

တာရိုးအထိ ကြိုးစား ဆွဲခေါ်ခဲ့သည်။


တာပေါ်က လူအားလုံးသတိကင်းမဲ့သော လူရွယ်ကို

မြင်လိုက်သည်နှင့် တအံတသြ ဖြစ်သွားကြသည်။


"ဟင်…ဒီကလေး အသက်မရှိတော့ဘူး"


"ငါ့သား သေပြီ ဟုတ်လား ဟီး ဟီး…အမလေး

သားကြီးရဲ့ အမေတို့ကို ရေပေါ်,ပေါ်အောင်

အုန်းပင်ကို ဖက်ခိုင်းထားပြီး သူက အောက်က

ထမ်းတင်ပေးထားတယ်။ အမလေးသားရဲ့

သားသေမယ့် အစား ဒီအိုကြီး အိုမကြီး သေတာက

ကောင်းသေးတယ် ဟီး ဟီး ဟီး"


"အဒေါ် …အဒေါ် သားအတွက် ဖြေပါ ။

အဒေါ် သားက သူ့အသက်အသေခံပြီး တာတောင်။

အဒေါ်တို့ကို ကယ်ပေးဖို့ လာပြောသွားတယ်"


"ဘာ…ဘာပြောတယ်"


"စောစောက အဒေါ်တို့ကို လာမဆယ်ရသေးခင်

သူ့မှသူ ဒီဘောင်းဘီတို အနီရောင် တီရှပ်အဝါရောင်နဲ့

တာပေါ်တက်လာပြီး ဟိုအုန်းပင်မှာ 

အမေနဲ့ ညီလေးဖက်ထားတယ် သွား ကယ်ပေးကြပါလို့ 

အသည်းအသန် လာပြောတာနဲ့ ကျုပ်တို့ ဆင်းကယ်ဖြစ်တာ"


"ဟုတ်တယ် ဒီအင်္ကျီနဲ့ ဒီဘောင်းဘီကို ငါတို့မှတ်မိတယ်"


အားလုံး ဝိုင်းပြောကြသည်။


"အမလေး …ငါ့သားကြီး သေပြီးတာတောင် အမေနဲ့

ညီလေးကို ကယ်ခိုင်းသွားသေးတယ်။

ဟီး…ဟီး…ဟီး"


"ကဲ…စိတ်မကောင်း မဖြစ်နဲ့တော့ အဒေါ်

သူအသက်ပေးပြီး ကယ်သွားခဲ့တာ အဒေါ်တို့သားအမိ

အသက်ရှင်အောင် နေပေတော့"


တစ်ယောက်ကို တစ်ယောက်အားပေးနေကြသော်လည်း

အားလုံးဆောင်းစရာ မရှိ။ မိုးကာမရှိ။ မိုးထဲလေထဲမှာ

အသည်း ခိုက်အောင် ချမ်းနေကြသည်။


တစ်ညလုံး မိုးမစဲ လေတိုက်မရပ်ပါက တာပေါ်မှာ

ရောက်နေသူတို့၏ အသက်အားလုံး ရှင်နိုင်ဖွယ် မရှိနိုင်တော့

ရေက တာပေါ်ရောက်ရန် နှစ်ပေခန့်သာ ရှိတော့သည်။


XXXXXXXX


"အဲဒါ …နာဂစ်ဖြစ်တဲ့ညမှာ သေသွားပြီဖြစ်တဲ့

သရဲဝိညာဉ်ကောင်လေးက လူအသွင်နဲ့ တာပေါ်ကို

ရောက်လာပြီး သူ့အမေနဲ့ သူညီကို ကယ်ခိုင်းခဲ့တယ်

ကယ်တဲ့ လူတွေလည်း ရေထဲဆင်းရော သူလည်း

ပျောက်သွားရောပဲ တကယ့်ကြေကွဲစရာပါပဲဗျာ


မိုးလင်းတော့ တာပေါ်မှာ လူလေးယောက်အအေးပတ်ပြီး

သေသွားသေးတယ်။ကျုပ်တို့မြေးအဖိုးနဲ့ ဝိညာဉ်ကောင်လေးရဲ့

အမေနဲ့ ညီလေးလည်း မသေဘဲ ကျန်ခဲ့တယ်။

လေကလည်း ငြိမ်သက်ပြီဆိုတော့ ကယ်ဆယ်ရေးတွေ

ရောက်လာတယ်။ကျုပ်တို့ မြေးအဖိုး 

ဘုန်းကြီးကျောင်းတစ်ကျောင်း ရောက်ခဲ့တယ်။


ဆေးတွေတိုက် အရင်ရောက်သူတွေက ဝိုင်းပြုစုလို့

အသက်မသေခဲ့ဘူး။ဒီလိုနဲ့ ညဘက်ရောက်ခဲ့တယ်

သန်းခေါင်လောက်လည်းရောက်ရော…


"စိန်းညို…စိန်းညို…သမီး…ဒီမှာ ရှိလား"


အက်တက်တက် ရှတတ မိန်းမတစ်ယောက် 

ဘုန်းကြီးကျောင်းရှေ့မှာ

ထမီရင်လျားနဲ့ လာအော်နေသည်။


"စိန်းညိုရေ စိန်းညို သမီးအမေ့ကို အသံပြုဦး"


ကျောင်းမှာရှိသော လူများထဲမှာ စိန်းညို မရှိသဖြင့်

မရှိကြောင်း လှမ်းအော်ပြောလိုက်သည်။


ထိုမိန်းမလည်း အပြင်ပြန်ထွက်သွားပြီး ကျောင်းခြံစည်းရိုးစပ်က

ရေထဲဆင်းသွားသည်ကို လူတော်တော်များများ

မြင်လိုက်ကြသည်။


ထိုမိန်းမကြီးက ညဆယ့်တစ်နာရီကျော်လောက်

ရောက်ပြီဆိုလျှင် ဘုန်းကြီးကျောင်းအနီးရေစပ်က

ထမီရင်လျားနှင့် တက်လာပြီး …


"စိန်းညို …စိန်းညို …သမီး ဒီမှာ ရှိလား"


"စိန်းညို …စိန်းညို"


"စိန်ညို ဒီကျောင်းမှာ မရှိဘူးဟေ့"


ကျောင်းထဲက မရှိဘူးဆိုသော အသံကြားသည်နှင့်

ထမီရင်လျား ရေစက်လက်နှင့် ရေထဲပြန်ဆင်းသွားသည်ကို

အားလုံးတွေ့ကြရသည်။


ကျောင်းထိုင်ဆရာတော်က ပြောတယ်

သေသွားတဲ့သမီးကိုစိတ်စွဲပြီး …လွတ်ရာကျွတ်ရာမသွားနိုင်ဘဲ

လိုက်ရှာနေတာတယ်


အဲဒါတွေကတော့ ကျနော်ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့

ကြုံလိုက်ရတာ တမလွန်ရောက် သံယောဇဉ် ဝိညာဉ်တွေပါပဲ

အဲဒါပါဘဲ …နာဂစ်ကာလတုန်းက မခြောက်မလှန့်ပဲ

ကြုံလိုက်ရတဲ့ ဝိညာဉ်သရဲတွေ အကြောင်းပါ"


"အင်း…ကျနော် ဆိုက်ကားစီးမိတာ အတော်တန်ဖိုးရှိတာပဲ"


"ဘာကြောင့် တန်ဖိုးရှိတာလည်းဗျ"


"အော် …နာဂစ်မုန်တိုင်းကြားက မိဘကို ကူညီတဲ့ 

ဝိညာဉ်အကြောင်းရော 

ကြေကွဲဖွယ်ကောင်းတဲ့ ဝိညာဉ်အကြောင်းပါ

သိလိုက်ရလိုပါ "


"အချိန်မရလို့ အကျဉ်းချုပ်ပြောရတာ။

အဲဒီအချိန်တုန်းက အကြောင်းတွေကို တွေးမိတိုင်း

ဒီနေ့ ဒီအချိန် ဖြစ်ပျက်နေသလို ခံစားနေရတယ်

သုံးလေးနှစ်ရောက်တဲ့အထိ မိသားစု မျက်စေ့အောက်မှာ

အသေဆုံးနဲ့ ကြုံတွေ့ခဲ့ရတာကို မျက်လုံးထဲက

ဖျောက်ဖျက်လို့ မရခဲ့ဘူး။မိုးတွင်းရောက်ရင်

ပိုဆိုးတာပေါ့ဗျာ"


"ကျနော်လည်း ကိုယ်ချင်းစာပါတယ် ဆရာကြီးရာ

ဟော …အဲဒီရှေ့ကအိမ်ပဲ ရပ်တော့ …ရပ်တော့"


ကျနော်လည်း ဆိုက်ကားသမားကြီးကို ပိုက်ဆံတစ်ထောင်တန်

နှစ်ရွက်ပေးပြီး ပြန်အမ်းမခိုင်းတော့ဘဲ

အိမ်ထဲ ဝင်ခဲ့တော့သည်။


မိသားစု အကျိုးပေး ဆိုးဝါးလွန်းလှသော ဆိုက်ကားသမားကြီး၏

အကြောင်းကြားရသဖြင့် စိတ်မကောင်းရသလို

မိခင်နှင့် ညီလေးအတွက် အသက်အသေခံ၍

သေပြီးမှ မိဘတွေကို ကယ်ခွင့်ရခဲ့သော

လူငယ်လေး၏ ဝိညာဉ်လည်း ကောင်းရာမွန်ရာ

ရောက်ပါစေဟု ဆုတောင်းပေးလိုက်မိပါတော့သည်။


ပြီးပါပြီ


မူရင်းရေးသူ ဆရာ ဧကန်မင်းအားလေးစားလျက်


စာဖတ်သူတိုင်း စိတ်ရွှင်လန်းပါစေ


Like&shareလေးနဲ့အားပေးကြပါအုံး

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

"တစ်ပတ်လည်လာသော ဝဋ်နာ"