ချွေးမ မချက်သင့်သော ဟင်း(စ/ဆုံး)
ချွေးမ မချက်သင့်သော ဟင်း(စ/ဆုံး)
————————————-
“သား…မင်းမိန်းမ ပါးစပ်စည်းကမ်းမရှိဘူး”
အမေက သည်သို့ပြောလာသော အခါ မိုးအောင် စဉ်းစားရပြီ။ အတွင်းစကားများ မိန်းမဖြစ်သူ အပြင်ထုတ်လေပြီလား။ သို့လော သို့လော တွေးရသည်။ ဝါဝါသည် အနေအထိုင်ကျစ်လျစ်သည်၊ မလိုအပ်ဘဲ စကားကို ပရမ်းပတာ ပြောလေ့မရှိ။ အမေက အဘယ်ကြောင့် ပါးစပ်စည်းကမ်း မရှိဟူ၍ ပြောရပါသနည်း။ ဘာမဟုတ်တာလေးနှင့် ယောက္ခမနှင့် ချွေးမ မတည့်ဆိုသည့် အဖြစ်မျိုး အဖြစ်မခံနိုင်။ ဝါဝါကမူ မျက်နှာပျက်နေခြင်း မရှိ။ ပုံမှန်အတိုင်း သွားလာဆက်ဆံနေသည်။ အမေများ ဝါဝါ့ကို တစ်ခုခု စိတ်တိုင်းမကျ၍ ပြောလေခြင်းလား စဉ်းစားမရ ဖြစ်ရသည်။
ညနေဘက်ရာက်သောအခါ ဝါဝါက စကားစချီလာပြန်သည်။ “ကို…ချစ်တို့ အိမ်ခွဲနေရအောင်ပါနော်၊ ညားခါစ လွတ်လွတ်လပ်လပ်ပဲ နေချင်တယ်”။ သည်သို့ပြောလာပြန်ပြီ။ သမီး သမီး နှင့် အမေ အမေချင်း ထပ်နေခဲ့ကြသူ နှစ်ယောက် မည်သို့ဖြစ်ကြလေပြီနည်း။ နားမလည်နိုင်သည်ကား အမှန်ဖြစ်လေသည်။
“ဘယ်လိုဖြစ်ရတာလဲ ဝါဝါရယ်၊ ကို့မှာလည်း ဒီအမေ ဒီအဖေပဲ ရှိတော့တာလေ၊ ဘယ်ကစပြောရမယ် မသိဘူး”
“ချစ်က လွတ်လပ်ချင်လို့ပါ၊ ပြီးတော့ ကို, ယုံထားပေး၊ ကို, မသိအောင် ချစ့်အဖေနဲ့အမေကို ဘာမှ ခိုးမပို့ဘူး”
စကားသံတွေက အနည်းငယ် မာထန်နေသယောင် ထင်ရလေသည်။
ခက်ချေပြီ၊ ပြဿ နာ၏ အစကို မသိရ။ အမေနှင့် မိန်းမကြားတွင် ခေါင်းရှုပ်ရသည်။ ဖြစ်နိုင်ချေရှိသည့် အရာတစ်ခုခုကို စဉ်းစားကြည့်ပါစေ ဘာတစ်မှ မရှိ။ မီးသတ်ရဲဘော် တစ်ယောက်အနေဖြင့် လခလေး တစ်သိန်းရှစ်သောင်းသုံးထောင်သာ ရသည်။ လဖ္ဘက်ရည်ဖိုး၊ ကွမ်းဖိုးနှုတ်၍ ကျန်တာ ဝါဝါ့ကိုအပ်တာပဲ ဖြစ်သည်။ အဖေ့ပင်စင်လစာနှင့် အမေတို့တွင်လည်း သုံးစရာစွဲစရာ ရှိပါသည်။ မနေ့က အမေ ဆိတ်ကလီစာ စားချင်သည်ဆို၍ ဝါဝါ လခထုတ်ရက်ကလေး အပြေးသွားဝယ်သည်ကား ချက်ချင်း။ အူစိုစို ဆို၍ လကုန်ရက်ကလေးများသာ ရှိတတ်သည် မဟုတ်ပါလား။ ဝါဝါသည် အလိမ္မာအိမ်ပါ သမီးဟု ဆိုရမည်အထိ ယောက္ခမတွေ မျက်နှာ တစ်ချက်အပျက်ခံသူ မဟုတ်။
“ဘယ်သူက ဝါဝါ့ကို ဘာပြောနေလို့လဲကွယ်၊ အဖေကလား၊ အမေကလား၊ ကို… ရှင်းပြပေးပါမယ်ကွယ်”
“မဟုတ်ပါဘူး ကိုရယ်၊ ကို့ကို ချစ်တယ်”
စိတ်တထင့်ထင့်ဖြင့်ပင် ထမင်းပွဲရောက်ရသည်။ အဖေက ဘာသိဘာသာနေသာသလို ခါတိုင်းပုံစံပါပဲ။ အမေနှင့် ဝါဝါသာ စိတ်အခန့်မသင့် ဖြစ်နေကြဟန် တူသည်။ ခါတိုင်းလို အမေတွေ သမီတွေခေါ်ပြီး စကားတွေ ရွှန်းရွှန်းဝေမနေကြ။ ထမင်းဝိုင်းကလေးက တိတ်ဆိတ်လှသည်။
အမေက အဖေ့ ထမင်းပန်းကန်ထဲကိုသာ ဆိတ်ကလီစာဟင်း ခပ်ထည့်ပေးသည်။ ကိုယ်တိုင်းကျတော့ ထည့်စားတာ မတွေ့။ ဝါဝါသည်လည်း ထိုနည်းလည်းကောင်း။ မိုးအောင့် ပန်းကန်ထဲသာ ခပ်ထည့်ပေးနေသည် ကိုယ်တိုင်ထည့်မစား။ ဘာများ ဖြစ်နေကြပါသနည်း။ မနေနိုင်တော့၍ အမေ့ထဲရော ဝါဝါ့ထဲကိုပါ ဟင်းတွေ ခပ်ထည့်ပေးလိုက်ရသည်။ အဖေကလည်း ဘာမှ သိထားဟန် မတူ။ ပြူ းတူးပြောင်တောင် မျက်လုံးတွေဖြင့်သာ ကြည့်နေသည်။
“သား…ဆိတ်သားဈေးက ခေါင်ခိုက်နေတာ၊ နောက်ဆို ဝယ်မချက်စေနဲ့တော့၊ တစ်ပိဿ ာကို တစ်သောင်းခြောက်ထောင်၊ ငါးဆယ်သား ဝယ်ချက်မှ ဟင်း တစ်ခွက်ကျန်တာ အမေတို့ အသီးအရွက်ပဲ စားမယ်”
အမေ့ စကားကြောင့် ဝါဝါ သိသိသာသာ မျက်နှာပျက်သွားသည်။ ထမင်း တစ်လုတ် နှစ်လုတ်စားပြီး ထသွားတော့သည်။ အဖေလည်း မိန်းမတွေကြား စိတ်ရှုပ်သွားဟန်တူသည်။ လက်ဆေးပြီး ထသွားသည်။ အမေ့ မျက်နှာထားကမူ ခပ်တင်းတင်း။ မိုးအောင်လည်း စားချင်စိတ် မရှိတော့၍ လက်ဆေးလိုက်ရသည်။
“အမေ ပြောတာ မယုံဘူးဆိုရင် ဟင်းအိုကိုလှပ်ကြည့်လိုက် သား၊ သူ့ အဖေအမေဆီ မပို့ရင် ဘယ်ကိုပို့စရာ ရှိလဲ”
အမေ့ စကားတွေက နယ်ကျွံထွက်လာသည်။ ဟင်းအိုးကို လှပ်ကြည့် လိုက်တော့လည်း ပြောသည့်အတိုင်း ပြောင်တလင်းခါနေသည်။ မိုးအောင် သက်ပျင်းအကြီးကြီး လေးလေးပင်ပင် ချရသည်။ ထို ပြဿ နာသည် ခပ်သေးသေးဟူ၍ ယူဆထားမရ၊ မိန်းမတွေအကြောင်း နားလည်တန်သ၍ နားလည်မိသည်။ အမှိုက်က စ၍ ပြသာဒ်မီးလောင်သည့် အဖြစ်မျိုး အရောက်မခံနိုင်။ ကျွဲနှစ်ကောင် ခတ်ပါက မြေဇာပင်သည် အနင်းခံရပေတော့မည်။ ထိုသည်က သူဖြစ်နေလေပြီ။
*****
ထိုနေ့က ကိစ္စကို ရုံးက အန်တီသန်းအား ပြောပြသောအခါ တဟားဟား ရယ်နေလေသည်။ “ဖြစ်မှ ဖြစ်ရလေ မိုးအောင်ရယ်”ဟု အစဖော်ကာ အူတက်သည်အထိ ထပ်ရယ်နေသည်။ ‘အကြံတစ်ခု ပေးလိုက်မယ် အမေ့ကို တစ်ခါ ဆိတ်ကလီစာ အချက်ခိုင်းပေါ့’တဲ့။ ရှင်းပြတန်သည်ကိုလည်း ရှင်းပြပေးလိုက်ပါသည်။
အမေသည် ယောက္ခမတွေဖြင့် အတူမနေခဲ့ရ၍ အလားတူ ပြဿ နာမျိုး ကြုံတွေ့ခဲ့ပုံ မရှိချေ။ မည်မျှပင် ချစ်ခင်ကြသည့် ညီအစ်မ အရင်းများပင် ဖြစ်နေပါစေ မိန်းမဟူသည့် အမျိုးက တစ်ယောက်နှင့် တစ်ယောက် မျက်စိဒေါက်ထောက်ကြည့်နေကြသည့် သာပင်။ ဝန်တိုစိတ်ကလေးများ ရှိကြသည်သာပင်။ အပြိုင်အဆိုင် စိတ်ကလေးများ ကဲကြသည်ပင်။ ထိုသည်ကို အန်တီသန်းရှင်းပြမှ မိုးအောင် အတော်လေး သဘောပေါက်သွားရသည်။ အမေပြောသည့် ‘မင်းမိန်းမ ပါးစပ်စည်းကမ်း မရှိဘူး’ဆိုသည်က ဟင်းချက်ရင်း နှိုက်မြည်းတတ်သည်ကို ပြောလိုခြင်း ဖြစ်မည်။ ဆွမ်းတော်တင်၊ ဆွမ်းမလောင်းရသေးဘဲ ဟင်း ခူးခပ်စားခြင်းကို အမေမကြိုက်။ နောက်တစ်ခုက ဟင်းကောင်းချက်လျှင် ဝါဝါသည် သူ့အဖေအမေထံသို့ တိတ်တဆိတ်ပို့သည်ဟု အထင်ရောက်ကာ ပြောခြင်း ဖြစ်လေသည်။ ရိတ်ဖမ်းသံဖမ်း ဝါဝါသိစေရန် အမေသည် စကားထုတ်ပေလိမ့်မည်။ ဤသည်ကြောင့် အိမ်ခွဲနေကြရန် အနေမွန်းကြပ်၍ ဝါဝါက တောင်းဆိုခြင်း ဖြစ်လေသည်။
တကယ်တော့ အမေသည် ဣန္ဒြေရကာ အိမ်ရှင်မ ပီသသော ဝါဝါကို သဘောကျသည်။ ဝါဝါကလည်း အမေ့ကို အမေအရင်းလိုပင် စိတ်ထားနိုင်သည်ကို မိုးအောင် ကောင်းကောင်း သိပါသည်။ ထို့ကြောင့် ထို ဘာမဟုတ်သည့် ပြဿ နာကိုဖြေရှင်းရန် မိုးအောင် ကြိုးစားရပေတော့မည်။ အန်တီသန်းနှင့် တွေ့မှပင် အဖြေက ရှင်းရှင်းလင်းလင်းပေါ်လာ၍ ပြုံးနိုင်ရတော့သည်။
*****
အလုပ်က အပြန် မိုးအောင် ဝါဝါ့ကို ဝင်ခေါ်သည်။ ဘုမသိ ဘမသိဖြင့် သူ့အဖေအမေအိမ် ပြန်ရောက်နေသော ဝါဝါ ပြန်ပါလာသည်။ အစ ကတည်းက ပြောပြမထား။ အန်တီသန်း နည်းပေးသည့်အတိုင်း လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဝါဝါ့ကို နံနက်အစောကြီး သူ့မိဘအိမ် ပြန်ပို့ထားလိုက်ကာ အမေ့ကို ဆိတ်ကလီစာ ငါးဆယ်သား ဝယ်ပေးထားခဲ့သည်။ အမေ့မျက်နှာ တပြုံးပြုံး။ ‘သားရယ် သူလည်း သူ့အဖေနဲ့အမေ့ဆီ ပို့ချင်မှာပေါ့’ဟု စိတ်မကောင်းစွာ ပြောလိုက်သေးသည်။ မိုးအောင် ဘာမှ ပြန်ပြောမနေခဲ့။ အဖေ့ကိုသာ တိုးတိုးလေး ကပ်ပြောပြထားခဲ့သည်။ အဖေက အားရပါးရ ရယ်ရှာသည်။ ‘အဲဒါကြောင့် ကိုး’ဟု စုတ်တသပ်သပ် ဖြစ်ရင်း ကျန်ခဲ့သည်။ အကိုင်အတွယ် မတတ်လျှင် ချွေးမနှင့်ယောက္ခမသည် ထိမ်းသိမ်းရန် အလွန်ခက်ကြောင်း တွေးဆမိဟန်တူသည်။
သားနှင့်ချွေးမဖြစ်သူ အိမ်ပြန်လာကတည်းက အမေ့အပြုံးတွေ ရွှန်ရွှန်ဝေနေသည်။ “သမီး အဖေနဲ့အမေရော နေကောင်းရဲ့လား၊ ခမည်းခမက်တွေ ရောက်တောင်မရောက်ဖြစ်ဘူး”ဟု ပြောရင်း ဝါဝါ့ ဆံပင်တွေကို သမီးရည်းစားဘဝက အိမ်လိုက်လာစဉ်ကကဲ့သို့ပင် ဖီးသင်ပေးနေလေသည်။ ထိုအချိန်ကလည်း အမေသည် ဝါဝါလို လိမ္မာရေးခြားရှိသော သမီးချွေးမကို လိုချင်ခဲ့၍ ဖူးဖူးမှုတ် ဖြစ်ပြနေခဲ့ဖူးသည်။ ယခုလည်း ထိုနည်းလည်းကောင်းပင်။
“သမီးလေးကြည့်ရတာ မျက်တွင်းတွေ ချောင်နေသလိုပဲ၊ နေရောကောင်းရဲ့လား သမီး”
“ကောင်းပါတယ် အမေ၊ ခံတွင်းပျက်ချင်သလိုလို ဖြစ်နေတာရယ်၊ တစ်ခါတစ်ခါ ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်ဖြစ်သွားတယ်”
“ခံတွင်းပျက်နေရင် ဒီနေ့ အမေ့လက်ရာ ဆိတ်ကလီစာဟင်းလေး စားကြည့် သမီး၊ နေပါဦး သမီးတို့က တားဆေးတို့ဘာတို့ ထိုးတာစားတာမှ မရှိဘဲ ဟိုဒင်းဖြစ်နေဦးမယ်”
“ဟာ…အမေကလည်း”
အမေ့ စကားကြောင့် ဝါဝါ့ မျက်နှာလေး ပန်းသွေးရောင်ပြေးသွားတာ မိုးအောင် ကြည့်မဝ။ အဖေက လက်နောက်ပစ်ကာ မိန့်မိန့့်ကြီး ထမင်းစားခန်းထဲ ဝင်သွားသည်။
“လာ သမီး ထမင်းစားကြရအောင်”
အရယ်အမော လေးများဖြင့် ထမင်းဝိုင်းလေးက စိုစိုပြည်ပြည် ရှိလှလေသည်။ စိတ်ပျော်ရွှင်နေကြသောအခါ ထမင်းက ဝင်လှသည်။ အဖေပင် လက်သီးဆုပ်ခန့် နှစ်ခါထပ်ယူပြီ။ မိုးအောင်က အကြိမ်ရေ မသိတော့။ အကြံရှိသဖြင့် ဟင်းကိုလည်း အားမနာတမ်း ခပ်စားသည်။
“အမေ ဟင်း ထပ်ထည့်ပါဦး”
မိုးအောင်က ထမင်းထပ်ယူကာ ဟင်းတောင်း၍ အမေ့မျက်နှာ ပျက်သွားသည်။ ပြီးမှ ဖြည်းဖြည်းလေးလေး ပြောသည်။
“သားရယ် ဆိတ်ကလီစာ ဟင်းတို့ အမဲအူဟင်းတို့ဆိုတာက ချက်လိုက်ရင် ကျုံ့သွားတာကွယ့်၊ ဟင်းက ကုန်ပြီ”
‘အခုတော့ သိပြီမို့လား’ဆိုသော အပြုံးဖြင့် အဖေက ပြုံးနေသည်။ ဝါဝါက ခေါင်းကိုငုံ့ထားကာ မသိဟန်ဆောင်နေသည်။ မိုးအောင်ကသာ လုပ်သက်ပြင်းကို ခပ်ကျယ်ကျယ်ချရင်း လက်ဆေးသည်။
“သိဘူးလေ အမေရာ ငါးဆယ်သားချက်မှ အလယ်ထည်ပန်းကန်လုံးနဲ့ တစ်လုံးပဲရတာ သားမှမသိဘဲ”
မိုးအောင့် စကားကြောင့် အမေက ချွေးမဖြစ်သူကို ရှိူ းတို့ရှန်းတန်း ကြည့်ကာ ရယ်သည်။
“သမီးကိုတောင် ဟိုနေ့က ဟင်း မချက်တာကြာတော့ အထင်လွဲမိသေး သားရယ်၊ တကယ်က …”
အမေ့ စကားမဆုံးသေး အဖေက ဖြတ်ပြောလိုက်သောကြောင့် ထမင်းဝိုင်းကလေးသည် စိတ်ချမ်းချမ်းသာသာ ရယ်မောသံများဖြင့် သိမ်းလိုက်ရလေသည်။
“မင်းသာ မှတ်ထားပါ မိန်းမရာ နောက်ကို ဆိတ်ကလီစာတို့ အမဲအူဟင်းတို့ကို ချွေးမ မချက်ခိုင်းရဘူးဆိုတာ”
“မှတ်မိပါပြီတော်..မှတ်မိပါပြီ”
“ဟား ဟား ဟားးး”
“ခစ် ခစ် ခစ်….”
နေခြည်(ကြီးနီ)
____
ဇန်နဝါရီ ၂၈ /ကြေးမုံသတင်းစာ