အပြီးဖြတ်ခဲ့သော သံယောဇဉ်
“အပြီးဖြတ်ခဲ့သော သံယောဇဉ်”(စ/ဆုံး)
————————
“ဒီမယ်သမီး အိမ်ထောင်ဘက်ရွေးတယ်ဆိုတာ ဘဝရည်မှန်းချက်ရှိတဲ့လူကို ရွေးရတယ်။ မိဘပိုက်ဆံရှိပြီး ကိုယ်ကဘာအရည်အချင်းမှမရှိတဲ့ကောင်ကို ဘယ်တော့မှမရွေးချယ်မိစေနဲ့”
“ဟုတ်ကဲ့ပါအဖေ”
“ငွေကြေးဥစ္စာဆိုတာ မတည်မြဲဘူးနော် သမီး။ ဒီနေ့ချမ်းသာနေရင်လည်း မနက်ဖြန်မွဲချင်မွဲသွားနိုင်တယ်။ အရည်အချင်းရှိထားတဲ့လူဆိုရင် မွဲသွားပါစေဦး သူ့အရည်အချင်းနဲ့ ငွေပြန်ရှာလို့ရတယ်။ သူတစ်ပါးအလင်းရောင်နဲ့ တောက်ပနေတဲ့လူဆိုတာ အလင်းပေးတဲ့လူမရှိတော့ရင် အမှောင်အတိကျသွားမှာပဲ”
လွန်ခဲ့တဲ့သုံးနှစ်က သူမအဖေဆုံးမခဲ့တဲ့စကားများကို သီတာနွယ်ပြန်ကြားယောင်နေတာ ဖြစ်သည်။ မနက်ဖြန် အိမ်လခပေးရတော့မှာဖြစ်၍ လက်ထဲငွေမပြည့်ပဲဖြစ်နေသောကြောင့် တရေးနိုးပြီးပြန်အိပ်မပျော်နိုင်တော့ပဲ အဖေ့ရဲ့စကားများကို ပြန်ကြားယောင်နေတာ ဖြစ်သည်။
သူမ၏ယောက်ျား ဇော်မိုးထက်ကတော့ ကျောပေးပြီး တခေါခေါနဲ့အိပ်နေလေ၏။ ဘာအပူအပင်မှမရှိသည့်အတိုင်းပင်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
သီတာနွယ်တို့လင်မယားအိမ်ထောင်ကျခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်၏။ သူမအသက်နှစ်ဆယ့်သုံးနှစ်မှာ ကျခဲ့တာဖြစ်သည်။ ဇော်မိုးထက်က နှစ်ဆယ့်ငါးဖြစ်သည်။ သီတာနွယ်အဖေက ဇော်မိုးထက်နဲ့လုံးဝသဘောမတူ။ ဘဝရည်မှန်းချက်မရှိပဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားစရိုက်ကြောင့် သဘောမတူတာဖြစ်သည်။
မိဘသဘောမတူသည့်ကြားထဲကနေ အချစ်ကိုကိုးကွယ်ပြီး ဇော်မိုးထက်နောက် သီတာနွယ်ခိုးရာလိုက်ခဲ့သည်။ မိဘသဘောမတူသော ကြောင့် နယ်မှာမနေတော့ပဲလင်မယားနှစ်ယောက်ရန်ကုန်မှာအခြေချနေထိုင်ကြမယ်ဆိုပြီး ရန်ကုန်ကိုရောက်လာကြတာ ဖြစ်သည်။
ရန်ကုန်ရောက်ရောက်ချင်း သူ့သူငယ်ချင်းမာလာမြင့်ဆီမှာတစ်လလောက်နေသည်။ မာလာမြင့်အိမ်တွင်တစ်လလောက်နေပြီး ဆင်ခြေဖုံးရပ်ကွက်လေးတွင် လက်ရှိအိမ်ကိုငှားပြီးနေကြတာဖြစ်၏။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ညတစ်နာရီအချိန် တရေးနိုးခဲ့ပြီးသီတာနွယ်အိပ်မပျော်တော့။ အိမ်ထောင်ဘက်ရွေးချယ်တာနဲ့ပတ်သက်ပြီး သူ့အဖေဆုံးမခဲ့တဲ့စကားတွေဟာ သိပ်ကိုမှန်ကန်ပါလားဟု သီတာနွယ်တွေးနေမိသည်။
ဇော်မိုးထက်နဲ့ညှားခါစကတော့ သူတို့နှစ်ယောက်မှာ အချစ်ရှိရင်ပြည့်စုံပြီ။ လင်မယားနှစ်ယောက်အတူတူရုန်းကန်ကြရင် ဘဝပြသနာဆိုတာ အသေးအဖွဲလေးပါဟု ပေါ့ပေါ့လေးတွေးခဲ့မိသည်။ အခုအိမ်ထောင်သက်နှစ်နှစ်လောက်ရောက်ခါမှ သူထင်ထားတာတွေဟာ တက်တက်စင်အောင်လွဲနေမှန်း သိလိုက်ရပါတော့သည်။
ဇော်မိုးထက်က ဘာအလုပ်မှမလုပ်။ တနေကုန်၊ တနေခမ်း ဂိမ်းဆော့သည်။ ပိုက်ဆံနဲ့ဆော့တဲ့ဂိမ်းတော့ မဟုတ်။ ညတိုင်း ဆယ့်နှစ်နာရီ၊ တစ်နာရီမှအိပ်သည်။ မနက်ရှစ်နာရီ၊ ကိုးနာရီ သီတာနွယ်ချက်ပြုတ်ပြီးတဲ့အခါမှ အိပ်ယာကထသည်။ ထမင်းစားပြီးသောက်ပြီးလျှင် တနေကုန်ဂိမ်းပြန်ဆော့သည်။
သီတာနွယ်က သူ့ဆီပါလာတဲ့ရွှေတိုငွေစလေးတွေကိုရောင်းကာ အပ်ချုပ်စက်ကလေးဝယ်၍ စက်ချုပ်ပါသည်။ လက်ရာလေးကောင်းပြီး စကားအပြောအဆိုလေးကလည်းရည်မွန်သဖြင့် သီတာနွယ်ရဲ့စက်ချုပ်လုပ်ငန်းလေးမှာ အထိုက်အလျောက်အလုပ်ဖြစ်တယ်ဟု ဆိုရပါမည်။
သို့ပေမယ့် သူတစ်ယောက်တည်းရဲ့ဝင်ငွေနဲ့ အိမ်လခ၊ စားစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ဖုန်းဘေဖိုး အစစအရာရာအထွေထွေအသုံးစရိတ်ကို မကာမိချေ။ ဒါတောင် ကလေးမရှိသေးလို့ တော်သေးတယ်ဟုသာ ဆိုရပါမည်။
မာလာမြင့်ယောက်ျားအလုပ်လုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ မနှစ်ကဇော်မိုးထက် ဝင်လုပ်သေးသည်။ နှစ်လသုံးလသာကြာပြီး အလုပ်ကပင်ပန်းတယ်၊ ရတဲ့လစာနဲ့မတန်ဘူး ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဟုဆိုကာ အလုပ်ကထွက်လိုက်သည်။
အစကတော့ သီတာနွယ်လည်းဘာမှမပြော။ တစ်နေရာအဆင်မပြေရင် နောက်ထပ်တစ်နေရာကိုပြောင်းဖို့သာ တိုက်တွန်းသည်။ တခြားနေရာမှာလုပ်ပြန်တော့လည်း ရက်ပေါင်းနှစ်ဆယ်၊ တစ်လလောက်သာကြာပြီး အကြောင်းအမျိုးမျိုးပြကာ အလုပ်ကထွက်ပြန်သည်။
ဇော်မိုးထက်အလုပ်ပြောင်းတာ နှစ်နှစ်အတွင်းမှာရှစ်ခုခန့်ရှိလေပြီ။ ဘယ်အလုပ်မှာမှ မမြဲ။ ကြာလာတော့ သီတာနွယ်သူ့ယောက်ျားဇော်မိုးထက်ကို တဖြည်းဖြည်းစိတ်ကုန်လာသည်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
“ဟူး… မနက်ကို အိမ်ရှင်အန်တီကြီးလာရင် ငါဘယ်လိုပြောရပါ့မလဲမသိဘူး။ စိတ်ညစ်လိုက်တာ”
သီတာနွယ် အိပ်မရပဲအတွေးများစွာဖြင့် မိုးလင်းသွားခဲ့သည်။ မနက်စာချက်ပြုတ်နေတုန်းမှာပင် အိမ်ရှင်ကရောက်လာ၏။
“သီတာနွယ် အန်တီအိမ်လခလာတောင်းတာပါ”
ခန္ဓာကိုယ်ခပ်ဝဝနဲ့ အိမ်ရှင်အန်တီကြီးသည် ထိုင်ခုံပေါ်ထိုင်လိုက်ရင်း ပြောလိုက်သည်။
“အန်တီ… ဟိုလေ ကျွန်မလက်ထဲမှာအိမ်လခက မပြည့်ပဲနည်းနည်းလေးလိုနေလို့ နှစ်ရက်သုံးရက်လောက် စောင့်ပေးလို့ရမလားရှင်။ နှစ်ရက်သုံးရက်ဆို သေချာပေါက်ကျွန်မပေးမှာပါ”
“အို… ဒီနေ့လကုန်ရက်အိမ်လခပေးရတော့မယ်ဆိုတာ ညည်းမသိဘူးလာအေ။ ပိုက်ဆံကို ကြိုရှာထားမှပေါ့။ ငါတို့ကလည်း မရှိလို့အိမ်ငှားစားနေရတာ”
သီတာနွယ်မျက်နှာငယ်သွားပြီး ရိုကျိုးသောလေသံလေးဖြင့်
“ကျမတောင်းပန်ပါတယ် အန်တီရယ်။ ကြားထဲမှာ ကျွန်မနေမကောင်းဖြစ်လိုက်တော့ ဆေးခန်းပြလိုက်ရလို့ ပိုက်ဆံမပြည့်နိုင်ပဲဖြစ်သွားတာပါ။ နှစ်ရက်သုံးရက်လေး စောင့်ပေးပါနော်”
“ညည်းတို့ဆီ အိမ်လခလာတောင်းရင် ဒီလိုချည်းပဲ။ ဘယ်တော့မှလကုန်တာနဲ့ တန်းမရဘူး။ အေ့ နှစ်ရက်သုံးရက်နေလို့မပေးနိုင်ရင်တော့ အိမ်အသစ်သာရှာထားကြတော့”
အိမ်ရှင်အန်တီကြီးသည် စကားကိုမာမာနဲ့ပြတ်ပြတ်ပြော၍ ထွက်သွားလေ၏။ သီတာနွယ်ထိုင်ခုံပေါ်တွင် ငူငူငိုင်ငိုင်ဖြင့် ကျန်နေခဲ့သည်။ ခဏအကြာတွင်….
“မနက်စောစောစီးစီး ဆူလို့၊ ညံလို့ ဘာတွေပြောနေကြတာလဲကွာ။ အိပ်လို့ကိုမရတော့ဘူး”
အပြစ်တင်သည့်စကားဖြင့် ဇော်မိုးထက်အိပ်ယာကထလာသည်။ သီတာနွယ် ဇော်မိုးထက်ကို အံဩလွန်းသည့်အကြည့်ဖြင့်ကြည့်ကာ ကိုင်ထားတဲ့ဇွန်းကို စားပွဲပေါ်ချလိုက်၏။ ရင်ထဲမှာလည်း ဒေါသနဲ့ဝမ်းနည်းခြင်းတွေက ပြည့်နှက်သွားလေသည်။
“ဪ… ရှင်ကဒီနေ့အိမ်လခပေးရမှာတောင် မသိဘူးပေါ့။ ရှင်ကြားတဲ့ အသံတွေက အိမ်လခပိုက်ဆံမပြည့်လို့ အိမ်ရှင်အန်တီကြီးကိုကျွန်မတောင်းပန်တဲ့အသံပါ ကိုဇော်မိုးထက်။ ရှင် အိပ်ရေးပျက်သွားပြီပေါ့။ ရှေ့နှစ်ရက်သုံးရက်နေလို့မှမပေးနိုင်ရင် အိမ်ပေါ်ကဆင်းတဲ့”
ဇော်မိုးထက်ကို ခါးထောက်ပြီးလေသံမာမာနဲ့ပြောလိုက်သည်။ ဇော်မိုးထက် မျက်နှာသစ်ရေခွက်ကိုကိုင်နေရင်းဖြင့်
“အန်တီကြီးကလည်း ငွေလေးနည်းနည်းပါးပါးလိုတာကို ဒီလောက်ဖြစ်နေရလားကွာ။ အပေါက်ကိုဆိုးလွန်းပါတယ်”
ဘာမှမဖြစ်သလိုလေသံဖြင့်ပြောပြီး ဇော်မိုးထက်သွားတိုက်နေလေသည်။ သီတာနွယ် သူ့ယောက်ျားကိုစိတ်ပျက်စွာဖြင့်ကြည့်လိုက်ရင်း
“ဒီမှာ ကိုဇော်မိုးထက်။ လူတိုင်းဟာ လိုအပ်နေတဲ့လူတွေချည်းပဲ။ လကုန်တော့ သူ့ဘက်ကလည်းငွေရချင်မှာပဲ။ သူများကိုအပြစ်တင်ဖို့ထက် ကိုယ့်ဘက်ကပေးနိုင်အောင် ကြိုးစားရမှာ မဟုတ်ဘူးလား။ ရှင်ကကော ဒီအတိုင်းပဲနေနေတော့မှာလား”
ဇော်မိုးထက် သွားတိုက်တံကိုခြင်းထဲပစ်ထည့်လိုက်ပြီး
“ဟ… ငါကဒီအတိုင်းမနေလို့ ဘယ်လိုနေရဦးမှာလဲ။ ငါကအခု အလုပ်မှမရှိတာ။ အိပ်ရေးကမဝတဲ့အထဲ မင်းကတစ်မျိုး”
သူ့ကိုအပြစ်တင်သည့် ဇော်မိုးထက်၏စကားကိုကြားလိုက်ရ၍ သီတာနွယ်ဒေါသအိုးပေါက်ကွဲတော့သည်။ ဝဲတက်လာတဲ့မျက်ရည်များကို မျက်တောင်ဖြင့်ပုပ်ခတ်လိုက်ပြီး
“ဪ… ညတစ်ရီ၊ နှစ်နာရီမှအိပ်တော့ ဘယ်လိုအိပ်ရေးဝမှာလဲ။ တနေကုန် အိမ်မှာဂိမ်းထိုင်ဆော့နေလို့ကော အလုပ်ကဘယ်လိုရမှာလဲ။ ရှင့်ကိုယူခဲ့မိတာကိုက ကျွန်မအမှားပဲ။ သိပ်စိတ်ကုန်ဖို့ကောင်းတယ်”
သီတာနွယ်ဒေါသထွက်လွန်း၍ နစ်နာတဲ့စကားလုံးများနဲ့ အော်ပြောလိုက်သည်။
“ငါ့ကို အဲ့လောက်ပြောစရာမလိုပါဘူးသီတာနွယ်ရာ။ ဘာမဟုတ်တဲ့ကိစ္စနဲ့လည်း ငါစကားမများချင်ဘူး။ လိုနေတဲ့ငွေကို မင်းသူငယ်ချင်းမာလာမြင့်ဆီမှာခဏချေးပြီး ပေးလိုက်ပါလား”
“ဘာ… ဘာမဟုတ်တဲ့ကိစ္စလေးဟုတ်လား ကိုဇော်မိုးထက်။ ရှင့်ခေါင်းထဲမှာ တနေ့၊ တနေ့ ဘာတွေတွေးနေတာလဲ။ မာလာမြင့်ဆီမှာလည်း ကျွန်မယူထားတာတွေ ဘယ်လောက်ရှိပြီလည်းဆိုတာ ရှင်သိရဲ့လား။ အိမ်အသုံးစရိတ်တွေ တစ်လဘယ်လောက်ကုန်လည်း ရှင်သိသလား။ ဘယ်သိမှာလဲ ဘာကိုမှအလေးအနက်ထားတတ်တဲ့လူမှ မဟုတ်တာ”
လင်မယားနှစ်ယောက် မနက်ပိုင်းတစ်ပိုင်းလုံး အချေအတင်စကားများကြသည်။ နောက်နေ့အထိ တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
“ဒုန်း ဒုန်း ဒုန်း ဒုန်း”
“ဒုန်း ဒုန်း ဒုန်း ဒုန်း”
သီတာနွယ် အပ်ချုပ်စက်ကိုတစ်ဒုန်းဒုန်းနဲ့ နင်းနေ၏။ ဇော်မိုးထက်ကတော့ ကုတင်ပေါ်တုံးလုံးလှဲနေရင်း ဂိမ်းဆော့နေသည်။ သီတာနွယ်မျက်စောင်းနဲ့ ဇော်မိုးထက်အားကြည့်လိုက်သည်။
“ဘဝရည်မှန်းချက်မရှိတဲ့ ယောက်ျားတစ်ယောက်ကို ဘယ်တော့မှလက်မထပ်မိစေနဲ့ သမီး”
စက်ချုပ်နေရင်းဖြင့် သူ့အဖေဆုံးမခဲ့တဲ့စကားများကို နောင်တရစွာနဲ့ သီတာနွယ်ကြားယောင်နေမိသည်။ မိဘဆုံးမတဲ့စကားတခွန်းသည် တစ်ဘဝစာအတွက်လုံလောက်မှန်း အခုမှသူသိရတော့သည်။
အရင်ကကြည့်မဝအောင်ဖြစ်ခဲ့ရတဲ့ ဇော်မိုးထက်ရဲ့မျက်နှာသည် အခုသူမကြည့်ချင်လောက်အောင် စိတ်ကုန်သွားခဲ့ပြီဖြစ်သည်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
နောက်တနေ့မနက်တွင် ဖြစ်၏။
“သီတာနွယ် သီတာနွယ်”
“မိန်းမ”
“ဘယ်များသွားပါလိမ့်”
ငန်းဘဲတီရှပ်အင်္ကျီအဖြူနဲ့ကွက်ထောက်ပုဆိုးကိုဝတ်ထားကာ ဆံပင်စုတ်ဖွားနဲ့ ဇော်မိုးထက်အိပ်ယာကထလာပြီး သီတာနွယ်ကိုအော်ခေါ်နေသည်။
“ဒီမိန်းမ ထမင်းဟင်းတွေချက်ထားပြီး ဘယ်သွားလိုက်လဲမသိဘူး”
ထမင်းအိုးဖုံးကိုဖွင့်ကြည့်ပြီး ဇော်မိုးထက်တစ်ယောက်တည်း တိုးတိုးလေးပြောလိုက်သည်။ မျက်နှာသစ်သွားတိုက်ပြီး၍ ပုဝါဖြင့်မျက်နှာသုတ်နေရင်း စားပွဲပေါ်တွင်တင်ထားတဲ့စာရွက်ခေါက်လေးကိုမြင်၍ ဇော်မိုးထက်ဆွဲယူပြီး ဖတ်ကြည့်လိုက်သည်။
“ကိုဇော်မိုးထက်။ ရှင့်အတွက်မနက်
စာ ထမင်းနဲ့ဟင်းကိုချက်ထားပေးခဲ့
တယ်။ အိမ်ရှင်အန်တီကြီးကို အိမ်
လခပေးဖို့ မာလာမြင့်ဆီမှာ
အကူအညီတောင်းပြီး ပိုက်ဆံကို
စားပွဲပေါ်မှာ တင်ပေးထားခဲ့တယ်။
ကျွန်မအဖေသဘောမတူတဲ့ကြားထဲ
က ရှင့်ကိုလက်ထပ်ပြီး ကျွန်မဘဝရဲ့
အနာဂတ်ကို လောင်းကြေးထပ်ခဲ့
တယ်။ နှစ်နှစ်ဆိုတဲ့အတိုင်းအတာက
လုံလောက်ပြီထင်လို့ ကျွန်မရှင့်အနား
ကအပြီးထွက်ခဲ့ပါပြီ။ ကျွန်မကိုလိုက်
မရှာပါနဲ့တော့”
“သီတာနွယ်”
စာဖတ်ပြီး ဇော်မိုးထက်အိမ်ခန်းထဲကိုပြေးဝင်သွားလိုက်သည်။ အခန်းထဲမှာ သီတာနွယ်ရဲ့အဝတ်အစားနဲ့အသုံးအဆောင်ပစ္စည်းတွေ ဘာတစ်ခုမှမရှိတော့။ ကမန်းကတမ်းဖုန်းကိုဖွင့်ပြီး ဆက်လိုက်၏။
“လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်”
“ဟာ ဒီမိန်းမ ဖုန်းကစက်ပိတ်ထားသေးတယ်။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ဒီလိုထွက်သွားရတာလဲကွာ”
ဇော်မိုးထက် မကျေမနပ်နဲ့ပြောလိုက်သည်။ ပြီးတော့ စာကိုအစအဆုံးတစ်ခါပြန်ဖတ်ကြည့်လိုက်ပြန်သည်။ သီတာနွယ်သူ့အနားက တကယ်အပြီးထွက်သွားခဲ့ပြီဆိုတာ စာကြောင်းတွေက သက်သေခံနေ၏။
“ငါ.. ဘာအမှားများလုပ်မိလို့လဲ မိန်းမရယ်။ ငါ့မှာ ဘာအပြစ်ရှိလို့မင်းအဲ့လိုလုပ်ရတာလဲကွာ”
ဇော်မိုးထက် စိတ်ထဲကပြောနေလေသည်။ ခါတိုင်းနေ့ ဒီလိုအချိန်မျိုးဆိုလျှင် သူနဲ့သီတာနွယ် ဆူဆူညံညံနဲ့စကားများနေကျအချိန် ဖြစ်သည်။ အခုတော့ တစ်အိမ်လုံးတိတ်ဆိတ်နေလေ၏။
“သီတာနွယ်”
“သီတာနွယ်”
အိမ်ရှင်အန်တီကြီးခေါ်သံကြားမှ ဇော်မိုးထက်သတိဝင်လာလေ၏။
“ရော့ အန်တီ။ ဒီမှာ အိမ်လခငွေပါ”
သီတာနွယ် သူ့သူငယ်ချင်းမာလာမြင့်ဆီမှာ မျက်နှာငယ်ခံပြီးချေးထားတဲ့ငွေကို အိမ်ရှင်အန်တီကြီးအား ဇော်မိုးထက်ပေးလိုက်လေသည်။ ဒီငွေထုပ်လေးသည် သူနဲ့သီတာနွယ်ရဲ့ကြားထဲက နောက်ဆုံးပတ်သက်မှုကြားခံပစ္စည်းလေးပင် ဖြစ်ပါတော့သည်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
အချစ်တစ်ခုအတွက်ကြောင့် ယောက်ျားတစ်ယောက်နဲ့ပတ်သက်တဲ့ကိစ္စအဝဝကို အပြီးလွှတ်ချထားခဲ့လိုက်ပြီဖြစ်၍ သီတာနွယ်ရဲ့စိတ်တွေက ပေါ့ပါးလွှတ်လပ်သွားပြီဖြစ်သည်။ ပြတ်သားစွာဆုံးဖြတ်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကိုလည်း သူလုံးဝနောင်တမရပေ။
ခရီးတင်ကားကြီးက ရန်ကုန်မြို့ကြီးကထွက်ခွာနေပြီး အရှိန်မှန်မှန်ဖြင့်ခရီးဆက်နေ၏။ ကားပြတင်းပေါက်ကနေတိုက်ခတ်လာတဲ့လေညှင်းလေးက ပေါ့ပါးသွားပြီဖြစ်တဲ့သီတာနွယ်ရဲ့စိတ်ကို ပိုပြီးကြည်လင်လန်းဆန်းနေစေပါတော့သည်။
“ပြီး”
“စော ရန် နိုင်”