လွတ်အောင်ပြေး

 လွတ်အောင်ပြေး(စ/ဆုံး)

‎——————

‎အမေက ကျွန်တော့်နားကိုလာပြီး

‎“သားလေး ထမင်းစားလိုက်နော်” ဟုပြောလိုက်သည်။ ကျွန်တော်က

‎“မစားဘူး” ဟုငြင်းကာ အမေ့ကိုကျောခိုင်းလိုက်သည်။

‎အမေ့ထံမှ ရှိုက်သံကို ကြားလိုက်ရသည်။

‎“အမေလည်း မင်းတို့နှစ်ယောက်ကြားမှာ သေမှာပဲ … ဟို သေချင်းဆိုးကလည်းမူး … သားလေးကလည်း ခေါင်းမာ … အမေဘယ်လို လုပ်ရမလဲကွယ်”

‎ကျွန်တော်က မတ်တတ်ရပ်လိုက်ပြီး

‎“အမေ”

‎“ဘာလဲသား”

‎“သားတို့ ထွက်ပြေးမယ် … ဒီမှာ မနေဘူး … အဖေကြီး အမေကြီးတို့ဆီပြန်မယ်”

‎“သားရယ် … ဘာလို့ မဖြစ်နိုင်တာတွေ ပြောနေတာလဲ … အမေတို့မှာ …”

‎ထိုစဉ်အိမ်ပေါ်ကို တက်လာသည့် ခြေသံပြင်းပြင်းကို ကြားလိုက်ရပြီး

‎“ခင်လှ … ဟဲ့ ကောင်မ … ငါထမင်းစားမယ်”

‎အော်သံအဆုံးတွင် “ဝုန်း” ဆိုသည့် အသံကို ကြားလိုက်ရသည်။ အမေက ကျွန်တော့်အနားမှ ပြေးထွက်သွား သည်။

‎အမေက သူ့လင်ကို ထမင်းပြင်ကျွေးနေပုံရသည်။ ကျွန်တော်ကတော့ အခန်းထဲက မထွက်။ ညနေက ကျွန်တော့်ကို ကျောင်းပြန်နောက်ကျရမလားဆိုကာ ရိုက်သွားသော ပထွေးကို စိတ်တိုနေမိသည်။ ကျွန်တော် ဘာကြောင့် ကျောင်းအပြန်နောက်ကျသည်ကို သူမမေး။ ကျွန်တော့်ကို အရက်သွားဝယ်ခိုင်းရန်နှင့် သူအရက်သောက်ချိန် နောက်ကျသောကြောင့် ရိုက်သည်။ အမေကဝင်ဆွဲရာ အမေ့ကိုပါ ကန်ပြီး အိမ်က ထွက်သွားရာမှ ယခုပြန်ရောက်လာတော့လည်း မူးလာပြီ။

‎“ဘာဟင်းလဲ”

‎“ဘာမှ မရှိဘူး … ချဉ်ပေါင်ဟင်းပဲရှိတယ်”

‎“ဟိုကောင်ဘယ်မှာလဲ”

‎“ရှိတယ် … အခန်းထဲမှာ”

‎“ဟေ့ကောင် … အခန်းအောင်းနေရအောင် မီးနေသည်လား … ထွက်ခဲ့”

‎ကျွန်တော်က အိပ်ချင်ယောင်ဆောင်နေသည်။

‎“ငါခေါ်နေတာ မကြားဘူးလား”

‎“ကျွန်မကိုပြော … ဘာလုပ်ပေးရမလဲ”

‎“ဟေ့ကောင် …ခေါ်နေတယ်လေ”

‎အမေက အိမ်ခန်းထဲဝင်လာသည်။ ကျွန်တော့်ကို

‎“သား … သူခေါ်နေတာ သွားလိုက်ကွယ်” ဟုလာပြောသည်။

‎ကျွန်တော်ကထလိုက်ပြီး အခန်းအပြင်ကို ထွက်လိုက်သည်။

‎“ဘာလဲ”

‎“သွား … ကမ်းနားမှာ ဟင်းသွားဝယ်စမ်း”

‎“ပိုက်ဆံပေး”

‎“အကြွေးလို့ပြော … ဝက်သားဟင်း တစ်ရာဘိုးဝယ်ခဲ့”

‎“အကြွေးမဝယ်ချင်ဘူး … အဲဒီဆိုင်က မိန်းမကြီးက အရမ်းအပေါက်ဆိုးတယ်”

‎“အေး … အပေါက်ဆိုးလို့ မသွားချင်ရင် … ငါဘယ်လောက် အရိုက်ဆိုးသလဲဆိုတာ သိရမယ် … သွားမလား … မသွားဘူးလား”

‎“မသွားဘူး”

‎“ဟာ … ဒီမအေရိုး”

‎“ခင်ဗျား အမေနဲ့မဆဲနဲ့”

‎“ဆဲတော့ ရီးဖြစ်လား … ခွေးမသား … လူပါးဝလို့”

‎“ကျုပ်ခွေးမသားမဟုတ်ဘူး”

‎“ဟာ ပြောလေ ကဲလေ … ကဲ”

‎သူက ထလိုက်စဉ် အမေက သူ့ရှေ့ကတားလိုက်သည်။ အမေ့ကိုသူက ဆောင့်ကန်လိုက်သဖြင့် အမေပုံရက်ကလေး လဲကျသွားသည်။ ကျွန်တော်က အိမ်ပေါ်က ပြေးဆင်းလိုက်သည်။

‎“ဟေ့ကောင် မပြေးနဲ့ … ပြောနေတယ်လေ … မပြေးနဲ့”

‎သူက ကျွန်တော့်နောက်က ပြေးလိုက်လာသည်။ ကျွန်တော်က ရှေ့ကပြေးသည်။ သူ့လက်ထဲတွင် ဝါးရင်းတုတ် တစ်ချောင်းပါလာသည်။

‎ကျွန်တော်ပြေးနေသည်က လယ်ကွင်းဆီ။ လယ်တစ်ကွက်ကိုကျော်လိုက်သည့်အခါ မြစ်ကမ်းပါးကိုရောက် လာသည်။ ကျွန်တော်က မြစ်ကမ်းပါးကို ခုန်ဆင်းပြီး ချောက်ဘေးရှိ ကိုင်းတောထဲတွင် ပုန်းနေလိုက်သည်။

‎ကျွန်တော့် ပထွေးက ကမ်းပါးစောင်းပေါ်မှအော်နေသည်

‎“မအေရိုးလေး … မင်း ပြေးနိုင်မလား … မင်း ငါ့လက်ကလွတ်မလား”

‎သူက ချောင်းကမ်းပါးစောင်းက ခုန်ချလိုက်သည်။ ကျွန်တော့်ရှေ့တည့်တည့်ဖြစ်သည်။ ကျွန်တော်က ထလိုက်ပြီး သူ့ကို တွန်းကာ မြစ်ထဲခုန်ချလိုက်သည်။

‎“ခွေးမသား … မင်း ငါ့လက်ထဲက လွတ်မလား”

‎အမေက ကိုယ်ဝန်ကြီးနှင့်ဖြစ်သဖြင့် အလုပ်တွေကို မတန်တဆလုပ်နေရသည်။ အမူးသမားကတော့ အမေ့ကို နှိပ်စက်ဆဲဖြစ်သည်။

‎ကျွန်တော် အမေ့ကိုသနားသည်။ နေ့တိုင်း ထမင်းတစ်လုပ် တုတ်တစ်ချက်လိုဖြစ်နေသည်။ အမေ့ကို ကျွန်တော်က ထွက်ပြေးရန်ပြောတိုင်းလည်း အမေက

‎“သားရယ် … အမေတို့ ဝဋ်ကြွေးပေါ့ကွယ်” ဟုပြောတတ်သည်။

‎“အမေ … သားဒီမှာ မနေချင်တော့ဘူး … ထွက်ပြေးချင်တယ် … အမေ့ကြောင့်ပေါ့”

‎“သားရယ် … သံသရာမှာ ကံပါလာတော့ လွတ်ချင်မှ လွတ်မှာပေါ့ … ပြေးတိုင်း မလွတ်ပါဘူး”

‎“မဟုတ်ဘူးအမေ … အမေက ဘာဖြစ်လို့ ဒီခွေးလိုကောင်ကို မက်နေသလဲ”

‎“ရှူး တိုးတိုးပြောပါကွယ် … သားကိုရန်ရှာနေပါ့မယ်”

‎“သားတော့ အဲဒီလူကြီးကို သတ်ပစ်ချင်နေပြီ”

‎“အို … မပြောကောင်း ပြောကောင်း သားလေးရယ် … ဒီလို မပြောရဘူးလေ”

‎အမေက မတ်တတ်ထလိုက်စဉ်ယိုင်ပြီး အိမ်တိုင်ကို လှမ်းကိုင်လိုက်သည်။

‎“အို ဗိုက်ထဲက … ကိုစိန်မောင် … ဗိုက်ထဲက နာလိုက်တာ … လက်သည်မရွှေမိကို သွားခေါ်ပါတော်”

‎“သောက်ကောင်မ ဒီမှာ အေးအေးဆေးဆေး အရက်မသောက်ရဘူး”

‎ကျွန်တော်က အမေ့ကို လှမ်းဖက်လိုက်သည်။ သို့သော်အမေ့ကို ဖက်မရ။

‎“အမေ … တော်တော်နာနေသလား”

‎အမေက ခေါင်းအုံးလေးပေါ်လှဲချလိုက်သည်။ အိမ်ခေါင်းရင်းမှ ဒေါ်ခင်မိ တဲပေါ်တက်လာသည်။

‎“ဒေါ်ဒေါ်”

‎သူကကျွန်တော်ခေါ်နေသည်ကိုမကြား

‎ကျွန်တော်က တဲထောင့်လေးတွင် သွားထိုင်နေမိသည်။

‎မကြာမီ လက်သည်ဒေါ်ရွှေမိရောက်လာသည်။ အခန်းထဲတွင် အမျိုးသမီးတွေ အလုပ်ရှုပ်နေကြသည်။ အမေ့ ညည်းသံကြားရပြီး မကြာမီ

‎“မွေးပြီ … မွေးပြီ” ဆိုသည့် အသံကိုကြားလိုက်ရသည်

‎ကျွန်တော်က အမေ့ဗိုက်ထဲမှ ခက်ခဲစွာ ရုန်းထွက်လာရသည်။ အသက်ကို ဝအောင်ရှူလိုက်ပြီး

‎“အဲ့” ဟု တစ်ချက်အော်ကာ နောက်ဆုံး ရင်ထဲက ခံစားနေရမှုများကို ဖွင့်ထုတ်လိုက်သည်

‎“ဝါး”

‎“အို … ခင်လှရေ … နင့်သားက အသံကြီးအောင်လိုက်တာ”

‎ကျွန်တော့်ကို ဝမ်းဆွဲဒေါ်ရွှေမိက ပုဆိုးဖြင့်ပတ်ပြီး အခန်းထဲက ခေါ်ထုတ်လာသည်။

‎“ဟဲ့ စိန်မောင် … ဒီမှာ … ယောက်ျားလေးဟဲ့” ဟုပြောကာ သူ့ထံ လှမ်းပေးလိုက်သည်။

‎စိန်မောင်က ကျွန်တော့်ကို လှမ်းယူလိုက်သည်။ မျက်နှာကိုတည့်တည့်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်

‎“မင်း … ငါ့လက်က လွတ်မလား”

‎တင်ညွန့်

‎၂၃.၄.၂၀၂၀

‎.

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

"တစ်ပတ်လည်လာသော ဝဋ်နာ"