လွတ်အောင်ပြေး
လွတ်အောင်ပြေး(စ/ဆုံး)
——————
အမေက ကျွန်တော့်နားကိုလာပြီး
“သားလေး ထမင်းစားလိုက်နော်” ဟုပြောလိုက်သည်။ ကျွန်တော်က
“မစားဘူး” ဟုငြင်းကာ အမေ့ကိုကျောခိုင်းလိုက်သည်။
အမေ့ထံမှ ရှိုက်သံကို ကြားလိုက်ရသည်။
“အမေလည်း မင်းတို့နှစ်ယောက်ကြားမှာ သေမှာပဲ … ဟို သေချင်းဆိုးကလည်းမူး … သားလေးကလည်း ခေါင်းမာ … အမေဘယ်လို လုပ်ရမလဲကွယ်”
ကျွန်တော်က မတ်တတ်ရပ်လိုက်ပြီး
“အမေ”
“ဘာလဲသား”
“သားတို့ ထွက်ပြေးမယ် … ဒီမှာ မနေဘူး … အဖေကြီး အမေကြီးတို့ဆီပြန်မယ်”
“သားရယ် … ဘာလို့ မဖြစ်နိုင်တာတွေ ပြောနေတာလဲ … အမေတို့မှာ …”
ထိုစဉ်အိမ်ပေါ်ကို တက်လာသည့် ခြေသံပြင်းပြင်းကို ကြားလိုက်ရပြီး
“ခင်လှ … ဟဲ့ ကောင်မ … ငါထမင်းစားမယ်”
အော်သံအဆုံးတွင် “ဝုန်း” ဆိုသည့် အသံကို ကြားလိုက်ရသည်။ အမေက ကျွန်တော့်အနားမှ ပြေးထွက်သွား သည်။
အမေက သူ့လင်ကို ထမင်းပြင်ကျွေးနေပုံရသည်။ ကျွန်တော်ကတော့ အခန်းထဲက မထွက်။ ညနေက ကျွန်တော့်ကို ကျောင်းပြန်နောက်ကျရမလားဆိုကာ ရိုက်သွားသော ပထွေးကို စိတ်တိုနေမိသည်။ ကျွန်တော် ဘာကြောင့် ကျောင်းအပြန်နောက်ကျသည်ကို သူမမေး။ ကျွန်တော့်ကို အရက်သွားဝယ်ခိုင်းရန်နှင့် သူအရက်သောက်ချိန် နောက်ကျသောကြောင့် ရိုက်သည်။ အမေကဝင်ဆွဲရာ အမေ့ကိုပါ ကန်ပြီး အိမ်က ထွက်သွားရာမှ ယခုပြန်ရောက်လာတော့လည်း မူးလာပြီ။
“ဘာဟင်းလဲ”
“ဘာမှ မရှိဘူး … ချဉ်ပေါင်ဟင်းပဲရှိတယ်”
“ဟိုကောင်ဘယ်မှာလဲ”
“ရှိတယ် … အခန်းထဲမှာ”
“ဟေ့ကောင် … အခန်းအောင်းနေရအောင် မီးနေသည်လား … ထွက်ခဲ့”
ကျွန်တော်က အိပ်ချင်ယောင်ဆောင်နေသည်။
“ငါခေါ်နေတာ မကြားဘူးလား”
“ကျွန်မကိုပြော … ဘာလုပ်ပေးရမလဲ”
“ဟေ့ကောင် …ခေါ်နေတယ်လေ”
အမေက အိမ်ခန်းထဲဝင်လာသည်။ ကျွန်တော့်ကို
“သား … သူခေါ်နေတာ သွားလိုက်ကွယ်” ဟုလာပြောသည်။
ကျွန်တော်ကထလိုက်ပြီး အခန်းအပြင်ကို ထွက်လိုက်သည်။
“ဘာလဲ”
“သွား … ကမ်းနားမှာ ဟင်းသွားဝယ်စမ်း”
“ပိုက်ဆံပေး”
“အကြွေးလို့ပြော … ဝက်သားဟင်း တစ်ရာဘိုးဝယ်ခဲ့”
“အကြွေးမဝယ်ချင်ဘူး … အဲဒီဆိုင်က မိန်းမကြီးက အရမ်းအပေါက်ဆိုးတယ်”
“အေး … အပေါက်ဆိုးလို့ မသွားချင်ရင် … ငါဘယ်လောက် အရိုက်ဆိုးသလဲဆိုတာ သိရမယ် … သွားမလား … မသွားဘူးလား”
“မသွားဘူး”
“ဟာ … ဒီမအေရိုး”
“ခင်ဗျား အမေနဲ့မဆဲနဲ့”
“ဆဲတော့ ရီးဖြစ်လား … ခွေးမသား … လူပါးဝလို့”
“ကျုပ်ခွေးမသားမဟုတ်ဘူး”
“ဟာ ပြောလေ ကဲလေ … ကဲ”
သူက ထလိုက်စဉ် အမေက သူ့ရှေ့ကတားလိုက်သည်။ အမေ့ကိုသူက ဆောင့်ကန်လိုက်သဖြင့် အမေပုံရက်ကလေး လဲကျသွားသည်။ ကျွန်တော်က အိမ်ပေါ်က ပြေးဆင်းလိုက်သည်။
“ဟေ့ကောင် မပြေးနဲ့ … ပြောနေတယ်လေ … မပြေးနဲ့”
သူက ကျွန်တော့်နောက်က ပြေးလိုက်လာသည်။ ကျွန်တော်က ရှေ့ကပြေးသည်။ သူ့လက်ထဲတွင် ဝါးရင်းတုတ် တစ်ချောင်းပါလာသည်။
ကျွန်တော်ပြေးနေသည်က လယ်ကွင်းဆီ။ လယ်တစ်ကွက်ကိုကျော်လိုက်သည့်အခါ မြစ်ကမ်းပါးကိုရောက် လာသည်။ ကျွန်တော်က မြစ်ကမ်းပါးကို ခုန်ဆင်းပြီး ချောက်ဘေးရှိ ကိုင်းတောထဲတွင် ပုန်းနေလိုက်သည်။
ကျွန်တော့် ပထွေးက ကမ်းပါးစောင်းပေါ်မှအော်နေသည်
“မအေရိုးလေး … မင်း ပြေးနိုင်မလား … မင်း ငါ့လက်ကလွတ်မလား”
သူက ချောင်းကမ်းပါးစောင်းက ခုန်ချလိုက်သည်။ ကျွန်တော့်ရှေ့တည့်တည့်ဖြစ်သည်။ ကျွန်တော်က ထလိုက်ပြီး သူ့ကို တွန်းကာ မြစ်ထဲခုန်ချလိုက်သည်။
“ခွေးမသား … မင်း ငါ့လက်ထဲက လွတ်မလား”
အမေက ကိုယ်ဝန်ကြီးနှင့်ဖြစ်သဖြင့် အလုပ်တွေကို မတန်တဆလုပ်နေရသည်။ အမူးသမားကတော့ အမေ့ကို နှိပ်စက်ဆဲဖြစ်သည်။
ကျွန်တော် အမေ့ကိုသနားသည်။ နေ့တိုင်း ထမင်းတစ်လုပ် တုတ်တစ်ချက်လိုဖြစ်နေသည်။ အမေ့ကို ကျွန်တော်က ထွက်ပြေးရန်ပြောတိုင်းလည်း အမေက
“သားရယ် … အမေတို့ ဝဋ်ကြွေးပေါ့ကွယ်” ဟုပြောတတ်သည်။
“အမေ … သားဒီမှာ မနေချင်တော့ဘူး … ထွက်ပြေးချင်တယ် … အမေ့ကြောင့်ပေါ့”
“သားရယ် … သံသရာမှာ ကံပါလာတော့ လွတ်ချင်မှ လွတ်မှာပေါ့ … ပြေးတိုင်း မလွတ်ပါဘူး”
“မဟုတ်ဘူးအမေ … အမေက ဘာဖြစ်လို့ ဒီခွေးလိုကောင်ကို မက်နေသလဲ”
“ရှူး တိုးတိုးပြောပါကွယ် … သားကိုရန်ရှာနေပါ့မယ်”
“သားတော့ အဲဒီလူကြီးကို သတ်ပစ်ချင်နေပြီ”
“အို … မပြောကောင်း ပြောကောင်း သားလေးရယ် … ဒီလို မပြောရဘူးလေ”
အမေက မတ်တတ်ထလိုက်စဉ်ယိုင်ပြီး အိမ်တိုင်ကို လှမ်းကိုင်လိုက်သည်။
“အို ဗိုက်ထဲက … ကိုစိန်မောင် … ဗိုက်ထဲက နာလိုက်တာ … လက်သည်မရွှေမိကို သွားခေါ်ပါတော်”
“သောက်ကောင်မ ဒီမှာ အေးအေးဆေးဆေး အရက်မသောက်ရဘူး”
ကျွန်တော်က အမေ့ကို လှမ်းဖက်လိုက်သည်။ သို့သော်အမေ့ကို ဖက်မရ။
“အမေ … တော်တော်နာနေသလား”
အမေက ခေါင်းအုံးလေးပေါ်လှဲချလိုက်သည်။ အိမ်ခေါင်းရင်းမှ ဒေါ်ခင်မိ တဲပေါ်တက်လာသည်။
“ဒေါ်ဒေါ်”
သူကကျွန်တော်ခေါ်နေသည်ကိုမကြား
ကျွန်တော်က တဲထောင့်လေးတွင် သွားထိုင်နေမိသည်။
မကြာမီ လက်သည်ဒေါ်ရွှေမိရောက်လာသည်။ အခန်းထဲတွင် အမျိုးသမီးတွေ အလုပ်ရှုပ်နေကြသည်။ အမေ့ ညည်းသံကြားရပြီး မကြာမီ
“မွေးပြီ … မွေးပြီ” ဆိုသည့် အသံကိုကြားလိုက်ရသည်
ကျွန်တော်က အမေ့ဗိုက်ထဲမှ ခက်ခဲစွာ ရုန်းထွက်လာရသည်။ အသက်ကို ဝအောင်ရှူလိုက်ပြီး
“အဲ့” ဟု တစ်ချက်အော်ကာ နောက်ဆုံး ရင်ထဲက ခံစားနေရမှုများကို ဖွင့်ထုတ်လိုက်သည်
“ဝါး”
“အို … ခင်လှရေ … နင့်သားက အသံကြီးအောင်လိုက်တာ”
ကျွန်တော့်ကို ဝမ်းဆွဲဒေါ်ရွှေမိက ပုဆိုးဖြင့်ပတ်ပြီး အခန်းထဲက ခေါ်ထုတ်လာသည်။
“ဟဲ့ စိန်မောင် … ဒီမှာ … ယောက်ျားလေးဟဲ့” ဟုပြောကာ သူ့ထံ လှမ်းပေးလိုက်သည်။
စိန်မောင်က ကျွန်တော့်ကို လှမ်းယူလိုက်သည်။ မျက်နှာကိုတည့်တည့်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်
“မင်း … ငါ့လက်က လွတ်မလား”
တင်ညွန့်
၂၃.၄.၂၀၂၀
.