စုန်၍မဆင်းသော(စ/ဆုံး)
စုန်၍မဆင်းသော(စ/ဆုံး)
—————
“ကဲနောက်ထိုးခံအုန်းမလား”
“ဖုန်း ဖုန်း ဖုန်း”
“မလုပ်တော့ပါဘူးအဖေရဲ့”
“ဖုန်း ဖုန်း”
“တော်ပါတော့ ကိုတင်ဖေရယ် ရှင့်မလည်းဒီသားနဲ့တော့ဒုက္ခပါပဲ”
ဇနီးဖြစ်သူကလက်ထဲက ကကြက်မွှေးတံမြက်စည်းကိုပြောပြောဆိုဆိုဆွဲယူလိုက်မှ ကျွန်တော်လည်းအရိုက်ရပ်လို့အမောဖြေရပါတော့တယ်။
သားဖြစ်သူဖိုးလုံးလေးကစကားပြောရင်ပါးရွဲ့နားရွဲ့နဲ့ မွေးရာပါ ဥာဏ်မပြည့်သူ။ စာသင်မရ။
အသက်ကနှစ်ဆယ်။
လူကပုပုသေးသေးသန်သန်မာမာ။
ကိုယ်လုံးကိုယ်ပေါက်က ရှေးယခင်နိုင်ငံကျော်မင်းသား ဗရုစလီလို။
သုံးအိမ်ကျော်ကတက်တူးထိုးသူက သူအစမ်းလေ့ကျင့်တိုင်း သားဖြစ်သူ ဖိုးလုံးကို ခေါ်ခေါ်ထိုးနေတာ လက်မောင်းနဲ့လက်ဖျံတွေ မှာအပြည့်။
ကျွန်တော် တစ်ခါကနေ နှစ်ခါ နှစ်ခါကနေ သုံးခါမြှောက် ပြောမနေတော့ တင်ပါးနာနာတီးရတော့ပြီ။
“ဘယ့်နှယ့် ဥာဏ်မမှီတဲ့သားကိုမှ ခေါ်ခေါ်ထိုးရတယ်လို့”
ရိုက်ပြီးမှ ဖိုးလုံးလေးကိုသနားပေမယ့် ဒီလိုမှမရိုက်တော့ရင် ပိုဆိုးတော့မှာ။
“ဖိုးလုံးရေ အမဖိနပ် ဖုန်လေးတွေခါပေးပါအုန်း အချိန်မရတော့လို့”
“ဟုတ် မမကြီး”
သူ့အမခေါ်လိုက်လို့ တင်ပါးလေးပွတ်ပြီးဖိုးလုံးလှစ်ခနဲပြေးသွားတာမြန်ချက်။
အကြီးမ မာလာတင်ကဆယ်တန်းဝိုင်းတွေမှာ အင်္ဂလိပ်စာ လိုက်သင်သူ။ ဂိုက်ပြသူ။
အိမ်ကမဟေသီ(ကျွန်တော့မိန်းမ)က မမာမကျန်း။
သိပ်အလုပ်မလုပ်နိုင်။ ထလုပ်ရင်မောမောနေတာ။
နှလုံးကသိပ်မကောင်း။
ဖိုးလုံးအထက်သားတစ်ယောက်က အိမ်ထောင်သည်။
ကျွန်တော်တို့နဲ့အတူနေပေမယ့်သူတို့ဘာသာအိုးခွဲချက်စားကြတာ။
အကြီးမ မာလာတင်အထက်မှာသားကြီးတစ်ယောက်ရှိပေမယ့် အဲ့ဒီသားက သူ့ဘာသာအိမ်ဝယ်နေတာ။
အလုပ်က သဘေ်ာသား။ပိုက်ဆံပေါပါတယ်။ကားကိုသာထည်လည်းဝယ်စီးနေတာ။
မိဘကိုကန်တော့တာ တစ်လသုံးသောင်း။ ဒီခေတ်လဖက်ရည်က တခွက်ငါးရာခြောက်ရာ ဖြစ်နေတာ။
တစ်နေ့လက်ဖက်ရည်နှစ်ခွက်ဖိုးတောင်မရှိ။
နောက်တော့ ပေးမနေပါနဲ့တော့ကွာ လို့ပဲ ပြောလိုက်ပါတယ်။
“မိဘကိုလတိုင်းထောက်ပံနေရတယ်ဆိုတဲ့ ပုတ်လောက်ကြီးတဲ့စကားလုံးကြီးကြီးတွေနဲ့ ဂုဏ်ဆာနေမှာမို့”
ကျွန်တော်မွေးထားတာ သားသမီးလေးယောက်။မြေးကနှစ်ယောက်။
နေတာက သန်လျှင်မြို့နယ်။
အငယ်ဆုံးသားဖိုးလုံးလေးကအိမ်အလုပ်မှန်သမျှ သူ့ကိုခိုင်း သူ့ကိုပြောရင်လုပ်ပေမယ့် ခုနလိုသူများအိမ်ကခင်လို့ခေါ်။
ခေါ်လို့သွား။သူများကသူ့ကိုခိုင်းရင်အကုန်လုပ်ပေးသဗျာ။
မသွားနဲ့ပြောလည်းမရ။
……….
“ဟယ်စည်ပိုင်းထဲကရေတွေကုန်သွားပြီ ဘယ်သူသုံးသွားတာလည်း မနက်ကမှ ခပ်ထည့်ထားတာကို”
ဖိုးလုံးအထက်ကသားရဲ့မိန်းမ(ချွေးမ)အော်သံ။
“အမ မနက်ကဖြည့်ထားတာနဲနဲလေးကို ရေဘယ်သူမှယူမသုံးဘူးအော်နေလည်းအလကား ကျွန်တော်ပဲဖြည့်လိုက်မယ်”
ပြောပြောဆိုဆို ရေပုံးနှစ်လုံးနဲ့ဝါးထမ်းယူပြီးကောက်ကနဲ့ထသွားတဲ့ဖိုးလုံး။
ဖင်ကတော့ပေါ့ဗျာ။
အခန်း(၂)
ကျွန်တော်ကပင်စင်စား။ရတဲ့ပင်စင်လစာလေးသုံးလတစ်ကြိမ်သွားထုတ်။
သုံးလစာပင်စင်စရိတ်ကတစ်လစားစရိတ်တောင်မလုံလောက်။
ကျွန်တော်မညာပါဘူး။
နှစ်လုံးသုံးလုံးထိုးမိပါသေးတယ်။
အိမ်စရိတ်ကာမိအောင်ထိုးတာပါ။များများလည်းမထိုးရဲပါဘူး။
ပင်စင်လစာလေးနဲ့အတူ သမီးကြီးထောက်ပံ့စာလေးနဲ့အသက်ဆက်နေရတဲ့ဘဝ။
ဒီကြားထဲ မဟေသီ့ ဆေးဖိုးကလည်းရှိနေသေး။
သမီးကြီးကရှေ့လမှာအိမ်ထောင်ပြုတော့မှာဆိုတော့ တွေးပြီးပူပန်မိပါတယ်။
အိုကြီးအိုမကျွန်တော်တို့လင်မယားနှစ်ယောက်နဲ့သားဖိုးလုံး။
အတွေးမဆုံးသေး….
ရုတ်တရက်…
“ဖေကြီး ဖေကြီး”
“ဟေ”
“သားချွန်စက်ပျောက်သွားလို့ဖေကြီးကူရှာပေးပါအုန်း”နှစ်တန်းမြေးအငယ်ကောင်ဖုန်းသန့်။
မျက်မှန်ကောက်တပ်လိုက်ရင်းချွန်စက်ကူရှာတာ မတွေ့။
“မင်းအမေရှာခိုင်းကြည့်အုန်း ဖေကြီးလည်းမတွေ့ဘူးကွ”
“မေမေလည်းအောက်ထပ်မှာရှာနေတာနှံ့နေပြီ မတွေ့လို့ဖေကြီးဆီလာတာ”
“ဖိုးလုံးရေဖိုးလုံး”
“ဗျာအဖေ”
“မင်းတူဖုန်းသန့်ချွန်စက်ပျောက်သွားလို့တဲ့မင်းယူကိုင်သေးလား”
“ချွန်စက်”
“ဘော်လုံးချွန်စက်လေဦးလေးဖိုးလုံးရဲ့ အပြာရောင်လေး”
“သြော် ဘော်လုံးသေးသေးလေးလား”
“ဘော်လုံးချွန်စက်ပါဆိုဦးလေးဖိုးလုံးကလည်း”
“ချွန်စက်မသိဘူးဘော်လုံးသေးသေးလေးမို့လှလို့ယူကိုင်ကြည့်ရင်းဟိုဘက်အိမ်ကကောင်မလေးတောင်းလို့ပေးလိုက်တယ်”
“ဟင့်…အင်းးးဦးဦးဖိုးလုံးသားဟာပြန်ပေးပြန်ပေး”
ပြောရင်းခြေဆင်းငိုအော်ဟစ်နေတဲ့မြေးဖုန်းသန့်အသံဗြဲကြောင့်…….
“သားဘာဖြစ်လို့လည်း””ဦးဦးဖိုးလုံးပေါ့သားချွန်စက်လေးကိုယူသွားတာ”
“ကလေးချွန်စက်ဘာဖြစ်လို့ယူသွားတာလည်းပြန်ပေးလိုက်လေ တစ်အိမ်လုံးနှံ့နေပြီရှာရတာစိတ်တောင်ပျက်တယ်”
ချွေးမကပြောပြောဆိုဆိုဖိုးလုံးနားရွက်လိမ်ဆွဲ။
“ဟဲ့မတင်တော်ပြီမလုပ်နဲ့ငါသွားပြန်ယူပေးမယ် ဖိုးလုံးကမသိလို့ပေးလိုက်မိတာ”
မတင်ကိုဟန့်ရင်းလှေကားကဆင်းပြီးဘေးအိမ်ကိုချွန်စက်သွားတောင်းရပါတော့တယ်။
ဒီဖိုးလုံးတစ်ယောက်လည်းခက်ပါတယ်။
ကျွန်တော်ကမျက်နှာသာမပေးမိတော့ကျန်တဲ့ညီအကိုမောင်နှမတွေကလည်းဖိုးလုံးဆိုခိုင်းဖက်။အနှိမ်ခံ။
တစ်ဆင့်တက်တော့အနိုင်ကျင့်ဆိုသလို။
ပါးစပ်ကအမှန်ကိုပြန်ပြောတတ်ပေမယ့် အကြီးတွေကထိုးဘဲထိုးထိုးရိုက်ပဲရိုက်ရိုက်ငြိမ်ခံနေတတ်သူ။ပြန်မလုပ်။
ခုဟာကဘာမှမတန်တဲ့ဘော်လုံးချွန်စက်လေး။အင်းးးးးး
ဖိုးလုံးနဲ့တော့ဘယ်လိုလုပ်ရပ့။ဟူးးးးးးးး
အဖေလုပ်သူကျွန်တော့်မှာလည်းဖိုးလုံးကြောင့်သက်ပြင်းချရပြီ။
အခန်း(၃)
သမီးကြီးမဂ်လာဆောင်မှာသတို့သားဘက်ကပဲအစစအရာရာ အကုန်အကျခံဆောင်ပေးပြီးလို့ညနေပိုင်းမှာလင်မယားနှစ်ယောက်ကျွန်တော်နဲ့ကျွန်တော့်မဟေသီကိုလာကန်တော့အပြီး။
“သာဓုသာဓုသာဓုဒီလင်ဒီမယားသက်ဆုံးတိုင်အိုအောင်မင်းအောင်ပေါင်းသင်းကြရပြီးစီးပွားဥစ္စာများတိုးတက်၍ကြံတိုင်းအောင်ဆောင်တိုင်းမြောက်လိုတိုင်းပြည့်ပြီးသားကောင်းသမီးကောင်းများရရှိကံကောင်းနိုင်ကြပါစေ”
“အဖေနဲ့အမေ သမီးအကိုတို့အိမ်မှာပဲသွားနေတော့မှာမို့သမီးကိုခွင့်လွှတ်ပေးပါ အမေတို့အဖေတို့အတွက်လတိုင်းသမီးထောက်ပံ့ကန်တော့ပေးသွားမှာပါ”
သမီးကြီးရဲ့အဝတ်အစားအသုံးအဆောင်နဲ့တကွအိမ်မှာသမီးကြီးပိုက်ဆံနဲ့ဝယ်ထားသမျှအလုပ်သမားတွေနဲ့သမီးကြီးတို့လင်မယားကြီးကြပ်ပြီးကားပေါ်တင်သယ်ယူသွားကြပါပြီ။
သြော်…သတို့သားဘက်ကအစစအကုန်ခံမဂ်လာဆောင်ပေးလိုက်ကြတာ ကိုယ့်ဘက်ကလက်ဖွဲ့လိုက်ရတာကတော့ ကျွန်တော်တို့ရဲ့တစ်ဦးထည်းသောအဖိုးတန်သမီးလေး(အဖေအမေတို့ရဲ့နှလုံးသည်းပွတ်)ပါပဲ။
ကျွန်တော့မဟေသီကကျွန်တော်မသိအောင်တဖက်လှည့်ရင်းမျက်ရည်တွေကိုလက်ကိုင်ပဝါလေးနဲ့တို့တို့သုတ်နေတာ ကျွန်တော်မြင်ဖြစ်အောင်မြင်လိုက်မိပါတယ်။
အခန်း(၄)
အိမ်ထောင်ရှင်ဖြစ်သွားတဲ့သမီးကြီးခဗျာမိဘကိုအသိတရားနဲ့လတိုင်းထောက်ပံရှာပါတယ်။
နောက်ပိုင်းမှာတော့ကိုဗစ်ကပ်ကစလာ။ကိုယ်ဝန်ကရှိ။
သမီးကြီးစာသင်ရတဲ့အလုပ်ကအဆင်သိပ်မပြေ။
ချမ်းသာပြည့်စုံတဲ့ယောက်ခမများအိမ်မှာကပ်နေရရှာတော့ခင်ပွန်းနဲ့ယောက်ခမများမျက်နှာကြည့်ရတယ်ထင်ပါရဲ့။
အိမ်ကိုလာရင်မျက်နှာမကောင်းရှာ။
သမီးမျက်နှာအရိပ်လိုကြည့်နေတဲ့ကျွန်တော်……
သမီးကိုသနားလို့”လတိုင်းမထောက်ပံပါနဲ့တော့။သမီးအဆင်ပြေအောင်သာအရင်လုပ်ပါ။အဖေတို့ဘာသာကြည့်ကျက်စားပါ့မယ်”လို့ကျွန်တော်ပြောလိုက်ပါတယ်။
ကျွန်တော်နှစ်လုံးတောင်မထိုးရဲတော့ပါဘူးဗျာ။
နှစ်လုံးပြတ်သွားတာကလည်းခပ်ကောင်းကောင်း။
အရေးထဲဖိုးလုံးအထက်ကသားသမီးကြီးမာလာတင်အောက်အိမ်မှာခေါ်ထားတဲ့လင်မယားငွေကြေးပြသနာတွေနဲ့ရန်တွေဖြစ်ထသတ်ကြလို့သူ့အမေကအငယ်ကောင်လေးခေါ်ပြီးသူ့ဇာတိပြန်သွားတာမြေးအကြီးကောင်ကကျွန်တော်တို့လက်ထဲမှာကျန်ရစ်ခဲ့တာပေါ့။
ငွေကြေးပြသနာဆိုတာတခြားဟုတ်ရိုးလားနှစ်လုံးကြောင့်ပေါ့နှစ်လုံးကြောင့်။
အဲဒါကြောင့်ကျွန်တော်ပြတ်သွားတာခပ်ကောင်းကောင်းလို့ပြောတာ။
မြေးလေးအဖေကျွန်တော့သားကတော့အဲဒီကထည်းကအိမ်ကထွက်သွားလိုက်တာဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိ။
ကျန်ခဲ့တဲ့သူကကျွန်တော်။ကျွန်တော့်မဟေသီ။ဖိုးလုံး။သားကမွေးတဲ့မြေးအကြီးကောင်။
ပင်စင်လစာမလောက်။
သားသမီးထောက်ပံငွေယခုအခါ နိုး။
မြေးကအဆစ်ပါ။
ကျန်တဲ့သားကဥာဏ်မမှီ။
မဟေသီက ကျန်းမာရေးမကောင်း။
ခေါင်းကမီးတောက်……..။
အခန်း(၅)
အဲဒီနေ့က……….
မိသားစုစရိတ်အတွက်ကြံမိကြံရာဆိုက်ကားနင်းဖို့။
တစ်ကြောင်းပဲရရ။နှစ်ကြောင်းပဲရရ။
ကျွန်တော်ဆိုက်ကားနင်းပါတော့မည်။
ဆိုက်ကားထောင်တဲ့အုံနာဆီကဆိုက်ကားလေးယူပြီးအိမ်ရှေ့အရောက်……။
“အဖေ”
“အဖေ”
“ဘာလုပ်မလို့လည်းးး”
သားဖိုးလုံးကအမောတကောပြေးပြီးလာအမေးးးးးး
“အဖေဆိုက်ကားနင်းမလို့”
“အိုဗျာ..အဖေဘာလို့ဆိုက်ကားနင်းမှာလည်း ကျွန်တော်တစ်ယောက်လုံးရှိနေတာပဲပြန်သွားထားလိုက် ပေးပေး”
ကျွန်တော့လက်ထဲကဆိုက်ကားကိုအတင်းလုပြီးပြန်တွန်းသွားတာဗျာ။
သူ့အားကျွန်တော်မခံနိုင်။
လက်လွှတ်ပြီးဒီအတိုင်းကြည့်နေလိုက်ရပါရော။
ဖိုးလုံးပြန်လာတော့လက်ထဲမှာစားစရာတွေအပြည့်ပိုက်လာလိုက်တာ။
“ရော့..အဖေနဲ့အမေအတွက်”တဲ့။
ဘာတွေလည်းကြည့်လိုက်တော့ကန်စွန်းရွက်ကသုံးစီးစာလောက်။
အများကြီးဗျာ။
ပဲပင်ပေါက်အထုပ်ကြီးကတစ်ထုပ်။
ဂေါ်ဖီကတခြမ်း။
ကုလားပဲတစ်ထုပ်။
အာလူးပါပါသေး။
ဆန်ကတစ်ပြည်။
ဆီကလည်းရေသန့်ဗူးနဲ့တစ်ဗူးဗျာ။
အံမယ်…..သဘေ်ာသီးပါ ပါလာသေးသဗျာ။
“ဟဲ့..ငါ့သားဖိုးလုံးဘယ်ကရတာလည်း”လို့မေးတော့
“အဖေကလည်းဗျာမေးမနေပါနဲ့ ကန်စွန်းရွက်ကကန်မှာသွားခူးလာတာ တခြားဟာတွေကတက်တူးအိမ်က ဆန်နဲ့ဆီကကျွန်တော်ရေထမ်းပေးတဲ့အိမ်ကပေးလိုက်တာ။အရင်ကထည်းကကျွန်တော့ကိုပေးပေးနေတာ အဖေမကြိုက်မှာမို့ကျွန်တော်က မယူလာတာခုတော့ယူလာလိုက်တာ”
“ရော့အဖေတို့စားရအောင်ယူသာယူပါ။နောက်နေ့လည်းအဖေမပူနဲ့တော့ ကျွန်တော်ရေထမ်းရောင်းပြီးရှာကျွေးမယ်”
“အဖေဆိုက်ကားမနင်းနဲ့။အဖေဆိုက်ကားသွားနင်းရင်ကျွန်တော်စိတ်ဆိုးတယ်”
“အေးပါကွာ”လို့ဆို့နင့်စွာပြောရင်းသားဖိုးလုံးကိုစိုက်ကြည့်နေမိပါတော့တယ်။
သြော်…..ဥာဏ်မမှီရှာပေမယ့်အသိလေးကမှီရှာသားပါလားရယ်လို့ရင်ထဲမှာဝမ်းနည်းဝမ်းသာဖြစ်မိပါတော့တယ်။
သူပြောတဲ့အတိုင်းဖိုးလုံးလေးကရေထမ်းရောင်းပြီးကျွန်တော်တို့တစ်အိမ်လုံးကိုရှာကြွေးနေတာ။
ခုဆိုနှစ်ပေါက်ပါပြီ။
အိမ်ထဲမှာသားသမီးတွေရဲ့ဘွဲ့ရဓါတ်ပုံတွေကြွားလုံးထုတ်ချိတ်ထားသမျှအကုန်သူတို့ကိုယူချင်သူယူခွင့်ပေးရပါအုန်းမည်။
နောက်ပြီးအိမ်ကိုဘယ်သူလာလာ ဖိုးလုံးလေးကိုအရင်လို မနှိမ်ကြဖို့ မမာန်မဆူကြဖို့လက်မပါကြဖို့ မခိုင်းကြဖို့ အားလုံးကို ပြောရပါတော့မည်။
စံဌာနီထွန်း.