ဆုတောင်းများ

 ဆုတောင်းများ

တင်ညွန့် 

မနေ့က လမ်းလျှောက်အပြန် ရပ်ကွက်ထဲအဝင် လမ်းကျဉ်းလေးထဲကိုရောက်လာသည်။


အိမ်တစ်အိမ်က ဘုရားရှိခိုးရင်း ဆုတောင်းနေသည်။


“အရှင်ဘုရား … တပည့်တော် ယနေ့ထွက်ရှိမည့် နှစ်လုံးထီကို တည့်ပေါက်စေရန် ပေးသနားတော်မူပါဘုရား”


ကျွန်တော် ပြုံးလိုက်မိပါသည်။


လူတွေ ထင်ရာဆုတောင်းကာ အတွေးများလွဲနေကြပြီ။


ထိုအိမ်က ဘုရားတရားအလွန်လုပ်သည်။ တစ်ခါတစ်ရံ လမ်းလျှောက်အပြန် ဆွမ်းလောင်းသည်ကိုတွေ့သည်။ ဆွမ်းလောင်းစဉ် အမျိုးသမီးကြီးက


“အရှင်ဘုရားတို့ ချဲပေါက်ဖို့လည်း ဆုတောင်းပေးကြဦးလေဘုရား။ ချဲများများပေါက်မှ အရှင်ဘုရားတို့ကို ကောင်းကောင်းလှူနိုင်မှာပေါ့ဘုရား”


ဦးဇင်းလေးတွေက ပြုံးနေကြသည်။ ရတနာသုံးပါးကို ချဲပေါက်လိုသောကြောင့်များ ကိုးကွယ်နေကြသလား။


ကျွန်တော်လမ်းဆက်လျှောက်လာသည်။


အိမ်တစ်အိမ်ရှေ့အရောက်တွင် ဆုတောင်းသံတစ်သံကို ကြားရပြန်သည်။


“အရှင်ဘုရား … ပူဇော်ပါတယ်၊ ပသပါတယ်၊ အားကိုးပါတယ်ဘုရား။ တပည့်တော် ယနေ့ယခု လှူဒါန်းရသော ကုသိုလ်ကံ စေတနာတို့ကြောင့် ယနေ့ထွက်မည့် ချဲနံပါတ်ကို အားလုံးလွဲပါစေဘုရား”


ကျွန်တော် ရယ်ချင်မိသည်။


ထိုအိမ်က ချဲဒိုင်ကိုင်သည့် အိမ်ဖြစ်သည်။ သူ့အတွက် သူ့ထံတွင် လာထိုးသော ချဲနံပါတ်တွေကို တစ်ခုမျှ မပေါက်စေရန် (မတိုးစေရန်) သူက ဆုတောင်းနေရှာသည်။


တစ်အိမ်က ချဲနံပါတ် တည့်တည့်တိုးရန် ဆုတောင်းသည်။


တစ်အိမ်က ချဲနံပါတ် လွဲစေရန် ဆုတောင်းနေသည်။


ဘုရားရှင်သည့် မည်သူ့ကို အလိုလိုက်ရမည်နည်း။


တစ်အိမ်၏ ဆုတောင်းကိုပြည့်စေမည်ဆိုလျှင် အခြားတစ်အိမ်က ဒုက္ခရောက်မည်။


တစ်အိမ်၏ဆုတောင်းကို လွဲစေမည်ဆိုလျှင်လည်း အခြားတစ်အိမ်က ကောင်းစားမည်။


ဘုရားရှင်က မည်သူ့ကို မျက်နှာလိုက်ရမည်နည်း။


ကြားဖူးသော ပုံပြင်လေးတစ်ပုဒ်ကို သတိရမိပါသည်။


လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ခန့်က ပုံပြင်လေးတစ်ပုဒ်ဖြစ်သည်။


နောင်တွင် တရုတ်ဧကရာဇ် ဘုရင်မကြီးဖြစ်လာမည့် Qin မင်းသမီးသည် သူ့ထံပါးတွင် ခစားနေသည့် အမတ်ကြီး (နောင် ဝန်ကြီးဖြစ်လာမည့်) Xu ဆိုသူနှင့် တစ်နေ့တွင် စကားပြောကြသည်။


မင်းသမီးက


“အမတ်ကြီး … သင်သည် အလွန်ထင်ရှားကျော်ကြားသူဖြစ်သည်။ ထင်ရှားသလောက်လည်း သင့်ကို နောက်ကွယ်တွင် ဝေဖန်ပြစ်တင်သူတွေ ပေါလှသည်မှာ အဘယ်ကြောင့်နည်း” ဟုမေးလေသည်။


အမတ်ကြီးက


“မင်းသမီး နွေဦးရာသီတွင် မိုးရွာလျှင် ကောက်ပဲသီးနှံတွေ ကောင်းမည့်နိမိတ်ဖြစ်သောကြောင့် လယ်သမား တွေ ပျော်ကြသည်။ သို့သော် လမ်းတွေပျက်ကာ ရွှံ့တွေထသဖြင့် ခရီးသွားတွေ စိတ်ပျက်ကြရသည်။ ထို့အတူပင် ဆောင်းရာသီတွင် လသာပါက လရောင်တွင် ရွာသူရွာသားတွေပျော်ကြသည်။ သို့သော် လရောင်သည် သူခိုးတွေအတွက် စိတ်ပျက်စရာဖြစ်သဖြင့် ကျိန်ဆဲစရာဖြစ်သည်။ သဘာဝတရားကြီးသည် လူတိုင်းအတွက်အလိုကျ ဖြည့်ဆည်းပေးနိုင်ရန်ဆိုသည်မှာ မဖြစ်နိုင်ပါ” ဟု လျှောက်လေသည်။


အလွန်ပါးနပ်စွာဖြေကြားခြင်းဖြစ်သည်။ အမတ်ကြီးက မင်းသမီးမေးလာမည့် နောက်စကားတွေကို ကာထား သည်။ သူ့အဖြေသည် အလိုကျသည်လည်း ရှိလိမ့်မည်၊ အလိုမကျနိုင်မှုလည်း ဖြစ်နိုင်သည်။ တစ်ယောက် အကြိုက်တစ်ယောက်ကို သဘာဝတရားကြီးကပင် မလိုက်နိုင်ကြောင်း ပညာပေးလိုက်ခြင်း ဖြစ်သည်။


ကျွန်တော် ထိုနေ့က ဘုရားထံတွင် ဆုတောင်းသူနှစ်ယောက်အကြောင်းကို သတိရသဖြင့် မည်သူတွေ ဆုတောင်းပြည့်မည်နည်း ဆိုခြင်းကို စိတ်ဝင်စားမိသည်။


ချဲထိုးသည့်အိမ်က နေ့စဉ်ဆုတောင်းလည်း ချဲမပေါက်သဖြင့် မွဲပြီးရင်းမွဲသည်။


မည်သို့ဆိုစေ သူက ဆက်ပြီး ချဲထိုးသည်၊ ဆုတောင်းသည်။


ချဲဒိုင်ကိုင်သည့် အိမ်ကလည်း နေ့တိုင်း သူ့ထိုးသားတွေကို ချဲမပေါက်စေကြောင်း ဆုတွေတောင်းသည်။


သူကတော့ နေ့တိုင်း ဆုတောင်းပြည့်နေသည်။


တင်ညွန့်

၉.၅.၂၀၂၅


#ညမဖတ်ရ

#တင်ညွန့်

#ဝတ္ထုတို

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

"တစ်ပတ်လည်လာသော ဝဋ်နာ"