ညစာ

 ညစာ(ဝတ္ထုတို)

✍️ တင်ညွန့်
📔📔📔
ကျွန်တော်တို့သူငယ်ချင်း ငါးယောက် ညစာစားရန် ချိန်းထားကြသည်။
ကျော်သူရသည် အမေရိက ရောက်နေသည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိမည်ထင်သည်။ သူက မြန်မာနိုင်ငံကို ခေတ္တပြန်လာသည်။ သူငယ်ချင်းတွေအတူ ဆုံချင်သည်ဆိုသဖြင့် ကျွန်တော်တို့သည် ရက်တစ်ရက်ရွေးပြီး ညစာ အတူတူစားကြရန် ချိန်းလိုက်ကြသည်။
ကျော်သူရ၊ ခင်မောင်ဆွေ၊ ဌေးလွင်၊ အေးမြင့်နှင့် ကျွန်တော်တို့သည် တက္ကသိုလ်တက်ခဲ့သည့်နှစ်များအတွင်း အတွဲဆုံး သူငယ်ချင်းတွေဖြစ်သည်။ ကျွန်တော်တို့ ငါးယောက်ထဲတွင် ကျွန်တော်က အမွဲဆုံးဖြစ်သည်။ ကျောင်းပြီးသည့်အခါတွင် ကျော်သူရက နိုင်ငံခြားထွက်သွားသည်။ ခင်မောင်ဆွေနှင့် အေးမြင့်က မိဘ လက်ငုတ်လက်ရင်း စီးပွားရေးလုပ်သည်။ ဌေးလွင်က သင်္ဘောလိုက်သည်။ ကျွန်တော်တစ်ဦးတည်း အစိုးရအလုပ်လုပ်သည်။
သူငယ်ချင်းတွေအားလုံး အိမ်ထောင်တွေကျပြီး သားသမီးတွေကိုယ်စီနှင့်ဖြစ်ကုန်ကြသည်။ ကျွန်တော်ကတော့ အဖော်မရှာ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်သည်။ ကျွန်တော့်အတွက် ကိုယ်ရသည့်လစာနှင့် ကိုယ်တစ် ယောက်တည်း ရုန်းကန်နေရသည်မှာ အခက်အခဲသိပ်မရှိ။ လောဘမရှိခြင်းကလည်း ကျွန်တော့်ကို အေးချမ်း စေသည်။
ကျော်သူရပြန်လာပြီဖြစ်ကြောင်း ကျွန်တော့်ကို လာပြောသူမှာ အေးမြင့်ဖြစ်သည်။ သူနှင့်ကျွန်တော်က တစ်ရပ်ကွက်တည်းသားတွေဖြစ်သည်။ ကျွန်တော်ကလည်း သူငယ်ချင်းတွေပြန်ဆုံကြမည်ဆိုသဖြင့် ဝမ်းသာ နေမိသည်။ ကျွန်တော်တို့ နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးချိန်တွင် လှည်းတန်းလမ်းဆုံ အဝိုင်းကြီး မြက်ခင်းတွင် တစ်ညလုံးထိုင်ကာ စကားတွေပြောကြသည်။ မိုးလင်းခါနီးမှ အနီးနားရှိ လက်ဖက်ရည်ဆိုင်တွင် နံပြားနှင့် လက်ဖက်ရည်သောက်ကာ အဆောင်ပြန်အိပ်ကြသည်။ ကျွန်တော်တို့ ကတိထားခဲ့ကြသည်မှာ
“မသေမီ ပြန်ဆုံကြမည်”
ယခုတော့ ကျွန်တော်တို့အားလုံး ၆၀ ကျော်အရွယ်တွေဖြစ်ကုန်ပြီ။ သူငယ်ချင်းတွေပြန်ဆုံရမည်ဆိုသဖြင့် ရင်ခုန်နေမိသည်။
ကျွန်တော့်မှာ ကိုယ်ပိုင်ကားမရှိ။ အေးမြင့်က သူလာကြိုမည်ပြောသော်လည်း ကျွန်တော်ကလက်မခံ။ ကျွန်တော့်မှာ ကိစ္စတစ်ခုရှိသဖြင့် မြောက်ဒဂုံကို သွားရသည်။ မြောက်ဒဂုံကတစ်ဆင့် ကျွန်တော် သူတို့ချိန်းထား သည့် မြေနီကုန်းကို လာရမည်ဖြစ်သည်။
ကျွန်တော်တို့အားလုံး ဆုံကြမည့်အချိန်မှာ ည ၇ နာရီဖြစ်သည်။
ကျွန်တော်က မြေနီကုန်းအထိ ကားနှစ်ဆင့်စီးရသောကြောင့် အတော်နောက်ကျသွားသည်။ သူတို့ချိန်းသည့် စားသောက်ဆိုင်ရောက်ရန် ၁၅ မိနစ်လောက် ထပ်ပြီး လမ်းလျှောက်ရသေးသည်။ ကျွန်တော်ရောက်ချိန်မှာ ၇ နာရီခွဲနေပြီ။
“ဟေ့ မင်းနောက်ကျလိုက်တာ”
“ငါက မင်းတို့လို ကားရှိတာ မဟုတ်ဘူးကွ”
“ငါခေါ်သွားမယ်ပြောပါတယ်”
“ငါက ကိစ္စတစ်ခုရှိနေလို့ မြောက်ဒဂုံကလာရတာကွာ ဆောရီး”
“ကဲ မင်း ဘာစားမလဲ … ဘာသောက်မလဲ မှာလေ။ တို့ကတော့ ခုမှ ပွဲစကာစရှိသေးတယ်”
“ငါမသောက်ပါဘူးကွာ။ မင်းတို့ မှာထားတာတွေကလည်း အများကြီးပဲကွာ။ ထပ်မမှာပါနဲ့တော့။ ဒီမှာ ရှိတာပဲ စားပါ့မယ်”
“ဘယ်ဟုတ်မလဲကွာ …မင်းစားချင်တာ မင်းမှာစမ်းပါ … ဟေ့ စားပွဲထိုး”
ကျော်သူရက စားပွဲထိုးကို ခေါ်လိုက်သည်။ စားပွဲထိုးလေးက စာအုပ်လေးကိုင်ပြီး ကျွန်တော့်ဘေးတွင် လာရပ်သည်။
“မှာလေကွာ”
“ငါ မမှာတတ်ဘူး … လောလောဆယ်တော့ ရေတစ်ဘူးပေးပါကွယ်။ ကျော်သူရ မင်းကြိုက်တာမှာ”
ကျွန်တော်တို့ သူငယ်ချင်းတွေ စကားလက်ဆုံ ပြောမကုန်။ သူတို့က အသောက်သမားတွေ ဆိုသော်လည်း အပြန်ကို ကားမောင်းကြရမည်ဖြစ်သောကြောင့် ထိန်းထိန်းသိမ်းသိမ်း သောက်ကြသည်။ အစားအစာတွေ ကတော့ စားပွဲဝိုင်းကြီးတစ်ခုလုံး ပြည့်လုလုဖြစ်သည်။
ကျွန်တော်လည်း ကိုယ်စားနိုင်သလောက်စားလိုက် စကားပြောလိုက်နှင့် ဗိုက်အတော်လေးပြည့် သွားသည်။ ဆက်မစားနိုင်သည့်အဆုံးတွင် ကျွန်တော်ရပ်လိုက်ပြီး သူတို့ပြောသမျှ နားထောင်နေသည်။
ည ၁၁ နာရီထိုးပြီ
အားလုံးပြန်ရန်သင့်ပြီဖြစ်သောကြောင့် နှုတ်ဆက်ကြသည်။
ကျွန်တော်တို့စားပွဲပေါ်တွင် အစားအစာတွေက အပြည့်ဖြစ်နေသည်။ သူတို့သောက်သည့် အကောင်းစား အရက်ပုလင်းက ကုန်လုလုဖြစ်သော်လည်း စားပွဲပေါ်တွင် မစားရသေးသည့် ဟင်းပန်းကန်တွေရှိနေသေး သည်ကို တွေ့လိုက်ရသည်။
သူတို့အားလုံး မတ်တတ်ရပ်ကာ နှုတ်ဆက်နေကြချိန်တွင် ကျွန်တော်က စားပွဲထိုးလေးကို ခေါ်လိုက်သည်။
“ဘာလုပ်မလို့လဲကွ”
“ဒီစားပွဲပေါ်က ဟင်းပန်းကန်တွေအားလုံးက ပိုက်ဆံရှင်းပြီးသား မဟုတ်လား”
“ရှင်းပြီးပြီလေ ဘာဖြစ်လို့လဲ”
“ဒီအတိုင်း ထားခဲ့မလို့လား”
“ထားခဲ့မှာပေါ့”
ကျွန်တော်က စားပွဲထိုးလေးကို
“သားရေ ဒီစားပွဲပေါ်က ဟင်းတွေကို ထုပ်ပေးပါကွယ်”
“ဟာ ဒီကောင် ကြောင်တောင်တောင်နဲ့ ဘာလုပ်မလို့လဲ”
“စားပွဲပေါ်က ဟင်းတွေက ပိုက်ဆံရှင်းပြီးသားဆိုရင် ယူခွင့်ရှိတယ်မဟုတ်လား”
“ယူလို့တော့ရတာပေါ့ … မင်းကွာ ရှက်စရာကြီး။ ဘာဖြစ်လို့ယူမှာလဲ။ မင်းမှာ အိမ်ပြန်ရင် စားမယ့်သောက်မယ့် လူလည်း ရှိတာ မဟုတ်ဘူး။ မင်းစားချင်တယ်ဆိုရင်လည်း အသစ်မှာပေးပါ့မယ်”
“မလိုပါဘူးကျော်သူရရယ် … ငါက စားပွဲပေါ်က ကျန်နေတဲ့ ဟင်းတွေကိုပဲ ယူချင်လို့ပါ”
“ကျော်သူရ အဲဒီကောင်ကို ပြောမနေနဲ့။ ဒီကောင်က ကျောင်းမှာကတည်းက ကြောင်တောင်တောင်နဲ့ သူထင်ရာ လုပ်တဲ့ကောင်”
ခဏအကြာတွင် စားပွဲထိုးလေးက ဟင်းများကို အထုပ် ငါးထုပ်ထုပ်ပေးပြီး လာပေးသည်။
ကျွန်တော်က ကျေးဇူးတင်ကြောင်းပြောကာ
“ကဲ သွားကြမယ်လေ”
“မင်းဘာနဲ့ပြန်မှာလဲ”
“ဘတ်စ်ကားနဲ့ပေါ့”
“ဒီအချိန် ဘယ်လိုင်းကားမှ မရှိဘူး။ ငါ့ကားနဲ့လိုက်ပို့မယ်”
ကျွန်တော်တို့ ဆိုင်ထဲက ပြန်ထွက်လာကြသည်။ အားလုံး ကားနှစ်စီးပေါ်တွင် ခွဲတက်ကြသည်။ ကျွန်တော်က ကျော်သူရကားပေါ်တွင် တက်ထိုင်လိုက်သည်။
ကျွန်တော်တို့ ကားနှစ်စီး ဆိုင်အပြင်ကို ထွက်လိုက်ပြီး လမ်းကွေ့အရောက်တွင် ကျွန်တော်က
“ကျော်သူရ ခဏရပ်ပါဦီး”
“ဘာကျန်ခဲ့လို့လဲကွ”
“ရပ်ပါကွာ”
သူက ကားရပ်ပေးလိုက်သည်။ ကျွန်တော်က လက်ထဲတွင် အထုပ်တွေကိုဆွဲပြီး ကားပေါ်က ဆင်းလိုက်သည်။ ဓာတ်တိုင်အောက်တွင် မိသားစုတွေလားဘာတွေလားမသိ တောင်းစားသူတွေ ထိုင်နေကြသည်။ ကျွန်တော့်ကို တွေ့လိုက်သည့်အခါတွင် လက်ဝါးလေးတွေဖြန့်ကာ တောင်းကြသည်။
ကျွန်တော်က သူတို့အနားသွားပြီး
“ထမင်းစားပြီးကြပြီလား” ဟုမေးလိုက်သည်။
ကလေးတစ်ယောက်က
“မစားရသေးဘူး”
ကျွန်တော်က သူတို့က လက်ထဲကို အထုပ်တွေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်ခင်ဗျာ”
အသက်ကြီးကြီးတစ်ယောက်ကပြောသည်။
ကျွန်တော်လည်း အထုပ်တွေပေးပြီး လှည့်ထွက်ခဲ့ကာ ကားပေါ်တက်လိုက်သည်။
ကျွန်တော်တို့ကားထွက်လာချိန်မှ
“ငါတို့မှာ ပိုလျှံပြီး မစားနိုင် မသောက်နိုင်ဖြစ်နေချိန်မှာ ဘာမှမရှိလို့ မစားရမသောက်ရ ဖြစ်နေတဲ့သူတွေလည်း အများကြီး ရှိနေကြတယ်ဆိုတာကို သတိရလိုက်ပါ သူငယ်ချင်းတို့ရာ” ဟု ကျွန်တော်ကပြောလိုက်သည်။
ကျော်သူရက သက်ပြင်းကြီးချလိုက်သည်။
ကျွန်တော်က ကားမှန်ကို ဖွင့်လိုက်သည်။
အပြင်လေက ကားထဲကို တိုးဝင်လာသည်။
ဆောင်းကုန်လုပြီဖြစ်သော်လည်း အပြင်လေက အေးနေသည်။
▪️▪️▪️
တင်ညွန့်
၂၈.၂.၂၀၂၆

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

"တစ်ပတ်လည်လာသော ဝဋ်နာ"