အောက်လမ်းတာတီး၏ ငယ်ဘဝအစ
အောက်လမ်းတာတီး၏ ငယ်ဘဝအစ
မိုးဦးကျကာစ အချိန်ဖြစ်သဖြင့် တောလမ်းတစ်ခုလုံးတွင် မိုးသက်လေပြင်းများ တိုက်ခတ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်ခြားဖွယ်ရာ ကောင်းလှသည်။ ထိုတောလမ်းအတိုင်း မိသားစုတစ်စုသည် ပျော်ပျော်ပါးပါး ခရီးထွက်လာကြရာ… ထိုမိသားစုထဲတွင် အသက် (၁၂) နှစ်အရွယ် တာတီးလေးလည်း ပါဝင်လာခဲ့၏။
သို့သော်… သူတို့မိသားစု၏ ပျော်ရွှင်မှုများသည် လမ်းခုလပ်တောစပ်တစ်ခု အရောက်တွင် ဇာတ်သိမ်းသွားခဲ့ရရှာသည်။ ချုံတောထဲမှနေ၍ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော လူဆိုးဓားပြတစ်စု ဝုန်းခနဲ ထွက်လာကြပြီး လမ်းကို ပိတ်ဆို့လိုက်ကြ၏။
"ဟိတ်…… အခု ရပ်ကြစမ်း!"
ရက်စက်ကြမ်းကြုတ်လှသော အော်ဟစ်သံကြောင့် မိသားစုတစ်စုလုံး သွေးပျက်သွားရသည်။ ဖခင်ဖြစ်သူသည် အခြေအနေကို ရိပ်မိလိုက်သဖြင့် ချက်ချင်းပင် ဇနီးသည်၏ ပုခုံးကို တွန်းကာ အော်ပြောလိုက်လေသည်။
"ဟာ…… ဓားပြတွေပဲ။ မိန်းမ…… နင် ကလေးကိုခေါ်ပြီး မြန်မြန်ပြေးတော့!"
ဖခင်ဖြစ်သူ၏ စကားကြောင့် မိခင်ဖြစ်သူလည်း ကြောက်လန့်တကြားဖြင့် မောင်တာတီး၏ လက်ကို ကျစ်ကျစ်ပါအောင်ဆွဲကာ အနောက်ဘက် တောအုပ်ကြီးထဲသို့ အသက်လုလျက် ထွက်ပြေးရတော့သည်။ လူဆိုးခေါင်းဆောင်သည် ပြေးသွားသော သားအမိနှစ်ယောက်ကို ကြည့်ကာ လှမ်းအော်လိုက်၏။
"ဟေ့ကောင်တွေ…… ပြေးသွားတဲ့ မိန်းမနောက်ကို လိုက်ကြစမ်း။ သူ့မှာ ရွှေငွေ လက်ဝတ်လက်စားတွေ ပါတယ်၊ အကုန်ယူခဲ့ကြစမ်း!"
လူဆိုးခေါင်းဆောင်၏ အမိန့်ကြောင့် ဓားပြသုံးလေးယောက်သည် သားအမိနှစ်ယောက်နောက်သို့ ထပ်ကြပ်မကွာ ပြေးလိုက်ကြတော့သည်။ ဖခင်ဖြစ်သူသည် ထိုနေရာမှာပင် မောင်တာတီးနှင့် ဇနီးဖြစ်သူ လွတ်မြောက်ရေးအတွက် လူဆိုးများကို တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ ခုခံရင်း ဓားဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင် သေဆုံးသွားခဲ့ရရှာလေသည်။
"ဟေ့…… မပြေးနဲ့! အခု ရပ်စမ်း!"
လူဆိုးဓားပြများသည် တောနက်ကြီးထဲအထိ အော်ဟစ်ဆဲဆိုကာ လိုက်လာကြရာ သားအမိနှစ်ယောက်မှာ အမောတကောဖြင့် လဲကျမတတ် ဖြစ်နေရပြီ။ မိခင်ဖြစ်သူသည် သူမတို့နှစ်ယောက်လုံး ဆက်ပြေးပါက လွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်း သိလိုက်သဖြင့် သားဖြစ်သူ မောင်တာတီးကို တွန်းထုတ်ရင်း…
"သား…… တာတီး…… ဒီလမ်းအတိုင်း ဆက်ပြေးတော့။ အမေ့ကို ဒီနေရာမှာ ထားခဲ့တော့ သား!"
"ဟာဗျာ…… အမေကလည်း၊ မထားခဲ့ပါဘူး။ သားတို့ အတူတူ ပြေးကြမယ်လေဗျာ……"
မောင်တာတီးလေးမှာ ငိုယိုကာ အမေ့လက်ကို ဆွဲထားမိသည်။ သို့သော် မိခင်ဖြစ်သူက သားဖြစ်သူ၏ မျက်နှာလေးကို ကြည့်ကာ မျက်ရည်များဖြင့် နောက်ဆုံးစကားကို ဆိုရှာ၏။
"အမေ့စကားကို နားထောင်ပါ သားရယ်…… အမေတို့ နှစ်ယောက်လုံး ဒီလိုဆက်ပြေးနေရင် လွတ်မှာမဟုတ်ဘူး။ သား လွတ်အောင်ပြေးတော့…… ပြေးတော့ သား!"
မောင်တာတီးသည် မိခင်ဖြစ်သူကို လုံးဝမထားခဲ့ချင်သော်လည်း မိခင်၏ နောက်ဆုံးဆန္ဒ စကားကို နားထောင်သည့်အနေဖြင့် မျက်ရည်များ တဖြိုင်ဖြိုင်စီးကျလျက် တောလမ်းအတိုင်း တစ်ယောက်တည်း ရှေ့သို့ ဆက်ပြေးရှာလေသည်။
"ဒီကောင်မ…… ဒီလောက်တောင် ပြေးချင်နေတာလား။ ရော့…… သေပေတော့!"
"ဒိုင်း……!"
ပြင်းထန်လှသော သေနတ်သံကြီးကြောင့် တောအုပ်တစ်ခုလုံး ဆူညံသွားခဲ့ရသည်။ ထိုအသံနှင့်အတူ မောင်တာတီး၏ မိခင်ဖြစ်သူသည် ကျည်ဆန်ထိမှန်ကာ နေရာတွင်ပင် လဲကျ၍ အသက်ပျောက်သွားခဲ့ရရှာတော့သည်။ မောင်တာတီးလေးမှာမူ အနောက်သို့ ပြန်မကြည့်ရဲတော့ဘဲ ရင်ထဲတွင် ကြောက်စိတ်၊ လွမ်းစိတ်၊ နာကျည်းစိတ်များဖြင့် လမ်းရှိရာအတိုင်း မနားတမ်း ထွက်ပြေးလာခဲ့ပါတော့သည်။
မောင်တာတီးသည် တောလမ်းအတိုင်း အနောက်သို့ ပြန်မကြည့်ဝံ့ဘဲ အသက်လုကာ မနားတမ်း ပြေးလာခဲ့သည်။ ပြေးရင်းပြေးရင်းနှင့် ခြေကုန်လက်ပန်းကျကာ အရမ်းမောဟိုက်လာသဖြင့် လမ်းဘေးရှိ သစ်ပင်ကြီးတစ်ပင်၏ ခြေရင်းတွင် ခေတ္တဝင်ထိုင်ကာ နားနေရင်းမှ ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားရှာလေတော့သည်။
ထိုသို့ မောင်တာတီးလေး တစ်ကိုယ်တည်း အိပ်မောကျနေစဉ်… "ဦးအောင်မောင်း" ဆိုသူ ရွာခံလူကြီးတစ်ဦးသည် တောလမ်းအတိုင်း နွားလှည်းတစ်စီးနှင့် မောင်းနှင်လာခဲ့၏။ လှည်းမောင်းလာရင်း သစ်ပင်ခြေရင်း၌ ကွေးကွေးလေး အိပ်စက်နေသော ကလေးငယ်တစ်ဦးကို အဝေးကပင် လှမ်းမြင်၍ တွေ့သွားလေသည်။
ဦးအောင်မောင်းသည် လှည်းပေါ်မှနေ၍ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း မည်သည့်လူတစ်ဦးတစ်ယောက်မျှ မတွေ့ရချေ။ မိုးကလည်း ချုပ်တော့မည် ဖြစ်သောကြောင့် ဤကလေးငယ်ကို တောထဲတွင် တစ်ယောက်တည်း ထားခဲ့မည်ဆိုပါက သားရဲတိရစ္ဆာန် အန္တရာယ်ရှိနိုင်သဖြင့် မေးမြန်းရန်အတွက် လှည်းကို ခဏရပ်ကာ ကလေးရှိရာ သစ်ပင်ခြေရင်းသို့ ဆင်းသွားလိုက်တော့သည်။
"သား…… သား…… ထတော့၊ ထတော့ မိုးချုပ်နေပြီ"
ဦးအောင်မောင်းက ကလေးငယ်၏ ပုခုံးကို အသာအယာ လှုပ်နှိုးလိုက်ရာ… မောင်တာတီးသည် လန့်နိုးလာပြီး မျက်လုံးလေး မှေးမှေးလေးဖြင့် ဖွင့်ကြည့်လိုက်ကာ ချက်ချင်းပင် ကြောက်လန့်တကြား ထအော်လိုက်လေတော့သည်။
"သားကို…… မသတ်ပါနဲ့နော် ဦးလေး။ သားမှာ ဘာမှ မရှိပါဘူးဗျာ……"
ထိုကလေးငယ်၏ စကားကြောင့် ဦးအောင်မောင်းမှာ ခေတ္တမျှ ကြောင်သွားရရှာသည်။ အကြောက်တရားများ ရင်ထဲတွင် အတုံးအရုံး ပြည့်နှက်နေသော ကလေးငယ်တစ်ဦးကို ထူးဆန်းစွာ တွေ့လိုက်ရခြင်းကြောင့် ဖြစ်၏။ ဦးအောင်မောင်းသည် သနားစိတ်ဖြင့် လေသံကို အတတ်နိုင်ဆုံး လျှော့ကာ ချော့မော့လိုက်သည်။
"သား…… ဘာမှ မကြောက်နဲ့။ ဦးက သားကို မသတ်ပါဘူးကွယ်……"
လူစိမ်းဦးလေးကြီး၏ ကြင်နာလှသော စကားကြောင့် မောင်တာတီးတစ်ယောက် စိတ်နည်းနည်း သက်သာရာရသွားရှာသည်။ ထို့နောက်တွင်မူ ရင်ထဲက အသည်းခိုက်မတတ် ခံစားနေရသော ဝမ်းနည်းမှုများ ပေါက်ကွဲထွက်လာကာ… မောင်တာတီး၏ ပါးပြင်ပေါ်မှ မျက်ရည်များ တဖြိုင်ဖြိုင် စီးကျလာပြီး ရှိုက်ကြီးတငင် စတင်ငိုကြွေးပါတော့သည်။
ထိုသနားစဖွယ် မြင်ကွင်းကို မြင်လိုက်ရသော ဦးအောင်မောင်းသည်လည်း ရင်ထဲတွင် မချိမဆံ့ သနားစိတ်ဝင်ကာ ကလေးငယ်၏ အနားတွင် ထိုင်ချလိုက်ပြီး အသာအယာ မေးလိုက်၏။
"သား…… သားနာမည် ဘယ်လိုခေါ်လဲ"
"သားနာမည်က…… တာတီးပါ ဦး"
"သားက ဒီမှာ ဘာလို့ တစ်ယောက်တည်း အိပ်နေရတာလဲ၊ သားမိဘတွေရော ဘယ်မှာလဲ"
ဦးအောင်မောင်း၏ မေးခွန်းအဆုံးတွင် မောင်တာတီးလေးသည် မိခင်နှင့် ဖခင်ကို မြင်ယောင်လာပြီး မျက်ရည်များဖြင့် အကျယ်ကြီး ထပ်မံအော်ဟစ်ငိုကြွေးလိုက်ပြန်သည်။
"ဟီး....ဟီး..."
"သား…… မငိုနဲ့ သား၊ ဘာမှလည်း မကြောက်နဲ့။ သားဘေးမှာ ဦးဦးတစ်ယောက်လုံး ရှိတယ်။ သား ဘာဖြစ်ခဲ့လဲဆိုတာ ဦးကို ပြောပြပါလားကွယ်"
မောင်တာတီးသည် ငိုနေရာမှ မျက်ရည်စက်လက်ဖြင့် ခေါင်းလေးမော့ကာ ဦးအောင်မောင်းကို ကြည့်လိုက်ပြီး တုန်ရီနေသော လေသံဖြင့် ဆိုရှာ၏။
"သား…… အဖေနဲ့ အမေ…… လူဆိုးတွေနဲ့ တွေ့ပြီး…… သေကုန်ကြပြီဗျာ…… ဟီး…… ဟီး……"
မောင်တာတီးလေးခမျာ ပြောရင်းနှင့် ပြန်ငိုရှာပြန်သည်။ ဦးအောင်မောင်းလည်း စိတ်မကောင်းခြင်းကြီးစွာဖြင့် တောထဲမှာ မိုးကလည်း ပို၍ ချုပ်လာပြီဖြစ်သောကြောင့် ဤနေရာတွင် ဆက်မနေလိုတော့ဘဲ မိမိအိမ်သို့ လိုက်လာရန် တာတီးလေးကို ချော့မော့ခေါ်ခဲ့လေတော့သည်။
"သား…… အဲ့ဒါဆိုရင် ဦးနဲ့ လိုက်ခဲ့တော့။ ဒီတောထဲမှာ ဆက်နေရင် အန္တရာယ်များတယ် သားရဲ့……"
ထို့နောက်ဦးအောင်မောင်သည် မောင်တာတီးကို လှည်းပေါ်သို့ ခေါ်ကာ အိမ်သို့ ပြန်ခဲ့သည်။ဦးအောင်မောင်းဆိုသူသည် မုဆိုးဘို တစ်ဦးဖြစ်သည်။
မောင်တာတီးလေးကို ကြင်နာစွာ ချော့မော့ခေါ်နေသော လှည်းသမားကြီး ဦးအောင်မောင်းသည် အမှန်တော့ ရွာအနောက်ပိုင်းတွင် နေထိုင်သည့် သနားစရာ အထီးကျန် မုဆိုးဘိုကြီးတစ်ဦး ဖြစ်သည်။
လွန်ခဲ့သော ငါးနှစ်ခန့်က သူ အသက်ထက်ချစ်ရသော ဇနီးသည် "မေသက်" တစ်ယောက် သွေးဝမ်းရောဂါဖြင့် သူ့ကို ထားရစ်ကာ ရုတ်တရက် ဆုံးပါးကွယ်လွန်သွားခဲ့ရှာသည်။ မိန်းမရှိစဉ် ကာလတစ်လျှောက်လုံးတွင်လည်း သူတို့ဇနီးမောင်နှံမှာ ဆုတောင်းမပြည့်ခဲ့သဖြင့် သားသမီးရတနာ တစ်ဦးတစ်ယောက်မျှ ထွန်းကားခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ဇနီးသည် ဆုံးပါးသွားသည့် နေ့မှစ၍ ဦးအောင်မောင်း၏ ဘဝသည် မှေးမှိန်အေးစက်ကာ တစ်ကိုယ်တည်း အထီးကျန်စွာ ဖြတ်သန်းခဲ့ရရှာလေသည်။
သူ့တွင် အဖော်ဟူ၍… သူ သေတပန်သက်ဆုံး လုပ်ကိုင်စားသောက်နေသည့် သစ်သားလှည်းအိုကြီးတစ်စီးနှင့် နွားအိုနှစ်ကောင်သာ ရှိသည်။
ဦးအောင်မောင်း၏ နေ့စဉ်ဘဝမှာ ခါးသီးလွန်းလှ၏။ မိုးမလင်းမီ ကြက်ဦးတွန်ချိန်ကတည်းက အိပ်ရာမှထ၊ နွားစာကျွေးကာ ထမင်းချိုင့်ကလေးဆွဲပြီး နဂါးပတ်တောင်ခြေ တောနက်ကြီးထဲသို့ လှည်းမောင်း၍ ထင်းခုတ်ထွက်ရသည်။ တစ်နေကုန် နေပူမရှောင်၊ မိုးရွာမရှောင် တောထဲတွင် ပုဆိန်တစ်လက်ဖြင့် ထင်းခြောက်များကို ပင်ပင်ပန်းပန်း ခုတ်ထွင်ရ၏။ လှည်းပေါ်တွင် ထင်းချောင်းများ ပြည့်လျှံအောင် တင်ဆောင်ပြီးသည့်အခါမှ ရွာကို ပြန်လာကာ တစ်ဆင့်ပြန်ရောင်းပြီး ရသည့်ပြားငွေလေးဖြင့် ဝမ်းရေးကို မနည်းရုန်းကန်ရရှာသည်။
"ဟင်း……"
နေဝင်မိုးချုပ်၍ အိမ်ကို ပြန်ရောက်သည့် အချိန်တိုင်း… ချက်ပြုတ်ကျွေးမွေးမည့်သူ၊ ဆီးကြိုမည့်သူ မရှိသော ပိန်းပိတ်အောင် မှောင်မိုက်နေသည့် အိမ်အိုလေးကို ကြည့်ကာ ချက်ပြုတ်စားသောက်ရင်း ဦးအောင်မောင်းတစ်ယောက် အမြဲတမ်း သက်ပြင်းချရစမြဲ။
'ငါ့မှာသာ သားသမီးလေးတွေ ရှိခဲ့ရင်… ငါ့မိန်းမသာ အသက်ရှင်ခဲ့ရင်… အခုချိန်ဆို ငါ့အိမ်လေး ဆူညံပြီး နွေးထွေးနေမှာပဲ…' ဆိုသည့် အတွေးမျိုးဖြင့် ညစဉ် မျက်ရည်ဝဲကာ အိပ်စက်ရသည်။
ထို့ကြောင့်ပင် ယခုကဲ့သို့ တောအုပ်ကြီးထဲ၌ မိဘနှစ်ပါးစလုံး ဆုံးရှုံးပြီး သေဘေးမှ လွတ်မြောက်လာကာ ရှိုက်ကြီးတငင် ငိုကြွေးနေသော အသက် (၁၂) နှစ်အရွယ် တာတီးလေးကို မြင်လိုက်ရသည့်အခါ… ဦးအောင်မောင်း၏ ရင်ထဲတွင် သားသမီးချင်း စာနာထောက်ထားစိတ်၊ မိမိကဲ့သို့ အထီးကျန်နေသည့် ကလေးငယ်အပေါ် သနားဂရုဏာစိတ်များ ဖြစ်ပေါ်နေတော့သည်။
----------------------
ညက မုန်တိုင်းထန်ခဲ့သမျှ မနက်ခင်းတွင်မူ ရာသီဥတုက သာယာကြည်လင်လျက်ရှိသည်။ သစ်ပင်ထက်က ငှက်ကလေးများ၏ တေးဆိုသံနှင့်အတူ နေရောင်ခြည်နွေးနွေးလေးက ဦးအောင်မောင်း၏ အိမ်စုတ်ကလေးထဲသို့ တိုးဝင်လာခဲ့၏။
ထိုအခါမှ… တစ်ညလုံး မိဘများကို လွမ်းဆွတ်တမ်းတပြီး ငိုယိုကာ အိပ်ပျော်သွားခဲ့ရှာသော မောင်တာတီးလေးသည် ပင်ပန်းနွမ်းနယ်စွာဖြင့် အိပ်ရာမှ နိုးထလာခဲ့တော့သည်။ တာတီးလေးသည် မျက်လုံးကို ပွတ်သပ်ရင်း ဘေးဘီဝဲယာကို ကြည့်လိုက်ရာ… မိမိရောက်ရှိနေသည်မှာ မိမိတို့အိမ်မဟုတ်ဘဲ စိမ်းသက်လှသော အိမ်အိုလေးတစ်လုံး ဖြစ်နေသည်ကို သတိပြုမိသွားကာ ရင်ထဲတွင် ဟာခနဲ ခံစားလိုက်ရရှာသည်။
သို့သော်… ညက မိမိကို ကယ်တင်ခဲ့သည့် ဦးလေးကြီး၏ ပုံရိပ်ကို မမှိတ်မသုန် ပြန်လည်မြင်ယောင်လာကာ စိတ်အနည်းငယ် အေးချမ်းသွားရ၏။
ထိုနေ့မနက်တွင်မူ… လှည်းသမားကြီး ဦးအောင်မောင်းတစ်ယောက် နေ့စဉ်သွားနေကျ တောနက်ကြီးထဲသို့ ထင်းခုတ်ရန် မသွားဖြစ်တော့ချေ။ မိဘမဲ့ တာတီးလေး အိမ်သို့ ရောက်ရှိလာခြင်းကြောင့် စိတ်ပူစိတ်မချဖြစ်ကာ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အလုပ်များကို နားလိုက်ခြင်း ဖြစ်သည်။ ဦးအောင်မောင်းသည် မနက်စောစောကတည်းက ထင်းမီးမွှေကာ ကလေးငယ်အတွက် ထမင်းနှင့် ဟင်းကို စေတနာအပြည့်ဖြင့် တကူးတက ချက်ပြုတ်ပြင်ဆင်နေခဲ့ခြင်း ဖြစ်၏။
အိပ်ရာမှ ထလာသော မောင်တာတီးလေးကို မြင်လိုက်ရသည့်အခါ ဦးအောင်မောင်းက ဝမ်းသာအားရဖြင့် ချက်ချင်း လှမ်းနှုတ်ဆက်လိုက်သည်။
"သား…… မောင်တာတီး…… မင်း နိုးလာပြီလားကွ"
"ဟုတ်…… ဟုတ်ကဲ့…… ဦး"
မောင်တာတီးလေးက ခေါင်းလေးငုံ့ကာ လေသံတိုးတိုးလေးဖြင့် ပြန်လည်ဖြေကြားရှာသည်။
"ကဲ…… လာလာ၊ မျက်နှာ သွားသစ်ချေဦး သားရယ်။ ပြီးရင် မနက်စာ စားရအောင် ဦး အကုန် ချက်ပြုတ်ပြင်ဆင်ထားတယ်"
ဦးအောင်မောင်းက ပြာပြာသလဲနှင့် မီးဖိုချောင်ထဲမှ ဟင်းအိုးများကို ချရင်း လှမ်းပြောရှာ၏။
ယခင်နေ့ရက်များက ဆိုလျှင်… မျက်နှာတွင် အိုစာမှုန်မှိုင်းကာ အမြဲတမ်း အထီးကျန် သက်ပြင်းချနေတတ်သော မုဆိုးဘိုကြီး ဦးအောင်မောင်း၏ မျက်နှာထက်တွင် ယနေ့မနက်၌မူ အရင်ကနှင့်မတူဘဲ ကြည်နူးပီတိဖြစ်နေသည့် အပြုံးရိပ်များ ဝေစည်ကာ လန်းဆန်းတက်ကြွနေတော့သည်။ အကြောင်းမှာ… လူသူကင်းမဲ့ပြီး အေးစက်ခြောက်ကပ်နေခဲ့သော သူ၏ အိမ်အိုကလေးထဲတွင် ယခုအခါ သားအရင်းကဲ့သို့ သံယောဇဉ်တွဲဖက်စရာ မောင်တာတီးလေး ရှိနေခြင်းကြောင့် ပင် ဖြစ်တော့သည်။မီးဖိုချောင်လေးထဲတွင် ထမင်းအိုးမှ ထွက်ပေါ်လာသော အငွေ့တထောင်းထောင်းနှင့်အတူ ပဲဟင်းအိုးလေး၏ ဆူပွက်သံမှာ အရင်နေ့ရက်များကထက် ပိုမိုသက်ဝင်လှုပ်ရှားနေသယောင် ရှိ၏။
ဦးအောင်မောင်းသည် မီးဖိုချောင်ထဲရှိ ပျဉ်းကတိုးစားပွဲအိုကြီးပေါ်တွင် ချက်ပြုတ်ပြီးစ ထမင်းပူပူ၊ ပဲဟင်းမွှေးမွှေးနှင့် လယ်ကွင်းထဲမှ ခူးဆွတ်လာခဲ့သော ကန်စွန်းရွက်ကြော် ပန်းကန်တို့ကို အစီအရီ ပြင်ဆင်လိုက်သည်။ ထို့နောက် အိပ်ရာမှ ထကာ မျက်နှာသစ်ပြီးစဖြစ်၍ စိုစွတ်သောအဝတ်ဖြင့် သုတ်နေသည့် မောင်တာတီးလေးကို ကြည့်ကာ ပြုံးရွှင်သော လေသံဖြင့် ဆိုလိုက်၏။
"ကဲ…… သား တာတီး၊ လာကွ။ ထမင်းစားရအောင်။ တောရွာလက်လုပ် လက်စားတွေဆိုတော့ မြို့ကလို ဆန်းဆန်းပြားပြား ဟင်းတွေတော့ မရှိဘူးကွ။ ဒါပေမဲ့ ပူပူနွေးနွေးလေးမို့ အဝစားနော် သား"
မောင်တာတီးလေးသည် ခေါင်းလေးကို အသာအယာ ညိတ်လိုက်ရင်း ဆာလောင်မွတ်သိပ်နေသည့်အရှိန်ကြောင့် ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။ တစ်ညလုံး မျက်ရည်နှင့် မျက်ခွက် ဖြစ်ခဲ့ရရှာသဖြင့် ကောင်လေး၏ မျက်ဝန်းအိမ်လေးများမှာ အနည်းငယ် မို့အစ်နေဆဲ ဖြစ်၏။ သို့သော် ရှေ့မှ ဦးအောင်မောင်း၏ ကြင်နာတတ်သော မျက်နှာကြီးကို မြင်ရသည့်အခါတွင်မူ ရင်ထဲက အကြောက်တရားများ တစ်ဝက်ခန့် လျော့ပါးသွားရရှာသည်။
နှစ်ဦးသား လက်ဆုံစားရန် ထမင်းဝိုင်းလေး စတင်လိုက်ကြပြီး၊ ဦးအောင်မောင်းက မောင်တာတီးလေး၏ ပန်းကန်ထဲသို့ ပဲဟင်းနှင့် ကန်စွန်းရွက်ကြော်များကို ဂရုတစိုက် ခပ်ထည့်ပေးနေခိုက်မှာပင်… အိမ်ရှေ့ခြံစည်းရိုး လမ်းမပေါ်မှ ခြေသံပြင်းပြင်းနှင့်အတူ ရွာသားတစ်ဦး၏ အော်ဟစ်နှုတ်ဆက်သံက ပျံ့လွင့်လာခဲ့တော့သည်။
"ဗျို့…… ဦးအောင်မောင်းရေ။ ဒီနေ့ မင်း ထင်းခုတ်မသွားဘူးလားဗျာ"
လှမ်းအော်မေးလိုက်သူမှာ ဓားလွယ်လျက် လယ်ကွင်းထဲသို့ သွားရန် ပြင်ဆင်နေသည့် ရွာသား ကိုဖိုးတုတ် ဖြစ်သည်။ ဦးအောင်မောင်းသည် ထမင်းလုတ်ကို ဝါးရင်း အိမ်ရှေ့ဝရန်တာဘက်သို့ လှမ်းကြည့်ကာ ပြန်ဖြေလိုက်၏။
"အေး…… ကိုဖိုးတုတ်ရေ။ မသွားဘူး။ ဒီနေ့တော့; အိမ်မှာပဲ နားလိုက်တော့တာ"
ကိုဖိုးတုတ်သည် ခြံဝင်းဝတွင် ခဏရပ်ကာ ခေါင်းကုတ်လိုက်ရင်း ဆက်ပြောသည်။
"အော်…… ဟုတ်ကဲ့။ ကျွန်တော်က သွားတယ်အောက်မေ့လို့ဗျာ။ ရွာအလယ်ပိုင်းက ဒေါ်တင်မြက သူ့အိမ်အတွက် ထင်းတစ်လှည်းစာ အမြန်လိုနေလို့ ဦးအောင်မောင်းဆီကနေ လာပို့ပေးဦးလို့ မှာလိုက်လို့ဗျ။ အဲ့ဒါ လမ်းကြုံလို့ ဝင်ပြောတာ"
ဦးအောင်မောင်းသည် ထမင်းဝိုင်းထဲမှ မောင်တာတီးလေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ကိုဖိုးတုတ်ဘက်သို့ ပြန်လှည့်ကာ…
"အေး…… အေးအေး။ အဲ့ဒါဆိုလည်း ဒေါ်တင်မြကို ပြောပေးလိုက်ပါဦး။ ဒီနေ့တော့ ငါ အရေးကြီးကိစ္စလေး ရှိလို့ နားထားတာမို့၊ မနက်ဖြန်ကျမှပဲ ထင်းတွေ လှည်းနဲ့ တိုက်ပြီး လာပို့ပေးပါ့မယ်လို့ ပြောလိုက်ပါဦး ကိုဖိုးတုတ်ရေ"
"ဟုတ်…… ဟုတ်ကဲ့ဗျာ။ အဲ့ဒါဆို ကျွန်တော် သွားပြီဦးအောင်မောင်း"
ရွာသား ကိုဖိုးတုတ်လည်း ထိုသို့ လာရောက်ပြောကြားပြီးနောက် တောလမ်းအတိုင်း လယ်တောဘက်သို့ ပြန်လည်ထွက်ခွာသွားလေတော့သည်။
ရွာသားပြန်သွားပြီးနောက် ဦးအောင်မောင်းနှင့် မောင်တာတီးတို့ နှစ်ဦးသားလည်း ထမင်းကို ဆက်လက်စားသောက်နေကြတော့သည်။ မောင်တာတီးလေးသည် ထမင်းကို ငုံ့စားနေရင်းမှ… မိမိကြောင့် ဤဦးလေးကြီးမှာ တစ်နေ့တာ လုပ်စာ ထင်းခုတ်သည့်အလုပ်ကို ပျက်ကွက်သွားရရှာသည်ဟူသော အတွေးဖြင့် အားနာစိတ် ဝင်လာမိ၏။ ထို့ကြောင့် ဇွန်းလေးကို ကိုင်ရင်း တိုးညင်းသော လေသံဖြင့် မေးလိုက်ရှာသည်။
"ဦးလေး…… သားကြောင့်; အလုပ်ပျက်သွားတာလာဦး"
ဦးအောင်မောင်းသည် မောင်တာတီး၏; စကားကြောင့် ရင်ထဲတွင် ပို၍ပင် သနားစိတ် ထက်သန်လာကာ ကောင်လေး၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း နှစ်သိမ့်လိုက်သည်။
"ဟာ…… မဟုတ်ပါဘူး သားရယ်။ အလုပ်ဆိုတာကတော့ နေ့တိုင်းလုပ်နေရတာပဲ။ ဒီနေ့တစ်ရက် နားလိုက်ရရုံနဲ့ ဘာမှမဖြစ်ပါဘူး။ သားသာ ဗိုက်ဝအောင်စား။ အိမ်မှာ ဘာမှ အားမငယ်နဲ့ ကြားလား"
ဖခင်တစ်ဦးကဲ့သို့ နွေးထွေးလှသော ကာကွယ်စောင့်ရှောက်မှုအောက်တွင် တာတီးလေးတစ်ယောက် စိတ်သက်သာရာရကာ ထမင်းကို မြိန်ရှက်စွာ စားသောက်လိုက်တော့သည်။
နှစ်ဦးသား ထမင်းစားသောက်ပြီးစီး၍ ပန်းကန်ခွက်ယောက်များကို ဆေးကြောကာ အိမ်ရှေ့ဝရန်တာ တွင် ခေတ္တထိုင်၍ နားနေကြစဉ်… ခြံဝင်းဝဆီမှ ခြေသံကျယ်ကျယ်နှင့်အတူ လူတစ်ယောက် ဝုန်းဒိုင်းကြဲကာ ဝင်လာပြန်သည်။ ထိုလူမှာ အခြားမဟုတ်… ဦးအောင်မောင်း၏ ငယ်သူငယ်ချင်းရင်း ဖြစ်သလို၊ တစ်ရွာတည်းနေ သောက်ဖော်သောက်ဖက်လည်းဖြစ်သည့် "ဦးလှမင်း" ပင် ဖြစ်တော့သည်။
ဦးလှမင်းသည် ပုဆိန်ကို ပုခုံးပေါ်တင်လျက် တောထဲမှ ထင်းခုတ်ပြီး ပြန်လာပုံရသည်။ သူသည် အမြဲတမ်း တောထဲတွင် အတူတူ ထင်းခုတ်လေ့ရှိသော ဦးအောင်မောင်းတစ်ယောက် ယနေ့ တောထဲသို့ ရောက်မလာသဖြင့် စိုးရိမ်စိတ်ဖြင့် လိုက်လံကြည့်ရှုရန် အိမ်သို့ ရောက်ရှိလာခြင်း ဖြစ်၏။ ဦးလှမင်းက ခြံဝင်းထဲကနေ လှမ်းမြင်ကတည်းက ဒေါသတကြီးဖြင့် အော်ဟစ်ပြောဆိုလိုက်တော့သည်။
"ဟေ့ကောင်…… အောင်မောင်း! မင်း ဒီနေ့ ဘာဖြစ်လို့ အလုပ်မလာတာလဲကွ။ တောထဲမှာ ငါတစ်ယောက်တည်း ပုဆိန်တောက်တောက်နဲ့ ထင်းခုတ်နေရတာ။ မင်း နေမကောင်းဖြစ်နေတာလားလို့ စိုးရိမ်လို့ လိုက်လာတာဟ"
ဦးအောင်မောင်းသည် သူငယ်ချင်းဖြစ်သူကို မြင်လိုက်ရသဖြင့် ဝရန်တာပေါ်မှ ချက်ချင်းထကာ ဆီးကြိုလိုက်ရင်း…
"အေး…… လှမင်း။ ငါ ဘာမှမဖြစ်ပါဘူးကွ။ ဒီနေ့တော့ ငါ အလုပ်မသွားဖြစ်ဘူး။ အိမ်မှာပဲ နားနေတာ"
ဦးလှမင်းက အိမ်ပေါ်သို့ တက်လာရင်း ပုဆိန်ကို ဝရန်တာထောင့်တွင် ထားလိုက်သည်။ ထို့နောက်မှ အိမ်ထဲတွင် မျက်နှာငယ်လေးဖြင့် ထိုင်နေသော အသက် (၁၂) နှစ်အရွယ် ကောင်လေး မောင်တာတီးကို ဖျတ်ခနဲ မြင်သွားကာ မျက်လုံးအစုံ ပြူးကျယ်သွားရတော့သည်။ သူသည် မောင်တာတီးကို လက်ညှိုးထိုးပြရင်း အံ့သြတုန်လှုပ်စွာဖြင့် မေးလိုက်လေသည်။
"ဟင်…… ဒါနဲ့ နေပါဦး။ ဟေ့ကောင် အောင်မောင်း… ဒီကလေးကရော ဘယ်သူ့ကလေးလဲဟ။ ငါတစ်ခါမှလည်း မမြင်ဖူးပါလား။ မင်းအိမ်ထဲကို ဘယ်ကနေ ဘယ်လို ရောက်နေရတာလဲ"
ဦးအောင်မောင်းသည် မောင်တာတီးလေးကို ကြည့်လိုက်ရာ… ကောင်လေးမှာ လူစိမ်းကြီး၏ အမေးကြောင့် ကြောက်ရွံ့ပြီး မျက်နှာငယ်လေး ဖြစ်သွားသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် ဦးအောင်မောင်းသည် သူငယ်ချင်း၏ ရှေ့တွင် ကောင်လေးကို စိတ်ဒဏ်ရာ မရစေရန်အတွက် ခပ်မြန်မြန်လေး ပြန်လည်ဖြေကြားလိုက်တော့သည်။
"ဘယ်သူ့ကလေး ရမှာလဲကွ…… ငါ့ကလေးပေါ့! ငါ ကိုယ်တိုင် မွေးစားလိုက်တဲ့ ငါ့ရဲ့ သားအရင်းပဲပေါ့ကွာ!"
"ဘာဗျာ……!"
ဦးလှမောင်း၏ စကားကြောင့် ဦးလှမင်းမှာ ဆတ်ဆတ်ခါအောင် ကြောင်အသွားရရှာသည်။ သူသည် သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း.."
"ဟာ…… မင်းဟာက ဟုတ်မှလည်း လုပ်ပါဦး ကောင်ရ။ မင်းက မုဆိုးဘိုကြီး၊ မိန်းမဆုံးတာလည်း ငါးနှစ်ရှိပြီ။ အခု ဘယ်ကမှန်းမသိတဲ့ ကလေးတစ်ယောက်ကို ကောက်ကာငင်ကာ မွေးစားလိုက်တယ် ဟုတ်လား။ တော်ကြာနေ…… ဒီကလေးရဲ့ မိဘတွေ၊ ဆွေမျိုးတွေက ရဲတွေ၊ သူခိုးတွေနဲ့ ရောက်လာပြီး မင်းကို ကလေးခိုးမှုနဲ့ ဖမ်းဆီးတရားစွဲရင် ဒုက္ခလှလှကြီး တွေ့ကုန်လိမ့်မယ် မင်းသိလား"
ဦးလှမင်း၏ စကားထဲတွင် ပါဝင်နေသော "ကလေးမိဘတွေ ရောက်လာရင်" ဆိုသည့် စကားလုံးကြောင့် မောင်တာတီးလေး၏ ရင်ထဲတွင် သေနတ်ဒဏ်ရာဖြင့် သွေးအိုင်ထဲ လဲကျသွားခဲ့ရရှာသော မိခင်ကြီး၏ ရုပ်အလောင်းနှင့် ဓားပြများ၏ ရက်စက်မှုများကို ရုတ်တရက် ပြန်လည်မြင်ယောင်လာခဲ့ရသည်။ တာတီးလေး၏ မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာပြီး ခန္ဓာကိုယ်လေးမှာ တုန်ရီလျက် လုံးဝကို မျက်နှာငယ်လေး ဖြစ်သွားရှာတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ဦးအောင်မောင်းသည် ဆစ်ခနဲ ရိပ်မိကာ သူငယ်ချင်းဖြစ်သူ လှမင်း၏ လက်မောင်းကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်လိုက်ပြီး ဘေးသို့ ဆွဲထုတ်ကာ တိုးတိုးလေးပြန်ပြောလိုက်သည်။
"ဟေ့ကောင်…… လှမင်း! ပါးစပ်ကို ပိတ်ပြီး တိုးတိုးနေစမ်းကွာ။ ကလေး ရှေ့မှာ လျှောက်မပြောနဲ့။ မင်း သိချင်တဲ့ အကြောင်းစုံကို ငါ ပြီးကျမှ ရှင်းပြမယ်။ ကလေးကို စိတ်ဆင်းရဲအောင် မလုပ်နဲ့"
လှမင်းသည် အောင်မောင်း၏ တိုးတိုးနှင့် ပြောပုံကို မြင်လိုက်ရသဖြင့် လေသံကို ချက်ချင်း လျှော့ချလိုက်ရတော့သည်။; ထို့နောက်မှ မောင်တာတီးလေးရှိရာသို့ ပြန်လှည့်ကာ ကြင်နာစိုးရိမ်သော မျက်နှာပေးဖြင့် ချော့မော့၍ ဆိုလိုက်၏။
"ကဲ…… သား မောင်တာတီး။ ဦးဦးတို့ လူကြီးချင်း စကားပြောစရာလေး ရှိလို့ကွ။ ဟိုး… အိမ်ရှေ့က ကုန်းလေးပေါ်မှာ ခဏသွားပြီး ကစားချေဦး သား။ ဦးဦးတို့ စကားပြောပြီးရင် လှမ်းခေါ်လိုက်မယ်နော်"
"ဟုတ်ကဲ့…… ဦးအောင်မောင်း။ သား အပြင်မှာပဲ သွားစောင့်နေပါ့မယ်"
တာတီးလေးသည် အိမ်ပေါ်မှ ဆင်းကာ ခြံဝင်းအတွင်းရှိ သရက်ပင်ရိပ်ကြီးအောက်သို့ မျက်နှာညိုးငယ်စွာဖြင့် ထွက်ခွာသွားရှာလေတော့သည်။
မောင်တာတီးလေး အိမ်အပြင်သို့ ရောက်ရှိသွားပြီး အဝေးသို့ ရောက်သွားသည်ကို သေချာအောင် စောင့်ကြည့်ပြီးမှ ဦးအောင်မောင်းသည် ဝရန်တာ ခြေရင်းတွင် ထိုင်ချလိုက်ကာ သက်ပြင်းကြီးတစ်ချက်ကို လေးလံစွာ ချလိုက်တော့သည်။ ဘေးမှ သူငယ်ချင်းဖြစ်သူ ဦးလှမင်းကမူ စိတ်မရှည်တော့ဟန်ဖြင့် ကွမ်းတစ်ဖတ်ကို ဝါးရင်း အတင်း မေးမြန်းတော့၏။
"ကဲ…… ပြောစမ်းပါဦး ငါ့ကောင်ရ။ အခြေအနေက ဘယ်လိုလဲ။ ဒီကလေးက ဘယ်က ရောက်လာတာလဲ။ မင်းမျက်နှာကလည်း မကောင်းပါလား"
ဦးအောင်မောင်းသည် ညက တောနက်ကြီးထဲတွင် လှည်းမောင်းရင်း သစ်ပင်ခြေရင်း၌ မောင်တာတီးလေးကို ကြောက်လန့်တကြား တွေ့ရှိခဲ့ရပုံ၊ ကလေးငယ်၏ မိဘနှစ်ပါးစလုံး လမ်းခုလပ်တွင် ရက်စက်ကြမ်းကြုတ်လှသော ဓားပြတစ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပုံနှင့် တာတီးလေးမှာ မိခင်ဖြစ်သူ၏ အသက်စွန့် ကာကွယ်မှုကြောင့် တောထဲသို့ တစ်ကိုယ်တည်း မျက်ရည်စက်လက်ဖြင့် ပြေးဝင်လွတ်မြောက်လာခဲ့ရပုံ အစရှိသည့် အကြောင်းစုံကြီးကို တစ်လုံးမကျန် စိတ်မကောင်းခြင်းကြီးစွာဖြင့် ရှင်းပြလိုက်လေတော့သည်။ထိုစကားအဆုံးတွင် ဦးလှမင်းလည်း စိတ်မကောင်း ဖြစ်သွားရှာလေသည်။
ဦးလှမင်းထံတွင်လည်း မောင်တာတီးအရွယ် ကလေးတစ်ယောက် ရှိသည်။ ထိုကလေးအမည်မှာ မောင်သံချောင်းဖြစ်သည်။ ထိုသို့စကားပြောပြီးစေနာက်..ဦးလှမင်းသည် ကစားစေနေသော မောင်တာတီးကို လှမ်းခေါ်လိုက်သည်။
"သား...လူလေး..ဒီကိုခဏလာပါအုံး"
ကစားနေရာမှ ချက်ချင်ထးလာလေသည်။
"သား....တစ်ယောက်တည်း ဆော့နေရတာ ပျင်းနေမှာပေါ့...ဦးမှာ သားနဲ့ ရွယ်တူ သားတစ်ယောက်ရှိတယ်...၊ နောက်နေ့ကျရင် ဦးခေါ်ခဲ့မယ်နော်...သား"
ဦးလှမင်း၏ စကားအဆုံးတွင် မောင်တာတီးတစ်ယောက် မျက်နှာပေါ်တွင် သူငယ်ချင်း အသစ်ရမည်ဆိုသောကြောင့် အပြုံးများစတင်ဝေလာတော့; သည်။-------------------------------------