ဘတ်စ်ကားပေါ်မှာ(စ/ဆုံး)

 ဘတ်စ်ကားပေါ်မှာ(စ/ဆုံး)

——————

ထိုနေ့က တောရွာတစ်ရွာနေ သူငယ်ချင်း မူလတန်းကျောင်းအုပ်တစ်ယောက်၏အိမ်တွင် သူ့မိခင် ကွယ်လွန် သဖြင့် ရက်လည်ဆွမ်းကပ်သည်။ ကျွန်တော်လည်း ကျောင်းမှ နေ့တစ်ဝက်ခွင့်ယူကာ သူငယ်ချင်းထံ လာရသည်။ အပြန်တွင် ကျောင်းသို့ တိုက်ရိုက်ဝင်ရမည်ဖြစ်သောကြောင့် ကျောင်းဝတ်စုံကို ဝတ်လာသည်။


ကျောင်းစိမ်းပုဆိုးဝတ်ပြီး ဘတ်စ်ကားကို တားရသည်မှာ အတော်လေး မလွယ်သည့် ကိစ္စတစ်ခုဖြစ်သည်။ လာသမျှကားတွေက မောင်းပြေးတာများသည်။


ကျွန်တော်က နဖူးကကျလာသည့် ချွေးတွေကို လက်ကိုင်ပုဝါနှင့်သုတ်လိုက်ပြီး ပူအိုက်လွန်းသည့် ဒဏ်ကို မခံနိုင်သည့် အဆုံးတွင် တိုက်ပုံကို ချွတ်ကာ လွယ်အိတ်ထဲကို ခေါက်ထည့်လိုက်သည်။


ဘတ်စ်ကားတစ်စီးလာနေပြီ။ ကျွန်တော့်ဘေးတွင် ခရီးသည် သုံးယောက်လောက်ကလည်း ရှိနေသဖြင့် သူတို့နှင့်ကွယ်ကာ ရပ်လိုက်သည်။ ကျောင်းစိမ်းပုဆိုးကို ကားဒရိုင်ဘာနှင့် စပယ်ယာက တွေ့လျှင် ရပ်မပေးမည်ကိုလည်း စိုးရိမ်သောကြောင့်ဖြစ်သည်။


ဘတ်စ်ကားက ရပ်ပေးသည်။ အောက်က တားသောကြောင့်မဟုတ်။ အထက်က လူဆင်းမည်ဖြစ်သော ကြောင့်ပင်။ စပယ်ယာက ကားခေါင်မိုးပေါ်မှ တောင်းကိုချပေးရင်း ကျွန်တော့်ကို တွေ့သွားသဖြင့်


“ကျောင်းဆရာ … တစ်ဝက်ခမရဘူးနော်” ဟု အော်ပြောသည်။


ကျွန်တော်စီးရမည့်ခရီးမှာ ၅ ကျပ်ခရီးဖြစ်သည်။ ကျောင်းဆရာ၊ ဆရာမဝန်ထမ်းဆိုလျှင် နှစ်ကျပ်ခွဲသာပေးရန် အထက်က ညွှန်ကြားထားသောကြောင့်လည်း ကားသမားတွေက ဆရာဆိုသူတွေကို မတင်လိုကြခြင်း ဖြစ်သည်။ ကျွန်တော်က


“အေးပါကွာ … အပြည့်ပေးစီးမှာပါ” ဟု အော်ပြောကာ ဘတ်စ်ကားပေါ်တက်လိုက်သည်။


ကားက လူတွေနှင့် ပြည့်ကျပ်နေသည်။ အပေါက်ဝတွင် တိုးမရ ပြုမရ ရပ်နေသော ကျွန်တော့်ကို


“ဟိုဆရာ … အထဲကို တိုးပါဗျ” ဟု စပယ်ယာက လှမ်းအော်သည်။


စကားမပြောချင်သဖြင့် ကျွန်တော်လည်း အထဲကို တိုးသည်။ အတိုးခံရသူတွေကမကျေမနပ် ကြည့်ကြပြန် သည်။ နေကပူ၊ လူငွေ့တွေကပူနှင့် အတော်လေး အဆင်မပြေ ဖြစ်သည်။


ကျွန်တော်ရပ်လိုက်မိသော ခုံတွင် ကောင်မလေးနှစ်ယောက် ထိုင်နေသည်။ သူတို့နှစ်ယောက်လုံးက ခေတ်ဆန်ဆန် ဝတ်စားထားကြသည်။ သူတို့ကိုယ်သူတို့လည်း မြို့သူတွေမှန်း မသိမည်စိုးရိမ်ဟန်တူသည်


“ညိုမီရယ် … ငါမလိုက်ချင်ပါဘူး ပြောတာကို နင်က အတင်းခေါ်လို့သာ လိုက်ခဲ့ရတယ်။ စိတ်ညစ်လိုက်တာမှ” ဟု တစ်ယောက်ကပြောသည်။


တစ်ယောက်ကလည်း


“မလွှဲသာလို့သာ ရွာပြန်လာရတာပါဟယ်။ မပြန်ချင်ပါဘူး၊ ဆောရီး” ဟု ပြန်ပြောသည်။


“ဒီလို လူနံ့ ချွေးနံ့တွေကို သိပ်မခံနိုင်ဘူး”


“အေး ငါလည်း အန်ချင်နေပြီ”


ထို့နောက် သူတို့နှစ်ယောက်က ရှေ့ခုံတွင် ထိုင်နေသော အမျိုးသမီးကို လက်ညှိုးထိုးကာ မျက်စပစ်နေကြ သည်။


သူတို့ခုံရှေ့တွင် ထိုင်နေသော အမျိုးသမီးလေးမှာ မြန်မာဆန်စွာ ဝတ်ဆင်ထားသော်လည်းဆံပင်ပုံက ဆန်းနေသည်။ ထိုဆံပင်ပုံကို နောက်က ကောင်မလေးနှစ်ယောက်ကကြည့်ပြီး ဝေဖန်နေကြသည်။


ကားကည်း ပိုပြီး ကျပ်လာသည်။


“ဟိုးအထဲဝင်သွားတဲ့ ဆရာ ကားခ”


ကျွန်တော်က အိတ်ထဲမှ ငါးကျပ်တန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။ ကားစပယ်ယာ တိုးဝင်လာသဖြင့် ကားထဲတွင် ပိုပြီး အဆင်မပြေဖြစ်နေပြန်သည်။

ကျွန်တော့်ရှေ့ခုံတွင် ထိုင်နေသောကောင်မလေးက သူ့အဖော်ကို အင်္ဂလိပ်လို ပြောလိုက်သည်


“ဟိုကောင်မ ဆံပင်ပုံကြီးကလည်း တုံးလိုက်တာ”


“အေးနော် တောသူတွေကိုကြည့်လိုက်ရင် ဒီလိုပဲ အချိုးကို မပြေဘူး”


“လှချင်လို့ပါ”


“ရုပ်ရှင်ထဲက စန္ဒာဆံပင်ပုံကို လိုက်ညှပ်ထားတာ”


“တောသားက တောသားပါပဲ”


သူတို့ဘာသာပြော၊ သူတို့ဘာသာ ရယ်နေကြပြန်သည်။


သူတို့နှစ်ယောက် အင်္ဂလိပ်လိုပြောနေသည်ကို ကျွန်တော်က နားလည်သဖြင့် ပြုံးချင်ချင် ဖြစ်သွားသည်။ မိန်းမတွေများ အတင်းကို ကြံဖန်ပြောတတ်ပါပေ့ဟုလည်း တွေးလိုက်မိသည်။


ကားက ရပ်လိုက်ပြန်သည်။


“အမေကြီး အထဲကိုဝင်။ အဝမှာ ရပ်မနေနဲ့။ လိမ့်ကျလို့ ဟုတ်ပေ့ ဖြစ်နေဦးမယ်”


ကားစပယ်ယာက ရှေ့ပေါက်မှ အဘွားအိုတစ်ဦးကို ဆွဲတင်လိုက်ပြီး အထဲကို အတင်းထိုးထည့်သည်။ အဘွားအိုကလည်း ကားထွက်မှ ယိုင်တိုင်တိုင်နှင့် ကျွန်တော့်အနီးရောက်လာရာ ဖမ်းထိန်းထားလိုက်ရသည်။


အသက်ကြီးသည့် အဘွားအိုကို ကောင်မလေးနှစ်ယောက်က နေရာမပေးပါ။ သူတို့ရှေ့တွင် ထိုင်နေသော အမျိုးသမီးက မတ်တတ်ရပ်ပြီး


“ဒီမှာထိုင်မလားအဘွား” ဟု ပြောလိုက်သည်။


ထူးဆန်းပေစွ


သူပြောလိုက်သည်မှာ တကယ့်လေယူလေသိမ်းကောင်းစွာနှင့် ပြောလိုက်သော အင်္ဂလိပ်စကား ဖြစ်နေသည်။


သူ့စကားကို အဘွားအိုက နားမလည် ကျွန်တော်က ဘာသာပြန်ပေးလိုက်သည်။


“အဘွားကို သူ့နေရာမှာ ထိုင်မလားတဲ့”


ထိုအမျိုးသမီးက နေရာမှ ထပေးလိုက်ပြီး အဘွားအိုက သူ့နေရာတွင် ထိုင်စေလိုက်သည်။


အမျိုးသမီးက ကျွန်တော့ဘေးတွင် လာရပ်ပြီး ပြုံးပြကာ


“ကျေးဇူးတင်ပါတယ်” ဟု အင်္ဂလိပ်လိုပြောသည်။


ကျွန်တော်ကလည်း စပ်စုချင်သဖြင့်


“ဘယ်မှာနေသလဲ” ဟု မေးလိုက်မိသည်


သူက


“အထည်ချုပ်စက်ရုံကပါ။ ကျွန်မ ထိုင်းလူမျိုးပါ။ မြန်မာစကား သိပ်မတတ်သေးပါဘူး။ လေ့လာနေပါတယ်”


ကျွန်တော်တက်ခဲ့သည့်ရွာတွင် ထိုင်းနိုင်ငံက အထည်ချုပ်စက်ရုံတစ်ရုံ လာဖွင့်ထားသည်။ စက်ရုံပိုင်ရှင်မှာ အမျိုးသမီးဖြစ်ကြောင်း သူငယ်ချင်းက ပြောသဖြင့် သိထားသည်။


“စက်ရုံ ပိုင်ရှင်လား”


“ဟုတ်ပါတယ်”


သူနှင့်ကျွန်တော် အင်္ဂလိပ်လို ပြောနေကြခြင်းဖြစ်သည်။


စောစောက အင်္ဂလိပ်လို မတတ်တတတ် ပြောနေကြသော ကောင်မလေးနှစ်ယောက် ခေါင်းကြီးတွေ ငုံ့နေကြသည်။


ကျွန်တော် ဆင်းရမည့်နေရာကို ရောက်တော့မည်ဖြစ်သဖြင့် အပေါက်ဝကို တိုးထွက်ရန် ပြင်လိုက်သည်။ သူက ကျွန်တော့်ကျောင်းစိမ်းပုဆိုးကို မြင်သွားသဖြင့်


“ဆရာလား” ဟုမေးသည်။


ကျွန်တော်ကလည်း


“ဟုတ်တယ်” ဟုဖြေလိုက်သည်။


သူက


“ကျွန်မ ကျောင်းဆရာတွေကို ကြိုက်တယ်” ဟု ပြန်ပြောသည်။


ကားရပ်လိုက်သဖြင့် ကျွန်တော် ကားပေါ်က ဆင်းခဲ့သည်။


ကျွန်တော် ပြုံးလိုက်မိပါသည်။


တင်ညွန့်


၄.၅.၂၀၂၄

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

"တစ်ပတ်လည်လာသော ဝဋ်နာ"