လူပျိုဘဝနောက်ဆုံးနေ့များ
လူပျိုဘဝနောက်ဆုံးနေ့များ(စ/ဆုံး)
————————-
အဖေက မောင်ခေတ်ကိုမိန်းမယူခိုင်းနေပြီ။မောင်ခေတ်က အခုမှ အသက်နှစ်ဆယ့်ငါးနှစ်သာရှိပါသေးတယ်။ဘွဲ့တစ်ခုရအောင်တော့ပညာသင်လို့ပြီးခဲ့ပါပြီ။အစိုးရအလုပ်တစ်ခုတွင်တာဝန်ထမ်းဆောင်နေရပါပြီ၊ပြောရရင်တော့၊ အောက်တန်းစာရေးအဆင့်လောက်ပါ။
မောင်ခေတ်တို့မှာ အဖေတစ်ခုသားတစ်ခုမို့အမျိုးမျိုးစဥ်းစားတတ်သောမောင်ခေတ်အိမ်ထောင်ပြုဖို့အတွက် ခက်ခဲလို့နေပါသည်။ အဖေကဌာနဆိုင်ရာဝန်ထမ်းဖြစ်ပေမဲ့မကြာခင်ကာလအတွင်းပင်စင်ယူရတော့မည်။
အဖေအရွယ်ကောင်းစဥ်၊အမေဆုံးသွားတော့၊အဖေနောက်အိမ်ထောင်မပြုဘဲ၊
တစ်ဦးတည်းသောသားလေးမောင်ခေတ်အား စောင့်ရှောက်ခဲ့သည်။အခုအဖေ့အားကျေးဇူးဆပ်ရန်မောင်ခေတ်အလှည့်ရောက်တော့မည်။
သို့သော်မောင်ခေတ်ကတစ်ကောင်ကြွက်မို့ အိမ်ထောင်မပြုလို့မရ။ အဖေက မင်းအိမ်ထောင်ပြုချိန်တန်ပြီလို့၊ခနခနသတိပေးလို့ထားပါပြီ။
ပြောရအုံးမယ်၊အဖေကဟင်းချက်အလွန်တော်သည်။အများအကြိုက် တရုတ်အစားအစာ
ပိုပြီးအချက်တော်ပါသည်။မောင်ခေတ်တို့အိမ်ကလေးက၊ပြင်ဦးလွင်မြို့အစွန်က၊
အင်းယားရွာလမ်းဆုံ တွင်တည်ရှိသည်။ထိုနေရာက
လမ်းဆုံလမ်းခွဆိုပေသည့်
အင်းယားရွာကလေး၏
အလယ်တွင်ရှိသည်။ အကွက်အကွင်းကျသည်လို့ပြောချင်ပါသည်။
မောင်ခေတ်တို့သားအဖက၊
ဝန်ထမ်းများမို့၊အစိုးရချီးမြင့်
သောပုံသေလစာဖြင့်၊တိုးပွားလာမည့် မိသားစုလူဦးရေအတွက်မလောက်ငနိုင်ပါ။ပင်စင်များယူလိုက်ရင်တော့၊လက်ဗလာသာကျန်တော့မည်။
အခြားလယ်ယာများစိုက်ပျိုးရန်လည်းမြေပိုမရှိပါ။
ခက်တော့ခက်ပြီ၊မောင်ခေတ်
ကြံဆရပါတော့မည်။
အိမ်ထောင်မပြုခင်ကြိုတင်ပြီးပြင်ဆင်လို့ထားပါမှ အိမ်ထောင်ပြုပြီးခါ၊
အဆင်ပြေမည် ထင်ပါသည်။
မောင်ခေတ်တို့နေသောအိမ်ရှေ့
တွင်ခြံဝန်းထဲတွင်မြေနေရာအပိုရှိသည်။ လမ်းနှင့်အိမ်ခြံကြားတွင်လည်း ဆိုင်ကယ်များကားများရပ်နားရန်နေရာကျယ်ဝန်းသည်။ မောင်ခေတ်ဖန်တည်းလိုသော ရပ်ဝန်းနေရာလေးကပြည့်စုံမှုရှိပါသည်။
အဖေနှင့်တိုင်ပင်ပြီး အိမ်ရှေ့တွင် တဲကြီးတစ်လုံး ထိုးလိုက်သည်။ သံဇကာများ ပတ်လို့ကာပြီး လေဝင်လေထွက်ကောင်းအောင်စီစဥ်သည်။
လျှပ်စစ်မီးလာလျှင်လာ၊မလာပါက တစ်နေ့တာလုံး အသုံးပြုနိုင်မည့်မီးဖိုများအားစီစဥ်သည်။ မိမိတို့သားအဖစနစ်တကျသင်ကြား တတ်မြောက်စေပြီးသော၊စဖိုမှုးနှင့်စားပွဲထိုးအလုပ်သမားသုံးယောက်ဖြင့်စခါ ၊
လမ်းဆုံတွင်စားသောက်ဆိုင်လေးတစ်ဆိုင်စတင်တည်ထောင်သည်။
အမြတ်မရရင်တောင်အလုပ်သမားစရိတ်ကျေလျှင်ပင်ကျေနပ်ပါသည်။ဘခင်၏
အစားအသောက်ချက်ပြုပ်ကျွမ်းကျင်မှုပညာနှင့် မောင်ခေတ်၏စီမံခန့်ခွဲကျွမ်းကျင်မှုပညာတို့အားပေါင်းစပ်လိုက်သည်။
စစချင်းတရုတ်ခေါက်ဆွဲကြော်၊ထမင်းကြော်၊ ထမင်းပေါင်း၊ထမင်းနှင့်အစိမ်းကျော်တို့အားစတင်ရောင်းချသည်။
#ထိုအရာအားလုံးသည်၊ကြက်သားပြုပ်နှင့်ဝက်သားပြုပ်ရှိလျှင် တစ်လိုင်းတည်းအလုပ်လုပ်လို့ရသည်။ကျန်အမယ်တို့သည်၊ဟင်းရွက်ဟင်းသီးပေါများသော
ပြင်ဦးလွင်နယ်အတွက်မခက်ခဲပါ။
ခရုဆီ၊ပဲငံပြာရည်အပြစ်၊အကျဲ၊ပဲငပ်ိရည်နှင့် ငံပြာရည်ကောင်းကောင်းရှိထားလျှင် မိမိချက်လိုသောတရုတ်ဟင်းမျိုးစုံအတွက်ပြီးပြည့်စုံပါသည်။
ဆိုင်မဖွင့်ခင်ကြော်ငြာကောင်းကောင်းလုပ်သည်။
ဖခင်လက်ရာကောင်းသည်ကိုသိရှိပြီးဖြစ်သဖြင့် ၊တတ်နိုင်သမျှစျေးနှန်းချိုသာအောင်ကြိုးစားသည်။ ဆိုင်ဖွင့်စတွင် အဖေတစ်လှည့်၊သားတစ်လှည့်ခွင့်ယူပြီး ဆိုင်အလုပ်အားစီမံသည်။ပစ္စည်းလတ်ဆတ်၍
ကုန်စိမ်းပေါသောပြင်ဦးလွင်မြို့အတွက်၊နယ်ဖက်ကဆိုင်လေးဖြစ်သဖြင့်၊စျေးနှန်းသက်သာပြီးအရသာရှိအောင်ဖန်တည်းတတ်ယုံမျှဖြင့် လူအများလာရောက်စားသုံးကြပါသည်။ဆိုင်ဖွင့်လျှင်ရသာကောင်းသည့် ဟင်းတစ်ခွက်
ဖန်တည်းနိုင်ရန်မောင်ခေတ်အထူးသတိထားပါသည်။
ထိုအခါလုပ်သားအင်အားတိုးချဲ့ပေးရပြီး၊လူကောင်းသူကောင်းများအားရွေးချယ်ပြီးခန့်ထားရပါသည်။စေတနာပါပါအနွံအတာခံပြီးအလုပ်လုပ်တတ်သော တပည့်များအား လစာပိုပေးပြီးချီးမြှောက်ရပါသည်။မိမိလုပ်ငန်းအားပံ့ပိုးကူညီပြီး အလုပ်လုပ်ပေးတတ်သူများအားသတိထားပြီးစစ်ထုတ်လိုက်တော့ အဒေါ်ကြီးတစ်ယောက်နှင့်ကောင်မလေးနှစ်ယောက်အားတွေ့ရသည်။သူတို့အားစနစ်တကျချက်ပြုပ်တတ်ရန်သင်ကြားပေးထားပါသည်။
ပြင်ဦးလွင်မြို့တွင်ရာသီဥတု
ဆိုးဝါးချိန်များတွင် စျေးရောင်းလို့မကောင်းတတ်ပါ။အဆိုးဆုံးက နံနက်စောစောတွင်သာဝယ်ယူစားသုံးတတ်သော
ဒေသ၏အကျင့်အားပြင်ယူနိုင်သောအစားအစာများအားဦးစားပေးပြီးရောင်းရပါသည်။
တစတစဖြင့်ဒေသခံလူထုကြိုက်နှစ်သက်သောဆိုင်ကလေးဖြစ်လို့လာပါပြီ။
မကြာမှီမောင်ခေတ်၏အဖေပင်စင်ယူပြီး ဦးစီးလုပ်ကိုင်
နိုင်ခံလျှင် မိမိတို့စားဝတ်နေရေးအတွက် အာမခံရှိသော
ဆိုင်ကလေးဖြစ်လို့လာပါတော့မည်။
တစ်ဖက်ကပြည့်စုံလာပြီဆိုတော့၊မောင်ခေတ်အိမ်ထောင်ပြုရန်စဥ်းစားရတော့မည်။
ယ္ခုတင်ပြထားမည့်သူများက၊
မောင်ခေတ်လခစားသက်သက်လုပ်ကိုင်နေစဥ်၊ကမ်းလှမ်းဖူးသောအိမ်ထောင်ဖက်များပါ။
ကမ်းလှမ်းထားသူအားလုံးအားမောင်ခေတ်စကားမပြန်ရသေးပါ။
မြို့ပေါ်က ကျောင်းနေဖက်ဆရာမလေး၊ဖွေးဖွေး။
အမေသာရှိသည်။မောင်နှမသုံးယောက်တွင်အကြီးဆုံးဖြစ်သည်။ အငယ်များကအလယ်တန်း၊အထက်တန်းဆင့်ကျောင်းသားများသာဖြစ်သည်။အိမ်ထောင်ပြုလျှင်မြို့အစွန်ရှိသူတို့အိမ်ကလေးတွင်လိုက်ပြီးနေရမည်။
နောက်တစ်ယောက်က၊ပြုံးပြုံး၊
အသိုင်းအဝိုင်းကောင်း၍၊ပညာရည်အထက်တန်းအဆင့်သာရှိသည်။မောင်နှမငါးယောက်ထဲတွင်အငယ်ဆုံးဖြစ်သည်။ဘာမျှမလုပ်တတ်မကိုင်တတ်ပါ။
မိဘများတွင်ယာဆယ်ဧကလောက်ပိုင်သည်။မောင်ခေတ်တို့အိမ်တွင်လိုက်နေမည်။ မောင်ခေတ်အဖေပိုင်သည့်အိမ်နှင့်ခြံတို့အားအခုထည်းကလက်ဖွဲ့ထားရမည်။
နောက်တစ်ယောက်၊နွေဦး
ရုပ်ရည်အလွန်ချောသည်။
မိဘများမရှိတော့ပါ။
ရုံးဝန်ထမ်းဖြစ်၍၊ခေတ်မှီစွာဝတ်စားနေထိုင်တတ်သည်။မိမိတို့အိမ်ထောင်ပြုပြီးလျှင်၊
သူ၏မောင်နှင့်ညီမအားခေါ်ပြီးနှစ်အိမ်ပေါင်းပြီးနေပါမည်။
သီသီဆိုသောတစ်ယောက်က
သဘောထားပြည့်ဝပါသည်။
ချစ်စရာကောင်းသောရုပ်ရည်လည်းရှိပါသည်။ သူ့အဖေကကိုခေတ်အဖေ၏သူငယ်ချင်းဖြစ်ခဲ့ဖူးပါသည်။
အဖေကြီးအပြင်
မောင်နှစ်ယောက်ရှိသည်။ မောင်နှစ်ယောက်လုံးကအသောက်သမားများသာဖြစ်ကြ၍၊ရဲစခန်းနှင့်အိမ်ကိုတံတားထိုးပြီးထားသူများဖြစ်ပါသည်။
နောက်ဆုံးတစ်ယောက်က
ဝါဝါ။
ကိုခေတ်၏အိမ်ထောင်ဖက်စာရင်းထဲတွင်သူအားထည့်ထားသည်ကို သူသိချင်မှသိမည်။ သူအရွယ်ရောက်မှ သူ၏မိဘများဆုံးပါးကုန်သဖြင့်အဒေါ်နှင့်နေရသည်။ပညာအရည်အချင်းအလယ်တန်းအဆင့်သာရှိသည်။လုပ်ငန်းလုပ်ရာတွင်သွက်လက်ချက်ချာ၍၊
အဖေသင်ပေးသမျှချက်ပြုပ်နည်းများအားထပ်ချပ်မကွာတတ်အောင်သင်ယူပါသည်။
လုပ်ငန်းအပေါ်သစ္စာရှိသည်။
ရုပ်ရည်က ရွက်ကြမ်းရေချိုသာဖြစ်သည်။
မကြာခင်ကိုခေတ်၏ဘခင်ပင်စင်ယူပြီး၊ကိုခေတ်တို့ဆိုင်လေးအားဦးစီးပြီးအလုပ်လုပ်ပါတော့မည်။ကိုခေတ်လည်းအိမ်ထောင်ပြုရပါတော့မည်
စာဖတ်သူမိတ်ဆွေများအနေ
ဖြင့် ကိုခေတ်၏နေရာတွင်ဝင်၍၊ကိုခေတ်၏၊အိမ်ထောင်ဖက်ဘယ်သူဖြစ်သင့်တယ်ဆိုသည်ကို၊ရွေးချယ်ပေးစေဖို့မေတ္တာရပ်ပါတယ်။
အိုမင်းလာမည့်ဘခင်အတွက်၊
စိတ်ပျော်ရွှင်မှုလေးတော့ပေးနိုင်သူတော့ ရွေးချယ် ပေးစေလိုပါသည်ခင်ဗျား။
ဆရာမောင်သာလိ
15th jun 2026.
@@