ကျွန်မ တစ်ခုလပ်(စ/ဆုံး)
ကျွန်မ တစ်ခုလပ်(စ/ဆုံး)
———————-
မောင် ကျွန်မ ကို ဘာကြောင့် လက်ထပ် ခဲ့သလဲ ။ တစ်ခါတစ်လေ ကျွန်မ ထိုင်စဉ်းစားမိသည်။ မောင် ကျွန်မ ကို လက်ထပ်ခဲ့တာဟာ အချစ်ရော ပါသလား။ ကျွန်မ လို တစ်ခုလပ် တစ်ယောက်ကို မောင်တကယ်ရော ချစ်ခဲ့ပါ့မလား ။ ထိုအချိန်က မောင်က ချစ်တယ် ဟု ပြောခဲ့တာကိုတော့ ကျွန်မ ယုံကြည်ခဲ့ဖူးသည်။ သို့ပေမဲ့ အခု အချိန်မှာတော့ ကျွန်မ အတွက် တွေးစရာ ၊သံသရ ဝင်စရာတွေ ရှိလာလေပြီ။
လွန်ခဲ့တဲ့ ၃ နှစ်က ကျွန်မနှင့် မောင် စတွေ့တော့ ကျွန်မက နောက်ဆုံးနှစ် ကျောင်းသူ ။ မောင်က ဒုတိယနှစ် ကျောင်းသား ဖြစ်သည်။ ကျွန်မ တက္ကသိုလ်ပထမနှစ်တုန်းက ထူထောင်ခဲ့သော အိမ်ထောင်ရေးကို အဆုံးသ တ်လိုက်ပြီး ချိန်မှာ မောင်နှင့် စ တင်တွေ့ရှိခြင်း ဖြစ်သည်။
ကျွန်မကို စတင်ပိုးပန်းခဲ့တာဟာလည်း မောင် ပဲ။ ကျွန်မက မောင့်ကို ကျွန်မဟာ အိမ်ထောင်ကွဲ တစ်ခုလပ်ဖြစ်ကြောင်း ပြောပြပြီး အမြဲ ငြင်းဆန်လေ့ရှိသည်။ ထိုသို့ ငြင်းဆန်တိုင်း မောင့်မျက်ဝန်းတွေထဲမှာ နှမျောတသသော အရိပ်အယောင်တွေ ဝမ်းနည်းကြေကွဲမှုတွေကို ကျွန်မ မြင်တွေ့ရသည်။ ဘယ်ယောက်ျားပျိုကများ အိမ်ထောင်ကွဲတစ်ခုလပ် မိန်းမကို လက်ထပ်ယူချင်လိမ့်မလဲ လို့ ကျွန်မ တွေးခဲ့သည်။ဒါကြောင့်လည်း မောင့်ကို အချိန်အတော်ကြာ ငြင်းဆန်နေခဲ့မိသည်။ ကျွန်မ ဘွဲ့ရ၍ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်သည်အထိ မောင်က ဇွဲမလျှော့ဘဲ လိုက်လံ ပိုးပန်းနေခဲ့သည်။ ထိုအချိန်မှာတော့ ကျွန်မ မောင့်ကို သနားတာရော ၊ မောင့်၏ ဇွဲလုံ့လကို ချီးကျူးမိတာရော ကြောင့် မောင့်အပေါ်စိတ်ယိုင် လာသည်။
” ကျွန်တော့်ကို တွဲကြည့်ပါ မကလျာ ”
မောင်က ထိုသို့ဆိုသည်။ တတိယနှစ် ကျောင်းသားလေး မောင်က ထိုအချိန်က သိပ်ကို ဖြူစင် ၍ ချစ်စရာကောင်းသည်ဟု ကျွန်မ ထင်မိသည်။ ကျွန်မ မောင့် ဆန္ဒကို လိုက်လျောလိုက်သည်။
” ဟုတ်ပြီလေ ငါ နင်နဲ့ တွဲကြည့်မယ် ၊ ငါ အဆင်မပြေဘူး ထင်ရင်တော့ ငါနင်နဲ့ရှေ့ မဆက်ဘူးနော် ”
မောင် တအားပျော်သွားသည်။ ကျွန်မစကားကို မောင်က ခေါင်းညိတ် လက်ခံခဲ့သည်။
မောင်တို့ မိသားစုက အတော်အသင့် ပိုက်ဆံရှိပါသည်။ မောင့်အဖေက ကားဝပ်ရှော့ ထော င်ထားပြီး မောင့်အမေက ဆံပင် အလှပြင်ဆိုင် ဖွင့်ထားသည်။ ကျွန်မတို့ မိသားစုနှင့် အလှမ်းမကွာလှပါ ။ ကျွန်မတို့ တွဲနေစဉ်မှာ မောင့်ဘက်က ကျွန်မ အိမ်ထောင်ကျဖူးသော ကိစ္စနှင့် ပတ်သက်၍ တစ်ခွန်းတစ်လေမှ မမေးဖူးပါ ။ကျွန်မကသာ စိတ်မလုံ၍ ရံဖန်ရံခါ မောင့်ကို ဖွင့်ဟမိသည်။
” ဖြိုးပြည့် ၊ နင် ငါ့ကို ဘာလို့ချစ်တာလဲ ၊ ငါက တစ်ခုလပ်နော် ”
” အချစ်မှာ တစ်ခုလပ်တာတွေ နှစ်ခုလပ်တာတွေ မလိုပါဘူး “မ” ရယ်၊ အချစ်က နှလုံးသားကနေ ဖြစ်တည်လာတာ ၊ ကိုယ် ချစ်ရတဲ့သူကို ဦးနှောက်နဲ့ ရွေးချယ်ရင်တော့ ဒါတွေကထည့် စဉ်းစားစရာဖြစ်မှာပေါ့ ၊ ဒါပေမဲ့ ကျွန်တော်က နှလုံးသားနဲ့ရွေးချယ်တာမို့ ဒါတွေ ထည့်မစဉ်းစားဘူး ၊ အချစ်က ချစ်နေဖို့ပဲလိုတာ ”
” အတတ်ကလေး ” ဟု ကျွန်မက ချစ်စနိုးပြောခဲ့မိသည်။ တကယ်လည်း မောင်က စကားတတ်ခဲ့တာပါ။ မောင် ဘွဲ့ရတဲ့နေ့မှာ မောင်က ကျွန်မကို လက်ထပ်ခွင့်တောင်းလာသည်။
” မ ကျွန်တော့်ကို လက်ထပ်ပါ ၊ ကျွန်တော် ဘွဲ့လည်း ရပြီ ၊ နောက်လဆို အဖေ အသစ်ဖွင့်မယ့် ကားအပို ပစ္စည်းဆိုင်မှာ ကျွန်တော် ဦးစီးရမှာ ၊ “မ ” သာ ကျွန်တော့်အနား ရှိနေမယ် ဆိုရင် အရာရာ ပြည့်စုံပြီ ”
မောင့်မိဘတွေက ကျွန်မမိဘတွေဆီ နားဖောက် ပေးခဲ့သည်။ ကျွန်မ မိဘတွေက “ပျော်မယ်ထင်ရင် လုပ်” လို့ ပြောခဲ့သည်။ ကျွန်မ ပျော်မယ်လို့ထင်ခဲ့ပါသည်။ ဒီတစ်သက် မောင့်လောက် ကျွန်မကို နားလည်ပေး ၊ချစ်ပေးမယ့်သူ မရှိနိုင်တော့ဘူး ဟု ကျွန်မ ထင်ခဲ့ပါသည်။ ကျွန်မတို့ မင်္ဂလာဆောင်ခဲ့သည်။ ကျွန်မအတွက် ဒုတိယအကြိမ်ဆိုပေမဲ့ ပထမတစ်ကြိမ်တုန်းကထက် အများကြီး ပိုပျော်ခဲ့ရပါသည်။
အိမ်ထောင်သက် တစ်နှစ်ကျော် နှစ် နှစ် အထိ ကျွန်မ ပျော်ခဲ့ရပါသည် ။ သုံးနှစ် ကျော် လေး နှစ် ထဲ ရောက်လာချိန်မှာတော့ ကျွန်မတို့ ပြသနာတွေ စတင်လာခဲ့သည် ။ ကျွန်မ ၏ သံသရဟာ မောင့် ကား ထဲမှာ မိန်းကလေးဝတ် အပေါ်ထပ်အင်္ကျီ တစ်ထည်ကို တွေ့ရာက စသည်။
” ဒါ ဘယ်သူ့အင်္ကျီလဲ မောင် … ”
ကျွန်မ ကောင်းကောင်းမွန်မွန်ပဲ မေးသော်လည်း မောင်က မတည်ငြိမ်ပါ။
” ဘယ်က တွေ့လာတာလဲ ”
” မောင့် ကား အနောက်ခန်းက ”
မောင်က ကျွန်မလက်ထဲက အင်္ကျီကို ဆွဲယူကာ …
” ဪ နေ့လည်က မောင့် သူငယ်ချင်း လ င်မယား နဲ့တွေ့သေးတယ် ၊ သူတို့ ကားကြုံလိုက်စီးတာ ၊ အဲ့တာ သူ့မိန်းမ ကျန်ခဲ့တာ ထင်တယ် ”
” ဪ … ဘယ်သူငယ်ချင်းလဲ မောင် ”
မောင် ရုတ်တရတ်တွေဝေသွားပြန်သည်။ ပြီးမှ …
” ဟာ “မ” မသိပါဘူး ၊ Gym မှာ ခင်တာ ”
” ဪ … ”
” ဒါ မောင်ပြန်ပေးလိုက်မယ် မနက်ဖြန်ကျ ”
” အင်း အင်း မောင် ”
မောင်က အခန်းထဲ ခပ်သုတ်သုတ် ဝင်သွားသည်။
နောက်တစ်ရက်ကျ မောင့်ကားထဲမှာ မိတ်ကပ်ဘူး တွေ့ပြန်သည် ။
” မောင့် သူငယ်ချင်း လ င်မယား ဒီနေ့လည်း ကားကြုံလိုက်စီးပြန် ပြီလား ၊ မောင့်သူငယ်ချင်း မိန်းမက အတော် နမော်နမဲ့နိုင်တာပဲ ၊ သူများကားထဲမှာ သူ့ပစ္စည်းတွေ တစ်ခုပြီး တစ်ခု ကျန်နေတာ ”
မောင်က ရယ်သွမ်းသွေးကာ …
” ဟုတ်ပါ့ “မ” ရယ် ၊ဒီနေ့လည်း သူတို့အလှူသွားတာလေ ၊ သူတို့ကား ပျ က်လို့တဲ့ ၊ မောင့်ကား ခဏ ငှားသွားတာ ၊ နေ့လည်ကမှ ပြန်လာပေးတာ ၊ သူလည်း ကျန်ခဲ့တာ မသိလောက်ဘူး ၊ အဲ့ မောင့် သူငယ်ချင်းမိန်းမကလေ မိတ်ကပ်တွေ လိမ်းထားလိုက်တာ ပြာနေတာပဲ မောင့် မိန်းမလောက် မလှဘူး ၊ ”မ” ဆို ဘာမှမလိမ်းထားဘဲတောင် လှတာ ”
” သွားပါ အပိုတွေ ”
မောင်က စကားတတ်သည် ။ ဝေ့ဝိုက်ပြောတတ်သည် ။သူ့အမှား ကို လူသိမှာ စိုးတော့ ပလီပလာတွေ ပြော၍ ချွဲသည်။ တစ်နေ့သော တနင်္ဂနွေနေ့မှာ မောင်နှင့်ကျွန်မ အင်္ကျီသွားဝယ်တော့ တိုက်တိုက်ဆိုင်ဆိုင် အင်္ကျီဆိုင်မှာ မောင့်သူငယ်ချင်း “ဂျူလီ” နှင့်တွေ့သည်။ ကျွန်မ ဂျူလီ့ကို သိနေရတဲ့အကြောင်းက မောင် ဒုတိယနှစ် ၊ မောင် ကျွန်မကို ပိုးပန်းချိန်တုန်းက မောင်နှင့်ဂျူလီတို့က တစ်ဖွဲ့တည်းတွေမို့ ။ ထိုအချိန်က မောင်တို့ သူငယ်ချင်းအဖွဲ့ ထဲမှာ ယခုဆို ဂျူလီတစ်ယောက်ကိုပဲ မောင့်အနား မတွေ့ရတော့တာ ဖြစ်သည် ။ ကျန်သည့် သူငယ်ချင်းအကုန် မောင့်အနားမှာတစ်ပူးပူးတစ်တွဲတွဲ တွေ့ရသည်။
ဂျူလီ့ကို ကျွန်မက မြင်သည် ။ မောင်ကတော့ မမြင်တာလား မမြင်ချင်ယောင်ဆောင်သလား မသိပေ ။ ကျွန်မနှင့် ဂျူလီတို့ အပြန်အလှန်ပြုံးပြလိုက်မိကြသည်။ မောင်ကတော့ ခပ်တည်တည် ပင် ။
” မောင် ခုနက မောင့်သူငယ်ချင်း ဂျူလီမလား ”
” ဟုတ်လား မောင် မမြင်လိုက်ဘူး ”
” မောင်ကလည်း ကလျာ တောင် ပြုံးပြနေသေးတာကို ”
” ဟုတ်လား ၊မောင် တကယ် မမြင်လိုက်တာ ”
မောင်ညာသည် ။ မောင် ကျွန်မကို အစကနေ အဆုံးအထိ ညာသည်။
” မောင် ၊ ဒီ မျက်တောင် အတုတွေက ဘယ်သူ့ဟာလဲ ၊ မောင့်သူငယ်ချင်း လ င်မယားက ကားငှားပြန်ပြီလား ၊ မောင့်သူငယ်ချင်းရဲ့ မိန်းမက သူ့ပစ္စည်းတွေ မောင့်ကားပေါ်မှာ ကျန်ကျန်ခဲ့တာကို မသိဘူးလား ၊ ဒါမှမဟုတ် ကျွန်မသိအောင် တမင်ချန်ခဲ့တာလား ”
” “မ ” အဲ့တာ ဘာသဘောနဲ့ ပြောတာလဲ ”
ကျွန်မ မောင်ထိုင်နေသော ဆိုဖာအနားထိ လာကာ မောင့်ရှေ့ကို မျက်တောင်အတု တွေ ပစ်ချ ပေးလိုက်သည်။
” ပြောပါဦး ဒီနေ့ရော မောင့် သူငယ်ချင်း လ င်မယားကို ကားငှားလိုက်တာပဲလား ”
မောင်က ခေတ္တ စဉ်းစားနေပြီးမှ …
” မ ကရော ဘာလို့ အမြဲ ကျွန်တော့်ကားကို စစ်လားဆေးလား လုပ်နေတာလဲ ၊ မ ကျွန်တော့်ကို ဘာတွေ သံသရဝင်နေတာလဲ ”
” သံသရဝင်အောင် လုပ်နေတော့ သံသရဝင်တာပေါ့ ၊ မောင့်ကားကို ကလျာ အမြဲ သန့်ရှင်းပေးနေကျ သန့်ရှင်းရေးလုပ်တိုင်း မိန်းကလေးပစ္စည်း တစ်ခုမဟုတ် တစ်ခု ထွက်လာတယ် ၊ အရင်တစ်ခေါက်ကလည်း မိန်းကလေးဝတ် နာရီ တွေ့တယ် ၊ တမင် မောင့်ကို မပြောဘဲ ကျွန်မ သိမ်းထားလိုက်တာ ၊ မောင့်သူငယ်ချင်း မိန်းမဟာသာဆို သူ့နာရီပျောက်တယ်ဆိုပြီး မောင့်ကို ပြောမှာပေါ့ ဒါပေမဲ့ ဘာသံမှထွက်မလာဘူး ၊ ဒီတော့ မောင့်ကားပေါ်က မိန်းကလေး ပစ္စည်းတွေကို ထားခဲ့သူက တမင် ကျွန်မ မြင်အောင် ကျွန်မအတွက် ထားခဲ့တာပဲ ဖြစ်နိုင်တော့တယ် ”
” ဒါကတော့ “မ” ဘာသာ အတွေးလွန်နေတာ ”
” ဒါဆို ပြောပါဦး ၊ အဲ့ပစ္စည်းတွေက ဘယ်သူ့ဟာတွေလဲ ”
မောင် မဖြေနိုင်။ ကျွန်မ မျက်ရည်ကျလာသည် ။မောင့်အနားကိုသွားကာ …
” မောင် ခါတိုင်းဆို ညာဏ်နီညာဏ်နက်တွေနဲ့ လိမ်နေကျပဲ ခုလည်း လိမ်ပါဦး ၊ ခု ဘာလို့ ငြိမ်နေရတာလဲ ၊ ဟင် ”
မောင်က ဆိုဖာပေါ်မှာ ထိုင်ချသည်။ ဘာမှမပြောဘဲ အချိန်အကြာကြီးတိတ်ဆိတ်နေပြီးမှ သူ့မျက်နှာကို လက်နှစ်ဖက်နှင့် ပွတ်သပ်ရင်း …
” ကျွန်တော် နောင်တရတယ် ၊ ကျွန်တော် ခင်ဗျားလို တစ်ခုလပ်ကို လက်ထပ်ယူခဲ့မိတာ နောင်တရတယ် ”
မောင့်နှုတ်က ထွက်လာသည့်စကားဟာ ကျွန်မနားထဲ မိုးကြိုးပစ်ချလိုက်သလိုပင်။
” ဘာ … ”
” ကျွန်တော့်အနေအထားနဲ့ အပျိုကို ရနိုင်ရဲ့သားနဲ့ ဘာလို့ ခင်ဗျားကို ယူခဲ့မိလဲ မသိဘူး ”
မောင်က ဝမ်းနည်းပက်လက် ငိုကြွေးမတတ်ပဲ ။ ကျွန်မ ရင်ဘက်တွေကို မောင်က ဓားနှင့် ထိုး ဆွလိုက်သလိုပဲ။
” ကျွန်တော် လက်ခံနိုင်မယ်လို့ ထင်ခဲ့တာ ၊ ကျွန်တော် လက်မခံနိုင်ဘူး ဖြစ်နေတယ် ၊ အချိန်ကြာလာလေ ၊ ခင်ဗျားက တစ်ခု လ ပ် ဖြစ်ခဲ့တယ် ၊ အိမ်ထောင်ကျ ခဲ့ဖူးတယ် ဆိုတာကြီးကို ပြန်ပြန်တွေးမိပြီး ကျွန်တော် ရွံရှာတယ် ”
” နင် ဘာပြောတယ် ဖြိုးပြည့် ”
ကျွန်မ မောင့် ပခုံးကို ဆောင့်တွန်းလိုက်သည် ။
” အိမ်ထောင်သက် ၄ နှစ် လောက် ရှိခါမှ နင့်ဆီ က ဒီစကားမျိုး ထွက်လာတယ်တဲ့လား ”
ကျွန်မသည် နာကျင်ခါးသီးစွာဖြင့် လက်ရှိအခြေအနေကို တည့်တည့်ရင်ဆိုင်ဖို့ ဆုံးဖြ တ်လိုက်သည်။
ကျွန်မ အသက်ကို ဝဝရှူလိုက်သည် ။ ကျွန်မသည် တစ်ခုခုဆို မျက်ရည်လွယ်သူမို့ ပြောချင်သော စကားကိုေ သချာ မပြောနိုင်ပေ။ ပထမအိမ်ထောင်တုန်းကလည်း ဖော က်ပြန်ခံရသူက ကိုယ် ဖြစ်ပြီး ဖော က်ပြန်ခံရမှန်းသိသည့် အချိန်မှာ ထိထိရောက်ရောက် စကားပြောရမည့်အစား မျက်ရည်ကျပြီး ငိုတာကအရင် ဖြစ်ခဲ့တော့ တစ်ပန်းရှုံးခဲ့ရသည်။ ခုတော့ အဲ့ဒီ့လိုထပ်အဖြစ်မခံတော့ပါ ။
” နင်က ခုလိုတွေ ပြောလာတော့ ငါကလည်း ပြောရတာပေါ့ ၊ နင်နဲ့ ဂျူလီကရော … ”
” နင်က ခုလိုတွေ ပြောလာတော့ ငါကလည်း ပြောရတာပေါ့ ၊ နင်နဲ့ ဂျူလီကရော … ”
မောင် မော့ကြည့်လာသည်။ မသိလောက်ပါဘူး ဆိုသည့် သံသရရယ် သူသိများသိနေတာလား ဆိုသော သံသရရယ်ရောနေသော မျက်ဝန်းများနှင့်ဖြစ်သည်။
” ငါက နင်နဲ့ ရည်းစား မဖြစ်ခင် နင်ငါ့ကို စလိုက်ကတည်းက ငါက အပျိုပါလို့ နင့်ကိုမပြောခဲ့ဘူး ၊ ငါ့ဘဝကို အမှန်တိုင်း ချပြထားတာ ၊ ငါက နင့်ကို အပျိုပါလို့ လိမ်ညာပြီး ပြောယူခဲ့တာ မဟုတ်ဘူး ၊ နင့်ဘာသာ ငါ့ကို လက်ခံနိုင်တယ်ဆိုပြီး ယူတာလေ ၊ အေး ဒါပေမဲ့ နင်ကတော့ ”
ကျွန်မ လက်ညှိုးငေါက်ငေါက်ထိုးလိုက်ချိန်မှာ မောင် မတ်တပ်ထရပ်လာသည် ။
” နင်ကတော့ငါနဲ့ ရည်းစားဖြစ်နေတဲ့ အချိန်ကနေစပြီး ယူပြီးတဲ့ အချိန်ထိ နင်က လူပျိုပါဆိုပြီး ငါ့ကို ညာခဲ့တာ … ”
ကျွန်မ ရင်ထဲမှာ နှစ်ရှည်လများ သိုဝှက်ထားခဲ့သော အရာကို ကျွန်မ ဖွင့်ထုတ်ခဲ့သည်။ ခါးသီးပေမဲ့ ကျွန်မ ရင်ထဲကအစိုင်အခဲကြီး အရည်ပျော်သွားသလို ပေါ့ပါးသွားရသည်။
ကျွန်မနှင့် ဖြိုးပြည့် ယူခါနီးမှာ ဂျူလီက ကျွန်မကိုဖုန်းနှင့် စာပို့ ၍ ဆက်သွယ်ခဲ့သည်။
” ညီမတို့ မှားခဲ့ကြတယ် လေးခါလား ငါးခါလားမသိဘူး အစ်မ ၊ ပထမဆုံးအကြိမ်က ဒုတိယနှစ် တုန်းက ၊ အဲ့တုန်းက စာမေးပွဲပြီးတော့ သူငယ်ချင်းတွေ KTV စုသွားကြတယ် ၊ သူရောညီမရော နည်းနည်းစီ သောက်ထားကြတယ် ၊ ဒါပေမဲ့အရမ်းမမူးဘူး ၊ သူရော ညီမရော အသိစိတ်တော့ ရှိပါတယ် ၊ KTV ကအပြန် နှစ်ဦးသဘောတူ တည်းခိုခန်းသွားဖို့ ဆုံးဖြတ်ခဲ့ကြတာ ၊ ဖြစ်ခဲ့တာလည်း နှစ်ဦးသဘောတူပဲ ၊ အဲ့တာပြီးတော့ နောက်ပိုင်း တစ်ပ တ်တစ်ခါ နှစ်ပတ်တစ်ခါလောက် တွေ့ဖြစ်ကြတယ် ၊ တခြားသူငယ်ချင်းတွေတော့ ဘယ်သူမှသတိမထားမိကြဘူး ”
ကျွန်မ အံ့ဩတကြီး ဖြစ်ခဲ့ရသည်။
” ဒီအခြေအနေအထိ ဖြစ်ပြီးပြီ ကို ညီမလေး သူ့ကို ယူဖို့မပြောဘူးလား ”
” မပြောဘူး ၊ ညီမတို့က အကာအကွယ်လည်းသုံးတယ် ဖြစ်ပြီးပြီးချင်း ညီမကလည်း ဆေးသောက်တာ မလို့ ဘာမှ မဖြစ်ပါဘူး အစ်မ ၊ သူက ညီမကို မချစ်ဘူးတဲ့ ၊ အဲ့တုန်းက ကိစ္စေတွကလည်း လက်တည့်စမ်းချင်လို့ တဲ့ ”
” သူဒီလိုတော့ မပြောသင့်ပါဘူး ၊ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုးမှာ မိန်းကလေးဘက်က ပိုနစ်နာတာ ”
” ထားလိုက်ပါတော့ အစ်မ ၊ခုလို လာပြောပြတာကလည်း အစ်မတို့ကို ဘာမှဖြစ်စေချင်လို့မဟုတ်ပါဘူး ၊ သူ့စိတ်ဓာတ်ကို သိစေချင်လို့ပါ ”
ထိုအချိန်က ကျွန်မ အများကြီးတွေဝေခဲ့ရသည် ။ နောက်ဆုတ်ဖို့ကလည်း နှစ်ဖက်မိဘကို နားဖော က်ပြီးပြီမို့ မလွယ်ကူတော့ပါ ။ နောက်ဆုံး ကျွန်မ တွေးလိုက်တာက …
” ဪ သူလည်း ငါ့လိုပဲ ငယ်ရွယ်စဉ်မှာ မှားခဲ့တာပဲ ၊ ခုချိန်မှာ သူက လူပျို စစ်စစ် မဟုတ်တာ ကို ငါသိလိုက်ရတယ်ဆိုပေမဲ့ ငါကလည်း တစ်ခုလပ်ပဲ ၊ သူကလည်း သူလူပျို မဟုတ်တော့လို့ ငါ့လို တစ်ခုလပ်ကို ရွေးချယ်တာနေမှာ ၊ နှစ်ယောက်အတူ နားလည်မှုနဲ့ ရှေ့ဆက်လို့ရလောက်ပါတယ် ”
ကျွန်မထိုသို့ အတွေးတိမ်ခဲ့မိသည်။ ကျွန်မ အတိတ်ကို သူလက်ခံပေးခဲ့တာမို့ သူ့အမှားကိုလည်း ကျွန်မတစ်သက်လုံး မျိုသိပ်ထားဖို့ ဆုံးဖြ တ်ခဲ့သည်။ ခုတော့ …
” ပြောပါဦး ခု နင်နဲ့ ဖော က်ပြန်ေနတဲ့ မိန်းကလေးကရော ဘယ်သူလဲ ”
ဖြိုးပြည့် မျက်စိမျက်နှာ ပျ က်၍ ဟိုဘက်လှည့်သွားသည်။
” ဘယ်သူလဲ ၊ ဘယ်သူမလို့ နင် မျက်စိမျက်နှာ ဒီလောက် ပျ က်နေတာလဲ ”
ဖြိုးပြည့်မဖြေ ။ ကျွန်မက သူ့လက်မောင်းကိုဆောင့်ဆွဲကာ …
” ငါ မေးနေတယ်လေ ဘယ်သူလဲလို့ ”
ဖြိုးပြည့်သည် ရှောင်လွှဲမရတော့သည့်အဆုံးမှာ ဝန်ခံလာတော့သည်။
” သီ သီရိ ”
” ဘာ … ”
သီရိဆိုတာ ကျွန်မ၏ သူငယ်ချင်း အရင်းကြီးပါ ။ကျွန်မ နှလုံးသားကို ဖိညှစ်ခံလိုက်ရသလို ရင်ဘက်တွေ စူးအောင့်သွားရသည်။ ကျွန်မ လဲကျမတတ် ယိုင်နဲ့သွားသည်။
” အဲ့ ကော င်မ ငါနဲ့တွေ့မယ် ”
” မ လုပ်ပါနဲ့ ၊ မလုပ်ပါနဲ့ ” မ” ရယ် ”
ဖြိုးပြည့်က ကျွန်မကို အတင်း ဆွဲထားသည်။ ကျွန်မ ရင်နာလို့မဆုံးပါ ။ ကျွန်မ ပထမအိမ်ထောင် နှင့်ကတည်းက ဆိုးတာကောင်းတာမှန်သမျှ ရင်ဖွင့်လာသည့် သီရိ က ကျွန်မ လ က်ရှိယောက်ျားနှင့် ဖော က်ပြန်နေတာတဲ့လား ။
” ဟာ … ”
ဟုတ်တာပေါ့ ။ အဲ့ အပေါ်ထပ်အင်္ကျီ ။ ကျွန်မ သီရိဝတ်တာ မြင်ဖူးသားပဲ ။ မိတ်ကပ်ဘူး ။ ကျွန်မ မြင်ဖူးသားပဲ။ နာရီကရော။ သီရိ လက်မှာ ကျွန်မမြင်ဖူးနေကျ နာရီပဲ ။ ကျွန်မက သီရိကို လုံးဝ သံသရ မထားလို့သာ သတိမထားမိခဲ့တာ ။ သီရိက ကျွန်မသိနိုင်လောက်တဲ့အရာတွေနဲ့ ကျွန်မကို အသိပေးနေခဲ့တာပဲ … ။
ကျွန်မ လက်ဖဝါးနှစ်ဖက်ဖြင့် မျက်နှာကို အုပ်၍ ငိုကြွေးမိသည် ။
” ကျွန်တော် ကျွန်တော် တောင်းပန်ပါတယ် ၊ ဒီနေ့ ဖြစ်ခဲ့တာတွေကို မေ့လိုက်ရအောင် ကျွန်တော်တို့ အသစ်ကနေ ပြန်စရအောင် ”
ကျွန်မ ဖြိုးပြည့်ကို စူးစူးဝါးဝါးကြည့်၍ ပါးကို လွှဲရို က်ပစ်လိုက်သည်။
” နင့် ပါးစပ်ကို ပိတ်ထား ”
ကျွန်မ အော်ဟစ်ပစ်လိုက်သည်။
” ငါ့ကို အရူး ထင်နေလား ၊ ငါ ထပ်ပြီး အညာမခံတော့ဘူး ၊ နင်ကလေ ငါ့အတိတ်ကို ရွံတာမဟုတ်ဘူး၊ နင်ကိုယ်တိုင်က မသန့်ရှင်းလို့ ငါ့ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ရွံနေတာ ”
ဖြိုးပြည့်က မလုံမလဲဖြင့် မျက်လုံးတွေ ယောက်ယက်ခတ် သွားသည် ။
” နင် နဲ့ သီရိ့အကြောင်း နင့်မိဘတွေကိုရော သီရိ မိဘတွေကိုရော ငါပြောမယ် ”
” မ ၊ မ အဲ့လို မလုပ်ပါနဲ့ မောင် တောင်းပန်ပါတယ် ၊ မောင်မှားပါတယ် ၊ မောင် သီရိနဲ့ဖြတ် မယ်ကွာ မောင် နောက် မလုပ်တော့ဘူး ”
” ငါနင့်ကို ပြောပြီးပြီးလေ ဖြိုးပြည့် ငါ ထပ်အညာမခံတော့ဘူး ”
ကျွန်မ ဖြိုးပြည့် အိမ်ကနေ ထွက်ထွက်ချင်း သီရိကို ဖုန်းဆက်သည် ။ သူ ဘာမှမသိသလိုလို နှင့် သူငယ်ချင်း ဆိုသော အတုအယောင် မျက်နှာဖုံးတပ်၍ ရောက်လာသော သီရိကို ရောက်ရောက်ချင်း ပါးတစ်ဖက်ကို လွှဲ ရို က်ပစ်လိုက်သည်။
” ကလျာ နင် ”
သီရိ ပြန်လှည့်လာတော့ နောက်ပါးတစ်ဖက်ကို ကျွန်မ ထပ်ရို က်ပစ်လိုက်သည်။
” လ င်ခိုးမ ”
သီရိက ကျွန်မကို စူးစူးရဲရဲကြည့်သည် ။
” နင့်အနေအထားနဲ့ ယောက်ျားမရနိုင်တော့လို့ ငါ့ လ င်ကို ကြောင်တောင် နှိုက်တာလား ဟမ် … ”
သီရိသည် အရှက်ရ ရမယ့်အစား အောင်နိုင်သွားသလို မျိုး ရွဲ့တဲ့တဲ့အပြုံးဖြင့် ကျွန်မကို ပြန်ကြည့်လာသည်။
” နင် သိသွားပြီကိုး ”
” အေး နင့် ပစ္စည်းတွေကို နင်တမင်ချန်ခဲ့တယ် ဆိုတာလည်း ငါ သိပြီးပြီ ၊ နင် ဖြစ်စေချင်သလိုလည်း ဖြစ်ပြီ ”
သီရိက သူ့ ပါးမှာကပ်သွားသော ဆံပင်တွေကို ရှင်းလင်းပြီး ကျွန်မကို ခပ်လှောင်လှောင်ကြည့်သည်။
“နင် ငါ့ကိုချည်း အပြစ်တင်လို့မရဘူး ၊ နင့် ယောက်ျားက ငါ့ကို အရင် ဖြားယောင်းခဲ့တာ ၊ သူ့စိတ်ထဲမှာ နင်က တစ်ခုလပ် အိမ်ထောင်ကျဖူးတယ် ဆိုတာကြီးကို ရွံမုန်းနေတာ ”
“ဟုတ်လား ၊ အဲ့ကော င်က နင့်လို ကော င်မမျိုးနဲ့ပဲ တန်တာလေ ၊ အပျိုအမည်ခံပြီး သူများ ယောက်ျားနဲ့ ခိုး ပေါင်းနေတဲ့ ကော င်မမျိုး”
” နင် ”
ဆတ်ဆတ်ခါနာသွားသော မျက်နှာကို အရသာရှိရှိကြည့်ရင်း ကျွန်မ ဟင်းခနဲ ပြုံးလိုက်သည် ။
” ခု စောင့်ကြည့်ရမှာ နင်ပဲ သီရိ
ခု နင် မဖြစ်စေချင်တာတွေပါ ဖြစ်လာအောင် ငါလုပ်တော့မှာ ၊ နင့် လုပ်ရပ်ရဲ့အကျိုးဆက်ကို နင် ပြန်ခံဖို့ တွေးထားလိုက် ”
ကျွန်မ သီရိအလုပ်လုပ်သည့် ကုမ္ပဏီမှာ သီရိနှင့် ဖြိုးပြည့်တို့အကြောင်း လိုက်ဖြန့်ပစ်လိုက်သည်။ သီရိတစ်ယောက် ထိုအခါမှအရှက်တကွဲအကျိုးနည်းဖြစ်ကာ အလုပ်ကလည်း ထွက်လိုက်ရပြီး သူ့ မိသားစုပါ မျက်နှာပျက်ရလေသည်။
ဖြိုးပြည့်ကို ကျွန်မအရှေ့တင် သူ့အဖေက ပါးကိုရိုက်လေသည် ။ ကားအပိုပစ္စည်းဆိုင်ကို ဖြိုးပြည့်ဆီက ပြန်ယူပြီး သူ့ဘာသာ ဦးစီးမည်ဟု ဆိုသည်။ ကျွန်မကိုလည်း မေးသည်။
” သမီး ဒီကောင့်ကို ဘယ်လို ဖြစ်စေချင်လဲ ”
ကျွန်မသည် ဖြိုးပြည့်အဖေကို တစ်လှည့် အမေကိုတစ်လှည့်ကြည့်ကာ ကျွန်မ မိဘများနှင့် ကိုယ်ချင်းစာကြည့်လိုက်မိသည်။
” သမီး ဘယ်လိုမှ မဖြစ်စေချင်တော့ပါဘူး ၊ ခုလည်း သူ့အမှားနဲ့သူ အတော်အရှက်ရနေပါပြီ ၊ သမီးဖြစ်ချင်တာကတော့ သူနဲ့ ဒီနေ့ကစပြီး ဘာပတ်သက်မှုမှမရှိချင်တော့တာမို့ ကွာရှင်းပြတ်စဲချင်ပါတယ် ”
ဖြိုးပြည့်ကို ကြည့်ရတာ ကျွန်မဆီ စိတ်ပြန်လည်နေပုံရသည် ။ ကျွန်မ သူ့ကို ဥပေက္ခာပြုကာ ကျွန်မဆန္ဒအတိုင်း ရှေ့နေခေါ်၍ ကွာရှင်းပြတ်စဲလိုက်သည် ။ ကျွန်မရသင့်ရထိုက်သည့် လက်ထပ်ပွား ပစ္စည်း တစ်ဝက်ကိုလည်း ကျွန်မ ရအောင်ပြန်ယူခဲ့သည်။
ကျွန်မ ဖြိုးပြည့်ကို ကွာရှင်းလိုက်သည့်နေ့တွင် ကောင်းကင်ကြီးကအတော်ကို ကြည်လင်၍ လှပနေပါသည် ။ ဘဝထဲကနေ အညစ်အကြေး တွေ လွင့်စင် သွားလို့များလား ဟု ကျွန်မတွေးမိသည် ။ တစ်ခုလပ်ဖြစ်လာတိုင်း သူများနှိမ်စရာ ဖြစ်သွားတာ မဟုတ် ။တစ်ခုလပ်ပေမဲ့ ဘယ်ယောက်ျားကိုမှ အားမကိုး မမှီခိုဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တာဟာ ဂုဏ်ယူစရာတောင် ကောင်းသေးသည်မဟုတ်ပါလား ။
ဖြိုးပြည့်နှင့်သီရိကို ကျွန်မဘဝထဲက ထုတ်ပစ်ပြီးနောက်မှာ သူတို့နှစ်ယောက်၏ ရှေ့ဆက်မှုကိုတော့ ကျွန်မစောင့်ကြည့်ဖြစ်သေးသည်။ တကူးတကမဟုတ်ပေမဲ့ အမှုမဲ့အမှတ်မဲ့စောင့်ကြည့်ဖြစ်ခဲ့သည်။ အိမ်ထောာင်ရေးဖောက်ပြန်သောယောက်ျားနှင့် သူငယ်ချင်းအရင်းကြီး၏ယောက်ျားကို လုယူသော မိန်းမဟာ ဘယ်လိုမှသာယာဖွယ်မရှိနိုင် ။ ကျွန်မအတွေးဟာ မှန်ကန်ခဲ့သည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုမရှိကြဘဲ သံသရများနှင့် အမြဲလုံးထွေးသ တ်ပုတ်နေကြရသည် ။ နောက်ဆုံးတော့ တစ်ယောက်ကိုတစ်ယောက် ဦးအောင် စွန့်ပစ်ကြသည်။ ကျွန်မ ရယ်မိပါသည် ။မောင် ညာတတ်သလို၊ သီရိကလည်း ညာတတ်သည်။ ညာတတ်သူချင်းတွေ့တဲ့ ဘဝဟာ ဘယ်တော့မှ မအေးချမ်းနိုင်ဘူး မဟုတ်လား။
ကျွန်မလို တစ်ခုလပ်တိုင်း ပျော်ရွှင်ကြရပါစေ ။ နောက်အိမ်ထောင်ပြုကြသူတွေလည်း လူရွေးမှန်ကြပါစေ ။လူကောင်းနှင့်တွေ့ကြပါစေ။
ကျွန်မကတော့ ဘယ်ယောက်ျားကိုမှ ထပ်ပြီး အယုံအကြည်မရှိတော့ပါ ။ ယောက်ျားတွေဟာ သူတို့သာ လူပျိုစစ်ချင်မှစစ်မည် ။ မိန်းမတွေကိုတော့ အပျိုမစစ်လျှင် အတိတ်နှင့် ကိုင်ပေါက်ချင်ကြသူတွေချည်း ။
ကမ္ဘာပေါ်မှာ ယောက်ျားယုတ်များ နည်းပါးပြီး ယောက်ျားကောင်းများ များပြားစေဖို့ ဆန္ဒပြုလိုက်ရပါသည်။
ပြီး ။
#နွေသင်္ကြန်ဦး