မိန်းမဆိုတာ

 မိန်းမဆိုတာ

-----------

“မောင်ကျော်စွာ ... လာဟေ့။ မင်းပျောက်နေတာကြာပြီ”


“ဆရာရယ် ... မနက်ဆိုလည်း အလုပ်သွားရ ... ညဆိုလည်း ဘယ်မှာ ၆ နာရီကျော်ရင် အိမ်ပြင်ထွက်ရဲလို့လဲ။ မှောင်တာနဲ့ တစ်ရွာလုံး မီးခိုးတိတ် ရွာပျက်ကြီးလိုဖြစ်နေတာ”


“အေးကွာ ... သိပါတယ်။ အလုပ်ပိတ်ရက်လေးလာပေါ့”


“အလုပ်ပိတ်ရက်လည်း အချိန်ပိုဆင်းနေရတယ်ဆရာ”


“ဘာဖြစ်လို့လဲကွ”


“ပိုက်ဆံရှာရတော့မယ်ဆရာ”


“မင်းက နေ့တိုင်းရော ပိုက်ဆံရှာနေတာ မဟုတ်ဘူးလား”


“ဟုတ်တော့ ဟုတ်ပါတယ်ဆရာ ... မိန်းမယူတော့မလားလို့ပါ”


“မင်းကွာ ခေတ်ပျက်ချိန်မှ မိန်းမကောက်ယူရတယ်လို့”


“အဲဒါကြောင့်ယူတာပဲလို့ နားလည်ပေးပါဆရာ”


“ထားလိုက်ပါ ... ခု လာတာ ဘာကိစ္စ”


“ဆရာ့ဆီက စာအုပ်လာငှားတာ။ ညဂျူတီဆင်းတော့ ဖတ်မလို့ဆရာ”


“ယူလေကွာ”


“ဆရာ”


“ဘာလဲကွ”


“ဆရာ့ကို မေးစရာရှိလို့”


“မေးလေ”


“မိန်းမတွေအကြောင်း နည်းနည်းလောက်ပြောပြပါလားဆရာ”


“ငါမပြောချင်တဲ့အထဲမှာ အဲဒီအကြောင်းက ထိပ်ဆုံးကကွ”


“လုပ်ပါဆရာရယ်”


“မင်းက ဘာကိုသိချင်တာလဲ”


“မိန်းမတွေရဲ့စိတ်ကို ဆရာနားလည်သလောက်ပြောပြပါလား”


ကျွန်တော် မပြောချင်သော်လည်း ပြောခဲ့ပါသည်။


မိန်းမတွေဆိုတာ သူတို့အသက်ဘယ်လောက်ကြီးကြီး ... ငယ်ငယ်လေးတွေလို့ ထင်တတ်ကြတာမျိုး


သူတို့ကို ဂရုစိုက်ရင် သူတို့က သိပ်ပျော်တာ ... အေး သူတို့ကို အရေးမစိုက်သလိုနေရင်တော့ စိတ်ဆိုးတတ် တယ်


သူတို့ကို ဘယ်တော့မှ သွားပြီးတော့ ထိန်းချုပ်ဖို့ မကြိုးစားလေနဲ့ ... မင်းပြဿနာအကြီးကြီး တက်သွားလိမ့် မယ်


သူတို့ကို နားလည်ပေးရင် ... မင်းနဲ့ တစ်သက်လုံး အဆင်ပြေမယ်


သူတို့ကို ဆန့်ကျင်ရင် ... မင်းနဲ့ပြဿနာအမြဲတက်မယ်


သူတို့ကို ချစ်ရင် ... ဂရုစိုက်ကြောင်းပြ


သူတို့နဲ့အမြဲလက်တွဲချင်ရင် ... သူတို့ကို လေးစားကြောင်းပြ


“ပညာရှင်တစ်ယောက်က ပြောဖူးတယ်ကွ”


“ဟုတ်ကဲ့ဆရာ”


“စိတ်ဆိုးနေတဲ့ မိန်းမကို ရန်သွားဖြစ်ရတာ လေထန်နေတဲ့အထဲမှာ သတင်းစာဖတ်နေရသလိုပဲတဲ့။ သတင်းစာကို ဖတ်မနေနဲ့တော့ ဖက်သာထားလိုက် ငြိမ်သွားလိမ့်မယ်”


“ချစ်ရင် အပြစ်မမြင်ဆိုတာ မင်းကြာဖူးတယ်မဟုတ်လား”


“ကြားဖူးတာပေါ့ဆရာ”


“အေး ... သူတို့ဘာလုပ်လုပ် အပြစ်မမြင်နိုင်ရင် ချစ်ပေါ့ကွာ”


“အဲဒါကတော့ တစ်မျိုးကြီးပဲဆရာ”


မိန်းမဆိုတာ အကာအကွယ် အစောင့်အရှောက်ခံချင်တဲ့မျိုးကွ ... သူတို့ကို ထိန်းချုပ်တာ ခံချင်တဲ့မျိုး မဟုတ်ဘူး


မင်းယူမယ့်မိန်းမကို မင်းနဲ့တစ်သက်လုံး မြဲချင်ရင် သူတို့ကို ချစ်ပြ၊ ကြင်နာပြ၊ သနားပြ


အေး ... သူစိတ်ဆိုးအောင် မင်းတစ်ခုခု လုပ်မိပြီဆိုရင်လည်း ရင်မဆိုင်နဲ့ ... ပြေးပေတော့


အချစ်စစ်ဆိုတာ သူဘာလုပ်လုပ် မင်းဘယ်လောက်ခွင့်လွှတ်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်


မိန်းမဆိုတာ သူယောကျ်ားကို အစ်ကိုလို၊ မောင်လို၊ သူငယ်ချင်းလို၊ အကူအညီပေးတတ်သူလို တန်ဖိုးထား တတ်တယ်ဆိုတာလည်း သိထား


သူတို့က အချစ်ခံချင်တာ၊ ဒါပေမဲ့ အရမ်းတွေ အိုဗာလုပ်မပြနဲ့။ သူတို့ကနားလည်တယ်။ ပါးတာမှ နပ်နပ်လေး


မိန်းမဆိုတာလေ ပင်လယ်ကြီးလိုပဲ ... မုန်တိုင်းမရှိရင် ငြိမ်ပြီးတော့ လှပတဲ့ ပင်လယ်ကြီးပေါ့။ အေး မုန်တိုင်း ထန်လာရင်တော့ သတိသာထား။


“ကိုင်း အဲဒါတွေက ငါဖတ်ဖူးတာ ကြားဖူးတာတွေ ပြောတာ။ လက်ခံချင်လည်း လက်ခံ၊ လက်မခံချင်လည်းနေ၊ ဘာပဲဖြစ်ဖြစ် မင်း မိန်းမယူတော့မယ်ဆိုရင် သတိထားနိုင်အောင်ပြောတာ”


“အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီး စာအုပ်မရှိဘူးလားဆရာ”


“ငါ့မှာ မရှိဘူးကွ ... ဘာလုပ်မလို့လဲ”


“ကျွန်တော့်ကောင်မလေးကို ဖတ်စေချင်လို့”


“အချို့ကိစ္စတွေက ငါတို့ယောက်ျားတွေသာ သိထား၊ နားလည်ထားရမယ့် ကိစ္စတွေပါကွာ။ သူတို့ သိဖို့ မလိုပါဘူး”


“သူတို့သိတော့ရောဆရာ”


“သူတို့က ကိုယ့်ထက်ပိုသိပါတယ်ကွာ။ ဒါပေမဲ့ မသိချင်ယောင်ဆောင်နေတတ်တာ သူတို့ရဲ့ အတတ်ပညာ တစ်ခုပါ”


တင်ညွန့်


၃.၁.၂၀၂၅

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

မယားပါသမီးနှင့် မှားမိသော အမှား

အပျိုဘဝ၏ နောက်ဆုံးည