မေတ္တာနှင့်အမွေ
မေတ္တာနဲ့ အမွေ
အလုပ်မှာ နှစ်ပေါင်းနှစ်ဆယ့်ခြောက်နှစ်တိုင်တိုင် လုပ်
ခဲ့ပြီးမှ အလုပ်ဖြုတ်ခံလိုက်ရတဲ့နေ့မှာပဲ ကျွန်မရဲ့ သားသမီးတွေဟာ ရုတ်တရက်ဆိုသလို အလုပ်တွေ အရမ်းများသွားကြတော့တာပါပဲ။
ဒါက တစ်ညတည်းနဲ့ ဖြစ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ အစပိုင်းမှာတော့ ကျွန်မကပဲ သူတို့အတွက် ဆင်ခြေတွေ လိုက်ပေးနေခဲ့မိတာပါ။
သားကလည်း သူ့အလုပ်နဲ့သူ၊ သမီးမှာလည်း သူ့မိသားစုနဲ့သူပေါ့။ လူတိုင်းမှာ ကိုယ့်ပူပင်သောကနဲ့ကိုယ် ရှိကြတာပဲလေ။ ငါက သူတို့အမေပဲ၊ ငါကပဲ နားလည်ပေးရမှာပေါ့လို့ ကိုယ့်ဘာကိုယ် ဖြေသိမ့်ခဲ့ပါတယ်။
အခု ကျွန်မ အသက် ခုနစ်ဆယ့်လေးနှစ် ရှိပါပြီ။ ကွယ်လွန်သွားတဲ့ ခင်ပွန်းသည်ရဲ့ အရိပ်တွေ ထင်ကျန်နေဆဲဖြစ်တဲ့ မြို့ပြအိမ်လေးတစ်လုံးမှာ ကျွန်မ တစ်ယောက်တည်း နေထိုင်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ဘော့ပ်နဲ့ကျွန်မ နံရံကပ်ပိုစတာတွေကို ကိုယ်တိုင်ကပ်ခဲ့ကြတာ၊ အဟောင်းဆိုင်က ဝယ်လာတဲ့ အဝတ်ဗီရိုအဟောင်းကြီးကို အိမ်အထိ အပင်ပန်းခံ သယ်လာခဲ့ကြတာ၊ အိုးခွက်ပန်းကန်အသစ်တစ်စုံ ဝယ်နိုင်တာကိုပဲ နန်းတော်ကြီးတစ်ဆောင် ပိုင်ဆိုင်လိုက်ရသလိုမျိုး ပျော်ခဲ့ကြတာတွေက မနေ့တစ်နေ့ကလိုပါပဲ။
သူ ဆုံးသွားပြီးတဲ့နောက်မှာတော့ ဒီအလုပ်ကလေးကပဲ ကျွန်မကို အားတင်းရှင်သန်စေခဲ့တာပါ။ ရပ်ကွက်ထဲက ကလေးထိန်းကျောင်းလေးမှာ သန့်ရှင်းရေးနဲ့ ထိန်းသိမ်းရေးအလုပ် လုပ်ပါတယ်။ မနက်မလင်းခင် ထ၊ ကြမ်းတိုက်၊ ကလေးတွေရဲ့ ပလတ်စတစ်စားပွဲလေးတွေကို သုတ်၊ မနက်စာစားပြီးလို့ ကျန်ခဲ့တဲ့ မုန့်ဖတ်တွေကို လှည်းကျင်းရတာပေါ့။ ခါးကလည်း နာ၊ လက်ချောင်းလေးတွေကလည်း အရိုးအဆစ်ရောင်ရောဂါကြောင့် တောင့်တင်းနေတတ်ပေမဲ့ တစ်ခုတော့ ကျွန်မ ယုံကြည်တယ်၊ အဲဒါကတော့ ကျွန်မကို လိုအပ်နေသေးတယ်ဆိုတာပါပဲ။
ဒါပေမဲ့ တစ်နေ့မှာတော့ ကျောင်းအုပ်ကြီးက ကျွန်မကို သူ့ရုံးခန်းထဲ ခေါ်လိုက်ပါတယ်။ သူက လေသံအေးအေးလေးနဲ့ ပြောတာပါ၊ ဒါပေမဲ့ အဲဒီလေသံကပဲ ဒဏ်ရာကို ပိုပြီး နက်သွားစေပါတယ်။
“အန်တီက တကယ်ကို လူကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ ကျွန်မတို့က အန်တီ့ထက် ငယ်တဲ့သူကို ပိုလိုချင်လို့ပါ” တဲ့။
ငယ်တဲ့သူ... တဲ့။
ကျွန်မ အိမ်ကို လမ်းလျှောက်ပြန်လာခဲ့တယ်၊ ထမင်းစားပွဲမှာ ထိုင်ပြီး ကိုယ့်လက်ကိုယ် အကြာကြီး စိုက်ကြည့်နေမိတယ်။ ဒီလက်တွေနဲ့ပဲ သားသမီးတွေကို ပြုစုပျိုးထောင်ခဲ့တာ၊ ခင်ပွန်းသည်ကို ပြုစုခဲ့တာ၊ လေးလံတဲ့ ဈေးခြင်းတွေကို သယ်ခဲ့တာ၊ တိုက်ချွတ် ဆေးကြော၊ ချက်ပြုတ်၊ ဖာထေး၊ မီးပူတိုက်ခဲ့တာတွေ အားလုံး လုပ်ခဲ့တာပါ။ အခုတော့ ဒီလက်တွေက ခေတ်မမီတော့ဘူး၊ သုံးမရတော့ဘူးလို့ အဆုံးအဖြတ် ခံလိုက်ရပြီ။
ကျွန်မ သားဆီကို အရင်ဆုံး ဖုန်းဆက်ကြည့်တယ်။ သူက ခဏနေရင် ပြန်ဆက်မယ်လို့ ပြောပေမဲ့ ဘယ်တော့မှ ဖုန်းပြန်မလာခဲ့ပါဘူး။
သမီးကတော့ ဖုန်းကို ခဏပဲ ကိုင်ပါတယ်။ “အမေ အားတင်းထားနော်၊ အခုချိန်က လူတိုင်းအတွက် ခက်ခဲနေတဲ့ အချိန်မို့လို့ပါ” တဲ့။
ဒါပါပဲ၊ အဲဒါနဲ့ပဲ ပြီးသွားတာ။
အရင်တုန်းကတော့ မြေးတွေကို လာထားချင်ရင်ပဲဖြစ်ဖြစ်၊ ပိုက်ဆံချေးချင်ရင်ပဲဖြစ်ဖြစ်၊ ကျွန်မကိုယ်တိုင် စီမံထားတဲ့ ယိုဘူးလေးတွေ လာယူချင်ရင်ပဲဖြစ်ဖြစ်၊ သူတို့အိမ်တွေကို အကြီးအကျယ် သန့်ရှင်းရေးလုပ်ခိုင်းချင်ရင်ပဲဖြစ်ဖြစ် သူတို့တွေ အချိန်ပေးနိုင်ခဲ့ကြတာပဲ။ အဲဒီတုန်းကတော့ ကျွန်မက အိုမင်းမစွမ်း မဟုတ်သေးဘူး၊ အဲဒီတုန်းက ကျွန်မက “တို့ရဲ့ အံ့ဩဖို့ကောင်းတဲ့ အမေကြီး” ပေါ့။
ဒါပေမဲ့ “အမေ... သမီးတို့ ရှိတယ်နော်” ဆိုတဲ့ စကားလေးတစ်ခွန်း ကျွန်မ အလိုအပ်ဆုံးအချိန်မှာတော့ အခန်းထဲမှာ ကျွန်မတစ်ယောက်တည်း ငြိမ်ကျနေခဲ့ရတယ်။
တစ်ခါက ကျွန်မ ပန်းသီးကိတ်လေး တစ်လုံး ဖုတ်ပြီး သမီးကို လာစားဖို့ ဖိတ်ဖူးပါတယ်။ သူကတော့ တောင်ကြီးတစ်လုံးကို ရွှေ့ခိုင်းလိုက်သလိုမျိုး ဖုန်းထဲကနေ သက်ပြင်းချလိုက်ပြီး...
“အမေရယ်... တနင်္ဂနွေတိုင်း အမေ့ဆီ လာဖို့ဆိုတာ မလွယ်ဘူးလေ။ ကလေးတွေမှာလည်း သူတို့ ကိစ္စနဲ့သူတို့ ရှိတာပဲဥစ္စာ” တဲ့။
သူတို့ငိစ္စနဲ့သူတို့... တဲ့။
ကျွန်မ ဖုန်းကို ချလိုက်ပြီး ပန်းသီးကိတ်ကြီးကို အမှိုက်ပုံးထဲ ပစ်ချလိုက်မိတယ်။ ကိတ်မုန့်က မကောင်းလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘာကိုယ် တစ်ယောက်တည်း ထိုင်စားနေရတာက ပိုပြီး ရင်နာဖို့ကောင်းနေလို့ပါ။
လအနည်းငယ် ကြာသွားတယ်။ မီးဖိုချောင်စရိတ်ကို ဘယ်လိုချွေတာရမလဲဆိုတာ ကျွန်မ သင်ယူခဲ့ရတယ်။အပူပေးစက်ကို လျှော့သုံးတယ်၊ လျှပ်စစ်မီး ချွေတာတယ်၊ ပိုက်ဆံကို သေချာထုတ်ပြီး သုံးရတာပေါ့။ ညနေစောင်းရင် ဘော့ပ်ရဲ့ စောင်အဟောင်းလေးကို ခြုံပြီး ငါ မပျံလွှင့်ပါဘူး၊ တစ်ယောက်တည်း မဟုတ်ပါဘူးလို့ ကိုယ့်ဘာကိုယ် လိမ်ညာခဲ့ရတယ်။
အဲဒီအချိန်မှာပဲ ကျွန်မရဲ့ ဝမ်းကွဲညီမ မာရီယာ ဆုံးသွားပါတယ်။ သူက နယ်ဘက်မှာ နေတာပါ၊ သူ့မှာ သားသမီးမရှိတော့ ကျွန်မကို အိမ်လေးတစ်လုံးနဲ့ စုဆောင်းထားတဲ့ ငွေအနည်းငယ် အမွေပေးခဲ့ပါတယ်။
သတင်းကတော့ မြန်လိုက်တာ။ ကျွန်မ သားသမီးတွေ ချက်ချင်း သိသွားကြတာပဲ။
လပေါင်းများစွာ ကျွန်မ မကြားခဲ့ရတဲ့ နွေးထွေးယုယတဲ့ လေသံမျိုးနဲ့ သားက ဖုန်းဆက်လာတယ်။ “ဟေး... အမေ၊ မာရီယာက အမေ့ကို အမွေတွေ ပေးခဲ့တယ်ဆို။
နောက်တစ်နေ့မှာပဲ သမီးက “တို့မိသားစု” အကြောင်းတွေ ပြောလာပြီး ဒီငွေကြေးကိစ္စတွေကို အတူတူ ဆုံးဖြတ်ကြရအောင်လို့ ပြောလာပြန်တယ်။
အတူတူ... တဲ့လား။
ကျွန်မ အလုပ်ပြုတ်ပြီး ထမင်းစားပွဲမှာ ထိုင်ငိုနေတုန်းက တို့တွေ အတူတူ မရှိခဲ့ကြဘူးလေ။ ခရစ္စမတ်အကြိုညမှာ ဖုန်းလာမလားလို့ စောင့်နေတုန်းကလည်း တို့တွေ အတူတူ မရှိခဲ့ပါဘူး။ အိမ်ထဲက တိတ်ဆိတ်မှုကြီးက ရင်ဘတ်ကို ဖိညှစ်ထားသလို ခံစားရလို့ တီဗီရှေ့မှာ ဒီအတိုင်း အိပ်ပျော်သွားခဲ့ရတဲ့ ညတွေမှာလည်း တို့တွေ အတူတူ မရှိခဲ့ကြပါဘူး။
ဒါပေမဲ့ အိမ်ခြံမြေ တစ်ကွက်ဆိုတာ ပေါ်လာတော့မှပဲ ကျွန်မရဲ့ မိသားစုဟာ ကျွန်မအိမ်ဆီ လာရမယ့် လမ်းကြောင်းကို ရုတ်တရက်ကြီး မှတ်မိသွားကြတော့တာပဲ။
သူတို့တွေ ကိတ်မုန့်တွေ၊ ပန်းစည်းတွေနဲ့ အိမ်ကို ရောက်လာကြတယ်။ ကျွန်မကို ဖက်လဲတကင်း လုပ်ကြတယ်၊ အစားကောင်းကောင်း စားရဲ့လားလို့ မေးကြတယ်၊ ကိုယ်အလေးချိန် ကျသွားသလိုပဲလို့လည်း မှတ်ချက်ပေးကြတယ်။ အဲဒီနောက်မှာတော့ စကားက ဖြည်းဖြည်းချင်း အမွေစာချုပ်ကိစ္စတွေ၊ ပိုင်ဆိုင်မှုလွှဲပြောင်းတာတွေ၊ ရောင်းထုတ်ဖို့နဲ့ ငှားစားရင် ရနိုင်မယ့် အကျိုးအမြတ်တွေဆီကို ဦးတည်သွားပါတော့တယ်။
ကျွန်မ ဘာလုပ်ချင်သလဲဆိုတာကိုတော့ တစ်ယောက်မှ မမေးကြဘူး။
အဲဒီညနေမှာပဲ လမ်းကြားထဲမှာ သားက သမီးကို တိုးတိုးလေး ပြောနေတာကို ကျွန်မ ကြားလိုက်ရတယ်။ “အမေ စိတ်မပြောင်းခင် စာရွက်စာတမ်းကိစ္စတွေကို မြန်မြန်လုပ်ရမယ်” တဲ့။
သမီးကလည်း “ဒါက သူ့စိတ်ကူးနဲ့သူ လုပ်တာပါလို့ ထင်အောင်တော့ ဖန်တီးရမှာပေါ့” လို့ ပြန်ပြောပါတယ်။
အဲဒီအချိန်မှာပဲ ကျွန်မ ရင်ထဲမှာ တစ်ခုခု ကျိုးပဲ့သွားတာမျိုး မဟုတ်ဘဲ၊ ပြောင်းပြန်ပဲ... နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်မရဲ့ ကျောရိုးဟာ တည့်မတ်သွားခဲ့ပါတယ်။
####
ကျွန်မ ပိုင်ဆိုင်မှု တစ်ခုကိုမှ သူတို့နာမည် လွှဲမပေးခဲ့ပါဘူး။ စုဆောင်းထားတဲ့ ငွေအတော်များများကိုတော့ ကျွန်မရဲ့ ဘော့ပ် နောက်ဆုံးအချိန်အထိ ဂုဏ်သိက္ခာရှိရှိ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ လူအိုရုံကို လှူဒါန်းလိုက်ပါတယ်။ အိမ်လေးကိုတော့ ကျွန်မအတွက်ပဲ ထားလိုက်တယ်။ ခြံထဲမှာ ပူဒီနာနဲ့ လာဗင်ဒါပင်တွေ စိုက်တယ်၊ ဝရန်တာမှာ ကုလားထိုင်အဟောင်းလေး တစ်လုံး ချထားလိုက်တယ်။ ဒီဘဝတစ်လျှောက်လုံးမှာ ပထမဆုံးအကြိမ်အဖြစ် တခြားသူတွေအတွက် မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ် ရှင်သန်ဖို့ ခွင့်ပြုလိုက်တာပါ။
သားသမီးတွေကတော့ အကြီးအကျယ် ဒေါသထွက်ကြတာပေါ့။ ကျွန်မက သူတို့ကို အပြစ်ပေးနေတာလို့ စွပ်စွဲကြတယ်။ “ကျွန်တော်တို့က အမေ့ရဲ့ သားအရင်း သမီးအရင်းတွေလေ” ဆိုတဲ့ စကားကို ကျွန်မမျက်နှာရှေ့မှာ ဆိုကြတယ်၊ ကိုယ့်သားသမီးထက် သူစိမ်းတွေကို ပိုပေးရသလားဆိုပြီး ပြောကြတယ်။
ကျွန်မ သူတို့ကို ကြည့်ပြီး အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်ပါတယ်။
“ငါ့မှာ ဘာမှမရှိခဲ့တဲ့ အချိန်တုန်းကလည်း ငါက နင်တို့ရဲ့ အမေပါပဲ”
ဒီနေ့မှာတော့ သူတို့တွေ ဖုန်းဆက်တာ ကျဲသွားပါပြီ။ သူတို့ရဲ့ လေသံတွေက အေးစိမ့်နေပြီး သူစိမ်းတွေလိုပါပဲ။ ကျွန်မကပဲ သူတို့ကို သစ္စာဖောက်လိုက်သလိုမျိုး ဆက်ဆံကြတယ်။
ဒါပေမဲ့ အမှန်တရားကတော့ ရိုးရှင်းလှပါတယ်။ကျွန်မရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်နေတာကို ကျွန်မ ရပ်တန့်လိုက်တာပါပဲ။
ကျွန်မကို ရိုးရိုးသားသားပဲ ပြောပြစမ်းပါ။ အမေတစ်ယောက်ဟာ သူ့ဆီကနေ တစ်ခုခု လိုချင်မှသာ သတိရတတ်တဲ့ သားသမီးတွေအတွက် သူ့မှာ ရှိသမျှ အရာအားလုံးကို ပေးဆပ်ဖို့ တကယ်ပဲ တာဝန်ရှိလို့လား။
#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်