ပေတိုး

 ပေတိုး

-----------

ရွာတွင် “ဖိုးဗျော့” ထမင်းဆိုင်ဆိုလျှင် တစ်နယ်လုံး မသိသူမရှိ။ လှေဆိပ်တွင် ဖွင့်ထားသည့်ဆိုင်ဖြစ်သော ကြောင့်လည်း ရေရွှင်လျှင် ဖိုးဗျော့ဆိုင်ငွေပိုဝင်သည်။ ဆိုလိုသည်မှာ တစ်နွေလုံး ချောင်းရေနည်းသောကြောင့် သစ်ဝါးများမဆင်းချိန်တွင် ဖိုးဗျော့ဆိုင်မှာ ညနေခင်းမှသာ ရွာထဲကလူလောက်ရှိသည်။ မိုးကျ၍ ချောင်းရေဆင်း လာပြီဆိုလျှင် သစ်ကုန်သည်၊ ဝါးကုန်သည်၊ သစ်ခုတ်၊ ဝါးခုတ်သမားတွေ စုဝေးရာနေရာဖြစ်သောကြောင့် ချောင်းထဲရေလှိုင်လှိုင်ရွှင်မှ ဖိုးဗျော့လည်း ငွေရွှင်တော့သည်။


ဖိုးဗျော့ဆိုင်တွင် ပုံမှန်လာနေကျ ဖောက်သည်တစ်ယောက်ရှိသည်။ မည်သူတွေရောက်လာသည် မလာသည် ဖြစ်စေ သူကတော့ ပုံမှန်ရောက်လာတတ်သည်။ သူ့အမည်က ပေတိုးဖြစ်သည်။ ပေတိုးသည် ပုံမှန်စိတ်တော့ မဟုတ်။ သူ့ကို ရူးနေသည်လည်း ပြောရခက်သည်။ သူသည် ပြောချင်ရာပြောတတ်သည်။ ကျွေးလျှင်စားသည်၊ ပေးလျှင်ယူသည်၊ တိုက်လျှင်သောက်သည်။ အလွန်အေးချမ်းစွာ နေတတ်သောကြောင့်လည်း လူတွေက သူ့ကို ချစ်ကြသည်။


ပေတိုးသည် မိုးလင်းသည်နှင့် ဖိုးဗျော့ဆိုင်ကို ရောက်လာသည်။ ဆိုင်က အမှိုက်တွေကို သွန်ခိုင်းလျှင် သောင်ပြင်ကို ယူသွားပြီး မီးရှို့ပေးတတ်သည်။ ဆိုင်ပတ်လည်တွင် အပင်တွေကကြွေကျသည့် သစ်ရွက်ခြောက် တွေကို ရှင်းလင်းပေးသည်။ သောက်ရေအိုးတွေကို ရေဖြည့်ပေးသည်။ သူ့အလုပ်ပြီးလျှင် ဆိုင်ထောင့် တစ်နေရာတွင် ထိုင်နေတတ်သည်။ ဆိုင်ရှင်က ထမင်းတစ်ပန်းကန်လာပေးလျှင် စားပြီး၊ ပန်းကန်ကို ပြန်ဆေးကာ နေရာတကျသွားထားပေးတတ်သည်။


ဆိုင်ထဲတွင် လူကျလာလျှင် ပေတိုးသည် စားပွဲဝိုင်းထိုးပေးသည်။ စားပြီးသောက်ပြီး ပန်ကန်ခွက်တွေကို သိမ်းပေးသည်။ စားပွဲတွေကို ရှင်းလင်းပေးသည်။ ဆိုင်ပိတ်လျှင် ပေတိုးပြန်သည်။ သူညအိပ်ရာနေရာမှာ ဘုန်းကြီးကျောင်း ဇရပ်ဖြစ်သည်။


ပေတိုးကို လူတွေက ဝိုင်းစကြသည်။ သူ့ကို စလို့ အကောင်းဆုံးမှာ ပိုက်ဆံနှင့်ဖြစ်သည်။


“ပေတိုးရေ လာပါဦးကွာ”


အရက်ဝိုင်းတစ်ခုမှ လူတစ်စုက ပေတိုးကိုခေါ်လိုက်သည်။ ပေတိုးက ထိုဝိုင်းကိုသွားပြီး မတ်တတ်ရပ်နေသည်။ လူတစ်ယောက်က သူ့အိတ်ထဲမှ တစ်မတ်စေ့တစ်စေ့နှင့် ကျပ်တန်တစ်ရွက်ကို ထုတ်လိုက်ပြီး စားပွဲပေါ် တင်လိုက်သည်။


“ပေတိုး … ဟောဒီနှစ်ခုထဲက တစ်ခုကိုယူ”


ပေတိုးသည် ထိုသူချထားပေးသည့် တစ်မတ်စေ့နှင့် ကျပ်တန်တစ်ရွက်ထဲမှ မတ်စေ့ကိုသာကောက်ယူ လိုက်လိမ့်မည်။ ယင်းသည် ပေတိုးကို လူတိုင်းက ဝိုင်းပြီး နောက်ပြောင်စရာဖြစ်သည်။


မတ်စေ့နှင့် တစ်ကျပ် တန်ဖိုးနှစ်ခုတွင် ပေတိုးသည် မတ်စေ့ကိုသာ နားလည်ပြီး တစ်ကျပ်ကို နားမလည်သည့် သဘောဖြစ်သည်။ ထို့ကြောင့်လည်း သူ့ကို အရူးဟု ခေါ်ကြခြင်း ဖြစ်သည်။ ဘာပြောပြောပေတိုးကတော့ မတ်စေ့လေး တစ်စေ့ရလျှင် အရက်ဆိုင်ရှင် စားပွဲကိုသွားပြီး တစ်မတ်ပေးလိုက်သည်။ ဆိုင်ရှင်က တောအရက် ပုလင်းထဲက တစ်ပက်ခန့်ကို ဖန်ခွက်ထဲငှဲ့ ပေးလိုက်သည်။ ပေတိုးက ထိုအရက်ကို ချက်ချင်းမော့ချလိုက်လိမ့် မည်။


ငွေရွှင်နေသော သစ်ကုန်သည် ဝါးကုန်သည်တွေက ဖိုးဗျော့ဆိုင်ရောက်လျှင် ပေတိုးကို တစ်မတ်နှင့် တစ်ကျပ် ပြပြီး ရွေးခိုင်းသည်မှာ ထုံးစံလိုဖြစ်နေသည်။ ဘယ်လောက်ချပေးပေး ပေတိုးကတော့ တစ်မတ်ပဲယူသည်။ အရက်တစ်ပက်သွားသောက်သည်။ ဆိုင်ထောင့်တွင် ငြိမ်ငြိမ်လေးသွားထိုင်နေတတ်သည်။


ဖိုးဗျော့ဆိုင်သည် ထမင်း၊ အရက်၊ လက်ဖက်ရည် အစုံရသည့်ဆိုင်ဖြစ်သည်။ ကျွန်တော်က လက်ဖက်ရည် သမားဖြစ်ရာ မနက်ခင်းဆိုလျှင် ထိုဆိုင်ကိုလာပြီး လက်ဖက်ရည်သောက်လေ့ရှိသည်။ ထိုအချိန်က အရက်သမားတွေမလာသေး။ သို့သော် ပေတိုးကတော့ ရောက်နေပြီ။


ကျွန်တော်က တစ်နေ့တွင် ပေတိုးကို ခေါ်လိုက်သည်။


“ပေတိုး”


ပေတိုးက ကျွန်တော့်စားပွဲကို လာသည်။ ကျွန်တော်က လစာထုတ်ပြီးစဖြစ်သောကြောင့် ငွေရွှင်သည်နှင့် အိတ်ထဲက ပိုက်ဆံ ကျပ်တန်တစ်ရွက်ကို ထုတ်လိုက်ပြီး


“ရော့” ဟုဆိုကာ ပေတိုးကိုပေးလိုက်သည်။


ပေတိုးက ကျွန်တော့်ပိုက်ဆံကို လက်မခံပါ။ လက်ကို နောက်ပစ်ပြီး ကျွန်တော့်ကို ပြုံးကြည့်နေသည်။


“ယူလေကွာ … စားချင်တာဝယ်စား” ဟု ပြောလိုက်သည်။ သူက


“တစ်မတ်ပဲပေးပါဆရာ” ဟုပြောသည်။


“တစ်ကျပ်က တစ်မတ်လေးခုနဲ့ ညီတယ်ကွ။ ဒီတစ်ကျပ်နဲ့ဆိုရင် တစ်မတ်တန် လေးခုဝယ်လို့ရတယ်”


“တစ်မတ်ပဲပေးပါဆရာ”


“ခက်တော့တာပဲ။ ငါ့ဆီမှာ တစ်မတ်စေ့မရှိဘူးကွ။ ဒါကြောင့် တစ်ကျပ်ပေးတာ။ တစ်ကျပ်ပဲယူ”


“တစ်မတ်ပဲ ပေးပါဆရာ”


ပေတိုးကတော့ ခက်နေပြီ။ တစ်ကျပ်တန်ကို ဘယ်လိုမှ ပေး၍မယူဖြစ်နေသည်။ ကျွန်တော်က


“ပေတိုး ငါပြောမယ် … မင်းကို လူတွေက အရူးလုပ်နေတာ။ တစ်ကျပ်နဲ့ တစ်မတ်ကို ချပေးပြီး မင်းက တစ်မတ်ပဲ ယူတာကို ဟာသလုပ်နေကြတာ။ တစ်ကျပ်က တစ်မတ်ထက် ပိုပြီး တန်ဖိုးရှိတယ်ကွ”


ပေတိုးက ကျွန်တော့်အနား ကပ်လာပြီး


“ကျွန်တော် သိပါတယ်ဆရာ”


“သိရင် ဘာဖြစ်လို့ တစ်ကျပ်နဲ့ တစ်မတ်ချပေးရင် မင်းက တစ်မတ်ပဲကောက်တာလဲ”


ပေတိုးက ဟိုဟိုသည်သည် ကြည့်လိုက်ပြီးမှ


“ကျွန်တော် တစ်ကျပ်ကို ကောက်လိုက်ရင် လူတွေက ကျွန်တော့်ကို နောက်ဘယ်မှာ ရွေးချယ်ခွင့် ပေးတော့မှာလဲ ဆရာရယ်။ ဒါကြောင့် တစ်မတ်ပဲရွေးချယ်လိုက်တာဟာ ကျွန်တော့်အတွက် ရေရှည်အကျိုးပါ။ ဆရာလည်း ကျွန်တော့်ကို တစ်မတ်ပဲပေးပါနော်”


ကျွန်တော်သူ့ကိုကြည့်ပြီး ရယ်ချင်နေမိသည်။


ပေတိုးတကယ်တော့ မရူးပါ။ ရူးချင်ယောင်ဆောင်နေခြင်းသာဖြစ်သည်။ သူကထိုသို့ ရူးပြနိုင်မှ မူးနိုင်မည်ဖြစ် သည်။


ကျွန်တော့်မှာလည်း ထိုအချိန်က တစ်မတ်မရှိသဖြင့်


“ကိုဖိုးဗျော့ရေ”


“ဗျာဆရာ”


“ပေတိုးကို တစ်မတ်ဖိုးလုပ်ပေးလိုက်ပါဗျာ။ ကျွန်တော်ပေးပါ့မယ်”


ပေတိုးက ဆိုင်ရှင်စားပွဲရှေ့ သွားရပ်သည်။ ဆိုင်ရှင်က ဖန်ခွက်ထဲ အရက်ထည့်ပေးသည်။ ပေတိုးက တစ်ချက်တည်း မော့လိုက်သည်။


တင်ညွန့်


၂၀.၄.၂၀၂၆

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

မယားပါသမီးနှင့် မှားမိသော အမှား

အပျိုဘဝ၏ နောက်ဆုံးည