ရုပ်ရှင်ရုံက ခြောက်တဲ့ တစ္ဆေ

 ရုပ်ရှင်ရုံက ခြောက်တဲ့ တစ္ဆေ


အခန်း ( ၁ )


မနက်နေအလင်းရောင်က အိပ်ခန်း လေတိုးပေါက်ကနေ တစ်ဆင့် ဖြာကျလို့နေပြီ။ အိပ်ရာနံဘေး စားပွဲတင်နာရီလေးက မနက် ရှစ်နာရီ ထိုးပြီဖြစ်ကြောင်း တစ်တီတီမြည်ကာ အချက်ပေးလို့။ ညက အိပ်ရေးပျက်ထားတဲ့ ဒဏ်ကြောင့် ထင်ပါရဲ့ ။ ခေါင်းထဲက ခပ်နောက်နောက်ဖြစ်နေ၏။ ရာသီဥတု၏ အအေးဒဏ်ကြောင့်လည်း စောင်ထဲကနေ ချက်ချင်းရုန်းထွက် ဖို့ရန်က မဖြစ်နိုင်။ ထို့ကြောင့် ညာဖက်လက်ကိုသာ အသာဆန့်ထုတ်လိုက်ရင်း အသံမြည်နေသော စားပွဲတင်နာရီလေး၏ ခလုတ်တစ်ခုကို နှိပ်ကာ ရပ်တန့်စေလိုက်သည်။ ပြင်ဦးလွင် မြို့၏ အအေးဓာတ်ကလည်း မခေလှပါလား။


အတန်ကြာအောင် စောင်ပုံထဲ ခွေပြီးနောက်မှာတော့ လူလည်း အနည်းငယ်အားပြည့်လာပြီထင်သည်။ ရှိသမျှအားအင်များဖြင့် ခန္ဓာကိုယ်ကို ဖိသိပ်ထားသော အနွေးစောင်များကို တွန်းဖယ်ကာ ကုတင်အောက်က အသင့်စောင့်နေသော အနွေးဖိနပ်ထဲ သို့ ခြေနှစ်ဖက်ကို ထိုးသွင်း လိုက်တော့၏။ ပြီးနောက်ရေချိုးခန်းထဲ၀င်ကာ နေ့စဉ် ဓူ၀ မျက်နှာသစ်သွားတိုက်ခြင်းဆိုသော လုပ်ငန်းများကို စတင်လုပ်ဆောင်ရပါတော့သည်။


ကိုယ်လက်မျက်နှာ သန့်စင်ပြီးချိန်မှာတော့ ညအိပ်၀တ်စုံများကို ချွတ်ကာ အနည်းငယ်ခန့်လောက်သာ သားနားသော အ၀တ်အစားများကို ၀တ်ဆင်လိုက်ပြီး မနက်စာစားရန် အတွက် မီးဖိုဆောင် ကို ခရီးဆက်ခဲ့လိုက်ပြန်သည်။ ဒီနေ့က တနင်္ဂနွေနေ့လေ ။ 


"ဟော ... သားတောင် နိုးလာပြီပဲ ... အမေ ထမင်းကြော်ထားတယ် ... "


"အမေ ကော စားပြီးပြီလား ... "


"ပြီးပြီ ...."


လို့သာပြောရင်း စားပြီးသောက်ပြီးသား ပန်းကန် အချို့ကို အမေက ဘေဇင်မှာ ဆေးနေသည်။


"အဖေ နဲ့ အငယ်ကောင်ရော ... အလုပ်သွားပြီလား "


"သွားပြီလေ ... စောစောလေးကပဲ စားပြီး ထွက်သွားကြတာ "


ပြီးနောက်မှာတော့ ဘာမှဆက်မပြောဖြစ်ဘဲ ထမင်းကြော်ကိုသာ ငုံ့စားနေလိုက်တော့သည်။ နှစ်ဇွန်း ခန့်စားပြီး ချိန်မှာတော့ နံဘေးတွင် ထားထားသည့် ဖုန်းကလေး ထံမှ Ringtone သံလေး မြည်လာ၏။ ဖုန်း Screen ပေါ်တွင် မြင်နေရသည့် နာမည်က အောင်ဇေ ။ 


စားလက်စ ဇွန်းကို ပန်းကန်ထဲတွင် နစ်လိုက်ပြီး ဖုန်းကို လက်ခံဖြေကြားလိုက်သည်။


"ဟဲလို ... အောင်ဇေ ပြော"


"အေး ... ဝေယံ ... ငါအခုပြင်ဦးလွင် ပြန်ရောက်နေပြီ ... မင်းနဲ့ငါ အရေးကြီးပြောစရာရှိလို့ ... အားရင် ကိုဖက်တီး လက်ဖက်ရည်ဆိုင်ကို လာခဲ့ပါလား ... ငါအဲ့က စောင့်နေမယ် "


အောင်ဇေ ထံက ထိုသို့ပြောလာ၏။


"ဟ ... မင်းဘယ်နေ့က ပြန်ရောက်တာလဲ ... ငါက မင်းရန်ကုန်မှာ ထင်နေတာ "


"ဟုတ်တယ် ... မနေ့ကဘဲ ပြန်ရောက်တာ ... မင်းအားတယ် မို့လား "


"အေး ... အားပါတယ် "


"ဒါဖြင့်လာခဲ့ကွာ ... ငါလည်းမင်းကို တွေ့ချင်နေတာ ... ရောက်လာမှ အေးဆေးပြောစရာရှိတာ ပြောကြတာပေါ့ "


"အေးအေး ... ငါအခုထွက်ခဲ့လိုက်မယ် "


လို့ပြောပြီး ဖုန်းချလိုက်တော့ အမေက ကြည့်နေသည်။


"အောင်ဇေ ... ပြန်ရောက်နေတာလား သား ..."


"ဟုတ်တယ် အမေ ... မနေ့ကဘဲ ပြန်ရောက်တာတဲ့ ... အခု ကိုဖက်တီးဆိုင်မှာ စောင့်နေတယ်... သားသွားလိုက်အုံးမယ် "


"ထမင်းတွေကုန်အောင် စားသွားအုံးလေ "


အမေက လှမ်းပြောပေမယ့် ဆက်မစားဖြစ်တော့။


"တော်ပြီအမေ ... ဟိုရောက်မှဘဲ တခုခုအဆာပြေ ထပ်စားလိုက်မယ် "


ပြောပြီး ထထွက်ခဲ့လိုက်တော့သည်။ အိမ်နှင့် လက်ဖက်ရည်ဆိုင်က သိပ်မဝေးသော်လည်း လမ်းလျှောက်ရမှာ ပျင်းသည်မို့ အိမ်အောက်ထပ်က ဆိုင်ကယ်ကို ထုတ်ကာ အောင်ဇေ ဆီ ခရီးဆက်လိုက်ပါတော့၏။


                      +++++++++


မနက် ရှစ်နာရီ ခွဲကျော်နေသည့်တိုင် ကိုဖက်တီး လက်ဖက်ရည်ဆိုင်ကား လူတွေစည်ကားတုန်း။ လက်ဖက်ရည်မှာသောက်သူကသောက် မုန့်များ ပါဆယ် ဆွဲသူက ဆွဲ နှင့် တီးဆရာ ကိုဖက်တီး နားရသည်မရှိ။ ဆိုင်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်တော့ အတွင်း တောင့်ကျကျ ဝိုင်းမှာ တစ်ယောက်တည်း ထိုင်နေသည့် လူငယ်တစ်ယောက်က လက်လှမ်းပြလေသည်။ 


"ဟေ့ ... ဝေယံ ငါဒီမှာ "


ဟုတ်ပေသည်။ ထိုလူငယ်ကား အောင်ဇေ ဖြစ်၏။ အပေါ်ထပ် အနွေးကုတ်ကို ၀တ်ဆင်ထားကာ ဂျင်းဘောင်းဘီ အောက်ရှူး ခပ်ပွပွ ကို ၀တ်ဆင်ထားပြန်၏။ထို့ကြောင့် ဆိုင်ကယ်ဒေါက်ကိုထောက်ခဲ့ကာ သူခေါ်ရာ လက်ဖက်ရည်ဝိုင်းဆီသို့ လာခဲ့လိုက်သည်။


"လာလာ ... မင်းကို စောင့်နေတာ ... ဘာသောက်မလဲ "


"ထုံးစံ အတိုင်းပေါ့ ပေါ့ပေါ့ဆိမ့်ဆိမ့်လေး တစ်ခွက်ဆို အဆင်ပြေတယ် "


အောင်ဇေက စီးကရက်လည်း အသင့်မှာထားသည်မို့ ထိုထဲမှ တစ်လိပ်ကို အရင်မီးညှိသောက်လိုက်ပြီး


"မင်းကနော် ... ရောက်နေတာတောင် ငါ့ကို ချက်ချင်း အကြောင်းမကြားဘူး "


"အဲ့လိုမဟုတ်ပါဘူး သူငယ်ချင်းရာ ... ငါလည်း ငါ့အပူနဲ့ ငါ ချက်ချင်းပြန်လာရတာကိုး "


အောင်ဇေ့ စကားက အနည်းငယ် ထူးဆန်းနေ၏။


"ဘယ်လိုမျိုးတုန်းကွ "


"ငါပြောပြရင် မင်းစိတ်၀င်စားမှာ သေချာတယ် ... မင်းက ဒီလို ပ‌ရ လောက အကြောင်းတွေ သဘာ၀လွန် အဖြစ်အပျက်တွေကို ငါ့ထက်ပို သိ ပိုနားလည်တယ် မို့လား ... နောက်ပြီး မင်းက စာတိုပေစ တွေလည်း ရေးနေတာဆိုတော့ အနည်းဆုံး ကုန်ကြမ်း တစ်ပုဒ်ရတာပေါ့ကွာ"


ကျွန်တော် တို့ စကားပြောနေတုန်းမှာပင် စားပွဲထိုးကောင်ကလေးက ပေါ့ဆိမ့်တစ်ခွက်လာချပေးလေ၏။


"ဟာ ... ကိုကြီး အလုပ်မသွားဘူးလား "


"ဒီနေ့ နားတယ် ကောင်လေးရ ... "


ထိုကောင်လေးလည်း အခြားဝိုင်းမှ ကာစတန်မာ က လှမ်းခေါ်သည်မို့ စကားဆက်မပြောနိုင်တော့ဘဲ ထွက်သွားတော့သည်။ ထိုအခါ အောင်ဇေက သူ့ဖုန်းကို ထုတ်ပြီး 


"ငါမင်းကိုပြစရာရှိတယ် ..."


ဟုဆိုကာ ကျွန်တော့် အား Vedio file တစ်ခုကို ဖွင့်ပြလေ၏။ Vedio File ဆိုသည်ထက် CCTV Record လေးတစ်ခုဆို ပိုမှန်လိမ့်မည်။ ကျွန်တော် လည်းသူပြသည့် CCTV Record လေးကို ကြည့်ရင်း အောက်ပါ အတိုင်းဇာတ်လမ်း လေးတစ်ပုဒ် ဖြစ်လာရပါတော့၏။


                     +++++++++


ကျွန်တော် နှင့် အောင်ဇေ ကား အလယ်တန်း ကျောင်းနေအရွယ်တည်းက ပေါင်းသင်းခဲ့ကြသည့် သူငယ်ချင်းများဖြစ်သည်။ အထက်တန်းရောက်တော့ ညအိပ် ညနေ တစ်ဆောင် တည်း နေကာ ဆယ်တန်းကို အတူတကွ အောင်မြင်ခဲ့ကြသည်။ ဆယ်တန်းပြီးတော့လည်း ကျွန်တော် တို့ တစ်တွေ အမြဲလိုလို တွဲဖြစ်ကြ၏။ တက္ကသိုလ် တွေစတက်သည့် အချိန်မှ သာ ကျွန်တော် နှင့် အောင်ဇေ သိပ် မတွဲဖြစ်ကြတော့။အဘယ်ကြောင့်ဆိုသော် ကျွန်တော်ကား အလုပ်လုပ်နေရပြီမို့ အဝေးသင် မေဂျာကို ရွေးချယ်ခဲ့ပြီး အောင်ဇေ မှာတော့ Day တက်ကာ ပျော်ပါး အလေလိုက်လို့ ကောင်းနေသောကြောင့်ပင်။ သို့သော် အချို့သော အားလပ်ရက် များတွင် တော့ ကျွန်တော် တို့တွေ အတူဆုံဖြစ်ကြသည်။


ဒီလို နှင့်ပင် တက္ကသိုလ် ဒုတိယနှစ်ပြီးတော့ အောင်ဇေ တစ်ယောက် အိမ်နှင့်ပြဿနာတက်ကာ ဆင်းသွားကြောင်းကိုကျွန်တော် ကြားလိုက်ရ၏။ ဘယ်ကို ထွက်သွားသည်တော့ ကျွန်တော့ အားသူလည်း ပြောမသွားပေ။ ကျွန်တော် အောင်ဇေ့ အိမ်ရောက်ဖြစ်တော့


"ဦးလေး ... အောင်ဇေ ပြန်မလာသေးဘူးလား"


"မလာသေးပါဘူးကွာ ... နေပါစေ ... မင်းသူငယ်ချင်းက ဆယ်တန်းလေးအောင် ... တက္ကသိုလ်လေး တက်ရတော့ ... ပျက်ဆီးချင်နေပြီ ... ဆေးလိပ်ကလေးကလည်းသောက် ... ခုနောက်ပိုင်း ပိုတောင် ဆိုးလာသေး ... တစ်ပတ်ကို ငါးရက်လောက်က ကလပ်တက် ဘားသွား ..

 သောက်စား မူးရူးနေတာ "


အောင်ဇေ့ အဖေ ပြောတော့ ကျွန်တော်ပင် အံ့အားသင့်သွားမိသည်။ အောင်ဇေကား အပျော်အပါးမက်သူ ဖြစ်သော်လည်း ယခုလို သောက်စားတတ်လာသည်ကိုတော့ ကျွန်တော် သိပ်မယုံနိုင် ။ ဆေးလိပ်ဘာညာဆိုသည်ကလည်း အဆောင်နေ အရွယ်တည်းက အကျင့်ပါလာသည်မို့ အဆန်းတော့ မဟုတ်။


"အဆက်အသွယ်ကော ရလား ... ဦးလေး "


"... မရပါဘူးကွာ ... အိမ်မှာ ဆိုးချင်တိုင်း ဆိုးပြီး ... အပြင်ရောက်မှ ထမင်းတစ်လုပ် ဘယ်လောက်ခက်ခဲလဲ သိတဲ့ အချိန် သူပြန်လာလိမ့်မယ် ... ဝေယံကော သူနဲ့ အဆက်အသွယ်မရဘူးလား "


"အခုထိတော့ ဘာမှ မရသေးဘူးဗျ ... သူဆက်သွယ်လာရင် ကျွန်တော် ပြန်ပြောပြ‌မယ်လေ ... ဒါနဲ့ အန်တီကော မတွေ့ပါလား "


"သိတဲ့အတိုင်းပဲ ....မင်းအဒေါ်ကတော့ သူ့သားထွက်သွားတည်းက ... လွမ်းနာကျနေတာ ... ဘယ်နှယ့် ကလေးမှ မဟုတ်တော့တာ ... သူ့ ထမင်းတော့ သူရှာစားတတ်တဲ့ အရွယ်ရောက်နေပါပြီ ... ဟုတ်တယ်မလား"


"ဟုတ်ပါ့ဗျာ ... ဟိုကောင်က မိန်းမတောင် ရနေပြီလား မသိဘူး "


ကျွန်တော် ထိုသို့ပြောလိုက်တော့ ဦးလေးကပင် ရယ်ရယ်မောမောဖြင့်


"အဲ့ကိစ္စတော့ စိတ်ချရတယ် ... ငါ့တူရေ ... မင်းသူငယ်ချင်းက အပျော်အပါးမက်တဲ့ကောင် ... သူ့ဘာသူ တောင် ပျော်လို့ ၀အုံးမာ မဟုတ်ဘူး"


"ဟဟ ... ဟုတ်ပဗျာ ... ဟုတ်ပ ... ဒါနဲ့ ကျွန်တော့ကို ခွင့်ပြုအုံး ... အလုပ်ကိစ္စလေးရှိသေးလို့"


"အေးပါကွာ ...အေးပါ"


သို့ဖြင့် ကျွန်တော်လည်း အောင်ဇေ့ အိမ်သို့ မကြာမကြာ ရောက်ဖြစ်သည်။ အောင်ဇေ ထွက်သွားပြီး ရက်နှစ်ဆယ်လောက် အကြာမှာတော့ ဖုန်းစိမ်း တစ်ခုဖြင့် ကျွန်တော့် အား ဆက်သွယ်လာ၏။ သူ ရန်ကုန်ရောက်နေကြောင်း ကြုံရာကျပန်း အလုပ်များကို အဆင်ပြေသလို လုပ်နေကြောင်း အိမ်ခန်းဌားဖြင့် နေနေရကြောင်း ကို ကျွန်တော်သိလိုက်ရသည်။


ကျွန်တော်က တစ်ဆင့် အောင်ဇေ့ မိဘတွေကို ပြောပြတော့ အောင်ဇေ့ အဖေက သဘောကျသော်လည်း ငယ်ငယ်တည်းက ဂရုတစိုက်မွေးလာသော မိမိသားလေးအလုပ်ကြမ်းတွေ လုပ်နေကြောင်း သိရသည့် အောင်ဇေ့ မိခင်က တစ်မျိုး ပူပြန်တော့သည်။


ဒီလိုနှင့်ပင် ကျွန်တော် နှင့် အောင်ဇေလည်း တစ်ပတ်ကို သုံးရက်လောက်တော့ စကားပြောဖြစ်ကြ၏။ သူကတော့ ပြန်လာဖြစ်အုံးမည် မဟုတ်ကြောင်း အဖေ့ကို စိတ်နာ၍သာ မိုက်တိမိုက်ကန်း တစ်ယောက်တည်း ထွက်လာခဲ့သော်လည်း အိမ်မှာ နေရသည်လောက် အဆင်မပြေ ခက်ခဲပင်ပန်းကြောင်းများကိုလည်း နောင်တသံ ပါပါ ဖြင့် ပြောတတ်သည်။ အဲ့နောက်ပိုင်းတွင်တော့ ကျွန်တော် တို့လည်း အရေးကြီး ကိစ္စမရှိဘဲ သိပ် အဆက်အသွယ် မလုပ်ဖြစ်ကြတော့ပေ။


                      +++++++++


အခန်း ( ၂ )


"ကိုတေဇ ... ခင်များ အလုပ်လုပ်နေတဲ့ ရုပ်ရှင်ရုံမှာကော လူတွေ ဘာတွေ မ လိုဘူးလားဗျ "


အောင်ဇေ က ၎င်း၏ အခန်းဖော် ဖြစ်သူ ကိုတေဇ အား ဤသို့မေးလိုက်၏။


"ဘာလဲ ... အောင်ဇေ ... မင်းအခုအလုပ်က အဆင်မပြေဘူးလား "


"ပြေတာတော့ ... ပြေပါတယ်ဗျာ ... ဒါမယ့် ပရိဘောဂ စက်ရုံဆိုတော့ ... ပန်းလည်းပန်းတယ် ... ကြာရင် ရောဂါတွေ ဘာတွေပါ ရလာအုံးမှာဗျ "


"အေး မင်းပြောတာလဲ ဟုတ်ပါတယ် ... ဒါပေမယ့် ငါတို့ ဆီမှာက လောလောဆယ် တော့ လူမလိုသေးဘူးကွ "


ကိုတေဇ အပြောကြောင့် အောင်‌ဇေလည်း ခေါင်းငိုက်စိုက်ကျသွားသည်။ ကိုတေဇကား ရန်ကုန်မြို့ ရှိ နာမည်ကြီးရုပ်ရှင်ရုံတစ်ရုံတွင် လုံခြုံရေးရာထူးဖြင့် လုပ်ကိုင်နေသူ တစ်ယောက်ဖြစ်၏။ အောင်ဇေမှာတော့ ပန်းရန် လိုက်လိုလိုက် ဒလီဗာရီ ပို့လိုပို့ နှင့် ယခုနောက် ဆုံး ပရိဘောဂ စက်ရုံကနေ ထွက်ခါ အလုပ်အသစ် တစ်ခု ပြောင်းလိုနေပြီ။ကိုတေဇ ဆိုသူနှင့် တိုက်ခန်း တစ်ခန်းတစ်ခန်း တည်းအတူ ဌားနေသော်လည်း တစ်ယောက်နှင့် တစ်ယောက် အလုပ်အကိုင်က မတူကြ။ ခနကြာတော့ ကိုတေဇ က တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့်


"အော် ... ငါအခုမှ သတိရတယ် ... တို့ရုံက လက်မှတ်စစ်ကောင်လေး တစ်ယောက်တော့ ... ဒီလကုန် အလုပ်ထွက်တော့မှာ ... မင်းလိုချင်ရင် သူ့နေရာမှာ အစား၀င်လို့ရလောက် တယ် "


အောင်ဇေ့ မျက်နှာ၀င်းသွားသည်။


"ဟာ ... လုပ်ပါဗျာ ... ကျွန်တော်လည်း ဟိုကလာကတည်းက သန့်သန့်ပြန့်ပြန့်နဲ့ အလုပ်လုပ်ရတယ် ကိုမရှိဘူး "


"အေးပါ ... အဲ့ကောင်လေး ထွက်သွားရင် ... ငါအလုပ်သွင်းပေးပါ့မယ် ... လက်မှတ်စစ်ဆိုပေမယ့် ... ရုံအတွင်း သန့်ရှင်းရေးတွေ Toilet သန့်ရှင်းရေးတွေတော့ ... အလှည့်ကျ လုပ်ရတယ်ကွ ... ဈေးအိမ်သာတွေလို ပေစုတ်စုတ် တော့ ဘယ်ဟုတ်မလဲ "


ကိုတေဇ ပြောလာတော့ အောင်ဇေလည်း 


"၀က်ဖြစ်မှတော့ ချီးကြောက်နေလို့ ဘယ်ရမလဲဗျာ ... အခုအလုပ်ထက်တော့ သာမှာပါ ... လူလွတ်ရင်သာ ကျွန်တော့်ကိုပြော "


"အေးပါကွာ ... ငါသေချာပေါက်ပြောပေးပါ့မယ်"


ဟု အာမခံလိုက်တော့သည်။အမှန်တွင်လည်း ကိုတေဇ တို့ ရုပ်ရှင်ရုံက ကောင်လေး လကုန်တော့ အလုပ်ထွက်သွားချေပြီ။လစ်လပ်သွားသော ထိုအလုပ်သမားနေရာတွင် လူကလည်း အမှန် တကယ်လို‌နေ သည်မဟုတ်ပါလား။


ဤသို့ဖြင့်ပင် အောင်ဇေ တစ်ယောက် ရုပ်ရှင်ရုံကြီးတွင် အလုပ်သစ်၀င်ရန် အကြောင်းဖန်လာခဲ့တော့သည်။ 


                      +++++++++


အောင်ဇေ့ အတွက်တော့ အရင်အလုပ်များနှင့် စာလျှင် ယခု အလုပ်က ပိုမိုသက်သာ၏။ အ၀တ်အစား ခပ်သန့်သန့်လေး၀တ်ကာ ရုပ်ရှင် လာကြည့်သူများအား လက်မှတ်စစ်ရသည်။ထိုင်စရာ နေရာများကို လိုက်လံပြသရသည်။ရုပ်ရှင်ကားပြီးလို့ ဧည့်သည်များပြန်သွားသည့် အချိန်တွင်တော့ အမှိုက်သိမ်း Toilet ဆေးစသဖြင့် အလုပ်များကိုလည်း လုပ်ကိုင်ရလေ၏။ သို့သော် သူမမှုပါ ။ အနည်းဆုံးတော့ ရုပ်ရှင်လာကြည့်သည့် ရန်ကုန်သူ အချောအလှလေး တွေကို ငေးရတာ အဖတ်တင်သည် မဟုတ်လား။ ပထမတစ်ပတ် လောက်‌ထိတော့ အသားမကျသေး။ သို့သော် အလုပ်ကသင်သွားသည်မို့ အောင်ဇေလည်း အတော်ပင် ကျွမ်းကျင်လို့လာခဲ့တော့သည်။


ဒီနေ့ကား ဗုဒ္ဓဟူးနေ့ ။ ကျောင်းများ ရုံးများလည်း ဖွင့်သည့် ကြားရက်တစ်ရက် မို့ ရုပ်ရှင် လာကြည့်သည့် လူက အတော်တော့ ပါးသည်။ ညနေခင်း လေးနာရီခွဲလောက်က စတင်ပြသသော ရုပ်ရှင်ကားမှာ ထုံးစံအတိုင်း ညခုနစ်နာရီလောက်မှသာ ပြီး၏။ ရုပ်ရှင်လာကြည့်ပြီး ပြန်သွားသူများ ကုန်သလောက်ရှိပြီ ဆိုသည့် အချိန်မှာတော့ အောင်ဇေ တစ်ယောက် ၎င်း၏ လုပ်ငန်းများကို စတင်လုပ်ဆောင်ရတော့သည်။ ထိုကိစ္စများပြီးမှသာ သူအိမ်ပြန်ရမည် မဟုတ်ပါလား။ကိုတေဇ ကတော့ အရင်ပြန်နှင့်သွားချေပြီ။ ထို့ကြောင့်အောင်ဇေလည်း ကြမ်းတိုက်တုတ် ကို ယူကာ အနီးအနားကို သန့်ရှင်းရေးလုပ်နေလိုက်တော့သည်။ 


ကြမ်းခင်းများ ပြောင်သွားသည့် အချိန်တွင်တော့ ရုပ်ရှင်ရုံ ၀င်ပေါက် နှင့် မလှမ်းမကမ်းတွင်ရှိသော Toilet များ ကို သူ သန့်ရှင်းရေးလုပ်ရအုံးမည်။ နံရံကပ်နာရီကို လှမ်းကြည့်လိုက်တော့ ည ၇:၄၅ မိနစ်ခန့် ။ ထို့ကြောင့် ခပ်သွက်သွက်ပင် အမျိုးသမီး အိမ်သာကို သန့်ရှင်းရေးလုပ်မည် အပြု မိန်းကလေး တစ်ယောက်က သူ့အရင် ဦးစွာ ၀င်သွားသည်ကို ရိပ်ခနဲ တွေ့လိုက်ရ ၏။ သူလည်း အနီးရှိ စတီးခုံတန်းလျားလေးပေါ်တွင် ခေတ္တထိုင်နားလိုက်ပြီး စောစောက မိန်းကလေး ပြန်ထွက် အလာကို စောင့်နေလိုက်သည်။သို့သော် ဆယ့်ငါးမိနစ်ခန့်ကြာသည့်တိုင် စောစောက ၀င်သွားသော မိန်းကလေးမှာ ထွက်မလာသေး။


ထို့ကြောင့် အောင်ဇေလည်း မထူးပါဘူးဟုတွေးကာ ယောကျာ်းလေး အိမ်သာကိုသာ အရင်သန့်ရှင်းရေးလုပ်လိုက်တော့သည်။ အိမ်သာများကား သန့်ရှင်းပြီးသား ဖြစ်သည်မို့ ထွေထွေထူးထူးလုပ်စရာပင် မလို။ အမျိုးသား အိမ်သာ သန့်ရှင်းပြီး သူထွက်လာတော့ လက်မှတ်ရောင်းကောင်တာထိုင်သည့် အစ်မ တစ်ယောက် အမျိုးသမီး အိမ်သာထဲ ၀င်သွားပြန်၏ ။ ပြန်ထွက်လာတော့


"ဟယ် ... မောင်လေး မပြန်သေးဘူးလား"


"မပြန်သေးပါဘူး မသိင်္ဂီရယ် ... ဒီမှာ အမျိုးသမီး Toilet လေး သန့်ရှင်းရေးလုပ်ဖို့ကျန်သေးတယ် "


"မိုးတောင် ချုပ်နေပြီ ... အစ်မတောင် အခုပဲပြန်တော့မလို့ "


"ကျွန်တော်ကတော့ ဒါပြီးမှပဲပြန်တော့မယ် ... အော် ဒါနဲ့ မသိင်္ဂီ Toilet ထဲ၀င်သွားတော့ ... အထဲမှာ ဘယ်သူကျန်ခဲ့သေးလဲ "


"ဘယ်သူမှ မရှိပါဘူး ... အစ်မ တစ်ယောက်တည်းပဲ ... ဘာဖြစ်လို့လဲ"


မသိင်္ဂီထိုသို့မေးတော့ အောင်ဇေက ခေါင်းခါပြရင်း


"ဘာမှ မဟုတ်ပါဘူး ... ဒီတိုင်းမေးကြည့်တာပါ ... ကဲဗျာ ကျွန်တော် သန့်ရှင်းရေးဆက်လုပ်လိုက်အုံးမယ် "


"အေအေ ... ဒါဆို အစ်မလည်း ပြန်တော့မယ်နော်"


"ဟုတ်ကဲ့"


မသိင်္ဂီလည်း သူ့အား နှုတ်ဆက်ကာပြန်သွားချေပြီ။ အောင်ဇေ့ စိတ်ထဲတွင်တော့ သိပ်ဘ၀င်မကျ။ ရိပ်ခနဲ ၀င်သွားသော မိန်းကလေး တစ်ယောက်ကို သူကောင်းကောင်းတွေ့လိုက်သည်။ သူစတီးခုံတန်းလျားပေါ်တွင်လည်း မိနစ်အတော်အတန်ကြာအောင်ပင် ထိုင်စောင့်ခဲ့သေးသည် မဟုတ်ပါလား။ သို့မဟုတ် သူ အမျိုးသား အိမ်သာ ထဲ၀င်သွားချိန်က ထွက်သွားလေသလား သို့လောသို့လော ဖြစ်နေတော့၏။အချိန်လည်း နောက်ကျနေပြီမို့ ငါအမှတ်မှားတာပဲ နေမှာပါ ဟု ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း အမျိုးသမီး အိမ်သာ သန့်ရှင်းရေးကို စတင်လိုက်တော့သည်။ မသိင်္ဂီပြောသွားသလိုပင် အိမ်သာအခန်း၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေ။ သန့်ရှင်းရေးသာ လုပ်နေသော်လည်း အောင်ဇေ့ စိတ်က စောစောက အဖြစ်ကို သိပ်အစာမကြေနိုင်သေး။ ဆယ်မိနစ်ခန့် သန့်ရှင်းပြီးနောက် သူပြန်ထွက်ခဲ့လိုက်သည် ။ ထူးဆန်းမှု အချို့က သူ့အားဆီးကြိုလို့ နေချေပြီ။ သူထွက်လာတော့ အမျိုးသမီး အိမ်သာ ၀င်ပေါက် ကြမ်းခင်းတစ်လျှောက်က ခြေရာများကို စတင်တွေ့လိုက်ရပါတော့ ၏။


"ဟာ ... ခြေရာတွေပါလား "


အောင်ဇေ အံ့ဩသွားသည်။ ဘယ်ကခြေရာ တွေပါလိမ့်ဟု စိတ်ထဲကတွေးရင်း သေချာစိုက်ကြည့်နေမိ၏။ ခြေရာများမှာ ဖိနပ်ဖြင့်မဟုတ်ဘဲ ခြေဗလာ ခြေဗြောင် ‌ဖြင့် လျှောက်လှမ်းထားခြင်းဖြစ်သည် ။ဖိနပ် အရာ ဆိုပါက မသိင်္ဂီလား အခြားဧည့်သည် တစ်ယောက်ယောက်လား သေချာမည် ဖြစ်သော်လည်း ယခုမှာတော့ အဲ့လိုမဟုတ်။ စောစောက ပြောင် လက်နေအောင် တိုက်ထားသော ကြမ်းခင်းပေါ်တွင် ၎င်း ခြေရာများက အထင်းသားပေါ်လို့‌နေသည် ။ အောင်ဇေလည်း ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းမသိသော ၎င်း ခြေရာ များကို တောက်လျှောက်လိုက်ကြည့်လိုက်တော့ ခြေရာများက ရုပ်ရှင်ပြခန်း ၀င်ပေါက်တွင် ရပ်တန့်သွား၏ ။ ထိုအချိန်မှာပင် အခန်းအတွင်းမှ မိန်းကလေး တစ်ယောက်၏ သည်းသံ သဲ့သဲ့ကို သူရုတ်တရက်ကြားလိုက်ရ‌တော့သည်။ 


ထို့အသံကြောင့် အောင်ဇေလည်း အလုပ်အတွက် ပေးထားသော အိပ်ဆောင် ဓာတ်မီးလေးကို ထုတ်ကာ ရုပ်ရှင်ရုံ အခန်းကြီးထဲ ၀င်ကြည့်ရန် ဆုံးဖြတ်လိုက်တော့၏ ။ သူ ရုံ၀င်ပေါက် တံခါးကို အသာတွန်းဖွင့်လိုက်တော့ ဦးစွာ အထဲမှ အေးစက်စက် အငွေ့အသက် အချို့ကို စတင်ခံစားလိုက်ရ၏။ ရုပ်ရှင်ပြသည့် အခန်းတစ်ခုလုံးက မီးပိတ်ထားပြီမို့ မှောင်မိုက်လို့နေချေပြီ။ အရှေ့တည့်တည့်တွင်ရှိသော ပိတ်ကား ဖြူ ကြီးကလည်း ငြိမ်သက်လို့။အောင်ဇေ တစ်ယောက် စိတ်ရှည်စွာပင် တစ်ခုံပြီး တစ်ခုံ /တစ်တန်းပြီး တစ်တန်း စောစောက ခြေရာပိုင်ရှင်ကို တွေ့လိုတွေ့ငြား လိုက်ရှာနေမိ၏။ သူ၀င်လာတော့ စောစောက ရှိုက်သံလိုလို ညည်းသံလိုလိုက ပျောက်သွားချေပြီ။ အတန်ကြာသည် အထိ နှံ့နှံ့စပ်စပ် လိုက်ရှာသည့်တိုင် တစ်စုံတစ်ယောက်ကိုမှ အောင်ဇေ မတွေ့ရ။


နောက်ဆုံး သူလည်း စိတ်ပျက်လက်ပျက်ဖြင့် ဓာတ်မီးကို ချောက်ကနဲ ပိတ်လိုက်ပြီး တောင့်ဆုံးခုံတစ်ခုံပေါ်တွင် ခြေပစ်လက်ပစ်ထိုင် ချလိုက်‌ေတာ့သည်။ အခန်းကား ချက်ချင်းပင် ပိန်းပိတ်အောင် မှောင်သွားလေပြီ ။


"ဟာ ... ဖွီး ... ဝေါ့ "


သူထိုင်လိုက်တုန်းရှိသေးသည် ။ ညှီစို့စို့ ပုပ်အက်အက် အနံ့ကြီးက ချက်ချင်းဆိုသလို သူ့နှာခေါင်းထဲ ဒိုင်းကနဲ ၀င်လာတော့သည်။ အနံ့ကား ပျောက်မသွားသည့် အပြင် တစ်ဖြည်းဖြည်း ပိုပို ပုပ်ဟောင်လာ၏။ ထို့ကြောင့် သူထိုင်နေရာမှ ချက်ချင်းထလိုက်တော့ သူ့ပုခုံးပေါ်သို့ ရေစက် တွေ တတောက်တောက်ကျလာ‌လေသည်။ အောင်ဇေ လည်းအလျင်အမြန်ပင် ဓာတ်မီးဖြင့် ရေများ ယိုစိမ့် နေသော အပေါ်ဖက်ဆီကို ထိုးကြည့်လိုက်တော့


"ဟာ ... အမလေးဗျ "


ဓာတ်မီး အလင်းရောင်ဖြင့် အထင်းသား မြင်လိုက်ရသည့် အရာကြောင့် အားအင်တွေ ချက်ချင်း ယုတ်လျော့သွားသလိုခံစားလိုက်ရသည်။ ထိုအရာကား အပေါ်ထပ် ဈေးကြီးအတန်းကနေ သူအား ဇောက်ထိုးကြီး ကြည့်နေသော အကောင်ကြီး။ဆံပင်ဖားလျားကြီးချထားကာ ကိုယ်လုံးတီးကြီးဖြစ်လို့။ တစ်ကိုယ်လုံးလည်း အမွှေးအမျှင်တွေက ကြောက်စရာကောင်းလောက်အောင်ပင် ဖုံးလို့‌ေနသည်။ မျက်တွင်းကြီး ဟောက်ပက်နှင့် လျှာကြီး တစ်တောင်လောက်ကလည်း အောက်ကို တွဲလောင်းချကာ သွားရည်တွေက တစ်မျှားမျှားကျလို့ ။ အောင်ဇေလည်း ထိုအကောင်ကြီးကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် တဒင်္ဂမျှ ကြက်သေသေ နေတော့သည်။ ပြီးမှ သတိပြန်၀င်လာကာ နောက်ပင် လှည့်မကြည့်နိုင်တော့ဘဲ ထိုအခန်းထဲမှ ဒုန်းစိုင်းပြေးထွက်ခဲ့လိုက်‌ တော့သည် ။ 


                       ++++++++++


နောက်နေ့တွင်တော့ အောင်ဇေ တစ်ယောက် ထိုရုပ်ရှင်ရုံဆီသို့ လုံး၀ မသွားတော့။ အလုပ်ပါ တစ်ခါတည်းထွက်ခဲ့လိုက်တော့သည်။ ဘ၀၏ အတွေ့အကြုံ အချို့ကိုလည်း ရသင့်သလောက် သူရနေပြီမို့ မိဘတွေရှိရာ ပြင်ဦးလွင်သို့ သူပြန်တော့မည်။ သူမပြန်ခင် မနက်ပိုင်းလောက်ရောက်တော့ ရုပ်ရှင်ရုံရှိ CCTV ကိုင်တဲ့ ကိုသူရ ဆိုသူက သူ့ထံ ရောက်လာခဲ့သည်။


"ဟာ .. ကိုသူရပါလား ... လာလေ "


"ဘယ်နှယ့်လဲ ငါ့ကောင်ရ ... တော်တော်မှ အီသွားရဲ့လား "


ကိုသူရ ဘာကိုဆိုလိုမှန်း အောင်ဇေ သိသည်မို့


"ဘယ်လိုမေးလိုက်တာလဲဗျာ ... အသက်ထွက်မသွားတာပဲ ကံကောင်းတယ် ဆိုရမယ်"


ထိုအခါ ကိုသူရကပင် ခပ်ပြုံးပြုံးဖြင့်


"အော် ... ဒါနဲ့ ...မင်း နက်ဖြန် ပြင်ဦးလွင်ပြန်တော့မယ်ဆို "


"ဟုတ်တယ်ဗျ ... ကျွန်တော်လည်း အိမ်ပေါ်က ဆင်းလာတာအတော်ကြာပြီလေ ... အခုတော့ ပြန်တာပဲ ကောင်းမယ် တွေးမိလို့ပါဗျာ"


"အေးပါကွာ ... ငါတို့လည်းမင်းကို သတိရနေမှာပါ... တေဇကတော့ မျက်နှာသိပ်မကောင်းဘူး ... မင်းနဲ့ ခွဲရတော့မှာ မို့ထင်တယ် "


"ကျွန်တော်လည်း ခုလိုမျိုးတော့ ... ဘယ်ခွဲချင်ပါ့မလဲ ... လူပဲဗျာ ရေစက်ပါသလောက်ပဲ ဆုံကြရတာ ဟုတ်တယ် မဟုတ်ဘူးလား"


အောင်ဇေက ထိုသို့ပြောလေ၏။


"စကားကောင်းနေတာနဲ့ လာရင်း ကိစ္စကိုတောင် မေ့တော့မယ် ... ငါမင်းအတွက် မပြန်ခင် လက်ဆောင် တစ်ခုယူလာတယ်"


ကိုသူရ၏ ထူးထူးဆန်းဆန်းစကားကြောင့် အောင်ဇေ လည်း မျက်ခုံးနှစ်ဖက် ပင့်တက်သွားတော့သည်။ ကိုသူရ က ၎င်း၏ ဘောင်းဘီအိပ်ကပ်ကလေးထဲ နှိုက်ကာ လက်နှစ်သစ်ခန့်ရှိသော အရာလေး တစ်ခု ကိုထုတ်လာ၏ ။ 


"ဒီ memory stick လေး မင်းကို လက်ဆောင်ပေးမလို့"


ထိုအခါ အောင်ဇေက ကိုသူရကမ်းပေးသော စတစ်ကလေး ကိုယူလိုက်ပြီး


"ဒါလေးက ..."


"ဒါလေးကလား ... မင်း အဲ့ညက ရုံမှာ ဖြစ်ပျက်ခဲ့သမျှတွေကို အစအဆုံး Record လုပ်ထားတဲ့ File လေးပဲ"


"ဗျာ ..."


"ဟုတ်တယ် ... အောင်ဇေရ ... မယုံလည်း မင်းဘာသာ မင်းပဲကြည့်တော့ ... အော် နောက်ပြီး ပြောရအုံးမယ် ... တို့ရုံမှာ သရဲအခြောက်ခံရတာ မင်းတစ်ယောက်တည်းမထင်နဲ့ ... တော်တော်များများ ခြောက်ခံထိကြတယ်ကွ ... ကြားရက်တွေလို လူပါးလို့ ခုံ အလွတ်တွေများနေ ရင် အဲ့သရဲမက လိုက်လိုက်ထိုင်နေတတ်တာမျိုး ... နောက်ပြီး တစ်ယောက်တည်း Toilet သွားကြတဲ့ လူတွေလည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ မြင်ကြတွေ့ကြရတယ် ပြောတယ် ... တို့ သူဌေးကလည်း ဒါတွေ အယုံအကြည်မရှိတော့ အခုထိ ဘာမှ ဟုတ်တိပတ်တိ မလုပ်ပေးသေးဘူးလေ .... ငါတို့လည်း လုပ်သာလုပ်နေရတာပါကွာ ... မင်းသိတဲ့ အတိုင်းပဲ အလုပ်တစ်ခုရဖို့က လွယ်တာ မဟုတ်ဘူးဆိုတော့ ... သည်းခံပြီး ဆက်လုပ်နေရအုံးမှာပဲဟေ့ "


ထိုနေ့ တစ်နေ့လုံး အောင်ဇေ နှင့် ကိုသူရ ထွေရာလေးပါး စကားကောင်းနေကြပြီး ညနေစောင်းမှသာ ကိုသူရ ပြန်သွားတော့သည်။ ကိုသူရပြန်သွားတော့ သူလည်း စောစောက Memory Stick လေးကို ဖုန်း OTG နှင့် ဂျွိုင်းကာ ကြည့်လိုက်သည်။ ထိုနေ့ညက သူ့ ကြုံခဲ့ရသည့်အဖြစ်အပျက်အားလုံးကို အစအဆုံး မှတ်တမ်းတင်ထားခြင်းဖြစ်၏ ။ ရုပ်ရှင်ရုံ အခန်းထဲတွင်လည်း ညကြည့် CCTV များတပ်ထားသည်မို့ အချို့သော အရာများအားလုံးနီးပါး ကို ကွက်ကွက်ကွင်းကွင်းမြင်နေရသည်။ သို့သော် ထိုသရဲမကြီး၏ ပုံရိပ်ကတော့ ဝိုးတိုးဝါးတား။


                    ++++++++


အခန်း ( ၃ )


"အဲ့ဒါပါပဲ ... ငါ့ကောင်ရာ "


အောင်ဇေ ပြောပြသည့် ဇာတ်လမ်းကို ကျွန်တော်လည်း နားထောင်ပြီး ထိုသို့မှတ်ချက်ပေးလိုက်သည်။


"မင်းနေရာမှာ ငါသာဆိုရင်တော့ သေလောက်တယ် အောင်ဇေ‌ရေ "


"မင်းကလည်းကွာ ... ရေးတော့ သရဲတစ္ဆေအကြောင်းတွေရေးပြီး လာပြီး နုပြနေသေးတယ် "


"ရေးတာက ရေးတာပဲဟ ... မင်းလိုကြုံရင်တော့ သေချာတယ် ... မသေရင်တောင် တစ်ပတ်လောက်ကတော့ အသာလေးဖျားသွားမှာ ... "


"အေး ... မကြောက်ချင်ရင် ... မင်းရန်ကုန်ရောက်လို့ ရုပ်ရှင်ဘာညာကြည့်မယ်ဆို အဲ့ရုံကိုတော့ ရှောင်ပေါ့ကွာ ... မဟုတ်လို့ကတော့ ဟဲဟဲ သိတယ်မလား "


ဆိုပြီး ရွှတ်နောက်နောက်ပြောလေ၏။


"အေးပါကွာ ... ငါသိပါတယ် ... ကြောက်လည်းကြောက်ပါတယ် ... မင်းပြောသလိုပဲ ... တစ်မြို့လုံး အဲ့တစ်ရုံပဲပြရင်တောင် ... ငါသွားမကြည့်တော့ဘူး ဟုတ်ပြီလား"


"ဒါနဲ့ ဘယ်လိုလဲ ငါ့ရဲ့ ကိုယ်တွေ့ ဇာတ်လမ်းလေးရော ... သဘောကျရဲ့လား"


အောင်ဇေ ထိုသို့မေးလာတော့


"မင်းဟာက ... CCTV Record နဲ့တောင်လာမှတော့ ငါမယုံလို့ ဘယ်ရတော့မလဲ ... သဘောလည်းကျတယ် ... ကဲပါ ... ဘယ်အချိန်တောင် ရှိပြီလဲမသိဘူး "


ဟုတ်ပေသည်။ ကျွန်တော် တို့စကားကောင်းနေတာနဲ့ လက်ဖက်ရည်ဆိုင်ထဲက လူတွေပင် အတော်ကျဲလို့သွားပြီ။ နှစ်ယောက်ပေါင်းသောက်ထားသည့် ရေနွေးကလည်း သုံးဘူးပင်ရှိလို့နေ၏။ 


"ဆယ့်တစ်တောင်ခွဲပြီ ... ပြန်ကြရအောင်ကွာ"


"အေး ...ပြန်မှ ဖြစ်မယ် ... မဟုတ်ရင် မင်းအဖေ ဦးစိတ်တိုကြီးက ... မင်းကို အိမ်ပေါ်က ထပ်နှင်ချနေအုံးမယ် "


ကျွန်တော် ‌ထိုသို့ပြောလိုက်တော့ အောင်ဇေက


"ဒီတစ်ခါတော့ နှင်ချရုံမကလို့ ... ကုပ်နဲ့ပါ ကော်ကော် မဆင်းတော့ဘူး ငါ့ကောင်ရေ ... "


ဟုသာ ရယ်ရယ်မောမော ပြောလိုက်လေတော့သည်။

      

                     +++++++++


(ထိုသို့သော ရုပ်ရှင်ရုံများ အပြင်လောကတွင် တကယ်ရှိတတ်သည်။ မိတ်ဆွေ အပေါင်းအပါတို့လည်း / တစ်ယောက်တည်းရုပ်ရှင်သွားကြည့်သည့် အချိန်သော်လည်းကောင်း ရုပ်ရှင်ရုံရှိ Toilet သို့ အဖော်မပါဘဲ သွားတတ်သည့် အချိန်သော်လည်းကောင်း သတိထားကြပါကုန် ။)


                        ( ပြီးပါပြီ )


ဆက်လက်ကြိုးစားပါအုံးမည်


သူရေး

#ညမဖတ်ရ

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

မယားပါသမီးနှင့် မှားမိသော အမှား

အပျိုဘဝ၏ နောက်ဆုံးည