အဖေ
**အခန်း (၁)**
ကျွန်တော့်ဘဝရဲ့ အစောဆုံး မှတ်ဉာဏ်တွေထဲမှာ အဖေ့ရဲ့ ချွေးနံ့ပြင်းပြင်းတွေ၊ ကြမ်းတမ်းပြီး အရွတ်တွေ ထင်းနေတဲ့ လက်ဖဝါးကြီးတွေက အမြဲတမ်း နေရာယူထားတယ်။ ကျွန်တော် ငါးနှစ်သား အရွယ်မှာပဲ အမေဆုံးပါးသွားခဲ့တော့ အဖေက ကျွန်တော့်အတွက် အမေရော၊ အဖေပါ ဖြစ်ခဲ့ရတယ်။
အဖေဟာ ရွာမှာ ကျပန်းအလုပ်သမား တစ်ယောက်ပါ။ နေပူထဲမှာ တစ်နေကုန် အုတ်သယ်၊ သဲသယ်ပြီး ရလာတဲ့ ပိုက်ဆံလေးတွေနဲ့ ကျွန်တော့်ကို လူရာဝင်အောင် ကျွေးမွေးခဲ့တယ်။ ညဘက်တွေဆို အဖေ့ရဲ့ ပခုံးပေါ်မှာ မှီပြီး အိပ်ပျော်သွားတတ်တဲ့ အချိန်တွေဟာ ကျွန်တော့်ဘဝရဲ့ အနွေးထွေးဆုံး အချိန်တွေပါပဲ။ အဖေက သူ့ကိုယ်သူ ဘယ်တော့မှ အသစ်အဆန်း မဝယ်ပါဘူး။ အင်္ကျီအစုတ်လေးကို ဖာရာထပ်ပြီး ဝတ်ပေမယ့် ကျွန်တော့်ကိုတော့ ရွာက ကျောင်းမှာ အလှပဆုံး၊ အသန့်ရှင်းဆုံး ဖြစ်အောင် ထားခဲ့တယ်။
"ငါ့သားလေး ပညာတတ်ကြီး ဖြစ်ရမယ်နော်။ အဖေ့လို လူရာမဝင်တဲ့သူ မဖြစ်စေရဘူး" လို့ အဖေက ကျွန်တော့် ဆံပင်လေးတွေကို သပ်ရင်း ခဏခဏ ပြောတတ်တယ်။ အဲဒီတုန်းကတော့ အဖေ့ရဲ့ မေတ္တာကို အပြည့်အဝ ခံစားခဲ့ရပြီး အဖေ့ကို ကျွန်တော် အရမ်းချစ်ခဲ့ပါတယ်။ ကျွန်တော့် ကမ္ဘာမှာ အဖေဟာ အကြီးမားဆုံးသော ဟီးရိုးတစ်ယောက် ဖြစ်ခဲ့တယ်။
**အခန်း (၂)**
ကျွန်တော် ဆယ်တန်းအောင်တော့ တက္ကသိုလ်တက်ဖို့ ရန်ကုန်ကို သွားရမယ်။ ရန်ကုန်လို မြို့ကြီးမှာ ကျောင်းထားဖို့ဆိုတာ အဖေ့လို ကျပန်းအလုပ်သမား တစ်ယောက်အတွက် မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် အဖေက ဘယ်လိုတွေ ရှာဖွေခဲ့သလဲ ကျွန်တော် မသိခဲ့ဘူး။ ကျွန်တော် ရန်ကုန်သွားမယ့်နေ့က အဖေက ကျွန်တော့်လက်ထဲကို ပိုက်ဆံတစ်ထုပ် လာထည့်ပေးတယ်။
"သား... မြို့မှာ သေချာနေနော်။ လိုတာရှိရင် အဖေ့ကို စာရေး။ အဖေ ပို့ပေးမယ်။ လူငယ်ဆိုပေမယ့် လမ်းမှားမလိုက်နဲ့။ စာကို ကြိုးစားလုပ်" လို့ ပြောရင်း အဖေ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေ တောက်ပနေခဲ့တယ်။
နောက်မှ ကျွန်တော် သိလိုက်ရတာက အဖေဟာ သူ့ရဲ့ တစ်ခုတည်းသော အမွေဖြစ်တဲ့ ခြံကွက်လေးကို ပေါင်နှံပြီး ကျွန်တော့်ကို ကျောင်းထားပေးခဲ့တာပါ။ ရန်ကုန်ရောက်စ ပထမနှစ်တွေမှာ အဖေနဲ့ ကျွန်တော် စာတွေ အပြန်အလှန် ရေးကြတယ်။ အဖေ့ဆီက ပိုက်ဆံလွှဲစာလေးတွေ လာတိုင်း ကျွန်တော် မျက်ရည်ကျရတယ်။ ကျောင်းပြီးရင် အဖေ့ကို မြို့ခေါ်ပြီး ကောင်းကောင်းထားမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိတွေ အကြိမ်ကြိမ် ပေးခဲ့ဖူးတယ်။ အဖေ့ရဲ့ ချွေးနှလုံးတွေနဲ့ ရင်းထားတဲ့ ပိုက်ဆံတွေကြောင့် ကျွန်တော် ဘွဲ့ရခဲ့ပြီး ကုမ္ပဏီကြီး တစ်ခုမှာ အလုပ်ကောင်းကောင်း တစ်ခု ရခဲ့တယ်။
**အခန်း (၃)**
အချိန်တွေ ကြာလာတာနဲ့အမျှ ရန်ကုန်မြို့ကြီးရဲ့ ဓနအင်အား၊ နေထိုင်မှု အဆင့်အတန်းနဲ့ ပတ်ဝန်းကျင်က ကျွန်တော့်ကို တဖြည်းဖြည်း ပြောင်းလဲပစ်လိုက်တယ်။ ကျွန်တော် အလုပ်မှာ ရာထူးတိုးလာတယ်။ ပိုက်ဆံတွေ ရှာနိုင်လာတယ်။ အဲဒီအချိန်မှာပဲ ကုမ္ပဏီပိုင်ရှင်ရဲ့ သမီးဖြစ်သူ စုမြတ် နဲ့ ကျွန်တော် ချစ်သူတွေ ဖြစ်သွားခဲ့ကြတယ်။
စုမြတ်တို့ အသိုင်းအဝိုင်းက အရမ်းချမ်းသာပြီး ဂုဏ်ပကာသနကို အရမ်းမက်ကြတယ်။ သူတို့နဲ့ ရင်ပေါင်တန်းနိုင်အောင်၊ သူတို့အထင်မသေးအောင် ကျွန်တော့်ရဲ့ အတိတ်ကို ကျွန်တော် စတင်ပြီး လိမ်ညာခဲ့တယ်။ ကျွန်တော့် မိဘတွေက ကုန်သည်တွေ ဖြစ်ပြီး ငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့ပြီလို့ စုမြတ်ကို လိမ်ပြောခဲ့တယ်။ အသက်ရှင်လျက် ရှိနေသေးတဲ့၊ ရွာမှာ အလုပ်ကြမ်းလုပ်နေတဲ့ အဖေ့ကို ကျွန်တော် သေပြီလို့ သတ်မှတ်လိုက်တဲ့ အထိ ကျွန်တော့်ရဲ့ အတ္တတွေ၊ မာနတွေက ကြီးမားလာခဲ့တယ်။
အဖေ့ဆီကို ပိုက်ဆံပို့တာ၊ စာရေးတာတွေ တဖြည်းဖြည်း နည်းလာတယ်။ နောက်ပိုင်း လုံးဝ မဆက်သွယ်ဖြစ်တော့ဘူး။ အဖေ့ရဲ့ ဖုန်းခေါ်ဆိုမှုတွေကိုလည်း အလုပ်ရှုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော် ရှောင်ဖယ်ခဲ့တယ်။ ကျွန်တော့်ရဲ့ မင်္ဂလာဆောင်ကိုတောင် အဖေ့ကို မဖိတ်ခဲ့ပါဘူး။
**အခန်း (၄)**
ကျွန်တော် မင်္ဂလာဆောင်ပြီး တစ်နှစ်လောက် အကြာမှာ အဆိုးရွားဆုံး နေ့တစ်နေ့ ရောက်လာခဲ့တယ်။ အဲဒီနေ့က ကျွန်တော့်ရဲ့ အိမ်အသစ်မှာ စုမြတ်ရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို ဖိတ်ပြီး ညစာစားပွဲ လုပ်နေတဲ့ အချိန်ပါ။
ခြံတံခါးဝမှာ အထုပ်အပိုးတွေ ဆွဲပြီး ရပ်နေတဲ့ လူတစ်ယောက်ကို အိမ်အကူက လာပြောလို့ ကျွန်တော် ထွက်ကြည့်လိုက်တယ်။ အဖေ...။ အဖေ ဖြစ်နေတယ်။ အဖေ့ရဲ့ အဝတ်အစားတွေက နွမ်းဖတ်နေပြီး မျက်နှာမှာလည်း အရေးအကြောင်းတွေ အများကြီး ပိုထင်လာတယ်။ လက်ထဲမှာလည်း ကျွန်တော် ကြိုက်တတ်တဲ့ ရွာက မုန့်တွေ၊ ငှက်ပျောဖီးတွေ ကိုင်ထားတယ်။ ကျွန်တော့်ကို မြင်တော့ အဖေ့ မျက်နှာကြီး ဝင်းလက်သွားပြီး...
"သား... အဖေ မြို့တက်လာရင်း သားကို လာရှာတာ။ သား အိမ်ထောင်ကျပြီဆို..."
စကားတောင် မဆုံးသေးဘူး၊ ကျွန်တော့် နောက်ကျောဘက်ကနေ စုမြတ် ထွက်လာတယ်။
"မောင်... ဘယ်သူလဲဟင်။ အဝတ်အစားတွေကလည်း ပေစုတ်နေတာပဲ" လို့ စုမြတ်က နှာခေါင်းရှုံ့ပြီး မေးလိုက်တယ်။
အဲဒီစက္ကန့်ပိုင်းလေးမှာ ကျွန်တော့်ရဲ့ အတ္တနဲ့ အရှက်တရားက မေတ္တာတရားကို အနိုင်ယူသွားခဲ့တယ်။ ကျွန်တော် မျက်လုံးမှိတ်ပြီး လိမ်ညာလိုက်တယ်။
"အော်... အဲဒါ ကိုယ်တို့ ရွာက အိမ်အကူဟောင်းကြီး တစ်ယောက်ပါ။ ရွာကနေ မြို့ကို အလုပ်လာရှာရင်း ဝင်လာတာ နေမှာပါ"
အဲ့ဒီအချိန်မှာ အဖေ့ရဲ့ မျက်လုံးတွေကို ကျွန်တော် မတော်တဆ ကြည့်မိသွားတယ်။ တောက်ပနေတဲ့ အဖေ့ မျက်လုံးတွေဟာ ချက်ချင်းဆိုသလို မှိန်ကျသွားပြီး နာကျင်မှု၊ အံ့ဩမှု၊ ဝမ်းနည်းမှုတွေ အပြည့် ဖုံးလွှမ်းသွားတာကို ကျွန်တော် တွေ့လိုက်ရတယ်။ အဖေ့ရဲ့ နှုတ်ခမ်းတွေ တုန်ယင်သွားပေမယ့် အဖေ ဘာမှ ပြန်မပြောခဲ့ဘူး။ ခေါင်းကို ငုံ့လိုက်တယ်။
"ဟုတ်ပါတယ် ကတော်... ကျုပ်က အလုပ်သမားဟောင်း တစ်ယောက်ပါ။ ဒီအိမ်က သခင်လေးကို တွေ့ချင်လို့ ဝင်လာတာပါ" လို့ အဖေက တုန်ရီနေတဲ့ အသံနဲ့ ပြောလိုက်တယ်။
**အခန်း (၅)**
အဲ့ဒီညက အဖေ့ကို အိမ်အောက်ထပ်က အိမ်အကူတွေနေတဲ့ အခန်းလေးထဲမှာပဲ ကျွန်တော် ထားလိုက်တယ်။ အဖေဟာ ကျွန်တော့်ကို တစ်ခွန်းမှ အပြစ်မတင်ခဲ့ဘူး။ ဘာစကားမှလည်း မပြောခဲ့ဘူး။ ညဘက် လူရှင်းတဲ့ အချိန်မှ ကျွန်တော် အဖေ့ဆီ သွားပြီး "အဖေ... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့် အခြေအနေကြောင့်ပါ" လို့ ခပ်တိုးတိုး သွားပြောခဲ့တယ်။ အဖေက ပြုံးရုံလေး ပြုံးပြီး "ရပါတယ် သားရယ်... အဖေ နားလည်ပါတယ်။ သားလေး ကြီးပွားနေတာ မြင်ရရင် အဖေ ကျေနပ်ပါပြီ" လို့ ပြန်ပြောခဲ့တယ်။
မနက်လင်းတော့ အဖေ မရှိတော့ဘူး။ အိပ်ရာပေါ်မှာ ကျွန်တော် ကြိုက်တတ်တဲ့ ရွာက မုန့်ထုပ်လေးရယ်၊ ပလတ်စတစ် အိတ်အစုတ်လေးနဲ့ ထုပ်ထားတဲ့ ပိုက်ဆံတစ်ထုပ်ရယ် ထားရစ်ခဲ့တယ်။ စာရွက်ပိုင်းလေး တစ်ခုပေါ်မှာ "မြေးလေး မွေးရင် ဝယ်ကျွေးလိုက်ပါ သား" လို့ ခပ်ရေးရေးလေး ရေးထားတယ်။
ကျွန်တော် ရင်ထဲမှာ တစ်ခုခု နင့်သွားပေမယ့်၊ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ကြီး လုံခြုံသွားပြီ ဆိုတဲ့ သက်သာရာရမှုက ပိုကြီးမားနေခဲ့တယ်။ ကျွန်တော် အဖေ့ကို လိုက်မရှာခဲ့ဘူး။ အဖေ့ကို အပြီးတိုင် မေ့ပစ်ဖို့ပဲ ကြိုးစားခဲ့တယ်။
**အခန်း (၆)**
အချိန်တွေ သုံးနှစ်လောက် ကုန်လွန်သွားတယ်။ ကျွန်တော်တို့မှာ သမီးလေး တစ်ယောက် ရလာတယ်။ တစ်နေ့... ရွာက ကျေးရွာလူကြီးဆီကနေ ဖုန်းဝင်လာတယ်။
"မောင်အောင်မင်းလား... မင်း အဖေ ဦးဘ ဆုံးသွားပြီကွ။ မင်း လာနိုင်ရင် လာခဲ့ပါဦး"
အဲ့ဒီအချိန်မှာ ကျွန်မရင်ဘတ်ထဲက စူးခနဲ နာသွားတယ်…။ ကမ္ဘာကြီး တစ်ခုလုံး လည်ထွက်သွားသလို ခံစားလိုက်ရတယ်။ ကျွန်တော် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ရွာကို ချက်ချင်း ပြန်ပြေးခဲ့တယ်။ ဒါပေမယ့် နောက်ကျသွားခဲ့ပါပြီ။ အဖေ့ရဲ့ အလောင်းကိုတောင် သင်္ဂြိုဟ်ပြီးသွားခဲ့ပြီ။
အဖေနေခဲ့တဲ့ တဲအိုလေးထဲကို ဝင်လိုက်တော့ ဟောင်းနွမ်းနေတဲ့ သေတ္တာလေး တစ်လုံးကို တွေ့ရတယ်။ အဲဒီအထဲမှာ ကျွန်တော် ငယ်ငယ်က ဝတ်ခဲ့တဲ့ အင်္ကျီလေးတွေ၊ ကျွန်တော့်ရဲ့ တက္ကသိုလ် ဘွဲ့ယူပုံ ဓာတ်ပုံလေး (သတင်းစာထဲက ဖြတ်သိမ်းထားတာ) တွေနဲ့အတူ စာအုပ်အဟောင်းလေး တစ်အုပ်ကို တွေ့ရတယ်။ စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာမှာ အဖေ ရေးထားခဲ့တဲ့ စာကြောင်းလေးတွေက ကျွန်တော့် နှလုံးသားကို ဆွဲဆုတ်လိုက်သလိုပါပဲ။
"သားလေး အဆင်ပြေဖို့ဆိုရင် အဖေ ဘာမဆို လုပ်ပေးချင်တယ်။ သားလေး ရှက်တယ်ဆိုရင် အဖေက အလုပ်သမားဟောင်း တစ်ယောက်အဖြစ် နေပေးဖို့လည်း ဝန်မလေးပါဘူး။ အဖေ သားကို အရမ်းချစ်တယ်..."
ကျွန်တော် အဖေ့ရဲ့ သေတ္တာလေးကို ဖက်ပြီး အသံကုန်ဟစ်ကာ ငိုချလိုက်တယ်။ နောင်တတရားဆိုတာ မျက်ရည်တွေနဲ့ ဆေးကြောလို့ မရမှန်း ကျွန်တော် အခုမှ အသည်းကွဲမတတ် သိလိုက်ရပြီ။ ကျွန်တော့်ရဲ့ ဂုဏ်မာနတွေ၊ ငွေကြေးတွေက အဖေ့ရဲ့ အသက်ကို ပြန်မဝယ်နိုင်တော့ဘူး။
**အခန်း (၇)**
အခုတော့ ကျွန်တော်ဟာ အရာအားလုံး ပြည့်စုံနေတဲ့ လူတစ်ယောက် ဖြစ်နေပေမယ့် ရင်ဘတ်ထဲမှာတော့ အဖေ့ကို သတ်ခဲ့တဲ့ လူသတ်သမား တစ်ယောက်လို အမြဲတမ်း ခံစားနေရတယ်။ ညတိုင်း အဖေ့ရဲ့ မျက်လုံးတွေကို အိပ်မက်မက်ပြီး လန့်နိုးလာတတ်တယ်။
လောကကြီးမှာ ကိုယ့်ကို အချစ်ဆုံးသူတွေကို ကိုယ်တိုင် ပြန်လည် နာကျင်စေခဲ့တဲ့ ဒဏ်ရာလောက် ကြီးမားတာ ဘာမှ မရှိပါဘူး။ ကျွန်တော်တို့တွေဟာ ကိုယ့်ကို တကယ်ချစ်တဲ့သူတွေ၊ ကိုယ့်အတွက် အရာရာ ပေးဆပ်ခဲ့သူတွေကို တန်ဖိုးမထားဘဲ၊ အပေါ်ယံ ဟန်ဆောင်မှုတွေနဲ့ ပတ်ဝန်းကျင်ကို ပိုပြီး ဂရုစိုက်တတ်ကြတယ်။
အတ္တနဲ့ မာနတွေက လူတစ်ယောက်ရဲ့ အဖိုးတန်ဆုံးသော မိသားစု မေတ္တာကို ဖျက်ဆီးပစ်နိုင်တယ်။ နောင်တဆိုတာ အရာအားလုံး ဆုံးရှုံးသွားမှ ရောက်လာတတ်တဲ့ အကြင်နာမဲ့တဲ့ အရာတစ်ခုပါ။ သင် ချစ်ရတဲ့သူတွေ သင့်ဘေးနားမှာ ရှိနေတုန်း၊ သူတို့ရဲ့ ချွေးနံ့တွေ၊ ရိုးသားမှုတွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ချစ်ခင်ပေးပါ။ ကျွန်တော့်လို အချိန်နှောင်းမှ ရတဲ့ နောင်တမျိုး ဘယ်တော့မှ မခံစားရပါစေနဲ့လို့ ဆုတောင်းပေးချင်ပါတယ်။