မောင့်ဖိနပ် (စ/ဆုံး)
————–
“ခိုင် ဘယ်အချိန်ထိ မောင့်အနားမှာ ရှိနေမှာလဲဟင် ”
မောင်က ကျွန်မကို မေးသည်။
” ဘယ်အချိန်ထိ ရှိနေစေချင်လဲ ပြောလေ မောင် ”
” ခိုင် ရှိနေချင်တဲ့ အချိန်ထိပဲပေါ့ ”
ကျွန်မက မောင့်ထံမှ ကျွန်မကို မောင့်အနားမှာ အမြဲ ရှိနေစေချင်တယ် ဆိုသည့် စကားကို ကြားချင်ခဲ့တာပါ။ မောင် မပြောခဲ့ပေမဲ့ ကျွန်မကတော့ ကျွန်မ မောင့်အနားမှာ ရှိနေချင်သည့် အချိန်အတိုင်းအတာ ကို အတိအကျ ပြန်ဖြေပေးခဲ့ပါသည် ။
” ခိုင် ရှိနေချင်တာက အမြဲ ပေါ့ မောင် ရယ် ”
+
” မောင် အိမ်ပေါ်ကနေ ဆင်းတော့မယ် ခိုင်”
မောင့် မျက်နှာမှာ စိတ်ပျက် အားငယ် မှု၊ နာကျင် ရှုပ်ထွေးမှုတွေကို မြင်ရတော့ ကျွန်မရင်ထဲ ပူပင်သွားရသည် ။
” နေပါဦး မောင်ရယ် ဘယ်လိုဖြစ်ရတာလဲ ”
မောင်က စိတ်ညစ်နေသော မျက်နှာနှင့် ကျွန်မကို ကြည့်လာသည် ။
” မိဘတွေဖြစ်ပြီး စိတ်နဲ့မတွေ့လို့ သားသမီးနဲ့ စကားများရန်ဖြစ်တိုင်း
ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်ရင် အိမ်ပေါ်က ဆင်းဆိုပြီး နှင်နှင်ချနေတာ …
မောင့်ကို မှီခိုနေရတဲ့ ကောင်ဆိုပြီး နှိမ်နေကြတာ ခိုင်
နောက်နေ့က စပြီး မောင့်အတွက် ထမင်းမချက်ဘူး တဲ့
မောင် ညက ငိုမိတယ် ခိုင်ရယ် ”
မောင် ငိုသတဲ့လား ။ ယောက်ျားတစ်ယောက်ထံက သူငိုသည့်အကြောင်း ပြန်ပြောပြတာ ခံရဖူးသူမှာ ကျွန်မပဲ ရှိမည် ထင်သည် ။ မောင်သည် ကျွန်မအပေါ် ယုံကြည်လို့သာ ပွင့်လင်းတာပါလား ဟု ကျွန်မသဘောပေါက်ရင်း မောင့်ကို သနား ကရုဏာ သက်မိသည်။
” ထမင်းများ ခိုင် ဝယ်ကျွေးမှာပေါ့ မောင်ရဲ့ ”
ကျွန်မက ပြုံးပြုံးရွှင်ရွှင် ပြောလိုက်ပေမဲ့ မောင်က စိတ်ပျက်သွားေသာ မျက်နှာပေး ဖြစ်သွား၏။
” နေစမ်းပါ ခိုင် ရယ်
ခု မောင် ဘယ်လောက် ေ သချင်နေသလဲ ခိုင်သိရဲ့လား
ခိုင် ကတော့ ပေါ့ပေါ့လေးတွေးမှာပဲ
လူတိုင်းက ကိုယ်တိုင်ကြုံရမှပဲ နားလည်ကြတာပါ ”
” မောင် ရယ် ခိုင် နားလည်ပါတယ် ခိုင်လည်း အိမ်နဲ့ ရန်ဖြစ်ဖူးတာပဲ ကို
ခိုင့် တုန်းကဆို ”
” တော်ပြီခိုင် ”
ကျွန်မ စကားကို မောင်က ပိတ်ဖြ တ်ပစ်လိုက်သည် ။
” ခိုင့်အကြောင်းတွေ မောင်မသိချင်ဘူး
မောင့် အကြောင်းတွေလည်း ပြောမပြချင်တော့ဘူး ”
ကျွန်မ မောင့်မျက်နှာကိုကြည့်ရင်း စိတ်မကောင်းလွန်းတာကြောင့် မျက်ရည် ကျမိသည် ။
“ပြောပြပါ မောင် ရယ်
ခိုင်ကလေ မောင်နဲ့ ဘာမဆို မျှဝေခံစားချင်သူပါ ”
+
“မောင် စာမေးပွဲကျတယ် ခိုင်
အိမ်က မောင့်ကို အသုံးမကျတဲ့ကောင်ဆိုပြီး အိမ်ပေါ်က နှင်ချတယ်
မောင် စိတ်ညစ်တယ် ခိုင်ရယ် ”
မောင်က အုတ်ခုံကလေးမှာ စိတ်ပျ က်လက်ပျ က် ထိုင်ချရင်း လက်ဖဝါးနှစ်ဘက်ကြား မျက်နှာ ဝှက်၍ ငိုရှိုက်သည် ။ မောင် ငိုတာကို လက်တွေ့မြင်ရသည့်အခါ ကျွန်မခြေမကိုင်မိလက်မကိုင်မိဖြစ်ရသည် ။ မောင့်ကို ပွေ့ဖက်ထားရင်း ကျွန်မ မျက်ရည် ကျလာခဲ့သည် ။
” မငိုပါနဲ့မောင်ရယ်
မောင်က အသုံးမကျတဲ့သူ မဟုတ်ပါဘူး ”
ကျွန်မ မျက်ရည်တွေကို လျစ်လျူရှုလျက် မောင့် မျက်ရည်တွေကို သုတ်ပေးမိသည် ။
” မောင် တော်တော်လေး စိတ်ဓာတ်ကျသွားပြီ ခိုင်ရာ
မောင် ကျောင်းထွက်တော့မယ် ”
” မထွက်ရပါဘူး မောင်ရယ် …”
ကျွန်မသည် မောင့်အရှေ့မှာ ရပ်လိုက်ပြီး မောင့်မျက်နှာကို ကျွန်မလက်ဖဝါးနှစ်ဘက်နှင့် ပင့်ယူလိုက်သည် ။
” ခိုင့်ကို ကြည့်စမ်းမောင်
မောင်ဟာ အသုံးမကျတဲ့သူ လုံးဝမဟုတ်ဘူး
လူတိုင်း အရှုံးနဲ့ရင်ဆိုင်ရချိန်ဆိုတာ ရှိတယ် မောင်
လဲကျတိုင်း မရှုံးဘူး
ပြန်မထမှသာ တကယ်ရှုံးတာ မောင်ရဲ့
မောင် ဒီနှစ်ကျတော့ ဘာဖြစ်သလဲ
နောက်နှစ် ပြန်တက်ပေါ့
ခိုင် မောင့်ကို ယုံတယ် ”
“ဒီလိုဆို မောင်က နှစ်ကျကြီး ဖြစ်သွားပြီလေကွာ
ရှက်စရာကြီး ”
ကျွန်မက ရယ်သွမ်းသွေးရင်း
” အမယ်လေး မောင်ရယ် ဘာရှက်စရာရှိလဲ
ကဲ ခိုင်မောင့်ကို တစ်နှစ်အောက်ပြီး စောင့်နေမယ် ဒါဆိုဘယ်လိုလဲ ”
မောင်က ကျွန်မကို မျက်ခုံးလေးပင့်ကြည့်သည် ။
” ခိုင်ကမရှက်ဘူးလား ”
” မရှက်ပါဘူး
ရှက်စရာရှိတော့လည်း မောင်နဲ့အတူတူပေါ့ ”
ကျွန်မ ကမောင့်ပုခုံးလေးကိုမှီကာ ကပ်ချွဲလေးပြောလိုက်၏။
ထိုအခါ မောင်က ကျွန်မစကားကို သဘောကျ၍ အားပါးတရရယ်လေသည် ။
+
“မောင့် အဖေ ဆုံးပြီ ခိုင် …
မောင့် ဘဝတော့ သွားပါပြီ ခိုင်ရယ် ”
ညဘက် ကျွန်မ အိပ်ပျော်နေချိန် မောင့်ဆီက ဖုန်းဝင်လာသည် ။ ကြားလိုက်ရသည့် သတင်းကြောင့် ကျွန်မရင်ထဲ ဆို့နင့်သွားရသည် ။ မောင်သာ ဆို ဘယ်လောက်တောင် ဝမ်းနည်းနေလိမ့်မလဲ ။
ကျွန်မ အိပ်ရာက အလူးအလဲထပြီး မောင့်ဆီ သွားဖို့ပြင်သည် ။ မောင် ကျွန်မကို လိုအပ်နေလောက်မှာပဲ ဟု ကျွန်မတွေးရင်း မောင့်ဆီကို စိတ်က အရင်ရောက်နေသည်။ မောင့်အိမ်ကိုရောက်တော့ မောင့်အဖေ၏ အလောင်းဘေးမှာ မောင်ရယ် မောင့်အမေရယ် မောင့် ညီမလေးရယ်ကို ကျွန်မတွေ့သည် ။ မောင်သည် ကျွန်မကို မြင်သောအခါ ကလေးငယ် တစ်ယောက်လို ငိုကြွေးလေသည် ။ ကျွန်မသည် မောင့်ကို ပွေ့ဖက်ထားရင်း
” စိတ်အားမငယ်ပါနဲ့ မောင်ရယ်
ခိုင် ရှိတယ်နော်
ခိုင်လည်း မောင့် မိသားစုနဲ့ အမြဲ တစ်သားတည်း ရှိနေပေးပါ့မယ်
အားမငယ်ပါနဲ့ မောင်ရယ် ”
ကျွန်မက မောင့်အမေကို အားပေးရသည် ။ ကျွန်မ အိမ်ကိုလည်း မောင့်မိသားစုအခြေအနေကို ပြောပြပြီး ကျွန်မ အမေကို မောင့်အမေဆီ အားပေးစကားပြောခိုင်းရသည် ။ မောင့်ညီမလေးက ရှစ်တန်း တက်နေသူဖြစ်၍ အဖေဖြစ်သူ မရှိတော့သောအခါ ကျူရှင်တက်ရန် အဆင်မပြေတော့ပေ။ ထိုအခါ မောင် ပူပန်ရပြန်သည် ။
” မောင် ကျောင်းထွက်လိုက်ရင် ကောင်းမလား ခိုင် ”
မောင်က ပြောလာတော့ ကျွန်မ လက်မခံနိုင်။ မောင်သည် နောက်ဆုံးနှစ်ပင် မကြာခင်ပြီး၍ ဘွဲ့ရတော့မည်လေ ။
” မောင်ရယ် ဘွဲ့တောင်ရတော့မှာကို ဘာလို့ ကျောင်းထွက်ချင်ရတာလဲ …”
” မောင့်ညီမအတွက် ကျူရှင်လခ မရှိဘူး ခိုင်
အိမ်ဈေးဆိုင်က ရတဲ့ဝင်ငွေကလည်း စားဖို့ပဲ လောက်ငှတာ
မောင် အလုပ်ထွက်လုပ်မှ ဖြစ်တော့မယ် ”
” မောင်ရယ် နေပါဦး
မောင် အခုကျောင်းထွက်ပြီး အလုပ်သွားလျှောက်တာနဲ့ ကျောင်းပြီးလို့ဘွဲ့ရ အနေနဲ့ အလုပ်သွားလျှောက်တာက ဘယ်တူပါ့မလဲ
ရတဲ့လစာချင်းရော လုပ်ရမယ့်နေရာချင်းရော မတူဘူးလေ မောင် ”
မောင်က စိတ်ပျ က်ညစ်ညူးစွာ နှင့် ခေါင်းကဆံပင်တွေကို လက်နှင့် ထိုးဖွ သည် ။
” ဒါဆို မောင်က ဘယ်လိုလုပ်ရမှာလဲ ခိုင်
မောင့်ညီမကို မောင် ကျူရှင် ဆက် ထားပေးချင်တယ် ”
” မောင့်ညီမ ရဲ့ ကျူရှင်ဆရာမကို အကျိုးအကြောင်းပြောပြီး
ကျူရှင်လခ ပေးရမယ့်ရက်ကို နည်းနည်း ရွှေ့ပေးဖို့ တောင်းဆိုကြည့်ရင်ရော မောင်
ကြားထဲ ခိုင်တို့ ပိုက်ဆံ ရပေါက်ရလမ်း ရှာချိန် ရတာပေါ့ ”
“အမေကလည်း နေမကောင်းဘူး ခိုင်
ကျူရှင်လခပေးရမယ့် ရက်ကနီးနေပြီ ”
” မောင် သွားပြောပေါ့ မောင်ရဲ့”
မောင်က ခေါင်းခါသည်။
” ဟာ ခိုင်ကလည်း ရှက်စရာကြီး မောင်သွားမပြောချင်ပါဘူး ”
ထိုအခါ ကျွန်မက ရယ်လိုက်သည်။ မောင့် နဖူးပေါ်ကျနေသည့် ဆံပင်တွေကို သေချာ ပြန်ပြင်ပေးရင်း
” ခိုင်ပဲ လိုက်ပြောပေးပါ့မယ် မောင် ရယ် ”
ကျွန်မက မောင့်ညီမ၏ ကျူရှင် ဆရာမနှင့်လိုက်တွေ့ခဲ့သည် ။ မောင့်ညီမလေး၏ အစ်မ နေရာယူရင်း ကျူရှင်လခပေးရမည့်ရက်ကို နည်းနည်းလောက်ရွှေ့ပေးဖို့ တောင်းဆိုရသည် ။ မောင်ကတော့ ကျူရှင်အရှေ့မှာ ကျွန်မကို ရပ်စောင့်နေလေသည်။
+
မောင်က အင်္ဂလိပ်စာ မေဂျာနှင့်ဘွဲ့ရပြီး နိုင်ငံခြားခရီးသွားများကို guideလုပ်ပေးသည့် အလုပ် လုပ်ကိုင်သည် ။ မောင့် အိမ်လည်း မောင့်လစာနှင့် တဖြည်းဖြည်း လည်ပတ်လာသည်။ မောင်တို့ အဆင်ပြေလာတာကို မြင်တော့ ကျွန်မဝမ်းသာရသည် ။ မပြေလည်သည့်အခြေအနေကနေ ပြေလည်သည့်အခြေအနေကို ကျွန်မသည် ဘေးကနေ ရပ်ကြည့်နေခဲ့ရသူမို့ ရင်ထဲ ပီတိဖြစ်ရသည် ။
ကျွန်မက ပုဂ္ဂလိကဆေးရုံတစ်ခုမှာ သူနာပြု ဖြစ်သည်။ မောင်ကလည်း အားသည့်ရက်မရှိသလောက်ရှားသလို ကျွန်မကလည်း ဂျူတီချိန်များနှင့် လုံးလည်ချာလည်ရိုက်နေခဲ့သည် ။ သို့ပေမဲ့ ကျွန်မတို့သည် ညတိုင်း ဖုန်းပြောဖြစ်ကြ၏။ မောင် အားသည့်အချိန်က ကျွန်မ ဂျူတီချိန်နှင့်တိုက်နေလျှင်တောင် ကျွန်မ မအားသည့်ကြားက မောင့်ကို စာပို့ပြီး အကျိုးအကြောင်းပြောတတ်သည် ။
” ခိုင်က ခြင်းခတ်တာတို့ ဘော်လုံးကန်တာတို့ သိပ်သဘောကျတာမောင်ရဲ့
ခိုင် မွေးလာတဲ့ ကလေးကျရင်လည်း ခြင်းခတ်ခိုင်းပြီး ဘော်လုံးလည်း ကျွမ်းကျွမ်းကျင်ကျင် ကန်တတ်အောင် သင်ပေးဦးမှာ ”
ကျွန်မနဲ့မောင် လမ်းလျှောက်နေရင်း ခြင်းခတ်နေကြသော လူငယ်အချို့ကိုမြင်၍ ကျွန်မက ဤ သို့ပြောတော့ မောင်က ကျွန်မကို ပြုံးပြီးကြည့်သည် ။
” သားလေး က ဖအေတူဖြစ်မှာပါ
ဖအေတူဆိုတော့ ခြင်းရော ဘော်လုံးရော ဝါသနာပါမှာပေါ့ ခိုင်ရဲ့ ”
ကျွန်မက နားမလည်စွာ မောင့်ကို ကြည့်တော့ မောင်ကရယ်သည်။
” မောင်က ခြင်းခတ်ရတာရော ဘော်လုံးကန်ရတာရော ဝါသနာပါတယ်လေ ခိုင်
သားလေးကို မောင်က နည်းပြလုပ်ပေးမှာပေါ့ ”
” သွား ”
ကျွန်မက သဘောပေါက်သွားပြီး မျက်စောင်းလေးချိတ်ကာ မောင့် ပုခုံးကို ထုတော့ မောင်က ခေါင်းမော့၍ရယ်ေမာေလသည် ။
” ခိုင် မောင့်ညီမနဲ့ ရင်းနှီးအောင် လုပ်ထားဦးနော် ”
” ဘာဖြစ်လို့လဲ မောင်ရဲ့ ”
” နောက်ကျ ယောင်းမတော်ရမှာလေကွာ
အခုကတည်းက အဆင်ပြေအောင် လုပ်ထားတော့ မကောင်းဘူးလား ”
” ဟွန်း မောင်နော် ”
မောင်က ရယ်နေသည် ။
“ခိုင်က မောင့်ေမေမနဲ့ရော ညီမလေးနဲ့ရော အရင်ကတည်းက အဆင်ပြေပြီးသားပဲကို ”
“ဟုတ်ပါပြီဗျာ ”
+
“ခိုင်ရေ နင်တို့ မယူကြသေးဘူးလား
တွဲလာတာပဲ ကြာနေပြီ
နင့် လူ ရဲ့အလုပ်က လူအများနဲ့ ဆက်ဆံနေရတဲ့အလုပ်နော်
သူနဲ့guideတူတူလုပ်တဲ့ သူ့ပါတနာ ကောင်မလေးဆို ချောချောလှလှလေး
နင်စိတ်ချမထားနဲ့ ”
သူငယ်ချင်း များက သတိပေးကြသည် ။ မောင် နှင့် အပြင်မှာ မတွေ့ဖြစ်သည်မှာ ကြာပြီ ။ ညဘက် ဖုန်းခေါ်ချင်ပေမဲ့ မောင် အလုပ်ပင်ပန်း၍ အိပ်ချင်နေလောက်မည် ဟု နားလည်ပေးရသည် ။ မောင်ကလည်း ဖုန်းမခေါ်ပါ ။ မောင့်ကို အင်တာနက်ပေါ်မှာ တွေ့သော်လည်း မောင့်နားချိန်ကို နှောက်ယှက်မိမှာစိုး၍ စာမပို့ရဲပါ။ မောင်ကလည်း စာမပို့ပေ ။
ကြာလာတော့ ကျွန်မ မနေနိုင်ဘဲ တစ်ညမှာ မောင့်ဆီကို ဖုန်းခေါ်လိုက်သည် ။
” မောင် မတွေ့ရတာတောင်ကြာပြီ မောင်မအားဘူးလား ဟင်
ခိုင်တို့ တစ်နေ့လောက် ဆုံရအောင်လေ ”
” မအားဘူး ခိုင်
ဒီနေ့လည်း နိုင်ငံခြားသားအချို့နဲ့စကား ကတောက်ကဆဖြစ်လာတယ် ”
” မောင် အဆင်ပြေရဲ့လား ”
” ရတယ် ခိုင်
မောင် အိပ်ချင်ပြီ ”
မောင် ပင်ပန်းနေမှာပဲဟု ကျွန်မဖြည့်တွေးရင်း ကျွန်မရင်ထဲက ပြောချင်သမျှစကားတွေကို မျိုသိပ်ကာ ဖုန်းချပေးလိုက်ရသည်။
” မောင် ရယ် ခိုင့်ကို ဖုန်းလေးတောင် မဆက်ဘူးနော်
မောင် ဘာတွေလုပ်နေလဲ ခိုင့်ကို စာလေးတော့ ပို့ပြီး အသိပေးပါလားကွယ် ”
ကျွန်မ မောင့်ကို အင်တာနက်ပေါ်ကနေ ထိုသို့ စာလေးပို့ထားလိုက်သည် ။ နောက်တစ်နေ့ မောင့်ထံကပြန်စာမလာ ဖုန်းလည်းမဆက်တော့ ကျွန်မပို့ထားသည့်စာကို ကျွန်မပြန်စစ်ကြည့်မိသည် ။ မောင်စာ ဝင်ဖတ်ထားပါသည်။
သုံးရက်ကြာသည်အထိ မောင် ဖုန်းလည်းမဆက် စာလည်း မပြန်သည့်အခါ မောင့်ကို ကျွန်မဖုန်းခေါ်လိုက်သည် ။
” မောင် ရယ် နေနိုင်လိုက်တာ
ခိုင့်ကို ပစ်ထားရတာ မောင် အဆင်ပြေနေတယ်လားဟင် ”
မောင့်၏ အလိုမကျသော အသံကို ဖုန်းထဲကနေ ကျွန်မကြားလိုက်ရသည် ။
” အာရုံပဲ ခိုင်
မင်း အေးဆေးနေလို့မရဘူးလား
စကားကောင်း ပြောမှာ မဟုတ်ရင် ငါဖုန်းချလိုက်တော့မယ်”
” မောင် ရယ်
ခိုင် ဒီလောက် အေးဆေးနေပေးခဲ့တာ တွေက မလုံလောက်သေးဘူးလား
မောင် ခိုင့်ကို ပစ်ထားတာတောင် ခိုင်အပြစ်မဆိုဘဲ အေးဆေးနေပေးခဲ့တာပါ မောင်ရဲ့ ”
” တော်ပြီ ခိုင် ”
မောင်က ဖုန်းချသွားသည် ။ ကျွန်မရင်ထဲ သွေးများပြောင်းပြန်စီးဆင်းနေသလို။ မောင့်ဆီက ဥပေက္ခာများကြောင့် ကျွန်မ အသည်းနှလုံးသည် မခုန်တော့ဘဲ ရပ်တန့်သွားပြီ ထင်ရ၏ ။ ဖုန်းကို ကိုင်ထားသည့်ကျွန်မ လက်တွေ တုန်ယင်လာကာ မျက်ရည် များ မျက်ဝန်းကနေ အတားအဆီးမရှိ ပြိုဆင်းလာတော့သည် ။
+
တစ်နေ့သော ညနေခင်းမှာ မောင် ကျွန်မဆီ ဖုန်းဆက်လာသည် ။ ကျွန်မသည် မောင်ဖုန်းဆက်လာသည်မို့ သိပ် ဝမ်းသာသွားမိသည် ။
” ငါတို့ လမ်းခွဲရအောင် ခိုင် ”
ကျွန်မ နားထဲ မိုးကြိုးပစ်ချလိုက်သလို ထိုစကားတစ်ခွန်းတည်းနှင့် နားများ အူသွားရသည် ။
” အကြောင်းပြချက်က ဘာလဲမောင် ”
ကျွန်မ ငိုသံနှင့် ပြောနေသည်ကို မောင် သိလောက်ပါသည် ။
” ငါ တောင်းပန်ပါတယ် ခိုင်
ငါ မင်း ကို မချစ်တော့ဘူး ထင်တယ် ”
” ဘယ်လို … ”
“ငါ မင်းကို ”
” နေ နေပါဦး မောင်ရယ်
ခိုင်တို့ အပြင်မှာ တွေ့ပြီး သေချာ ပြောရအောင်လေနော်
မောင် လာတွေ့မယ်မလား
ဟင် မောင် ”
မောင် လာပါသည် ။ ဒီနေရာလေးဟာ မောင် ကျွန်မကို ဖွင့်ပြောခဲ့သည့် နေရာလေး ဖြစ်၏ ။ ဒီနေရာလေးမှာပဲ မောင့်ကိုနှုတ်ဆက်ရလိမ့်မည်ဟု ကျွန်မမတွေးခဲ့ဖူးပါ ။
” ငါ မင်း ကို မချစ်တော့ဘူး ခိုင်
ငါ ငြီးငွေ့လာတယ် ”
ကျွန်မ အံ့ဩစွာ မောင့်ကိုကြည့်ရင်း ငိုမိသည် ။ မောင်က ကျွန်မကို နှစ်သိမ့်ရင်း
” မငိုပါနဲ့ ခိုင်
ရည်းစားထားရတာက ဖိနပ်စီးရသလိုပဲ
ဘယ်လောက် အရည်အသွေးကောင်းတဲ့ ဖိနပ်ပဲ ဆိုဆို
စီးတာကြာလာတော့ ငြီးငွေ့သွားတယ်မလား
ဆက်မစီးချင်တော့ဘူး ”
ကျွန်မသည်မောင့်ကို နာကျည်းစွာ ကြည့်ရင်း အံကြိတ်လိုက်မိသည် ။
” အဲ့တာက မောင် တို့ယောက်ျားတွေမှာပဲ ဖြစ်တတ်တဲ့သဘာဝလို့ထင်ပါတယ်
ကျွန်မတို့ မိန်းမတွေကတော့ ချစ်လာတာ ကြာလေ လက်ထပ်ဖို့အတွက် ရည်ရွယ်မိလေပဲ
ကျေးဇူးပါမောင် မောင် ခိုင့်ကို လက်မထပ်နိုင်ကြောင်း စောစော အသိပေးပေးလို့ ကျေးဇူးတင်ပါတယ် ”
ကျွန်မ မောင့်မျက်နှာကို စေ့စေ့ကြည့်ပြီးပြောတော့ မောင် မျက်နှာလွှဲသွားသည် ။
မောင်
“မောင် သိပ်ရိုင်းတာပဲ ”
ကျွန်မသည် မောင့်ကို ဆက်ကြည့်ဖို့ရာ အားအင်မရှိတော့ပေ ။ မျက်ရည်များက မြင်ကွင်းကို ဝါးသွားစေသည် ။
ထိုကဲ့သို့ ရက်စက်လှသော မောင်သည် ကျွန်မနှင့်လမ်းခွဲပြီး သုံးလအကြာမှာ လက်ထပ်သွားခဲ့၏။
မောင့်မင်္ဂလာဖိတ်စာကို ကြည့်ရင်း၊မောင့် သတို့သမီး နံမည် ကလေးကိုဖတ်ရင်း မျက်ရည်များဟာ ကမ်းပြိုသကဲ့သို့ ။
မောင်နှင့် တိုင်ပင်ခဲ့ဖူးသော အနာဂတ်များဟာ ပျ က်စီးခြင်းသို့…။
မောင်အိမ်ေပါ်က ဆင်းဖို့လုပ်တုန်းက မောင့်ဘေးမှာ ကျွန်မရှိခဲ့သည် ။ မောင်နှင့် မျှဝေခံစားပေးသူဟာ ကျွန်မဖြစ်ခဲ့သည် ။ မောင် ငိုနေတုန်းကလည်း မောင့်မျက်ရည်တွေကို သုတ်ပေးသူဟာ ကျွန်မ ဖြစ်ခဲ့သည် ။ မောင်စာမေးပွဲကျတုန်းကလည်း မောင့်ဘေးမှာ ကျွန်မရှိခဲ့သည် ။ မောင့်ကို အားပေးသူဟာ ကျွန်မဖြစ်ခဲ့သည် ။ မောင့်အဖေဆုံးတုန်းကလည်း မောင့်ဘေးမှာ ကျွန်မရှိခဲ့သည် ။ မောင် အကြပ်အတည်း ဖြစ်ချိန်မှာလည်း ကူညီဖေးမခဲ့သူဟာ ကျွန်မဖြစ်ခဲ့သည် ။ မောင့်ဘေးမှာ ကျွန်မ အမြဲရှိခဲ့ပေမဲ့ မောင် လက်ထပ်ဖို့ ရွေးချယ်ချိန်မှာတော့ မောင့်ဘေးက မိန်းမဟာ ကျွန်မ မဟုတ်ခဲ့ဘူး ။
ပြီးပါပြီ ။
#JoJo