ကဝေစက်

 ကဝေစက်(စ/ဆုံး)

ရေးသားသူ…ဧကန်မင်း


“ဟေ့ …မောင်အေးဝင်း မင်းကို ဆရာကြီး ခေါ်နေတယ် “


“ဆရာကြီးက ဘယ်မှာလဲ …ဘကြီး “


“ဦးစန္ဒိမာကျောင်းမှာ “


“ဟုတ်ကဲ့ …ကျနော် ခဏနေရင် သွားလိုက်မယ် “


ဆရာကြီးက ဂန္ဓာရီပညာရပ်များ လေ့လာလိုက်စားနေသည်။

ထိုပညာ၏ လမ်းစဉ်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့်

တိုးတက်အောင် ကျင့်ကြံပွားများ အားထုတ်နေခြင်းဖြစ်သည်။


ထိုပညာစခန်း မပြီးဆုံးခင် ကြားကာလမှာ

အထက်ဆရာကြီးများ ခိုင်းသည့်အတိုင်း

လုပ်ဆောင်နေရသည်။ ယခုလည်း

အထက်ဆရာကြီး၏ ညွှန်ကြားပြောဆိုမှုကြောင့်

ခရီးထွက်ရန် အကြောင်းတစ်ခု ပေါ်လာသည်။

သို့ကြောင့် ဆရာကြီးသွားလေရာ ခေါ်သွားတတ်သည့်

သားတပည့် မောင်အေးဝင်းအား ခေါ်ခိုင်းလိုက်ခြင်းဖြစ်သည်။


ဆယ်နာရီခန့်ကြာတော့ မောင်အေးဝင်း

ဦးစန္ဒိမာကျောင်းသို့ ရောက်လာသည်။


“လာကွဲ့ …မောင်အေးဝင်း၊ နေ့ဆွမ်းစားပြီးရင်

တစ်အောင့်တနား နားပြီး ခရီးထွက်ကြမယ်

ဒီည ကျိုက္ကလို့က ဦးပဏ္ဍတကျောင်းမှာ

ညအိပ်မယ် မနက်စောစော သထုံဘက်ကို

ခရီးထွက်ကြမယ် “


“အဲဒီမှာ ကဝေပျံတစ်ယောက် သောင်းကျန်းနေတယ်ကွဲ့၊

ကြာရင် အဲဒီကဝေပျံကြောင့် ဒေသခံတွေ ဒုက္ခရောက်ကုန်

လိမ့်မယ်၊ ဆရာကြီးတို့ အဲဒီကဝေပျံကို သွားပြီး

နှိမ်နင်းရမယ်၊ ကဝေပျံက သူ့နေရာသူ

ကောင်းကောင်းနေတယ်ဆိုရင် ဆရာကြီးတို့

သွားစရာမလိုဘူး၊ အခု အဲဒီကဝေပျံက လူတွေ

သတ်ပြီး လူသေတွေကို ပြန်ရှင်နိုင်အောင်

သူ့ပညာစက်တိုးတက်အောင် ကြိုးစားနေတယ်၊

အဲဒီ ကဝေပျံ ပညာစက် မတက်နိုင်အောင်

အချိန်မီ …သွားဖျက်ပစ်ရမယ် “


သို့ဖြင့် …နေ့ဆွမ်းစားပြီးသည်နှင့် တစ်အောင့်တစ်နား

နားနေပြီးနောက်၊ ကျိုက္ကလို့ ဘုရားဝင်းအတွင်းရှိ

ဦးပဉ္ဇင်းပဏ္ဍတိကျောင်းသို့ ထွက်လာခဲ့ကြသည်။

များသောအားဖြင့် ဆရာကြီးက ဦးပဏ္ဍတိကျောင်းမှာ

နေပြီး ဘုရားစုံလှည့်ကာ အဓိဋ္ဌာန်ဝင်သည်။

တရားထိုင် ပုတီးစိပ်သည်။


XXXXX


ဆရာကြီးနှင့် မောင်အေးဝင်းတို့လည်း အဝေးပြေး

ကားဝင်းမှ သထုံသို့ ကားနှင့် လိုက်လာခဲ့ကြသည်။

သထုံရောက်တော့ ကားရပ်ပေးသဖြင့် ဆင်းလိုက်ကြသည်။

တစ်နာရီခွဲခန့် စီးလာခဲ့သည်။ သူတို့သွားရမည့်ရွာ

သွားသည့်လမ်းဆုံသို့အရောက် ကားကို

ရပ်ခိုင်းပြီး ဆရာတပည့်နှစ်ယောက်

အောက်ဆင်းလိုက်ကြသည်။


“ဆရာကြီးတို့ ဒီကနေ ရွာကို နာရီဝက်သာသာလောက်

လမ်းလျှောက်ဝင်ရမယ်ကွဲ့ …လှည်းကြုံတွေ့ရင်တော့

ခြေညောင်းသက်တာပါပေါ့ “


“ခရီးဆောင် ဝန်စည်စလယ် များများစားစား

ပါတာမှ မဟုတ်ဘဲ ကျနော်တို့ ကားစီးလာတာ

အညောင်းပြေ လမ်းလျှောက်လိုက်ရင်

အကြောအချင်ပြေသွားမှာ”


“ကဲ ဒါဖြင့်လည်း ဖြည်းဖြည်းလျှောက်သွားကြတာပေါ့ “


သို့ဖြင့် ရွာသို့ သွားသည့် လှည်းလမ်းအတိုင်း

လျှောက်ခဲ့ကြသည်။ လမ်းက ဂဝံမြေအမျိုးအစား

ဖြစ်သည်။ မကြာခင်မှာပင် ရွာထဲသို့ ရောက်လာခဲ့သည်။

ဆရာတပည့်နှစ်ယောက် ခြေတံရှည်အိမ်တစ်အိမ်အရောက်

ရပ်လိုက်သည်။


“ကဲ …ဆရာကြီးတို့ သည်အိမ်မှာ တစ်ရက်နားမယ်၊

ဒီအိမ်ရှင်က ဆရာကြီးနဲ့ ရင်းရင်းနှီးနှီးသိတယ် “


ထိုသို့ ရှင်းပြပြီး ခြံထဲဝင်ခဲ့ကြသည်။


“စောလှထွန်း …စောလှထွန်း “


ဆရာကြီးက အသံပေးပြီး လှမ်းခေါ်လိုက်သည်။

အိမ်နောက်ဘက်ရှိ ငှက်ပျောပင်များကြားမှ

အသက်ငါးဆယ်ခန့် လူကြီးတစ်ယောက် ထွက်လာသည်။


“ဟာ ဆရာကြီးပါလား…သည်ဘက်မရောက်တာတောင်

ကြာပြီ အိမ်ပေါ်တက် ဆရာကြီး ကျနော်ခြေလက်

ရေဆေးပြီး အပေါ်တက်လာခဲ့မယ် “


ဆရာကြီးက အိမ်ပေါ်သို့ တက်သွားသဖြင့်

မောင်အေးဝင်းလည်း အပေါ်သို့ တက်ပြီး

လိုက်လာခဲ့သည်။ခဏနေတော့ ဦးစောလှထွန်း

အိမ်ပေါ်သို့ တက်လာသည်။


“ဆရာကြီးကလည်း ကြမ်းပေါ်မှာ ထိုင်နေတယ်…

ကျနော် ဖျာခင်းပေးမယ် …ခဏလေးထပေးပါဦး”


စောလှထွန်းက ဝါးကြောဖျာတစ်ချပ် ဆွဲယူခင်းပေးသည်။


“ဆရာကြီး ဖျာပေါ်မှာထိုင်…ဦးလေးလည်းထိုင်”


” ဟုတ်ကဲ့ ခင်ဗျ”


ရေနွေးအိုးနှင့် အကြမ်းပန်းကန်များ လာချပေးသည်။

ရေနွေးအိုးကို အပူထိန်းအောင် ပြုပြင်ထားသည်။


“ဆရာကြီးရောက်တုန်း …အတော်ပဲ အကူအညီ

တောင်းရဦးမယ် “


“ဘာကိစ္စလဲ…ပြောလေ”


“သည်ရွာမှာ ဘုန်းကြီးကျောင်းဆောက်ရင်း

ဆောက်လက်စတန်းလန်းနဲ့ မီးလောင်သွားတယ်။

ကျောင်းမှာနေတဲ့ ကပ္ပိယကြီးလည်း မီးလောင်ပြီး

သေသွားတယ်၊ အဲဒီလိုဖြစ်ပြီး နောက်ပိုင်း

ညဆယ်နာရီကစပြီး မီးလောင်နေတဲ့ ဝိညာဉ်သရဲက

ကျောင်ဝင်းကို ပတ်ပြေးနေတယ်၊ သူပေါ်လာပြီဆို

အပုပ်နံ့ကလည်း မခံနိုင်အောင် နံနေတယ်

ကျောင်းဝင်းထဲမှာ မူလကျောင်းတစ်ကျောင်းပဲ

ရှိတော့တယ်၊ ဘုန်းကြီးတစ်ပါး၊ ရဟန်းနှစ်ပါး၊

ကိုရင်လေးပါး၊ ကျောင်းသားသုံးယောက်ပဲရှိတယ်၊


ဘုန်းတော်ကြီးသီးသန့် သီတင်းသုံးရအောင်ရယ်

တရားနာပရိတ်သတ်ဝါတွင်းဝါပ

ဥပုသ်သီလစောင့်နိုင်အောင် ကျောင်းသစ်

ဆောက်လုပ်လှူခဲ့ကြတာ၊ ကျောင်းပတ်လည်

ဝိညာဉ်သရဲက မီးတောက်ကြီးနဲ့ ပတ်ပြေး

အပုပ်နံ့ကရ ဖြစ်နေတော့၊ ကျောင်းမှာ

ညဘက်၊ ရဟန်း သံဃာတွေ သီတင်း

သုံးရတာ စိတ်ပျက်နေကြပြီ ဆရာကြီး”


ကရင်ရွာဆိုပေမယ့် ဘုန်းကြီးကျောင်း၊

ခရစ်ယာန် ဘုရားကျောင်းပါရှိသည်။

ယုံကြည်ရာ ကိုးကွယ်ပြီး အတူတကွ

နေထိုင်ကြသည်။ ယခု ဘုန်းကြီးကျောင်းသစ်

မီးလောင်သွားရာမှ ကပ္ပိယကြီး၏

ဝိညာဉ်ကို မကျွတ်မလွတ်ဘဲ ခြောက်လှန့်

နေသည်ဟု ဆိုသည်။


“သူ့အတွက် ရည်စူးပြီး အလှူဒါန မလုပ်ပေးကြဘူးလား “


“လုပ်ပေးတာပေါ့ ဆရာကြီး၊ ဒါပေမဲ့

မကျွတ်နိုင်ဘူး ဖြစ်နေတယ် “


“ဒါဆို အကြောင်းရှိလိမ့်မယ်…သူ့အကြောင်း

သိသလောက် ပြောပြစမ်းပါဦး “


“မီးလောင်သေသွားတာက ကပ္ပိယဦးကျော်ကြီး၊

ကျောင်းဆောက်လက်စနဲ့ …လက်သမားပစ္စည်းတွေ၊

သံတိုသံစ သစ်သားအပုံတွေကို ညစဉ်စောင့်အိပ်ပေးခဲ့တယ်၊

ကျောင်းကြီးက ပြီးဖို့ အကာတွေ ကျန်တယ်။

မီးက ညနှစ်နာရီလောက်မှာ စလောင်တာလို့

သိတဲ့လူတွေက ပြောတယ်…မီးဝိုင်းသတ်မယ့်

ရွာသားတွေ၊ ဦးဇင်းတွေ ရောက်သွားတော့

ကပ္ပိယကြီးက သေနေပြီ ဆရာကြီး”


“အင်း …အစိမ်းသရဲ ပြိတ္တာတွေကို နှိမ်နင်းဖို့

မခက်ပါဘူး။ သံဃာတော်တွေ စုပေါင်းပြီး

ပရိတ်ရွတ်လိုက်ရင် တစ်ကြိမ်မထွက်ရင်

နှစ်ကြိမ်သုံးကြိမ်ဆို ထွက်သွားမှာပဲ၊

ပရိတ်ရွတ်ရင် သည်သရဲတွေ ဘယ်ခံနိုင်မလဲ

ဒါပေမဲ့ သည်သရဲ ဘယ်လိုဆန္ဒရှိတယ်

ဘာကြောင့် မပြတ်ခြောက်လှန့်နေရသလဲ

ဆိုတာ၊ ဆရာကြီး သိချင်တယ် “


“ဒါဆို ဆရာကြီး ရောက်တုန်းရောက်ခိုက်၊

သည်တစ္ဆေသရဲကို ခေါ်ယူမေးကြည့်လို့ရရင်

ခေါ်မေးကြည့်ပေးပါလား၊ သူလွတ်မြောက်အောင်

ဘယ်လိုလုပ်ပေးရင်ရမလဲ ဆိုတာလည်း သိချင်တယ်”


“အေး …ဆရာကြီးကိုယ်တိုင်တော့ သူ့ကို

တိုက်ရိုက် ခေါ်လို့ မရဘူးကွဲ့၊ ကြားခံလူရှိရမယ်။

သည်တော့ ရွာမှာ နတ်ဝင်သည် တစ်ယောက်လောက်

မရှိဘူးလား “


“ရှိပါတယ် ဆရာကြီး ရွာအရှေ့ပိုင်းက

ဒေါ်လေးစောမူကို ခေါ်ပေးပါ့မယ် “


ဦးစောလှထွန်း အိမ်ပေါ်သို့ ရောက်နေသည့် အသက်

နှစ်ဆယ်ခန့်ရှိသည့် လူရွယ်တစ်ယောက်က ဝင်ပြောသည်။


“ဆရာကြီး သူက ကျနော့်သားအကြီးကောင်”


“အေး မမှတ်မိဘူးကွဲ့ …ဆရာကြီး သည်ကို

မရောက်တာ ဆယ်နှစ်ဝန်းကျင်ရှိပြီ၊ သူတို့

ဆော့တုန်း၊ ကစားတုန်းမို့ မြင်မြင်ချင်း မမှတ်မိဘူး”


“သူ့အမေနဲ့ သူအောက်နှစ်ယောက်က မရှိကြဘူး။

ယောက္ခမနေမကောင်းလို့ မှာတာနဲ့ သွားကြတယ် “


နာရီဝက်ခန့်ကြာမှ နတ်ဝင်သည်နှင့်အတူ

စောလှထွန်း၏ သားတို့ ပြန်လာကြသည်။


“ကဲ …လာ ကြ…လာကြ…မစောမူက

ဆရာကြီး ရှေ့မှာသွားထိုင် ဆရာကြီးက

အကူအညီတောင်းချင်လို့ ခေါ်ခိုင်းလိုက်တာ “


ဒေါ်စောမူက အသက် လေးဆယ့်ငါးခန့် ရှိသည်။


“သည်လို …မစောမူရေ၊ အခု ဘုန်းကြီးကျောင်းမှာ

ညညအပုပ်နံပေးပြီး မီးလောင်ခန္ဓာကိုယ်နဲ့

လျှောက်ပြေးနေတဲ့ ဝိညာဉ်သရဲကို ခေါ်ပြီး

မေးချင်လို့ ၊ သူ့ဝိညာဉ်နဲ့ ဆရာကြီး…

ကြားခံသဘောဖြစ်စေချင်လို့ ခေါ်ခိုင်းလိုက်တာပါ “


“ကျမကို ဝိညာဉ်ဝင်ပူးခိုင်းမယ်ပေါ့ “


“ဟုတ်တယ်ကွဲ့ “


“ကဲ ဘုရားကို အာရုံပြုပြီး ရှိခိုးလိုက်ပါ၊

ဆရာကြီး ဝိညာဉ်ကို ခေါ်တော့မယ်

ကျောင်းဝင်းအတွင်းမှာရှိတဲ့ ဝိညာဉ်အား

ဆိုင်ရာပိုင်ရာတို့က အသိပေးပြီး ဤ

နေရာသို့ စေလွှတ်စေလိုပါတယ်

ဝိညာဉ်လည်း သင်ပြောလိုရာ ပြောနိုင်ရန်

သည်နေရာသို့ လာပြီး ဝင်ရောက်ပူးကပ်

ပြောဆိုပါ၊ ဝိညာဉ်သရဲ …ဝင်ရောက်

ပူးကပ်ပြောဆိုပါ “


ခဏအတွင်းမှာပင် ဒေါ်စောမူတစ်ကိုယ်လုံး

တုန်ယင်လာသည်ကို အားလုံးတွေ့ရသည်။


“ကျွန်ပ်ကို ဘာကြောင့်ခေါ်တာပါလဲ “


“သင် ဘယ်သူလဲ “


“ကပ္ပိယကျော်ကြီးပါ “


“ညည…အပုပ်နံ့ပေးပြီး မီးလောင်ခန္ဓာကိုယ်နဲ့

ကျောင်းခြံပတ်ပြီး ဘာကြောင့် ပြေးနေတာပါလဲ “


“ကျနော်ရဲ့ အပြစ်ကို ဘယ်သူကိုမှ ပြောပြခွင့်

မကြုံလို့ ကျနော်ရှိနေတာ သိရအောင် ၊

အခုလို အပုပ်နံ့ပေးပြီး မီးလောင်ခန္ဓာကိုယ်နဲ့

လျှောက်ပြေးနေတာပါ “


“ကဲ…အခုပြောလို့ရပြီ…ဘာပြောချင်လဲ “


“ကျနော် ကပ္ပိယဖြစ်တာ ငါးနှစ်ရှိပါပြီ၊

ရွာက အိမ်နဲ့ခြံကို ရောင်းပြီး ဆရာတော်ကို

အပ်ပြီး ကပ္ပိယလုပ်နေတာပါ၊ ရွာသူရွာသားတွေ

စုစုပေါင်းငွေရယ်၊ ကျနော့်အိမ်ရောင်းရငွေရယ်

အားလုံးထည့်ဝင်ပြီး ကျောင်းဆောက်ခဲ့ပါတယ်၊

ကျောင်းကြီးမပြီးခင် ကျနော့်ကြောင့် မီးလောင်

သွားခဲ့ပါတယ်၊ ကျနော်က ဆေးလိပ်အလွန်

ကြိုက်ပါတယ်၊ မီးခြစ်မရှိတာနဲ့ နိုးတဲ့အခ်ျိန်

ဆေးလိပ်မီးညှိလို့ရအောင် အုန်းသီးအပြင်က

အခွံအုန်းဆံဖတ်ထဲ မီးခဲတစ်ခဲ ထည့်ထားမိပါတယ်၊


အဲ့ဒီ မီးခဲက လေသင့်ပြီး အုန်းဆံဖတ်ကို

တငွေ့ငွေ့မလောင်ဘဲ တဟုန်းဟုန်းလောင်ပြီး

သစ်တွေ မီးစွဲတာပါ။ အအိပ်ကြီးတဲ့ ကျနော်

စောင်တွေ၊ အဝတ်အစားတွေ မီးလောင်ပြီး

ဆွဲချွတ်မရတော့ဘဲ သေခဲ့ရတာပါ၊


ကျနော်ကြောင့် မီးလောင်ရတယ်ဆိုတဲ့ အစွဲကြောင့်

အခုလို သရဲတစ္ဆေ ဖြစ်နေရတာပါ၊ ကိုယ့်ကိုယ်ကို

အပြစ်ပေးတဲ့ အနေနဲ့ မီးလောင်ခံပြီး လှည့်ပတ်

ပြေးနေတာပါ “


“ကဲ…စိတ်မကောင်းဖြစ်မနေပါနဲ့၊ ကျောင်းဟောင်းကြီး

အောက်မှာ သစ်အချို့နဲ့ သွပ်၊ ဘိလပ်မြေတွေ

ကျန်သေးတယ်၊ ရွာသားတွေ ပိုက်ဆံစုပြီး

ကျောင်းသစ်ပြန်ဆောက်ပေးပါ့မယ်။

ခင်ဗျား…ဆရာတော်ကို အပ်ထားတဲ့ ပိုက်ဆံ

ကျန်သေးရင်လည်း ကျောင်းဆောက်တဲ့အထဲ

အကုန်ထည့်လိုက်မယ်၊ ကျောင်းဆောက်ပြီးလို့

အမျှဝေရင် သာဓုခေါ်ပြီး လွတ်ရာကျွတ်ရာ

သွားပေတော့ ဟုတ်လား “


“ကျောင်းသစ်တစ်ကျောင်း ပြန်ဖြစ်သွားရင်

ဝမ်းသာလှပါပြီ၊ ကျောင်းရေစက်ချလို့ အမျှဝေရင်

သာဓုခေါ်ပါ့မယ် “


“ဒါဆို …မီးလောင်တဲ့ခန္ဓာကိုယ်ကြီးနဲ့ အပုပ်နံ့ပေးပြီး

ညတိုင်းကျောင်းကို ပတ်မပြေးနဲ့တော့ “


“ဟုတ်ကဲ့ …နောက်မလုပ်တော့ပါဘူး “


“ကဲ…ကဲ …မင်းအကြောင်းလည်း သိရပြီ၊

သွားလိုရာ သွားပေတော့ “


ဒေါ်စောမူအား ပူးကပ်ထားရာမှ ကပ္ပိယကြီး၏

ဝိညာဉ်ထွက်သွားတော့သည်။


ထိုအခါ ဆရာကြီးက ဦးစောလှထွန်းအား


“ကဲ …ဝိညာဉ်ရဲ့ ဆန္ဒကို သိရပြီဆိုတော့

ကျောင်းထိုင်ဆရာတော်ကို ရွာလူကြီးတွေ

စုပြီး အသိပေးကြပေတော့၊ ကျောင်းသစ်

ပြန်ဆောက်နိုင်အောင်လည်း ဝိုင်းဝန်း

ဆော်သြကြပေတော့”


ထို့နောက် ရွာသားများ ပြန်သွားကြသည်။


ထို့နောက် ဦးစောလှထွန်းက သားဖြစ်သူအား

ဆရာကြီးတို့ ညစာစားရန် ချက်ပြုတ်ကြော်လှော်ဖို့

ပြောဆိုလိုက်သည်။ သားဖြစ်သူလည်း

ထိုင်ရာမှ ထသွားပြီး စားရေးသောက်ရေး

စီစဉ်နေတော့သည်။


ဆရာကြီးနှင့် မောင်အေးဝင်း၊ ဦးစောလှထွန်းတို့သာ

ခေါင်းရင်းခန်းမှာ ကျန်ခဲ့သည်။ ဦးစောလှထွန်းက

စကားစလာသည်။


“ဆရာကြီး လာရင်းကို မသိရဘူးလား “


“သိရပါတယ် ရေတံခွန်တောင်မှာ စခန်းချပြီး

ကဝေပျံအဖွဲ့ ကဝေပညာစခန်းတက်ဖို့ လုပ်နေတယ်

ဆိုလို့ ဆရာကြီးတို့ လာခဲ့တာ “


“ဟာ …ဟုတ်တယ် ဆရာကြီး၊ ကဝေပျံမောင်နှမလား၊

ကဝေပျံလင်မယားလား မသိဘူး သည်နယ်တစ်ဝိုက်မှာတော့

နာမည်တော်တော်ကြီးနေတယ်၊ အဲဒီရေတံခွန်တောင်ကို

သူတို့လူစု အပိုင်စားယူပြီးနေတာ၊ သည်နယ်တစ်ဝိုက်မှာ

ကရင်တွေ၊ ဗမာတွေ စုပေါင်းနေထိုင်ကြတယ်

လူတော်တော်များများ ကဝေကြီးဆီ

တပည့်သွားခံကြတယ်လို့ ကြားတယ်

သူရောက်လာပြီးမှ အနီးနားက ရွာတွေ

ရောဂါထူပြောလာတယ်၊ ရောဂါဖြစ်ရင်

ခေတ်ပညာနဲ့ ဘယ်လိုမှ ကုသလို့မရဘူး၊

သူက အောက်လမ်းနဲ့တိုက် ၊ အပင်းသွင်းထားတာ

ဆိုတော့ သူ့ဆီသွားပြီးမှ ပျောက်တဲ့အဆင့်

ဖြစ်နေပြီ ဆရာကြီး “


ဒါကြောင့် ဆရာတို့ ၊ဒီနယ်မြေကို လာခဲ့တာပေါ့၊

မိုးမကျခင် သူတို့ပညာစခန်း အပြီးတက်ပြီး

အစဖျောက်သွားမှာ အမှန်ပဲကွဲ့၊

သူတို့စခန်းချတဲ့ နေရာက နွေဆို မြေသား

ကွင်းပြင်ကြီး ဖြစ်နေတာ၊ ရေတံခွန်ကလည်း

အဖြစ်ပဲ ကျတယ်ဆိုရုံပဲ မိုးတွင်းတော့

သည်ကွင်းပြင်ကို ရေတံခွန်ကရေတွေ

တဝုန်းဝုန်းကျပြီး ရေပြင်အဖြစ် ဖုံးလွှမ်း

သွားတယ်၊ သူတို့နေလို့မရတော့ဘူး၊

အေး …ဒါကြောင့် ဆရာကြီးပြောတာ

မိုးမရွာခင် သူတို့ တစ်နေရာကို

ပြောင်းသွားလိမ့်မယ်၊ သည်ည

သည်မှာ နားပြီး မနက်ဖြန် လပြည့်ည

ကဝေပျံတွေ ပညာစက် အပြီးတက်လိမ့်မယ်၊

ဒါကြောင့် မနက်ဖြန်ည၊ ပညာစခန်း

ပြိုင်ရမယ်၊ သူတို့ပညာစက်ကို ဖျက်ပစ်ရမယ် “


သို့ဖြင့် မကြာခင် ထမင်းပြင်ပြီးပြီဟု

လာပြောသဖြင့် ညစာထမင်းစားသောက်လိုက်ကြသည်။

ဆရာကြီးက ညပိုင်းရောက်သည်နှင့် စကားမပြောတော့ဘဲ

ဘုရားခန်းရှေ့မှာ ထိုင်ပြီး ပုတီးစိပ်နေပါတော့သည်။


XXXXXX


ရေတံခွန်စခန်းမှာ ကဝေမောင်နှံ ကဝေခန်းတက်ရန်

ပြင်ဆင်နေကြသည်။ အချိန်က ညခုနှစ်နာရီကျော်ပြီး

ရှေးဟောင်းမှော်ပညာကဝေပညာများကို လက်ဆင့်

ကမ်းပေးရင်း လူသေအလောင်းကို အသက်သွင်းသည်။


ကဝေမှော်ပညာရပ်ကို အပြီးတိုင် လုပ်ကြမည်

ဖြစ်၍ စီစဉ်စရာများကို ထောင့်စေ့အောင်

စီစဉ်နေသည်။


“သည်ညလုပ်မယ့် ပညာစက်တက်မဲ့ပွဲကို

အနှောင့်အယှက်မရှိအောင် ငါရဲ့တပည့်တွေ

တပည့်မတွေက ဝိုင်းဝန်းစောင့်ရှောက်ပေးရမယ် “


“ဟဲ့ …ဟိုကောင်မတွေ မရောက်သေးဘူးလား “


ထိုအချိန် ကဝေလေးကောင်က အခေါင်းကြီး

တစ်ခုကို မယူလာသည်။ အလောင်းကို အောက်ချပြီး

အထဲမှာ အလောင်းကို အပြင်သို့ မထုတ်လိုက်သည်။

အစိမ်းသေပြီး လောလောလတ်လတ် မြေမြှုပ်ထားသော

အလောင်းကို ရှာ၍ ဖော်လာခြင်း ဖြစ်သည်။


မြေတလင်းအလယ်မှ စည်းဝိုင်းထားပြီး

ထိုစည်းဝိုင်းပေါ်မှာ ဖယောင်းတိုင်များ

စိုက်နေသည်။ ပွဲက မီးထွန်းညှိမည်ဖြစ်သည်။


“ကဲ …ပွဲစတော့မယ်၊ ကောင်မနှစ်ကောင် မီးလိုက်ညှိလိုက်”


“ကောင်မသုံးကောင် ပတ်ပတ်လည်မှာ

မလစ်ဟင်းရအောင် ကင်းစောင့်ကြ

ဘာအနှောင့်အယှက်မှ မရှိချင်ဘူး”


“ဟုတ်ကဲ့ သခင်မနဲ့ သခင်ကြီး”


စုန်းမကြီးသုံးယောက်က ရိုရိုသေသေပြန်ဖြေပြီး

သူတို့၏ ထဘီတွေကို ဖြန့်ပြီး ခြုံလိုက်တော့သည်။


“မောင်အေးဝင်း …သူတပည့် စုန်းမတွေ

ကင်းလှည့်စောင့်ကြပ်နေပြီ၊ သူတို့ပညာ

အစွမ်းကုန်အသုံးပြုတော့မယ်၊ သူတို့ရဲ့

မှော်ကဝေပညာကို အစွမ်းကုန်အသုံးချပြီး

လူသေအလောင်းကို အသက်သွင်းလိမ့်မယ်၊

အသက်သွင်းတဲ့ကိစ္စ မအောင်မြင်အောင်

ဖျက်ဆီးရမယ်၊ အောင်မြင်သွားလို့ကတော့

ဝိညာဉ်တွေကိုခိုင်းစားကြတော့မယ်၊ လူတွေလည်း

ပိုပြီး လှည့်ဖျားတာ ခံရတော့မယ် “


ကဝေယောင်္ကျားက အလောင်း၏ ခေါင်းရင်းက

ထိုင်ပြီး ကဝေမက ခြေရင်းက ထိုင်သည်။

သူတို့ပိတ်ပတ်လည်မှာ မီးထွန်းထားသော

ဖယောင်းတိုင်များက အလျှံငြီးငြီးတောက်

လောင်နေသည်။ ကဝေထီး၏ ပါးစပ်မှ

အဖြူရောင်စက်များ အလောင်းပေါ်

ထိုးဆင်းသွားသလို ခြေရင်းရှိ ကဝေမ၏

မျက်လုံးနှင့် ပါးစပ်တို့မှ အဖြူရောင်

စက်များ တလက်လက်နှင့် ထွက်သွားသည်


ထိုစဉ် ပတ်ပတ်လည်မှာ ထွန်းထားသော

ဖယောင်းတိုင်မှ မီးများလည်း အပေါ်သို့

တစ်တောင်နီးပါး ဝုန်းခနဲ ဝုန်းခနဲ

လောင်တက်သွားသည်။


ထို့နောက် မီးညွှန့်များက ဖြည်းဖြည်းစုသွားပြီး

အပေါ်သို့ ထိုးတက်သွားသည်။


“မောင်အေးဝင်း …ဆရာအခုနေဝင်ပြီ ၊

သူတို့ပညာစခန်းကို ဝင်ဖျက်မယ်၊

တကယ်လို့ မိုးပေါ်က လင်းတတွေ ထိုးဆင်းလာရင်

သည်အင်းချပ်နဲ့ ပစ်လိုက် ဘာမှမကြောက်နဲ့

ရော့ …သည်အင်းက အခြားကဝေတွေ

လာမတိုက်ခိုက်နိုင်အောင် အကာအကွယ်

ပေးမယ်အင်း “


ဆရာကြီးက အသေအချာမှာကြားပြီး ရှေ့သို့

ထွက်ကာ အင်းချပ်နှင့် ကဝေနှစ်ယောက်အကြား

အလောင်းကောင်ပေါ် ပစ်လိုက်ရာ၊ အလောင်းကို

မီးစွဲကာ တဟုန်းဟုန်း တောက်လောင်ပါ

တော့သည်။


“ဟာ …ငါတို့ကို လာနှောင့်ယှက်တာ ဘယ်ကောင်လဲကွ၊

ဟိတ်ကောင်တွေ ကောင်မတွေ သည်မလောက်လေး

မလောက်စားကောင်ကို သတ်ပစ်လိုက်စမ်း”


ကဝေပျံယောင်္ကျားက အမိန့်ပေးလိုက်သည်နှင့်

မောက်လုံးမောက်ပြားစုန်းမများ ဆရာကြီးအား

ဝိုင်းလိုက်ကြသည်။ ထိုစဉ် ကောင်းကင်မှ

လင်းတသုံးကောင်က မြေပြင်မှ အခြေအနေကို

သိသွားသည့်အတွက် အောက်ကို တိုက်ခိုက်ရန်

ထိုးဆင်းကျလာစဉ် …


မောင်အေးဝင်းလည်း ဆရာကြီးမှာထားသည့်

အတိုင်း အင်းချပ်နှင့် ပစ်လိုက်ရာ လင်းတသုံး

ကောင်အား မီးစွဲပြီး အောက်သို့ ပြုတ်ကျ

လာတော့သည်။ လင်းတသုံးကောင်၊ စုန်းမ

စုန်းထီးများကြား ပြုတ်ကျလာသည့်

အတွက် ဆရာကြီးအား တိုက်ခိုက်မည့်

အနေအထား ပျက်သွားသည်။


ထိုအချိန်မှာပဲ ဆရာကြီးက အင်းတစ်ချပ်ပစ်သွင်းလိုက်သည်။

စုန်းထီး စုန်းမတပည့်လက်သားများ မီးထတောက်ပြီး

မြေပြင်မှာ လူးလိမ့်နေတော့သည်။


“ဟေ့ကောင်တွေ ဝင်ကူကြလေ…ဘာကြည့်နေတာလဲ”


ကဝေပျံကြီးက တပည့်များကို ရှေ့ကရင်းမည့်

အကြံနှင့် အော်ဟစ်တိုက်ခိုက်ခိုင်းနေသည်။

ကဝေကောင်ငယ်များက ဆရာကြီးအား

တိုက်ခိုက်ရန် တုံ့ဆိုင်းနေသည်ကို တွေ့သဖြင့် …


” သေနာကောင်တွေ …သွားကြစမ်း “


ကဝေပျံမိန်းမကြီးက လက်ဝါးနှစ်ဖက်

ဆန့်တန်းလိုက်ရာ အလင်းတန်းကြီးများ

ထွက်လာပြီး ကဝေပညာသင်တပည့်များ

နောက်သို့ လွင့်ထွက်သွားပြီး သွေးများ

အန်ထွက်ကာ အသက်ပျောက်သွားတော့သည်။


“အော်…မင်းတို့ ကဝေတွေက ကိုယ့်တပည့်ကို

ဆုံးမတာတောင် အသက်နှုတ်ပစ်တဲ့အထိပါလား “


“ဆရာစုန်းနင်းသည်နေရာက အသက်နဲ့ကိုယ်

တွဲပြီး မပြန်စေရဘူး “


တပည့်စုန်းထီးများအား ကဝေမက၊ သတ်ဖြတ်

လိုက်ပေမယ့် စုန်းမတည့်လေးယောက်ခန့်ရှိသေးသည်

ထိုစုန်းမများက ရှေ့သို့ ထွက်ပြီး တစ်ယောက်

နောက် တစ်ယောက်စီတန်းရပ်ကာ

လက်များကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

ထိုအခါ ရှေ့ဆုံးမှ စုန်းမက သူ၏ လက်ဖဝါးကို

ဆရာကြီးထံသို့ ဆန့်တန်းပြီး အလင်းတန်းဖြင့်

ကဝေစက်နှင့် ပစ်လွှတ်လိုက်သည်။


ဆရာကြီးက လက်ဝါးတစ်ဖက်နှင့်

စက်များကို တန့်ထားပြီး ညာလက်နှင့်

အင်းချပ်ကို ပစ်သွင်းလိုက်သည်။


“ဝုန်း “


စုန်းမလေးယောက် နောက်သို့ လွင့်ထွက်သွားသည်။

မြေပြင်ပေါ်မှာ အားလုံးငြိမ်သက်သွားသည်။

ကဝေပျံဆရာကြီးနှင့် ဆရာမကြီးတို့သာ

အကောင်းပကတိ ရှိတော့သည်။


“မင်းက ရာရာစစ ငါ့နယ်မြေလာပြီး စော်ကားတဲ့

မင်း အသက်ရှင်ရက် ငါ့နယ်မြေက မထွက်စေရဘူး “


“ငါလာတာကလည်း မင်းတို့ရဲ့ပညာတွေကို

ဖျက်လို့ ရရင်ရ မရရင် ဒီနေရာမှာ

အသက်ရှင်ပြီးနေဖို့ မပေးနိုင်တော့ဘူး “


“ဟား…ဟား…ဟား …ရာရာစစ…ရော့ “


“ဝှီး …ရွှီး…”


ဆရာကြီးဆီသို့ ကဝေပျံသခင်ကြီးက

စက်ပစ်သွင်းလိုက်ရာ ဆရာကြီးက

လက်ဝါးနှင့် ကာပြီး လမ်းလွဲပေးလိုက်သည်။


ကဝေစက်က သစ်ပင်ကြီးကို သွားမှန်ကာ…


“ဝုန်း “


သစ်ပင်ကြီး၏အခေါက်များ ဖွာထွက်လွင့်ကုန်ပြီး

မီးခိုးများ အူထွက်သွားသည်။ကဝေပျံသခင်မကြီးကလည်း

ပါးစပ်ထဲမှ စက်တွေထုတ်လွှတ်နေသည်။

အရောင်မျိုးစုံလက်ပြီး ဆရာကြီးထံ ပြေးထွက်လာသည်။

ဆရာကြီးကလည်း စက်အလင်းများ ပြေးထွက်

လာသည်နှင့် လက်တစ်ဖက်က လွတ်အိတ်ထဲမှ

အင်းတစ်ချပ်ကို လျင်မြန်စွာ ထုတ်ယူပြီး

ပစ်သွင်းလိုက်သည်။


“ဖျန်း …ဝုန်း”


စက်ဖြတ်အင်းတော်ကြီးကြောင့် ကဝေပျံ

သခင်မ တစ်ကိုယ်လုံး မီးစွဲလောင်သွားတော့သည်။


မောင်အေးဝင်းလည်း သစ်ပင်ကြီးအောက်ခြေရှိ

ချုံပုတ်အတွင်းမှ ကဝေပျံများနှင့် ဆရာကြီးတို့

တိုက်ခိုက်နေသည်ကို …အသည်းတယားယားနှင့်

ကြည့်နေမိသည်။ စက်တွေက ဟိုက ဝင်လာလိုက်၊

သည်က ဝင်လာလိုက်နှင့် အစွမ်းထက်သော

အင်းများသာမရှိပါက ဆရာကြီးလည်း

စုန်းများ၏ လက်ချက်မိကာ သေပွဲဝင်ရမှာ

မလွဲပင်။ ယခုတော့ စုန်းကဝေများ၏

ပညာစက် အမျိုးမျိုးကို ဆရာကြီးက

တောင့်ခံနိုင်ရုံမက တစ်ချက် တစ်ချက်

ပစ်လွှတ်လိုက်သော အင်းများ၏

အစွမ်းဖြင့် ကဝေများကို အသာစီးရနေသည်။


သို့သော်လည်း အန္တရာယ်ကြီးမားသော

တိုက်ခိုက်မှုကို ကြည့်ပြီး မောင်အေးဝင်းကတော့

ကြောက်ဒူးတုန်နေသည်။


ကဝေပျံသခင်ကြီးလည်း ဆရာကြီးကြောင့်

ကဝေသခင်မနှင့် မောက်လုံး မောက်ပြား

စုန်းထီး စုန်းမများ အသက်သေဆုံးကုန်သည်ကို

မြင်သဖြင့် ဇက်ရဲလက်ရဲမလုပ်ဘဲ အခြေအနေ

အသာစီးရရန် အကွက်ချ စဉ်းစားနေပုံရသည်။


“ဘယ်လိုလဲဟေ့ …ဘာလုပ်နေတာလဲ “


“မင်းလို ဆရာစုတ်ကို ဘယ်လိုသတ်ရမလဲ

စဉ်းစားနေတာ “


“ဘာမှ စဉ်းစားမနေနဲ့၊ မင်းကို ကူညီပေးမယ့်

တပည့်တပန်းတွေ ၊ မယားတွေ၊ တစ်ကောင်မှ

မရှိတော့ဘူး “


“မင်းလို ဆရာစုတ်ကို ငါက အရှုံးပေးမယ်ထင်လား “


ကဝေပျံသခင်ကြီးက နောက်ဂျွမ်းတစ်ချက်ပစ်လိုက်စဉ်

ပြန်အကျမှာ ကျားကြီးအဖြစ် ပြောင်းလဲသွားတော့သည်။


“မင်းလို ကျားစုတ်ကို ငါက ကြောက်လိမ့်မယ်ထင်လား “


ဆရာကြီးက အင်းတစ်ချပ်ထုတ်ယူကာ ကျားကြီး၏

အခြေအနေကို ကြည့်နေသည်။


ကျားကြီးကလည်း ဆရာကြီးကို ခုန်အုပ်ရန်

ပါးစပ်ကြီး အသင့်ပြင်ပြီး အမြီးလှုပ်ကာ

မာန်ဖီနေသည်။ ထို့နောက် ကျားကြီးက

ဆရာကြီးအား အားသွင်းပြီး ခုန်အုပ်လိုက်စဉ်

လက်ထဲအသင့်ကိုင်ထားသော အင်းချပ်ဖြင့်

ပစ်သွင်းလိုက်သည်။


လမ်းတစ်ဖက်အရောက် အင်းချပ်နှင့် ကျားကြီး

တိုက်ရိုက်ထိသွားပြီး …


“ဝုန်း “


ကျားကြီး နောက်သို့ ပစ်ကျသွားသည်။


ထိခိုက်နာကျင်သော ကျားကြီးလည်း

အားယူပြန်ထနေစဉ် ဆရာကြီးလည်း

လွတ်အိတ်ထဲ လက်နှိုက်ပြီး ပွဲသိမ်း

သတ်ဖြတ်အင်းကြီးနဲ့ ပစ်သွင်းလိုက်တော့သည်။


“ဝုန်း “


“ဖျန်း…ဖျန်း…ဖျန်း …”


ထိုအင်းကြီးကြောင့် ကျားကြီး၏ တစ်ကိုယ်လုံး

မီးလောင်ပြာကျသွားတော့သည်။


ထို့နောက် အားလုံးပွဲသိမ်းပြီး ပြန်လှည့်ရန်

ပြင်နေစဉ် သစ်ပင်ချုံကြားများမှ ယောင်္ကျား၊

မိန်းမငါးယောက်ခန့် ထွက်လာသည်။


“မင်းတို့က ဘာကြောင့်ပုန်းနေတာလဲ “


“ကျနော်တို့က အခုမှ ကဝေပညာသင်နေတုန်း

ရှိပါသေးတယ်၊ ဘာပညာနဲ့မှ အသုံးပြုလို့

မရသေးတဲ့အတွက် ပုန်းပြီး ကြည့်နေတာပါ “


ဆရာကြီးက ထိုသူများ သင်လက်စ

စုန်းကဝေပညာများကို ဖျက်ပေးလိုက်သည်။


“ကဲ…နောက်ကို ကဝေပညာ၊စုန်းပညာ

မလိုက်စားပါလို့ သစ္စာဆိုရမယ် ဆိုနိုင်ပါ့မလား “


ထိုလူများက ကတိပေးကြသည်နှင့်

အင်းကို ရေနှင့်ဖျော်ပြီး တိုက်စေလိုက်ပါသည်။


မောင်အေးဝင်း ပေးသော အင်းရေးကိုသောက်ပြီး

မထွက်သွားသေးခင် ဆုံးမစကား ဆိုပါသည်။


“ကဲ…ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကြတော့၊

အခုသောက်လိုက်တဲ့ သစ္စာရေမန်းကြောင့်

ပေးထားတဲ့ ကတိစကားကို ဖောက်ဖျက်ရင်

ဘေးဒုက္ခကြုံလိမ့်မယ်၊ ကောင်းရောင်းကောင်းဝယ်

လုပ်ကိုင်စားကြတော့ “


ထိုလူတို့လည်း ဆရာကြီးအား ရှိခိုးပြီး

ထွက်သွားကြသည်။


“ကဲ မောင်အေးဝင်း ဆရာတို့လည်း စောလှထွန်းအိမ်ကို

ပြန်ကြမယ်၊ မနက် သထုံပြန်ပြီး ဇင်းကျိုက်မှာ

အဓိဋ္ဌာန်ကိုးရက် သွားဝင်မယ် “


စောလှထွန်းအိမ်သို့ ညဆယ်နာရီခန့် ပြန်ရောက်လာသည်။


စကားအနည်းငယ်သာပြောပြီး ဆရာကြီးလည်း

ဘုရားစင်ရှေ့မှာ သွားထိုင်တော့သည်။


မောင်အေးဝင်လည်း ပုတီးတစ်ကုံးယူကာ

ဘုရားစင်ရှေ့ သွားထိုင်ပြီး ပုတီးစိပ်နေလိုက်တော့သည်။


ပြီးပါပြီ


ဆရာ ဧကန်မင်း၏’ ဓါတ်ပုံထဲက သရဲမ နှင့်

သရဲ၊ တစ္ဆေ၊ ကဝေ ဇာတ်လမ်းများ ‘စာအုပ်မှ

လက်ခ စာဖတ်သူကို ဝေမျှပါသည်။


စာဖတ်သူများ စိတ်ရွှင်လန်းပါစေ